ဝမ်ရွှမ်ရွှမ်မှာ ဟန်ယု၏နေရာကို အစားထိုးရန် အသင့်ပြင်ဆင်နေစဉ် စစ်မာရှန်း၏ အသံက ရုတ်တရက် ထွက်ပေါ်လာ၏။
“ရွှမ်ရွှမ် ... ဒုတိယအလှည့်ကို ငါ့ကိုပေးပါ”
ဝမ်ရွှမ်ရွှမ်မှာ အံ့ဩသွားပြီး သူ့ကို မသိစိတ်မှပင် လှည့်ကြည့်လိုက်မိသည်။ စစ်မာရှန်း၏ မျက်နှာထက်တွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေပြီး သူမကို စိုက်ကြည့်ကာ “ငါက ယောက်ျားတစ်ယောက်ပဲလေ” ဟု ဆိုလိုက်၏။
“ကောင်းပြီ”
ဝမ်ရွှမ်ရွှမ်က စကားအများကြီး မပြောဘဲ သူ့ဘက်သို့ လက်မထောင်ပြလိုက်လေသည်။
ဤအချိန်တွင် နံပါတ် ၂၁ မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင်များမှာ လုံဟောင်ချန်းကိုသာ သတိရနေကြပေသည်။ အကယ်၍ သူသာရှိနေပါက အခြေအနေများမှာ ယခုထက် များစွာ ကွာခြားသွားပေလိမ့်မည်။ သူသည် မည်သည့်ဆေးလုံးမျှ သောက်သုံးစရာမလိုဘဲ ဤကဲ့သို့သော ရန်သူကို သေချာပေါက် တားဆီးထားနိုင်မည် မဟုတ်ပါလော။
အမာခံတိုင်တစ်လုံး ပျောက်ဆုံးနေခြင်းက အဖွဲ့၏ခွန်အားကို များစွာထိခိုက်စေခဲ့ပြီ ဖြစ်၏။
အေးစက်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များမှာ အရင်ကထက် များစွာ ပို၍ သိပ်သည်းလာသည်။ အမှောင်ထုအတွင်း၌ ချိူက်အာမှာ သူမ၏ပုံရိပ်ကို မဖုံးကွယ်တော့ဘဲ မိစ္ဆာအရှင်သခင်ရှိရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလိုက်သည်။
အခြားသူများအနေဖြင့် မိစ္ဆာတပ်မှူး၏ တိုက်ခိုက်မှုများကို ခေတ္တ တောင့်ခံထားနိုင်သော်လည်း မိစ္ဆာအရှင်သခင်မှာမူ သူတို့အတွက် အမှန်တကယ် သေမင်းတမန် ခြိမ်းခြောက်မှုကြီးပင်။
ချိူက်အာတွင် အခြားရွေးချယ်စရာ မရှိတော့ချေ။ သူမ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ပတ်ဝန်းကျင်ရှိ မီးခိုးရောင်အရှိန်အဝါများမှာ ပိုမိုပြင်းထန်လာပြီး သန့်စင်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များမှာ ထက်မြက်သော ဓားသွားတစ်ခုအသွင်သို့ တဖြည်းဖြည်း ပြောင်းလဲလာနေ၏။ ချိူက်အာမှာ ညာဘက်လက်တွင် အနက်ရောင် ရွှေရောင်သန်းနေသော ဓားမြှောင်ကို မြေပြင်သို့ ချိန်ရွယ်ကိုင်ဆောင်ထားပြီး ဘယ်ဘက်လက်ကိုမူ သူမ၏ရင်ဘတ်တွင် ဖိကပ်ထားလေသည်။ သူမမှာ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခြင်းဖြစ်သော်လည်း မိစ္ဆာအရှင်သခင်မှာမူ သိသိသာသာ ထိတ်လန့်သွားကာ သွေးရောင်ဓားကြီးကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ သူသည် မလှုပ်မယှက် ရပ်နေသော်လည်း ခန္ဓာကိုယ်ပတ်လည်ရှိ အနီရင့်ရောင် အလင်းတန်းများမှာ ပိုမိုတောက်ပလာနေလေသည်။
ဤတစ်ကြိမ်တွင် ချိူက်အာမှာ အတည်အလင်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်ပြီ ဖြစ်၏။ အကယ်၍ သူမသာ ရန်သူကို အောင်မြင်စွာ လုပ်ကြံမသတ်ဖြတ်နိုင်ပါက ယနေ့တွင် သူတို့တစ်ဖွဲ့လုံး အမြစ်ပြတ်သွားနိုင်ပေသည်။ လုံဟောင်ချန်း မည်သည့်အချိန်တွင် ပြန်လာမည်ကို သူမမသိသော်လည်း လက်ရှိတွင် သူမမှာ ယာယီခေါင်းဆောင် ဖြစ်ချေသည်။ လုံဟောင်ချန်း ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရန်နှင့် မိစ္ဆာများ၏ တိုက်ခိုက်ခြင်း မခံရစေရန် သူမ လမ်းဖောက်ပေးရပေမည်။ သူမ၏ခွန်အားကို အသုံးချ၍ လူတိုင်း၏အသက်ကို ကယ်တင်ရန်မှာ လုံဟောင်ချန်း၏ ချစ်သူတစ်ဦးအနေဖြင့် သူမ၏တာဝန်သာ ဖြစ်ပေတော့သည်။
ချိူက်အာ၏ မျက်လုံးများမှာ လုံးဝ မီးခိုးရောင်သန်းသွားပြီး ကျောဘက်မှ ထက်မြက်သော ဓားသွားပုံသဏ္ဍာန် အလင်းတန်းပတ်လည်တွင် ထူးဆန်းသော သင်္ကေတခြောက်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
ထိုသင်္ကေတများမှာ မည်သည့်စာလုံး၊ မည်သည့်အမှတ်အသားနှင့်မျှ မတူညီသော်လည်း ၎င်းတို့ ထွက်ပေါ်လာသည့်အချိန်တွင် မိစ္ဆာအရှင်သခင်မှာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ရ၏။ ထိတ်လန့် တုန်လှုပ်နေကြသဖြင့် ဟန်တောင်းစစ် ဘေးဘက်မှ တိုက်ခိုက်မှုကိုပင် ကျန်ရှိသော မိစ္ဆာမြင်းစီးတပ်သားများမှာ တုံ့ပြန်ရန် မေ့လျော့နေကြပြီး သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုများဖြင့်သာ ပြည့်နှက်နေကြသည်။
“ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ... ဆမ်ဆာရာ လမ်းစဉ် ခြောက်သွယ် .. ပထမပိုင်း ... ဆမ်ဆာရာ မျက်စိ”
ချိူက်အာ လှုပ်ရှားလိုက်သည်နှင့် သူမပတ်လည်ရှိ ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်များမှာ ချက်ချင်း ဆိုသလို ပျောက်ကွယ်သွားသည်။ သူမ၏ ဘယ်ဘက်လက်တွင် ခရမ်းရင့်ရောင်အလင်းများ တောက်ပနေသော အနက်ရောင်ဓားမြှောင် တစ်လက် ရှိနေ၏။ သူမကျောဘက်တွင် မျက်လုံးပုံသဏ္ဍာန်ရှိသော ပထမဆုံးသင်္ကေတမှာ ရုတ်တရက် ကြီးထွားလာပြီး သူမ၏ပုံရိပ်ကို ဖုံးလွှမ်းသွားသည်။
ဤအချိန်တွင် ချိူက်အာမှာ ပုံမှန်နှင့် လုံးဝမတူညီတော့ချေ။ မိစ္ဆာအရှင်သခင်၏ အမြင်တွင်မူ သူမမှာ သူ့ကို လာရောက်ဖမ်းဆီးမည့် သေမင်းတမန် နတ်ဘုရားတစ်ပါး အလားပင်။
မိစ္ဆာအရှင်သခင်၏ ခန္ဓာကိုယ်မှ သွေးရောင်အလင်းများ ထွက်ပေါ်လာပြီး ဧရာမသွေးရောင် အလင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ အရပ်မျက်နှာအနှံ့အပြားသို့ သွေးရောင်အလင်းတန်းများ ပစ်လွှတ်၍ ချိူက်အာ၏ တိုက်ခိုက်မှုကို တားဆီးရန် ကြိုးစားလေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို ထိတ်လန့်စေသော သတ်ဖြတ်ခြင်းအငွေ့အသက်များနှင့်အတူ ချိူက်အာ၏ တည်ရှိမှုမှာ သူ၏အာရုံထဲမှ လုံးဝ ပျောက်ကွယ်သွားသောကြောင့်ပင်။
ခရမ်းရင့်ရောင် အလင်းတန်းများ ယှက်နွယ်သွားပြီးနောက် ချိူက်အာမှာ မိစ္ဆာအရှင်သခင်၏ ကျောဘက် မီတာသုံးဆယ် အကွာအဝေးသို့ ရောက်ရှိသွားချေပြီ။
အား ….
မိစ္ဆာအရှင်သခင်ထံမှ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး သူ ကိုင်ဆောင်ထားသော ဧရာမဓားကြီး၏ သုံးပုံတစ်ပုံမှာ ပြတ်တောက်သွားလေသည်။ ပို၍အရေးကြီးသည်မှာ သူ၏မျက်လုံးနှစ်ဖက်မှ အနက်ရောင်သွေးများ စီးကျလာပြီး ရုတ်တရက် မျက်စိကွယ်သွားခြင်းပင် ဖြစ်၏။ သူ၏ ဘယ်ဘက်ပခုံးထက်တွင်လည်း နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခုကို မြင်တွေ့နေရ၏။ အိပ်မက်ဆိုး နတ်ဆိုးမြင်း၏ ခြေလက်လေးဖက်စလုံးမှာလည်း ကျိုးပဲ့သွားခဲ့ပြီး မြေပြင်ပေါ်တွင် ဝပ်လျက် နာကျင်စွာ အော်ဟစ်နေရလေသည်။
သို့သော်လည်း ချိူက်အာ၏ မျက်လုံးများမှာလည်း ရန်သူကို ထိမှန်သည့်အချိန်မှာပင် အမြင်အာရုံများ ပျောက်ဆုံးသွားခဲ့ရပြီ ဖြစ်၏။
“ နားတစ်စုံအတွက် နားတစ်စုံ ... ဆမ်ဆာရာ လမ်းစဉ် ခြောက်သွယ် ရဲ့ ဒုတိယပိုင်း ... ဆမ်ဆာရာ နား”
ချိူက်အာမှာ ရပ်တန့်မနေဘဲ မင်ရည်ကဲ့သို့ မဲမှောင်နေသော သူမ၏ပုံရိပ်မှာ ခရမ်းရောင်များ ဖုံးလွှမ်းသွားပြီး ဆမ်ဆာရာ ဓားမြှောင်မှ စူးရှသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ သူမ၏ခန္ဓာကိုယ်မှာ အမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားပြန်၏။ လေထဲတွင်မူ ထူးဆန်းသော သင်္ကေတတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။
ဆမ်ဆာရာဝိညာဉ်မီးဖိုနှင့် အောင်မြင်စွာ ပေါင်းစပ်ပြီးနောက်တွင် ချိူက်အာအနေဖြင့် ၎င်း၏ခွန်အားကို အပြည့်အဝ ထုတ်သုံးလိုက်ခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင်။ လူသားများ ရှာဖွေတွေ့ရှိခဲ့သမျှ အစွမ်းထက်ဆုံး ဝိညာဉ်မီးဖို ဖြစ်သည်နှင့်အညီ ၎င်း၏စွမ်းအားမှာ အခြားမည်သည့် ဝိညာဉ်မီးဖိုကိုမဆို သာလွန်နေပေသည်။
မိစ္ဆာအရှင်သခင်မှာမူ အသေခံရန် အသင့်မဖြစ်သေးချေ။ ရူးသွပ်စွာ ဟိန်းဟောက်ရင်း သူ၏ခန္ဓာကိုယ်မှာ အနီရင့်ရောင်အဖြစ် ပြောင်းလဲသွားပြီး အတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ ယခုအချိန်တွင် သူသည် ‘ပြိုင်ဘက်ကင်း အလင်းခန္ဓာ’ ကို အသုံးပြုနေသည့် လူသားသူရဲကောင်းတစ်ဦးနှင့်သာ တူနေလေသည်။ ဧရာမဓားကြီးကို ကိုင်စွဲကာ အိပ်မက်ဆိုး နတ်ဆိုးမြင်းကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး လေထဲတွင် လည်ပတ်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စိတ်ဝိညာဉ်စွမ်းအင်များမှာ ငရဲမီးလျှံများအသွင်ယူကာ မြေပြင်ပေါ်ရှိ ကျောက်တုံးများကိုပင် အရည်ပျော်သွားစေသည်။ ၎င်းမှာ လွတ်မြောက်ရန်အတွက် မြေအောက်သို့ တိုးဝင်ရန် ကြိုးစားခြင်းပင်။
ဖောက် …
သူမ ပြန်လည်ထွက်ပေါ်လာသည့်အချိန်တွင် ချိူက်အာမှာ မိစ္ဆာအရှင်သခင်၏ဘေးတွင် ရှိနေပြီး သူ၏လွတ်မြောက်ရန် ကြိုးစားမှုမှာလည်း ချက်ချင်း အဆုံးသတ်သွားရ၏။ သူ၏ညာဘက်လက်တစ်ခုလုံးမှာ သွေးများဖုံးလွှမ်းကာ ပျောက်ကွယ်သွားပြီး နားနှစ်ဖက်မှလည်း အနက်ရောင်သွေးများ စီးကျလာလေသည်။ နာကျင်စွာ အော်ဟစ်ရင်း သူ၏ထွားကျိုင်းသော ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လဲကျသွား၏။ ထို့နောက် သူ၏ကျန်ရှိနေသော ဘယ်ဘက်လက်ဖြင့် ချိူက်အာရှိရာ အရပ်သို့ ရူးသွပ်စွာ ထိုးနှက်လိုက်လေသည်။
အနီရင့်ရောင် အလင်းတန်းတစ်ခုမှာ သူ၏လက်သီးကို ဖြတ်ကျော်သွားပြီး ထိုအလင်းတန်းအောက်တွင် ခြောက်ထောင့်ပုံသဏ္ဍာန် အနီရင့်ရောင် သလင်းကျောက်တစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာ၏။
၎င်းမှာ သူ၏မှော်အမြူတေပင်။ ပြင်းထန်သော နာကျင်မှုနှင့် ထိတ်လန့်မှုကြားတွင် မိစ္ဆာအရှင်သခင်မှာ သူ၏ ကိုယ်ပိုင်မှော်အမြူတေမှာ ချိူက်အာ၏ သေမင်းတမန် တိုက်ခိုက်မှုပစ်မှတ် ဖြစ်နေကြောင်း သိလိုက်ရ၏။ အကယ်၍ သူ၏ တိုက်ခိုက်မှုက ချိူက်အာကို သတ်နိုင်ခဲ့လျှင်တောင် သူကိုယ်တိုင်မှာမူ အသက်ရှင်ရန် မလွယ်ကူတော့ချေ။
“လျှာတစ်ချောင်းအတွက် လျှာတစ်ချောင်း... ဆမ်ဆာရာလမ်းစဉ် ခြောက်သွယ် ရဲ့ တတိယပိုင်း ... ဆမ်ဆာရာ လျှာ”
မဲမှောင်နေသော အလင်းများမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ခရမ်းရင့်ရောင် အလင်းတန်းမှာ သက်တံတစ်ခုအလား ရှည်လျားသွားကာ ချိူက်အာနှင့် တစ်သားတည်း ဖြစ်သွားပြီး သေမင်းနတ်ဘုရား၏ ဓားသွားအလား ပြောင်းလဲသွား၏။ နောက်တစ်ခဏတွင်မူ သူမမှာ မိစ္ဆာအရှင်သခင်၏ ကျောဘက်တွင် နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာပြန်သည်။
မှော်အမြူတေမှာ လေထဲတွင် စုစည်းသွားပြီးနောက် အသံနှစ်ချက် ထွက်ပေါ်လာကာ မိစ္ဆာအရှင်သခင်၏ မှော်အမြူတေမှာ နှစ်ပိုင်းပြတ်သွား၏။ မိစ္ဆာအရှင်သခင်မှာ သူ၏ခွန်အားများကို ထုတ်မသုံးနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
မိစ္ဆာအရှင်သခင်၏ ဧရာမပုံရိပ်ကြီးမှာ လှုပ်ရှားမှု ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ရှိ မီးလျှံများမှာမူ အရင်အတိုင်း တောက်လောင်နေဆဲပင်။ အောက်ခြေရှိ အိပ်မက်ဆိုး နတ်ဆိုးမြင်းမှာလည်း ဒဏ်ရာများဖြင့် အေးခဲသွားပုံ ရလေသည်။ နောက်တစ်ခဏတွင်မူ မိစ္ဆာအရှင်သခင်၏ ဦးခေါင်းမှာ အိပ်မက်ဆိုး နတ်ဆိုးမြင်း၏ ဝမ်းဗိုက်ဘေးသို့ လိမ့်ဆင်းသွား၏။
“ဖတ် …”
နှစ်ပိုင်းပြတ်သွားသော အလောင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော်လည်း ထူးဆန်းသည်မှာ သွေးတစ်စက်မျှ ကျဆင်းခြင်းမရှိပေ။ အိပ်မက်ဆိုး နတ်ဆိုးမြင်းနှင့် မိစ္ဆာအရှင်သခင်တို့၏ အသားများမှာ မီးခိုးပြာရောင် အဖြစ် ပြောင်းလဲသွားသည်။
သွေးရောင်အလင်းတန်းတစ်ခုမှာ မိစ္ဆာအရှင်သခင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သွေးရောင် အလင်းကွင်းတစ်ခုမှာ လေထဲတွင် ပေါက်ကွဲသွား၏။
ညလေညင်းများ တိုက်ခတ်နေသော်လည်း ချိူက်အာမှာမူ အမှောင်ထုအလယ်တွင် အေးချမ်းသော ကျောက်ရုပ်တစ်ရုပ်အလား လုံးဝမလှုပ်မယှက် ရပ်နေလေသည်။ ကြောက်မက်ဖွယ် အရှိန်အဝါ အားလုံးမှာ ထိုခဏတွင် ပျောက်ကွယ်သွားသော်လည်း သူမမှာမူ မလှုပ်မယက် ရှိနေဆဲပင်။ သို့သော်လည်း ကျန်ရှိနေသော မဟာမိစ္ဆာများထဲမှ မည်သူမျှ သူမကို သွားရောက်တိုက်ခိုက်ရန် ရဲစွမ်းသတ္တိ မရှိကြတော့ချေ။
ချိူက်အာက တိုက်ပွဲ၏ တစ်ဖက်ခြမ်းတွင် ဆမ်ဆာရာ ဝိညာဉ်မီးဖို၏ ခွန်အားအပြည့်ကို ထုတ်သုံးနေစဉ် စစ်မြေပြင်၏ အခြေအနေမှာလည်း လျင်မြန်စွာ ပြောင်းလဲလာခဲ့၏။
ဟန်တောင်းစစ်၏ အနောက်ဘက်မှ အလစ်တိုက်ခိုက်မှုမှာ အောင်မြင်ခဲ့သလို အရေးကြီးဆုံးမှာ မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့အပေါ်သို့ ကျရောက်လာသော တိုက်ခိုက်မှုပင် ဖြစ်သည်။
လီရှင်းမှာ ဤအခွင့်အရေးကို တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့ခြင်းပင်။ မိစ္ဆာအရှင်သခင်ကို ရင်ဆိုင်ရာတွင် သူမအနေဖြင့် ပေါ့ပေါ့ဆဆ တိုက်ခိုက်၍ မရကြောင်း၊ ၎င်းမှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းနှင့် တူကြောင်း သူမ ကောင်းစွာ သိရှိထားပေသည်။ ချိူက်အာက မိစ္ဆာအရှင်သခင်ကို အောင်မြင်စွာ ဖိနှိပ်ထားနိုင်သည့် အခိုက်အတန့်တွင် လီရှင်းမှာ နောက်ဆုံးတွင် လှုပ်ရှားလာခဲ့လေပြီ။
နှင်းဆီယူနီကွန်းမှာ သူမ၏စိတ်ဝိညာဉ်စွမ်းအင်နှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းသွားပြီး ဟန်တောင်းစစ် ရန်သူကို ဝင်တိုက်သည့်အချိန်မှာပင် တောက်ပသော အနီရောင်အလင်းတန်းတစ်ခုမှာ နောက်ကွယ်မှ လိုက်ပါလာခဲ့သည်။
လီရှင်းမှာ အချိန်အတော်ကြာ စုဆောင်းထားသော ခွန်အားများဖြင့် တိုက်ခိုက်လိုက်ခြင်းပင်။ သူမမှာ ပဉ္စမအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သဖြင့် ‘မြင့်မြတ်ဓားချက်’ စွမ်းရည်ကို အတင်းအကျပ် ထုတ်သုံးနိုင်ခဲ့၏။ နှင်းဆီယူနီကွန်း၏ အစွမ်းမြှင့်ပေးမှုနှင့်အတူ သူမ၏ ဓားနှစ်လက်မှာ ရန်သူ့ထံသို့ ဦးတည်သွားလေသည်။ တောက်ပသော အလင်းဆူးချွန်တစ်ခုမှာ မိစ္ဆာများ၏ ရှေ့မှောက်၌ ထွက်ပေါ်လာ၏။
သူမ၏ အလင်းဆူးချွန်မှာ လုံဟောင်ချန်း၏ အလင်းဆူးချွန်နှင့် လုံးဝမတူညီချေ။ ၎င်းမှာ အလင်းအနှစ်သာရများ ပြည့်နှက်နေရုံသာမက ပြင်းထန်သော မီးအနှစ်သာရများ ပါဝင်နေပေသည်။ သူမသည် တိုက်ခိုက်သည့် နေရာတွင် လိမ္မာပါးနပ်၏။ သူမ တိုက်ခိုက်လိုက်သော နေရာမှာ မိစ္ဆာမြင်းစီးတပ်ဖွဲ့၏ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းပေးနေသော စစ်ကြောင်းအလယ်ဗဟိုသို့ပင်။
အကယ်၍ သူမအနေဖြင့် အနောက်ဘက်သို့သာ တိုက်ခိုက်ခဲ့ပါက မိစ္ဆာတပ်မှူးကို ခြိမ်းခြောက်နိုင်မည်မဟုတ်သလို ရှေ့ဘက်သို့ တိုက်ခိုက်ခဲ့ပါကလည်း ရန်သူ့တပ်သားများ၏ တားဆီးခြင်းကို ခံရပေလိမ့်မည်။
ဘန်း ….
မဟာမိစ္ဆာနှစ်ကောင်မှာ လီရှင်း၏ အစွမ်းကုန်တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားကြပြီး မိစ္ဆာတပ်မှူးအား စိတ်ဝိညာဉ်စွမ်းအင် ထောက်ပံ့ပေးနေသော မဟာမိစ္ဆာငါးကောင်သာ ကျန်ရှိတော့ပေသည်။ ထို့နောက် ဟန်တောင်းစစ်၏ အလှည့် ရောက်ရှိလာပြီး သူ၏ဓားမြှောင်မှာ မဟာမိစ္ဆာတစ်ကောင်၏ လည်ပင်းဆစ်ကြားသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားကာ အဓိကအာရုံကြောကို ဖြတ်တောက်လိုက်လေသည်။
ဤလုပ်ဆောင်မှုမှာ ခံစစ်ဘက်မှ ဖိအားများကို များစွာလျော့ပါးစေခဲ့သော်လည်း လှိုဏ်ဂူဘက်မှ အခြေအနေမှာမူ အတော်လေး ဆိုးရွားနေဆဲပင် ဖြစ်၏။
သုံးမိနစ်ခန့် ကြာပြီးနောက် ဟန်ယုမှာ ဆက်လက်တောင့်မခံနိုင်တော့ဘဲ ပြန်ဆုတ်လာခဲ့ရပြီး သူ၏လက်ထဲရှိ ဒိုင်းနှင့် ဓားမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရပြီ ဖြစ်၏။
နောက်မှ လိုက်ပါသွားသော စစ်မာရှန်းမှာလည်း တိုက်ခိုက်မှုသုံးချက်ကိုသာ ခုခံနိုင်ခဲ့ပြီး သွေးများအန်ထုတ်ကာ သူ၏ဒုတ်ကြီးမှာလည်း ထက်ပိုင်းကျိုးသွားခဲ့ရလေသည်။
စစ်မာရှန်းနှင့် နှိုင်းယှဉ်လျှင် ဝမ်ရွှမ်ရွှမ်မှာ အခြေအနေ ပိုကောင်းနေသေး၏။ သူမမှာ ကာကွယ်ရေးတွင် ကျွမ်းကျင်သူမဟုတ်သော်လည်း မိစ္ဆာတပ်မှူး၏ တိုက်ခိုက်မှုကို ခွန်အားချင်းယှဉ်၍ ရင်ဆိုင်နေဆဲပင်။ ‘ဝိညာဉ် ပေါက်ကွဲမှု ဆေးလုံး’ နှင့် ‘သွေးဆာခြင်း ဆေးလုံး’ တို့၏ အရှိန်ဖြင့် သူမသည် စစ်မာရှန်းထက် နှစ်ဆခန့် ပိုမိုကြာရှည်အောင် တောင့်ခံထားနိုင်ခဲ့သည်။ သူမအနေဖြင့် ထိုသို့ ဆက်တိုက်တိုက်ခိုက်နေသရွေ့ မိစ္ဆာတပ်မှူး ရရှိမည့် စိတ်ဝိညာဉ်စွမ်းအင် အကူအညီများမှာ လျော့နည်းသွားမည်ဖြစ်သော်လည်း လှိုဏ်ဂူအဝင်ဝတွင်မူ ကာကွယ်ရန် တိုက်ခိုက်ရေးသမားတစ်ဦးမျှ မကျန်တော့ချေ။
ဤအရေးကြီးသော အချိန်တွင် လျှပ်စီးများ ဝန်းရံနေသော မဟာငှက်မိစ္ဆာ၏ ပုံရိပ်မှာ စစ်မြေပြင်တွင် နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။ ပုံရိပ်ယောင်ဝက်ကလေးမှာ နောက်တစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ပေးခြင်းပင်။
သို့သော်လည်း မိစ္ဆာတပ်မှူး ရရှိသော စိတ်ဝိညာဉ်စွမ်းအင် အကူအညီများ လျော့နည်းသွားသည့်တိုင် သူ၏ခွန်အားမှာ မဟာငှက်မိစ္ဆာထက် သာလွန်နေဆဲပင်။ မက်ဒူးလ်မှာမူ မဟာငှက်မိစ္ဆာကို အတုခိုးထားခြင်းသာ ဖြစ်သဖြင့် စွမ်းရည်များကို အသုံးပြုရာတွင် စစ်မှန်သော မဟာငှက်မိစ္ဆာကို မယှဉ်နိုင်သကဲ့သို့ ဒဏ်ရာများကို ခွဲဝေခံယူပေးမည့် စိတ်ဝိညာဉ် သံကြိုး၏ အကျိုးသက်ရောက်မှုလည်း မရှိချေ။ မိစ္ဆာတပ်မှူး၏ ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် သူသည် လှိုဏ်ဂူအတွင်းသို့ ပြန်ဆုတ် လာခဲ့ရလေသည်။
ယခုအချိန်တွင်မူ လှိုဏ်ဂူအတွင်းရှိ အခြေအနေမှာ အတော်လေး ဆိုးရွားနေပြီ ဖြစ်၏။ ပိုင်ရှောင်မို နှင့် ရီကျွင်းတို့မှာ စိတ်ဝိညာဉ်စွမ်းအင်များ လုံးဝကုန်ဆုံးသွားခဲ့ပြီ ဖြစ်သလို လုချီ၏ ကုသမှုမှာလည်း မက်ဒူးလ်အတွက် အသုံးမဝင်ချေ။ ‘စိတ်ဝိညာဉ် မျှဝေခြင်း သံကြိုး’ ၏ ဘေးထွက်ဆိုးကျိုးများကြောင့်လည်း ဟန်ယု၊ ဝမ်ရွှမ်ရွှမ်၊ စစ်မာရှန်း နှင့် လင်းရှန်တို့မှာ ဒဏ်ရာ အပြင်းအထန် ရရှိနေပြီ ဖြစ်၏။ ဟန်ယု နှင့် စစ်မာရှန်းတို့မှာမူ သူတို့၏ လက်နက်များကိုပင် ဆုံးရှုံးခဲ့ရလေသည်။
***