မိစ္ဆာတပ်မှူးမှာ ချက်ချင်းဆိုသလို လိုက်လံတိုက်ခိုက်ခြင်း မပြုဘဲ မိစ္ဆာဘာသာစကားဖြင့် မန္တာန်တစ်ခုကို စတင်ရွတ်ဆိုနေလေသည်။ ထိုအသံမှာ တစ်ခါတစ်ရံ ကျယ်လောင်လိုက်၊ တစ်ခါတစ်ရံ တိုးညင်းလိုက် ဖြစ်နေသော်လည်း မကောင်းဆိုးဝါး အငွေ့အသက်များမှာမူ လုံးဝဖုံးကွယ်၍ မရနိုင်ချေ။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အနီရင့်ရောင် အလင်းတန်းများမှာလည်း ပိုမိုပြင်းထန်လာ၏။ မဟာမိစ္ဆာ မြင်းစီးတပ်သားများ၏ ခြေထောက်အောက်ရှိ အနီရောင်အလင်းကွင်းများမှာလည်း ပိုမိုတောက်ပလာပြီး အိပ်မက်ဆိုး နတ်ဆိုးမြင်းများကလည်း တိုးညင်းသော အသံများဖြင့် ဟိန်းဟောက်ရင်း သူတို့သခင်များ၏ အရှိန်အဝါကို မြှင့်တင်ပေးနေကြပေသည်။
မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ နှစ်ဖွဲ့ ယခုလေးတင် ရရှိခဲ့သော အောင်မြင်မှုမှာ အလစ်တိုက်ခိုက်မှုကြောင့် ဖြစ်သလို ချိူက်အာ နှင့် ဟန်တောင်းစစ်တို့၏ ထိရောက်သော ထိန်းချုပ်မှုနှင့် မြေပြင်အနေအထားကို လိမ္မာပါးနပ်စွာ အသုံးချနိုင်ခြင်းကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်သာ တိုက်စစ်မှာ အောင်မြင်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် တူညီသော မိစ္ဆာမြင်းစီးတပ်ဖွဲ့ပင် ဖြစ်လင့်ကစား ဦးဆောင်သူ ကွဲပြားသွားပါက ခွန်အားအဆင့်မှာလည်း ပြောင်းလဲသွားပေလိမ့်မည်။ အရင်က မဟာမိစ္ဆာအကောင် ငါးဆယ်ကို ရှင်းလင်းနိုင်ခဲ့သည့် အတွေ့အကြုံအပေါ် အခြေခံ၍ ၎င်းတို့ကို ကိုင်တွယ်ရလွယ်ကူသည်ဟု ထင်မြင်ယူဆပါက ကြီးမားသော အမှားတစ်ခုပင် ဖြစ်ပေလိမ့်မည်။ အရင်တစ်ကြိမ်တွင် ရန်သူတစ်ဖွဲ့လုံးကို အမြစ်ပြတ် ရှင်းလင်းနိုင်ခဲ့ခြင်းမှာ ဟောင်ယွဲ့၏ ‘ဖရိုဖရဲ အနှစ်သာရ’ ကြောင့်သာ ဖြစ်ပေသည်။ ထိုဒြပ်စင် သုံးမျိုးပေါင်းစပ်ထားသော မန္တာန်၏ ပြင်းထန်လှသော စွမ်းအားမှာ မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့၏ ခွန်အားကို အနည်းဆုံး ထက်ဝက်ခန့် လျော့နည်းသွားစေခဲ့သည်။ ထို့အပြင် ထိုအချိန်က လုံဟောင်ချန်းမှာ အမာခံ တိုက်ခိုက်သူ တစ်ယောက် အဖြစ် ရှိနေခဲ့သည် မဟုတ်ပါလော။
ဤတစ်ကြိမ်တွင်မူ မိစ္ဆာအကောင် ၃၀ သာ ရှိသော်လည်း ၎င်းတို့ထဲတွင် သတ္တမအဆင့် ရန်သူတစ်ဦးနှင့် ဆဋ္ဌမအဆင့် ရန်သူနှစ်ဦး ပါဝင်နေခြင်းမှာ မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ နှစ်ဖွဲ့အတွက်မူ ကိုင်တွယ်ရ အလွန်ခက်ခဲသော အခြေအနေပင် ဖြစ်ချေသည်။ ထို့ကြောင့် စစ်မှန်သောတိုက်ပွဲမှာ ယခုမှ စတင်မည် ဖြစ်ပေသည်။ လုချီ အရင်က ပြောခဲ့သလိုပင် သူတို့၏ဗျူဟာမှာ သူတို့၏ခံစစ်ကို အသေအလဲ ကာကွယ်ရင်း ရန်သူကို အင်အားကုန်ဆုံးအောင် လုပ်ဆောင်ရန်ပင် ဖြစ်၏။
“ဝပ်ရှီး …”
မိစ္ဆာအရှင်သခင်ထံမှ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာရာ မဟာမိစ္ဆာမြင်းစီးတပ်ဖွဲ့မှာ ကတောပုံစံ စစ်ကြောင်းဖြင့် မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ နှစ်ဖွဲ့ ခုခံနေသည့် လှိုဏ်ဂူဆီသို့ ဦးတည်ချီတက်လာလေတော့သည်။
မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်အနေဖြင့် မိစ္ဆာအရှင်သခင်မှာ ထိုစစ်ကြောင်းတွင် ပါဝင်ခြင်းမရှိဘဲ အနောက်ဘက်မှသာ ရပ်ကြည့်နေလေသည်။ သူသည် သွေးရောင်ဓားကြီးကို မြှောက်လျက် အိပ်မက်ဆိုး နတ်ဆိုးမြင်းပေါ်တွင် ထိုင်ကာ စစ်မြေပြင်ကို အကဲခတ်နေသော်လည်း တကယ်တမ်းတွင်မူ တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းပင်။ သူ၏အမြင်တွင် သူ့အား ခြိမ်းခြောက်နိုင်သော တစ်ဦးတည်းသောရန်သူမှာ ချိူက်အာသာ ဖြစ်သည်။
ဒဏ်ရာများ ရရှိထားသော မဟာငှက်မိစ္ဆာမှာ ချန်ရင်အာ၏ဘေးသို့ တိုက်ရိုက်ပြန်လည် ရောက်ရှိလာပြီး နာကျင်စွာ ညည်းတွားနေလေသည်။ ထိုဒဏ်ရာများကို ကြည့်ရင်း ချန်ရင်အာမှာ များစွာစိတ်မကောင်း ဖြစ်မိသော်လည်း လုချီအား ကုသခိုင်းရန် မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် လက်ရှိတွင် အမှောင်နှင့် လျှပ်စီးဒြပ်စင်များကို ပိုင်ဆိုင်ထားသဖြင့် အလင်းဒြပ်စင်ဖြင့် ကုသပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများသာ ဖြစ်ပေါ်လာနိုင်သောကြောင့်ပင်။
သံသယဝင်စရာမလိုအောင်ပင် ဤရဲရင့်လှသော မဟာငှက်မိစ္ဆာမှာ ဒဏ္ဍာရီလာ ရတနာရှာ မှန်ပုံရိပ် ဝက်ကလေး မက်ဒူးလ်ပင် ဖြစ်ပေသည်။ သူသည် ရန်သူကို ထင်ယောင်ထင်မှား ဖြစ်စေရန် မိစ္ဆာအရှင်သခင်၏ပုံစံကို ယူခဲ့ပြီးနောက် မဟာငှက်မိစ္ဆာ၏ မှော်အမြူတေကို ဝါးမြိုကာ ဤအောင်မြင်မှုကို ရရှိခဲ့ခြင်းပင်။ ဆဋ္ဌမအဆင့် မိစ္ဆာတစ်ကောင်၏ မှော်အမြူတေတစ်ခုကို အသုံးပြုခဲ့ရသော်လည်း ဤအစွမ်းထက်သော ရန်သူကို သတ်ဖြတ်နိုင်ခဲ့ခြင်းမှာ မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ နှစ်ဖွဲ့အပေါ် ကျရောက်နေသော ဖိအားများကို များစွာလျော့ပါး စေခဲ့သည်။
ခဏတာ ညည်းတွားပြီးနောက် မဟာငှက်မိစ္ဆာမှာ လှိုဏ်ဂူအပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားပြန်၏။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ပြည့်ဝလှသော လျှပ်စီးဒြပ်စင် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်ပြီးနောက် အနက်ရောင်လေစီးကြောင်းများ ဝန်းရံနေသည့် ရွှေရောင်လျှပ်စီးလုံးကြီးတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။
ဆယ်မိနစ်မျှပင် မကြာသေးသဖြင့် မှော်အမြူတေထံမှ စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြား ကျန်ရှိနေသေးရာ ၎င်းတို့ကို အလဟဿအဖြစ် မခံနိုင်သည် မဟုတ်ပါလော။
မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့၏ တိုက်စစ်မှာ စတင်လာချေပြီ။ မိစ္ဆာတပ်မှူး၏ ဦးဆောင်မှုအောက်တွင် သူတို့လက်ထဲရှိ လှံများမှာ အနီရင့်ရောင်အလင်းများ တောက်ပနေလေသည်။ ထိုသို့ ချီတက်လာစဉ်မှာပင် မိစ္ဆာအရှင်သခင်၏ မန္တာန်ရွတ်ဆိုမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး သွေးရောင်အလင်းတန်းတစ်ခုကို လှိုဏ်ဂူဆီသို့ တိုက်ရိုက်ပစ်လွှတ်လိုက်၏။ အကြောက်မက်ဖွယ်အကောင်းဆုံး အချက်မှာ ထိုအနီရင့်ရောင်အလင်းတန်းမှာ မိစ္ဆာတပ်မှူး၏ တိုက်ခိုက်မှုနှင့် ပေါင်းစပ်သွားပြီး ဧရာမအလင်းလုံးကြီးတစ်ခုအဖြစ် လှိုဏ်ဂူအဝင်ဝသို့ ဗုံးကြဲလိုက်သကဲ့သို့ ကျရောက်လာခြင်းပင်။ ထိုပြင်းထန်လှသော စွမ်းအားကြောင့် လှိုဏ်ဂူအတွင်းရှိ မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင်များ၏ မျက်နှာများမှာ ဖြူရော်သွားကြရ၏။ မိစ္ဆာမြင်းစီးတပ်ဖွဲ့တစ်ခုမှာ သူတို့၏စစ်ကြောင်းကို သေချာတည်ဆောက်လိုက်ပါက မည်မျှအထိ အစွမ်းထက်နိုင်ကြောင်းကို ယခုမှပင် သူတို့ အမှန်တကယ် နားလည်သွားကြသည်။
မြင်းစီးတပ်ဖွဲ့တစ်ခု၏ အကြီးမားဆုံးသော အားသာချက်မှာ အုပ်စုလိုက် ချီတက်တိုက်ခိုက်ခြင်းပင်။ ဤနေရာမှာ တောင်ကုန်းထူထပ်သော ဒေသဖြစ်သော်လည်း အိပ်မက်ဆိုး နတ်ဆိုးမြင်းများ၏ တောင်တက်နိုင်စွမ်းကြောင့် မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့၏ ချီတက်မှုအရှိန်မှာ အနည်းငယ်မျှပင် လျော့နည်းသွားခြင်း မရှိချေ။
ထိုပြင်းထန်လှသော အနီရင့်ရောင်အလင်းတန်းကို ရင်ဆိုင်ရန် ဟန်ယုမှာ မည်သည့်တွန့်ဆုတ်မှုမျှ မရှိဘဲ ရှေ့ဆုံးမှ ရပ်တည်လိုက်ကာ သူ၏လေးလံသော ဒိုင်းကြီးကို အသင့်ပြင်လိုက်၏။ ထို့နောက် ဓမ္မအမိုးနှင့် မြင့်မြတ်ရောင်စဉ် ဒိုင်းကာ ကို အသုံးပြုကာ ခုခံလိုက်သည်။
ဘန်း ….
မီးဒြပ်စင်ဒိုင်းနှစ်ခုမှာ သူ၏ရှေ့တွင် ဆက်တိုက်ထွက်ပေါ်လာပြီး ငွေဖြူရောင်အလင်းတန်းမှာ အနီရောင်အလင်းလုံးကြီးကို ထိမှန်သွားကာ ၎င်း၏တိုက်ခိုက်မှုစွမ်းအားကို အနည်းငယ် လျော့နည်းသွားစေသည်။ သို့သော် ထိုမျှနှင့် မလုံလောက်ခဲ့ချေ။ ပြင်းထန်လှသော တိုက်ခိုက်မှုစွမ်းအားမှာ မီးဒြပ်စင်ဒိုင်းနှစ်ခုစလုံးနှင့် ဓမ္မအမိုးကို တစ်ခဏချင်းမှာပင် ချိုးဖျက်သွားခဲ့ပြီးနောက် မြင့်မြတ် ရောင်စဉ် ဒိုင်းကာ ထုတ်ဖော်ထားသော ဒိုင်းကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဟန်ယု၏ ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားပြီး ‘ကောင်းကင် အဟန့်အတား’ စွမ်းရည်ကို ထုတ်ဖော်လိုက်၏။ ဤသည်မှာ ဟန်ချန်း၏ အမွေအနှစ်လက်စွပ်ထံမှ သူသင်ယူခဲ့သော စွမ်းရည် ဖြစ်သော်လည်း အဖွဲ့တွင် လုံဟောင်ချန်းက အမာခံအဖြစ် ရှိနေသောကြောင့် သူ သိပ်အသုံးမပြုခဲ့သော စွမ်းရည်ပင် ဖြစ်သည်။
ပုံမှန်အခြေအနေဆိုလျှင် ‘ကောင်းကင် အဟန့်အတား’ ဖြင့် ဤတိုက်ခိုက်မှုကို ဟန်ယုမှာ အလွယ်တကူ ခုခံနိုင်မည်ဖြစ်သော်လည်း တကယ်တမ်းတွင်မူ ဤတိုက်ခိုက်မှုမှာ ဧရိယာ တိုက်ခိုက်မှု ဖြစ်ပေသည်။ ဟန်ယုမှာ ညည်းတွားလိုက်ရပြီး သူ၏ဒိုင်းကြီးမှာ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်မိသွားကာ နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ရပြီးမှသာ ပြန်လည်မတ်တတ်ရပ်နိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် နံပါတ် ၂၁ မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင် အားလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ပျံ့နှံ့သွား၏။ ၎င်းမှာ ‘စိတ်ဝိညာဉ် မျှဝေခြင်း သံကြိုး’ ၏ အကျိုးသက်ရောက်မှုကြောင့် ဟန်ယုရရှိသော ဒဏ်ရာအချို့ကို အခြားသူများက ခွဲဝေခံယူလိုက်ခြင်းပင်။
သို့တိုင်အောင် ဟန်ယုမှာ သွေးများအန်ထုတ်လိုက်ရသော်လည်း လှိုဏ်ဂူအတွင်းမှ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းကို လွှမ်းခြုံသွားလေသည်။
လုချီ၏ အုပ်စုလိုက် ကုသပေးသည့်စွမ်းရည်မှာ အချိန်ကိုက် ထွက်ပေါ်လာခြင်းပင်။ ဒဏ်ရာရရှိသွားသူမှာ ဟန်ယုတစ်ယောက်တည်း မဟုတ်ဘဲ မဟာငှက်မိစ္ဆာဘဝမှ သူ၏မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားသော မက်ဒူးလ်လည်း ပါဝင်နေပေသည်။ လုချီ၏ စွမ်းရည်ကြောင့် အဖွဲ့ဝင်အားလုံးမှာ အနည်းငယ် ပြန်လည် သက်သာသွားကြသည်။
ဟန်ယုမှာ သူ၏ရင်ဘတ်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော်လည်း အမြဲတမ်းရှေ့ဆုံးမှ ရပ်တည်ခဲ့သော လုံဟောင်ချန်းကို တွေးမိကာ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ယခု သူကိုယ်တိုင် ရှေ့ဆုံးမှ ရပ်တည်ကြည့်မှသာ လုံဟောင်ချန်းတစ်ယောက် သူတော်စင်ဝိညာဉ်မီးဖိုကို အသုံးပြု၍ အစွမ်းထက်ဆုံး ရန်သူများကို သူ့ထံသို့ ဆွဲယူတိုက်ခိုက်ခဲ့စဉ်က မည်မျှပြင်းထန်သော ဖိအားများကို တောင့်ခံခဲ့ရကြောင်း သူ အမှန်တကယ် နားလည်သွားခဲ့ခြင်းပင်။
ထိုစဉ် တန်ယန်မှာလည်း ဤတိုက်ခိုက်မှုကို ခုခံရန် သူ၏ဘေးသို့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသဖြင့် ဟန်ယု အံ့ဩသွားရ၏။ နောက်ဆုံးတွင် မက်ဒူးလ်၏ တိုက်ခိုက်မှုမှာလည်း အကျိုးသက်ရောက်မှု ရှိသွားခဲ့သည်။ ပြင်းထန်သော ပေါက်ကွဲမှုနှင့်အတူ နောက်ထပ် မဟာမိစ္ဆာနှစ်ကောင်မှာ တိုက်ရိုက်ထိမှန်သွားခဲ့ရလေသည်။ လျှပ်စီး၏အရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် မိစ္ဆာအရှင်သခင်ပင်လျှင် သူတို့ကို ကယ်တင်ရန် အချိန်မရလိုက်ချေ။ သို့သော်လည်း ဤသည်မှာ သူတို့ကို ဖိနှိပ်ရန် မလုံလောက်ခဲ့ဘဲ ဒုတိယအကြိမ် ပြင်းထန်သော တိုက်ခိုက်မှုမှာ သူတို့ဆီသို့ ဦးတည်လာပြန်သည်။
ချီတက်တိုက်ခိုက်ရင်း မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့မှာ လှိုဏ်ဂူအဝင်ဝသို့ ရောက်ရှိရန် နီးကပ်လာနေလေပြီ။
တန်ယန်၏ အခြေအနေမှာမူ ဟန်ယုနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ သူ၏ကျင့်ကြံမှုအဆင့်မှာ ဟန်ယုထက် များစွာ နိမ့်ကျနေပေသည်။ လင်းရှန်၏ အလွှာနှစ်ထပ် မီးဒြပ်စင်ဒိုင်းများ ကူညီပေးထားသော်လည်း ထိုတိုက်ခိုက်မှုကို လက်ခံရရှိပြီးနောက် သူ၏ခန္ဓာကိုယ်မှာ တောင့်မခံနိုင်တော့ဘဲ လွင့်ထွက်သွားလေတော့သည်။ သူ၏လက်ထဲရှိ ဒိုင်းကြီးမှာလည်း အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရ၏။ တန်ယန်မှာ သွေးများ အမြောက်အမြား အန်ထုတ်လိုက်ရပြီး ဤတိုက်ခိုက်မှုတစ်ချက်တည်းနှင့်တင် ဒဏ်ရာ အပြင်းအထန် ရရှိသွားသည်။
နံပါတ် ၄ စစ်သည်အဆင့် မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင်များမှာမူ သူတို့၏ဒဏ်ရာများကို ခွဲဝေခံယူပေးမည့် အဖော်များ မရှိကြချေ။ အကယ်၍ လုချီသာ အချိန်မီ ကုသပေးနိုင်ခဲ့ပါက တန်ယန်မှာ ဤတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားနိုင်ပေသည်။ အချိန်မီကုသနိုင်ခဲ့သော်လည်း သူ၏ဒိုင်းနှင့်အတူ လက်မောင်းနှစ်ဖက်စလုံး အက်ကွဲသွားခဲ့သောကြောင့် သူသည် ခဏတာ တိုက်ပွဲဝင်နိုင်တော့မည် မဟုတ်ချေ။
ဆဋ္ဌမအဆင့် မိစ္ဆာတပ်မှူးမှာ သူတို့ရှေ့သို့ ရောက်ရှိလာချိန်တွင် မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့၏ စစ်ကြောင်းမှာ ပြောင်းလဲသွားပြန်သည်။ အရင်က ကတောပုံစံမှသည် ရုတ်တရက် တစ်ဖြောင့်တည်းပုံစံသို့ ပြောင်းလဲသွား၏။ မဟာမိစ္ဆာ တစ်ကောင်ချင်းစီမှာ လှံများကို ရှေ့သို့ ချိန်ရွယ်ထားကြပြီး မိစ္ဆာတပ်မှူးမှာ ရှေ့ဆုံးမှ ရပ်တည်နေလေသည်။ အနီရင့်ရောင် စိတ်ဝိညာဉ်စွမ်းအင်များမှာ တစ်တန်းတည်း ထွက်ပေါ်လာပြီး မဟာမိစ္ဆာ အားလုံး၏ လက်နက်များထံမှ စွမ်းအင်များမှာ မိစ္ဆာတပ်မှူး၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေသည်။
ယခုအချိန်တွင်မူ မဟာမိစ္ဆာ ၁၀ ကောင်သာ ထိုသို့ လုပ်ဆောင်နေကြပြီး အခြားသုံးကောင်မှာမူ အနောက်ဘက်မှ ရပ်ကြည့်နေကြရာ ၎င်းတို့မှာ သူတို့၏အဖော်များကို ကာကွယ်ရန် ပြင်ဆင်ထားပုံ ရပေသည်။ မိစ္ဆာတပ်မှူး၏ ခန္ဓာကိုယ်မှာမူ စွမ်းအင်များ ပြည့်လျှံလာသဖြင့် အဆုံးစွန် ရောက်ရှိနေပြီ ဖြစ်၏။
ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်စွမ်းအင် ဆိုသည်မှာ ယူနစ် ၄,၀၀၀ ကျော်ကို ဆိုလိုခြင်းဖြစ်ပြီး မိစ္ဆာများ၏ စိတ်ဝိညာဉ်စွမ်းအင် အမျိုးအစားကြောင့် မှော်ဆရာအမျိုးအစား မိစ္ဆာများသာလျှင် သူတို့အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ခြေ ရှိပေသည်။ ထိုအဆင့် ကျော်လွန်သွားပါက မည်သူမျှ ဖောက်ထွက်နိုင်မည် မဟုတ်ချေ။
ဆိုလိုသည်မှာ ဤမိစ္ဆာတပ်မှူး၏ စိတ်ဝိညာဉ်စွမ်းအင်မှာ အများဆုံး ၁၀,၀၀၀ ယူနစ်ခန့်အထိ ရှိနိုင်သော်လည်း ထိုပမာဏကို ကျော်လွန်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဤသည်မှာ မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ နှစ်ဖွဲ့အတွက်မူ အိပ်မက်ဆိုးတစ်ခုကဲ့သို့သော ရန်သူပင်။ ပြန်မလာသေးသော လုံဟောင်ချန်းမှလွဲ၍ ကျန်ရှိသူမည်သူမျှ ၃,၀၀၀ ယူနစ်အဆင့်ကို မဖောက်ထွက်နိုင်သေးရာ မဟာမိစ္ဆာအားလုံး၏ ခွန်အားများ ပေါင်းစပ်ထားသော ဤမိစ္ဆာတပ်မှူးကို သူတို့ မည်သို့ ခုခံနိုင်မည်နည်း။
“ငါအရင်သွားမယ်၊ ဝမ်ရွှမ်ရွှမ်က ငါ့နောက်ကလိုက်၊ စစ်မာရှန်းက တတိယနေရာကနေ လိုက်ခဲ့ …”
ဟန်ယုက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏ အရှိန်အဝါမှာ သိသိသာသာ ပြင်းထန်လာ၏။ ထို့နောက် စိတ်ဝိညာဉ် စွမ်းအင်များကို အစွမ်းကုန် ထုတ်ဖော်ကာ သူ၏ ဒိုင်းဖြင့် မိစ္ဆာတပ်မှုး၏ တိုက်ခိုက်မှုကို ခုခံလိုက်၏။
ဘန်း …
ကျယ်လောင်လှသော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ဟန်ယုမှာ အနည်းငယ်မျှပင် နောက်ဆုတ်သွားခြင်း မရှိသည်ကို မြင်တွေ့ရသဖြင့် လူတိုင်းမှာ အံ့ဩသွားကြရ၏။ ‘တောက်ပသော ကလဲ့စား’ ၏ အကျိုးသက်ရောက်မှုအောက်တွင် သူသည် မိစ္ဆာတပ်မှူး၏ အစွမ်းကုန်တိုက်ခိုက်မှုကို အင်အားချင်းယှဉ်၍ ရင်ဆိုင်နိုင်ခဲ့ခြင်းပင်။
အံ့ဩစရာအကောင်းဆုံး အချက်မှာ ဝမ်ရွှမ်ရွှမ်နှင့် စစ်မာရှန်းတို့မှာ သူ့ကို မကူညီဘဲ လှိုဏ်ဂူအဝင်ဝကို ကာကွယ်ရန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။
လင်းရှန်မှာမူ ဟန်ယုကို ကူညီရန် မီးဒြပ်စင်ဒိုင်းများကို တစ်ခုပြီးတစ်ခု ဆက်တိုက် ထုတ်လွှတ်ပေးနေပြီး ရီကျွင်းကလည်း ဟင်းလင်းပြင်မန္တာန်များဖြင့် တိုက်ခိုက်ပေးနေလေသည်။ လုချီ၏ ကုသမှုနှင့် အစွမ်းမြှင့်ပေးမှုများမှာလည်း မပြတ်ထွက်ပေါ်နေသဖြင့် ဟန်ယုမှာ မိစ္ဆာတပ်မှူး၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ခြင်းပင်။
ဤသည်မှာ မတော်တဆ ဖြစ်ပေါ်လာသော အံ့ဖွယ်ကိစ္စတစ်ခု မဟုတ်သလို ဟန်ယု၏ ခွန်အား ရုတ်တရက် တိုးတက်လာခြင်းကြောင့်လည်း မဟုတ်ပေ။ မိစ္ဆာတပ်မှူး၏ တိုက်ခိုက်မှုကို သူခုခံနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူသောက်သုံးလိုက်သော ဆေးလုံးများကြောင့်ပင် ဖြစ်၏။
‘ဝိညာဉ် ပေါက်ကွဲမှု ဆေးလုံး’ နှင့် ‘သွေးဆာခြင်း ဆေးလုံး’ တို့၏ အကျိုးသက်ရောက်မှုများက သူ၏ခွန်အားကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြား ကုန်ဆုံးစေမည် ဖြစ်သော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုမှာ ငြင်းဆို၍မရနိုင်ချေ။ သူ၏အဖော်များ၏ အကူအညီဖြင့် သူသည် ရန်သူ့တိုက်ခိုက်မှုကို မနည်း ခုခံထားနိုင်ခဲ့လေသည်။
ဝမ်ရွှမ်ရွှမ် နှင့် စစ်မာရှန်း တို့ပင်လျှင် တူညီသောဆေးလုံးများကို သောက်သုံးခဲ့လျှင်တောင် မိစ္ဆာတပ်မှူး၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ကြောင်း ဟန်ယု ကောင်းစွာ သိရှိထားပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် ‘ကောင်းကင် အဟန့်အတား’ ကဲ့သို့ အစွမ်းထက်သော ကာကွယ်ရေးစွမ်းရည် မရှိသောကြောင့်ပင်။ ထို့ကြောင့်လည်း သူသည် မည်သို့ပင်ဖြစ်စေ တတ်နိုင်သမျှ အကြာဆုံး တောင့်ခံရန် ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။
***