ထိုမိစ္ဆာတပ်မှူး၏ စိတ်ဝိညာဉ်စွမ်းအင်မှာ ၁၀,၀၀၀ အထိ မရှိသော်လည်း ၇,၀၀၀ ယူနစ်ခန့် ရှိပေသည်။ အကယ်၍ သူတို့၏ အရှေ့တန်းသာ ပြိုလဲသွားပါက မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ နှစ်ဖွဲ့စလုံး အမြစ်ပြတ်သွားပေလိမ့်မည်။
ဒဏ္ဍာရီလာ ရတနာရှာ ပုံရိပ်ယောင်ဝက်ကလေး၏ အတုခိုးခြင်းစွမ်းရည်ဖြင့် ဖန်တီးထားသော မဟာငှက်မိစ္ဆာမှာ တိုက်ခိုက်မှုတစ်ချက်တည်းနှင့်ပင် လွင့်ထွက်သွားပြီး ကျောက်နံရံနှင့် ပြင်းထန်စွာ ရိုက်မိသွား၏။ ပြင်းထန်သော ဒဏ်ရာကြောင့် သူ၏ပုံရိပ်ယောင်မှာ ပျောက်ကွယ်သွားပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသော ဝက်ကလေးမှာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
ဟန်ယု၊ ဝမ်ရွှမ်ရွှမ် နှင့် စစ်မာရှန်းတို့မှာ ရန်သူ့ထံသို့ တစ်ပြိုင်နက် ပြေးဝင်သွားကြသော်လည်း မိစ္ဆာတပ်မှူးက သူ၏လက်နက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံမျှဖြင့် သုံးယောက်စလုံး လွင့်ထွက်သွားခဲ့ရပြီး စစ်မာရှန်းနှင့် ဟန်ယုတို့မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွား၏။
လှိုဏ်ဂူအတွင်းတွင် လင်းရှန်တစ်ယောက်သာ တိုက်ခိုက်နိုင်စွမ်း ကျန်ရှိနေပေတော့သည်။ မီးဒြပ်စင်ဒိုင်းများနှင့် မီးအကာအကွယ်တို့ကို ထုတ်သုံးရင်း လင်းရှန်လက်ထဲရှိ မီးတိမ်သလင်းကျောက်များမှာ တုန်ယင်နေ၏။ သူသည် အဖွဲ့၏ နောက်ဆုံးအစောင့်အရှောက်အဖြစ် ရပ်တည်နေရသော်လည်း သူက တိုက်ခိုက်ရေးမန္တာန် မသုံးတတ်သော မှော်ဆရာတစ်ဦးသာ ဖြစ်သည်မဟုတ်ပါလော။
“အားးး ...”
လင်းရှန်၏ နောက်ကျောဘက်မှ အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် မြေပြင်ပေါ်သို့ တစ်စုံတစ်ယောက် လဲကျသွားသံ ကြားလိုက်ရသည်။ ထို့နောက် ငွေဖြူရောင်အလင်းတစ်ခုမှာ မိစ္ဆာတပ်မှူး၏ ခြေထောက်အောက်တွင် ပေါ်လာပြီး ၎င်းကို မလှုပ်မယှက် ဖြစ်သွားစေသည်။
ရီကျွင်း၏ ခန္ဓာကိုယ်မှာ ငွေဖြူရောင်အလင်းများ ဖုံးလွှမ်းနေပြီး သူက အသည်းအသန် အော်ဟစ်လိုက်သည်။
“မြန်မြန် ... သူ့ကို တိုက်ခိုက်တော့ ... ငါအကြာကြီး တောင့်မခံနိုင်ဘူး”
အသက်မီးလျှံ လောင်ကျွမ်းခြင်း... ၎င်းမှာ အသက် မီးလျှံ လောင်ကျွမ်းခြင်းပင်။ ရီကျွင်းက သူ၏အသက်စွမ်းအားကို လောင်ကျွမ်းစေကာ မန္တာန်ကို အသုံးပြုနေခြင်း ဖြစ်၏။ သူ၏အသက်စွမ်းအား ကုန်ဆုံးသွားပါက မန္တာန်မှာလည်း ရပ်တန့်သွားပေလိမ့်မည်။
မိစ္ဆာတပ်မှူးမှာ လင်းရှန်နှင့် အနီးကပ် ရှိနေသော်လည်း လုံးဝမလှုပ်ရှားနိုင်ပေ။ သို့သော် လင်းရှန်မှာမူ တိုက်ခိုက်ရေးစွမ်းရည် မရှိသော မှော်ဆရာတစ်ဦးသာ ဖြစ်၏။
စိတ်ဝိညာဉ်မျှဝေခြင်းသံကြိုးက ဆေးလုံးများ၏ ဘေးထွက်ဆိုးကျိုးများကို မလျှော့ချပေးနိုင်ပေ။ ဆေးလုံးများ၏ အရှိန်ကုန်ဆုံးသွားချိန်တွင် ဟန်ယု၊ ဝမ်ရွှမ်ရွှမ် နှင့် စစ်မာရှန်းတို့မှာ တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားကြပြီး စိတ်ဝိညာဉ်စွမ်းအင်များလည်း လုံးဝကုန်ခမ်းသွားကြသည်။
“ငါ ... ငါ တိုက်ခိုက်ရေးမန္တာန်တွေ မသုံးတတ်ဘူး”
လင်းရှန်မှာ လူအတစ်ယောက်ကဲ့သို့ ပြောလိုက်မိ၏။
လုချီမှာ သူ၏အစွမ်းကုန် ခွန်အားဖြင့် နောက်ဆုံး ‘မြင့်မြတ်အလင်းတန်း’ ကို မိစ္ဆာတပ်မှူးထံသို့ ပစ်လွှတ်လိုက်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“လခွီးနဲ့မှ... မင်း ရိုးရိုး မီးလုံးလေး တစ်လုံးတောင် မပစ်တတ်ဘူးလား”
လှိုဏ်ဂူအတွင်းတွင် လင်းရှန်တစ်ယောက်သာ တိုက်ခိုက်ရန် စိတ်ဝိညာဉ်စွမ်းအင် ကျန်ရှိနေခြင်းပင်။ သို့သော် သူ၏မျက်နှာမှာ ဖြူရော်နေပြီး လက်ထဲမှ တုတ်ကြီးက မီးလျှံများ ထွက်ပေါ်နေသော်လည်း တစ်ခုတည်းသော တိုက်ခိုက်ရေးမန္တာန်ကိုမျှ မထုတ်သုံးနိုင်ခဲ့ချေ။
“ငါတောင့်မခံနိုင်တော့ဘူး”
ရီကျွင်း၏ မျက်နှာရှိ အပေါက်ခုနစ်ပေါက်မှ သွေးများ စီးကျလာပြီးနောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“အား ...”
လင်းရှန်မှာ ရူးသွပ်စွာ အော်ဟစ်ရင်း မီးအကာအကွယ်ကို ထုတ်လွှတ်လိုက်ရာ မိစ္ဆာတပ်မှူးမှာ လှိုဏ်ဂူအပြင်ဘက်သို့ လွင့်ထွက်သွားခဲ့ပြီး ရီကျွင်း၏ မန္တာန်ထိန်းချုပ်မှုမှာလည်း ရပ်တန့်သွားလေတော့သည်။
“မင်း ...”
ရီကျွင်းက လင်းရှန်ကို မကျေမနပ်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သတိလစ်မေ့မြောသွားသည်။
မိစ္ဆာတပ်မှူးမှာ လှိုဏ်ဂူအပြင်ဘက်သို့ လွင့်ထွက်သွားပြီးနောက် အတွင်းရှိလူအားလုံးကို သတ်ဖြတ်ရန် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည့် အချိန်မှာပင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာပြီး စူးရှသော မြည်ဟည်းသံနှင့်အတူ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။
လေထုမှာ ဖိသိပ်ခံလိုက်ရပြီး မိစ္ဆာတပ်မှူးတွင် ၆,၀၀၀ ယူနစ်ကျော်သော စိတ်ဝိညာဉ်စွမ်းအင် ရှိနေသော်လည်း သူ၏ဘဝနောက်ဆုံးအချိန်တွင် မြင်တွေ့လိုက်ရသည်မှာ ရွှေရောင်အလင်းများ ဖုံးလွှမ်းနေသည့် ဧရာမ ခေါင်းသုံးလုံး သတ္တဝါကြီးတစ်ကောင်ပင်။
ဘန်း …
ဓားချက်တစ်ချက်က ရန်သူကို တိုက်ရိုက်ထိမှန်သွားပြီး ဒုတိယဓားချက်ကမူ သူ့ကို နှစ်ပိုင်း ပိုင်းဖြတ်လိုက်လေသည်။ မိစ္ဆာတပ်မှူးနှင့် သူစီးနင်းထားသော အိပ်မက်ဆိုး နတ်ဆိုးမြင်းမှာ တစ်ချက်တည်းနှင့်ပင် နှစ်ပိုင်းပြတ်သွားခဲ့ပြီး အလောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
သူ၏အနောက်တွင် ရှိနေသော မဟာမိစ္ဆာငါးကောင်မှာလည်း တန်ပြန်ရိုက်ခတ်မှုကြောင့် အနက်ရောင်သွေးများ အန်ထုတ်လိုက်ရ၏။
“ဝေါင်း …-”
ဟောင်ယွဲ့၏ ခေါင်းသုံးလုံးမှာ တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ရာ မဟာမိစ္ဆာငါးကောင်မှာ လွင့်ထွက်သွားကြရသည်။ ဟောင်ယွဲ့၏ ကျောပေါ်တွင် လုံဟောင်ချန်း၏ ပုံရိပ်မှာ လက်ခနဲ ပေါ်လာပြီး သူ၏ပခုံးပေါ်တွင်မူ အလင်းဒြပ်စင် နတ်သမီးယာတင်းက ဝိညာဉ် စုစည်းခြင်း အလင်းကို မရပ်မနား အသုံးပြုကာ လုံဟောင်ချန်း၏ စိတ်ဝိညာဉ်စွမ်းအင်များကို လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ဖြည့်တင်းပေးနေလေသည်။
မှန်ပေသည်။ ထိုအချိန်တွင် လုံဟောင်ချန်း ရောက်ရှိလာခြင်းပင်။ လုံဟောင်ချန်းမှာ ယာတင်း၏ အကူအညီနှင့်ဆိုလျှင် ဟောင်ယွဲ့မပါဘဲတောင်မှ ဆဋ္ဌမအဆင့်ရှိသည့် မည်သည့်ကျွမ်းကျင်သူကိုမဆို ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။
မိစ္ဆာတပ်မှူးကို ထိမှန်သွားသော တိုက်ခိုက်မှုမှာ အသူရာရိုက်ချက်ပင်။ ပြင်ဆင်မှုမပါသော အသူရာရိုက်ချက်ပင်လျှင် ဤမျှ စွမ်းအားရှိပါက အချိန်ယူစုဆောင်းထားသော အသူရာရိုက်ချက်၏ စွမ်းအားမှာ မည်မျှရှိမည်နည်း။
လုံဟောင်ချန်းမှာ ဟောင်ယွဲ့၏ ကျောပေါ်တွင် အသူရာရိုက်ချက်ကို နားလည်အောင် ကြိုးစားခဲ့ပြီး ၎င်းမှာ သူ၏ ‘စွမ်းအင်စုဆောင်းခြင်း’ နှင့် ပေါင်းစပ်နိုင်ကြောင်း တွေ့ရှိခဲ့ခြင်းပင်။ ဤသို့ဆိုလျှင် အသူရာရိုက်ချက်၏ စွမ်းအားမှာ ပိုမိုကြောက်မက်ဖွယ် ကောင်းလာပေမည်။
သူတစ်ယောက်တည်းသာဆိုလျှင် ရန်သူအမြောက်အမြားကြားတွင် စွမ်းအင်စုဆောင်းရန် မဖြစ်နိုင်ချေ။ သို့သော် လုံဟောင်ချန်း၌ ဟောင်ယွဲ့၏ အကူအညီ ရှိနေသည်မဟုတ်ပါလော။ ဟောင်ယွဲ့၏ ကျောပေါ်တွင် ထိုင်ရင်း စွမ်းအင်စုဆောင်းရန် လုံလောက်သော အချိန်ရရှိခဲ့ပြီး ဤမိစ္ဆာတပ်မှူးကို သူ၏ အသူရာရိုက်ချက်၏ ပထမဆုံးသော ယဇ်ကောင်အဖြစ် အသုံးပြုခဲ့ခြင်းပင်။
စိတ်ဝိညာဉ်စွမ်းအင် ၃,၀၀၀ ယူနစ်ခန့် စုစည်းထားသော ဤအသူရာရိုက်ချက်၏ ပြင်းထန်လှသော စွမ်းအားကြောင့် လုံဟောင်ချန်းကိုယ်တိုင်ပင် အံ့ဩသွားရ၏။ သို့သော် ယခုအချိန်မှာ ထိုခံစားချက်ထဲတွင် နစ်မြောနေရမည့် အချိန်မဟုတ်ချေ။
သူပြန်လာစဉ်လမ်းတွင် စိတ်ဝိညာဉ်မျှဝေခြင်းသံကြိုးကြောင့် ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရ၏။ သူရဲကောင်းတစ်ဦးအနေဖြင့် သူ၏ဒဏ်ရာများကို သူကိုယ်တိုင် ကုသနိုင်သော်လည်း သူ၏အဖော်များ အန္တရာယ်ကြုံနေရကြောင်း သူခန့်မှန်းမိခဲ့သည်။ ဟောင်ယွဲ့ကို အစွမ်းကုန်ပြေးခိုင်းလိုက်ပြီး လှိုဏ်ဂူထဲမှ မထွက်မီကတည်းက အသူရာရိုက်ချက်အတွက် စွမ်းအင်စုဆောင်းခဲ့ခြင်းပင်။ ရန်သူ့တပ်ထဲတွင် အစွမ်းထက်သောသူများ ပါဝင်နေမည်မှာ သေချာသဖြင့် ၎င်းတို့၏ ခေါင်းဆောင်ကို ဒဏ်ရာ အပြင်းအထန် ရစေရန်မှာ သူ၏အဓိကတာဝန်ပင်။
ထို့အပြင် ထာဝရတေးသွားဆွဲသီးကြောင့် လုံဟောင်ချန်းအနေဖြင့် ဆဋ္ဌမအဆင့် သူရဲကောင်းတစ်ဦးကဲ့သို့ စိတ်ဝိညာဉ်စွမ်းအင် ပြန်လည်ပြည့်ဝမှုအရှိန်မှာ အရင်ကထက် သုံးဆခန့် ပိုမိုမြန်ဆန်လာခဲ့သည်။ ယာတင်း၏ အကူအညီပါ ပေါင်းစပ်လိုက်ပါက သူသည် တစ်စက္ကန့်လျှင် ၂၀ ယူနစ်ခန့်အထိ စွမ်းအင်များ ပြန်လည်ဖြည့်တင်းနိုင်ပေသည်။ လုံဟောင်ချန်းအနေဖြင့် ဤထာဝရတေးသွားဆွဲသီးမှာ အနည်းဆုံး ရှေးဟောင်းလက်နက် အဆင့် ကိရိယာတစ်ခု ဖြစ်မည်ဟု သေချာပေါက် ယုံကြည်နေလေသည်။
ခြေလှမ်းကိုးသွယ် နည်းစနစ်ကို အသုံးပြု၍ လုံဟောင်ချန်း၏ ပုံရိပ်မှာ မိစ္ဆာများ ကြား ဝင်ရောက်သွားသည်။ လှိုဏ်ဂူမှ ထွက်လာစဉ်ကတည်းက သူသည် အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့ရခြင်းပင်။
လျှပ်စီးဓားချက်များမှာ လေထဲတွင် အဆက်မပြတ် ထွက်ပေါ်လာသည်။ ဤသည်မှာ သာမန် လျှပ်စီးဓားချက် မဟုတ်ပေ။ အလင်းလှိုင်းဂယက်များနှင့် ပေါင်းစပ်ထားသည့် လျှပ်စီးဓားချက်ပင် ဖြစ်၏။ လုံဟောင်ချန်း၏ လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့် ကျန်ရှိ နေသည့် မည်သည့် မိစ္ဆာမှ သူ၏ တိုက်ခိုက်မှုကို မခုခံနိုင်ချေ။ အလင်းတန်းများ ပျံ့နှံ့သွားသည့် နေရာတိုင်းတွင် ပေါက်ကွဲသံများ မပြတ်ထွက်ပေါ်လာသည်။
တိုက်ခိုက်ရေး သူရဲကောင်းတစ်ဦးအတွက် လျှပ်စီးဓားချက်မှာ အဆင့်နိမ့် စွမ်းရည်တစ်ခုသာ ဖြစ်သော်လည်း လုံဟောင်ချန်း၏ လက်ထဲတွင်မူ လုံးဝပြောင်းလဲသွားခဲ့လေပြီ။ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓားကို ရရှိပြီးနောက်တွင် လျှပ်စီးဓားချက်၏ စွမ်းအားမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ သန့်စင်သော အလင်းဒြပ်စင် စွမ်းအားကို ထိန်းသိမ်းထားရင်း ရေဒြပ်စင်၏ ထိုးဖောက်နိုင်စွမ်းကိုပါ ရရှိခဲ့ခြင်းပင်။ အလင်းလှိုင်းဂယက်များ၏ စွမ်းအားပါ ထပ်ပေါင်းလိုက်ပါက ဤတိုက်ခိုက်မှုမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားလေသည်။
ဟန်တောင်းစစ် နှင့် လီရှင်းတို့၏ အကူအညီဖြင့် ကျန်ရှိနေသော တိုက်ပွဲမှာလည်း လျင်မြန်စွာ အဆုံးသတ်သွားခဲ့ပြီး မဟာမိစ္ဆာမြင်းစီးတပ်ဖွဲ့ တစ်ခုလုံးမှာလည်း အမြစ်ပြတ်သွားခဲ့ပြီ ဖြစ်၏။ လွတ်မြောက်ရန် ကြိုးစားသူများမှာလည်း နှင်းဆီယူနီကွန်း၏ လိုက်လံတိုက်ခိုက်မှုအောက်တွင် အသက်ပျောက်သွားသည်။
“ဟောင်ချန်း ... မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့”
လီရှင်းမှာ နှင်းဆီယူနီကွန်းပေါ်မှ ဆင်းကာ လုံဟောင်ချန်း အနားသို့ လျှောက်လာခဲ့သော်လည်း လုံဟောင်ချန်းမှာမူ တုန်ယင်နေသည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရ၏။
လုံဟောင်ချန်း ကြည့်နေသည့် ဘက်သို့ လိုက်ကြည့်လိုက်ရာ ချိူက်အာမှာ ကျောက်ရုပ်တစ်ရုပ် အလား ရပ်နေသည်ကို လီရှင်း တွေ့လိုက်သည်။
“ချိူက်အာ ...”
လုံဟောင်ချန်း၏ အသံမှာ တုန်ယင်နေပြီး လက်ထဲရှိ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓားမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ထို့နောက် ဝှစ်ခနဲ ဆိုသလို ချိူက်အာ၏ ရှေ့သို့ မျက်တောင်တစ်မှိတ်အတွင်း ရောက်ရှိသွားလေသည်။
အနက်ရောင် ရွှေရောင်အလင်းတစ်ချက်နှင့်အတူ ချိူက်အာမှာ သူမ၏ ညာဘက်လက်ကို မြှောက်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ဘဲ လုံဟောင်ချန်း၏ ရင်ခွင်ထဲသို့ တိုက်ရိုက်လဲကျသွားတော့သည်။
သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားရင်း လုံဟောင်ချန်းမှာ ဓမ္မအမိုး ကို ချက်ချင်းထုတ်လွှတ်လိုက်ကာ သူတို့နှစ်ဦးကို လွှမ်းခြုံလိုက်၏။ သို့သော် ချိူက်အာ အသက်အန္တရာယ် မရှိကြောင်း သူ သိလိုက်ရသဖြင့် သက်ပြင်းချနိုင်ခဲ့သည်။ သူမမှာ စိတ်ဝိညာဉ်စွမ်းအင်များ အလွန်အမင်း ကုန်ဆုံးသွားခဲ့ခြင်းပင်။ လုံဟောင်ချန်း၏ နွေးထွေးသော ရင်ခွင်ထဲတွင် သူမမှာ လက်ချောင်းတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်တော့ချေ။
“ဘာလို့ ဒီလို ဖြစ်ရတာလဲ ... ငါ နောက်ကျသွားလို့ပါ ... အားလုံး ငါ့ကြောင့်ပါ”
လုံဟောင်ချန်းမှာ အချိန်မီ ပြန်မလာနိုင်ခဲ့ခြင်းအတွက် နောင်တများ ပြည့်နှက်နေလေသည်။ ဤမျှ စိတ်ရှုပ်ထွေးနေသည့်တိုင် သူ၏အဖော်များမှာ အဘယ်ကြောင့် ဤမျှ အသက်အန္တရာယ်နှင့် ကြုံခဲ့ရကြောင်းကို သူ ရှင်းရှင်းလင်းလင်း သိရှိထားပေသည်။
ငါ့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ ... မိစ္ဆာတွေ မလာနိုင်သေးဘူးလို့ ငါထင်ခဲ့လို့ ငါ အချိန်အကြာကြီး နေမိခဲ့တာ ... အားလုံး ငါ့အမှားတွေပါ
လုံဟောင်ချန်းမှာ မိမိကိုယ်ကိုယ် အပြစ်တင်နေမိရင်း မိစ္ဆာအရှင်သခင်၏ အလောင်းကို မြင်တွေ့လိုက်လေသည်။
ဒီလောက် ကြီးမားတဲ့ မိစ္ဆာကော အိပ်မက်ဆိုး နတ်ဆိုးမြင်းကောပါ သတ်ပစ်ခဲ့တာလား။
လုံဟောင်ချန်းမှာ ချိူက်အာ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း တီးတိုး ပြောလိုက်သည်။
“ငတုံးမလေးရယ် ... ဘာလို့ ဆမ်ဆာရာ ဝိညာဉ်မီးဖိုကို ထပ်သုံးခဲ့ရတာလဲ ... အားလုံး ငါ့အမှားတွေပါ ...”
ချိူက်အာကို တင်းကြပ်စွာ ပွေ့ဖက်ထားရင်း လုံဟောင်ချန်းမှာ အသက်ရှူရ ခက်ခဲသည့်အထိ စိတ်မကောင်း ဖြစ်နေမိကာ သူ၏မျက်လုံးများမှာလည်း နီရဲလာလေသည်။
***