လုံဟောင်ချန်းသည် မဟာ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတစ်လုံးကို သူ၏ပါးစပ်ထဲသို့ ထည့်လိုက်ပြီး အနည်းငယ်ဝါးလိုက်ကာ ခေါင်းငုံ့၍ ချိူက်အာ၏မျက်နှာကို ဖုံးအုပ်ထားသော ပုဝါကို မဖယ်ဘဲ ဆေးရည်များကို သူမ၏ပါးစပ်ထဲသို့ စီးဝင်စေလိုက်၏။
ချိူက်အာ၏ နှုတ်ခမ်းလွှာများမှာ တကယ်ပင် နူးညံ့လှသော်လည်း ဤအချိန်တွင်မူ လုံဟောင်ချန်းအနေဖြင့် ထိုခံစားချက်ကို ခံစားနေရန် အချိန်မရှိချေ။
လုံဟောင်ချန်း၏ နှုတ်ခမ်းများနှင့် ထိတွေ့လိုက်ရပြီး သူ၏ရင်းနှီးကျွမ်းဝင်သော အသက်ရှူသံကို ခံစားလိုက်ရသည့်အခါ ချိူက်အာ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသည်။
တုံ့ပြန်မှုရှိပြီ ….
လုံဟောင်ချန်းမှာ သက်ပြင်းချလိုက်နိုင်ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ဆေးရည်များ ချိူက်အာ၏ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့သွားစေရန် ဂရုတစိုက် လုပ်ဆောင်ပေးလိုက်၏။
သူမကို တင်းကြပ်စွာ ပွေ့ဖက်ထားရင်း လုံဟောင်ချန်း၏ မျက်ဝန်းမှ မျက်ရည်စများ ဝေ့သီလာပြီး သူ၏ခန္ဓာကိုယ်မှာလည်း တုန်ယင်မှုကို မထိန်းချုပ်နိုင်တော့ချေ။
“ချိူက်အာ ... ဒီတစ်ကြိမ်မှာ နင် ဘယ်အာရုံတွေ ဆုံးရှုံးသွားရတာလဲ”
မဟာပြန်လည်ကောင်းမွန်ခြင်းဆေးလုံး၏ အာနိသင်ကြောင့် ဖြစ်နိုင်သလို လုံဟောင်ချန်း၏ ကြင်နာသော ရည်ရွယ်ချက်ကို ချိူက်အာ ခံစားမိသွားပုံရကာ သူမ၏လက်ချောင်းလေးများမှာ အနည်းငယ် လှုပ်ရှားလာပေသည်။
မကြာမီမှာပင် လုံဟောင်ချန်း၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွား၏။
“အနံ့ခံအာရုံ၊ အမြင်အာရုံ၊ အကြားအာရုံ ... ပြီးတော့ အရသာခံစားမှုအာရုံပါလား”
အာရုံခြောက်ပါးထဲမှ လေးပါး ဆုံးရှုံးသွားရသည်။
ချိူက်အာက ယခင်က ဆမ်ဆာရာဝိညာဉ်မီးဖို၏ အလုပ်လုပ်ပုံကို လုံဟောင်ချန်းအား အကြမ်းဖျင်း ရှင်းပြခဲ့ဖူးလေသည်။ သူမအနေဖြင့် ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်သုံးလိုလေလေ ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားလေလေ ဖြစ်၏။ အာရုံလေးပါး ဆုံးရှုံးသွားခြင်းဆိုသည်မှာ ဆမ်ဆာရာဝိညာဉ်မီးဖိုကို ၎င်း၏အထွတ်အထိပ် စွမ်းအားနား ရောက်သည်အထိ အသုံးပြုခဲ့ကြောင်း ဆိုလိုနေပေသည်။
အကယ်၍ ... အကယ်၍ ရန်သူသာ အနည်းငယ် ပိုပြီး အစွမ်းထက်ခဲ့မည်ဆိုပါက၊ နောက်ထပ် အာရုံနှစ်ပါးကိုပါ သူမ အသက်သွင်းခဲ့မည်ဆိုပါက ချိူက်အာမှာ ဘယ်သောအခါမှ ပြန်လည်ကောင်းမွန်လာမည် မဟုတ်တော့ချေ။
အာရုံတစ်ပါး ဆုံးရှုံးခြင်းအတွက် ပြန်လည်ကောင်းမွန်ရန် အချိန် တစ်လလိုအပ်ပေသည်။ သူမမှာ အာရုံသုံးပါး ဆုံးရှုံးခြင်းအတွက်မူ နောက်ထပ် လေးလ ထပ်ပေါင်းရမည်ဖြစ်ရာ သူမ၏ အကြားအာရုံ၊ အမြင်အာရုံ နှင့် အရသာအာရုံတို့ ပြန်လည်ရရှိရန် ခုနစ်လ (၁+၂+၄) တိတိ စောင့်ဆိုင်းရမည် ဖြစ်ချေ၏။ အကယ်၍ ဤကာလအတွင်းမှာ ဆမ်ဆာရာဝိညာဉ်မီးဖိုကို ထပ်မံအသုံးပြုခဲ့ပါက နောက်ဆုံးအာရုံ ပြန်လည်ရရှိရန်အတွက် နောက်ထပ် ရှစ်လ (စုစုပေါင်း ၁၅ လ) ကြာမြင့်မည် ဖြစ်ပေသည်။
အကယ်၍ သူမအနေဖြင့် ဆမ်ဆာရာဝိညာဉ်မီးဖို၏ ပဥ္စမမြောက်အဆင့်ကိုသာ အသက်သွင်းခဲ့မည်ဆိုပါက သူမ၏အာရုံခြောက်ပါးစလုံးမှာ ထာဝရ ပျောက်ကွယ်သွားပြီး အသက်မဲ့နေသော ရုပ်အလောင်းတစ်ခုကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ သေချာသည်မှာ ထိုသို့အသုံးပြုပါက ထွက်ပေါ်လာမည့် တိုက်ခိုက်ရေးစွမ်းအားမှာ ထိုခေတ်အခါက ဆမ်ဆာရာ၏ သန့်စင်သောသမီးတော်က မိစ္ဆာနတ်ဘုရားဧကရာဇ်ကို ပြင်းထန်သော ဒဏ်ရာပေးခဲ့သည့် စွမ်းအားမျိုး ဖြစ်ပေလိမ့်မည်။
ထို့အပြင် လာမည့်ခုနစ်လအတွင်းမှာ ချိူက်အာ၏ အာရုံများမှာ တစ်ခုပြီးတစ်ခု ပြန်လည်ရောက်ရှိလာမည် မဟုတ်ဘဲ ခုနစ်လပြည့်မှသာ အားလုံးတစ်ပြိုင်နက်တည်း ပြန်လည်ရရှိမည် ဖြစ်၏။ ဤမျှပြင်းထန်သော ဖျက်ဆီးနိုင်စွမ်းမှာ ဆမ်ဆာရာဝိညာဉ်မီးဖို၏ ကြောက်မက်ဖွယ်ကောင်းလှသော တန်ပြန်ဆိုးကျိူးများနှင့်အတူ လာခြင်းပင်။
လုံဟောင်ချန်းမှာ ပြင်းထန်သော နာကျင်မှုများကို ခံစားနေရစဉ် ချိူက်အာကမူ သူ့ကို မည်သို့နှစ်သိမ့်ပေးရမည်ကို မသိသကဲ့သို့ ရှိနေချိန်တွင် လုံဟောင်ချန်းမှာ ရုတ်တရက် ခေါင်းမော့၍ အဝေးသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ တစ်ဖက်တောင်ကုန်းပေါ်တွင် မဟာမိစ္ဆာအုပ်စုတစ်စုမှာ အိပ်မက်ဆိုးနတ်ဆိုးမြင်းများကို စီးနင်းကာ သူတို့ရှိရာသို့ ဦးတည်လာနေသည်ကို တွေ့လိုက်သည်။ ၎င်းတို့မှာ မြင်းစီးတပ်သား ၃၀ ခန့် ရှိပုံရသော်လည်း သူတို့၏ခွန်အားကိုမူ မသိရသေးချေ။
လုံဟောင်ချန်းသည် ချိူက်အာကို ဘေးဘက်တွင် ညင်သာစွာ ချထားလိုက်ပြီးနောက် ဖြည်းညည်းစွာ မတ်တတ်ရပ်ကာ လီရှင်းနှင့် ဟန်တောင်းစစ်တို့ကို ကြည့်၍ ပြောလိုက်သည်။
“အစ်မတို့ နှစ်ယောက် လှိုဏ်ဂူအဝင်ဝကိုပဲ စောင့်ပေးပါ။ ကျန်တာအားလုံးကို ကျွန်တော် ကိုင်တွယ်လိုက်မယ် … ”
လုံဟောင်ချန်း၏ အမူအရာကို မြင်သောအခါ လီရှင်းမှာ မှင်သက်သွားရ၏။ မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ နှစ်ဖွဲ့စလုံးတွင် သူမသည် လုံဟောင်ချန်းကို အချိန်အကြာကြီး အသိဆုံးသူ ဖြစ်သော်လည်း သူ၏သဘောထားပြည့်ဝသော ပုံရိပ်မှလွဲ၍ ယခုကဲ့သို့ အမူအရာမျိုး တစ်ခါမှ မမြင်ဖူးခဲ့ချေ။
လက်ရှိ လုံဟောင်ချန်း၏ မျက်လုံးများမှာ နီရဲနေပြီး သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်းအငွေ့အသက်များ ထွက်ပေါ်နေကာ ၎င်း၏ အလင်းအနှစ်သာရများမှာလည်း တည်ငြိမ်မနေတော့ချေ။ ထို့အပြင် လုံဟောင်ချန်း၏ မျက်လုံးများမှာ သတ်ဖြတ် သွေးဆာမှုများနှင့် ပြည့်နှက်နေဟန်ပင်။
ချိူက်အာမှာ ဆမ်ဆာရာဝိညာဉ်မီးဖိုကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ခြင်းက လုံဟောင်ချန်းကို လုံးဝပေါက်ကွဲသွားစေခဲ့ခြင်းပင်။ သူသည် သူ၏ဒေါသများကို ဖွင့်ထုတ်ရန် လိုအပ်နေပြီး သူ၏နှလုံးသားအတွင်းမှ ပေါက်ကွဲထွက်ပေါ်လာသော ဒေါသများကို ရန်သူ့သွေးများဖြင့် ဆေးကြောရန် ဆုံးဖြတ်လိုက်ချေပြီ။
လီရှင်းနှင့် ဟန်တောင်းစစ်တို့မှာ ဘာမှမပြောဘဲ လှိုဏ်ဂူအဝင်ဝဆီသို့ ချက်ချင်းပြန်သွားကြပြီး လုံဟောင်ချန်းမှာမူ သူ၏ခန္ဓာကိုယ်ပေါ်ရှိ မြင့်မြတ်ဝိညာဉ်သံချပ်ကာကို ချွတ်လိုက်သည်။
ထိုအခိုက်အတန့်မှာပင် လုံဟောင်ချန်းသည် သူ၏ရင်ဘတ်ပေါ်ရှိ ‘ထာဝရတေးသွား’ ဆွဲသီးထံမှ အေးမြသော ခံစားချက်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး သူ၏နာကျင်မှုနှင့် ဒေါသများကို တည်ငြိမ်သွားစေ၏။ တစ်ချိန်တည်းမှာပင် လုံဟောင်ချန်းမှာ ပတ်ဝန်းကျင်တစ်ခုလုံး ထူးဆန်းသော စွမ်းအင်များဖြင့် ပြည့်နှက်နေသည်ကို အံ့ဩဖွယ် တွေ့ရှိလိုက်ရလေသည်။ ထိုစွမ်းအင်များမှာ ထာဝရတေးသွားဆွဲသီးဆီသို့ စီးဝင်သွားပြီးနောက် တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကြပေသည်။
ဒါက ဘာလဲ ...
လုံဟောင်ချန်းမှာ သာမန်လူများထက် အာရုံခံနိုင်စွမ်း ပိုမိုထက်မြက်ရာ ထိုစွမ်းအင်များ စီးဆင်းရာ လမ်းကြောင်းကို လိုက်ကြည့်လိုက်သောအခါ ထိုစွမ်းအင်များမှာ သေဆုံးသွားကြသော မဟာမိစ္ဆာများ နှင့် သူတို့၏စီးတော်ယာဉ်များထံမှ လာခြင်းဖြစ်ကြောင်း အံ့ဩစွာ တွေ့ရှိလိုက်ရ၏။
ဝိညာဉ်စွမ်းအင်၊ ဒါက ဝိညာဉ်စွမ်းအင်တွေပဲ…
လုံဟောင်ချန်းမှာ ထာဝရတေးသွားဆွဲသီးက သေဆုံးသွားသူများ၏ ဝိညာဉ်များကို အသုံးပြု၍ ထာဝရအနားယူခြင်းမျှော်စင်အတွက် စွမ်းအင်ဖြည့်တင်းပေးနေခြင်း ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။
ထိုအရာမှာ သူ၏ ဦးနှောက်အတွင်းမှ အလိုအလျောက် စီးထွက်လာဟန် ရ၏။ သူ ထာဝရ အနားယူခြင်း မျှော်စင်အတွင်းသို့ နောက်တစ်ကြိမ် ဝင်ရောက်သည့်အခါ သူ၏အနာဂတ်ကျင့်ကြံမှုများအတွက် ဝိညာဉ်စွမ်းအင် အမြောက်အမြား လိုအပ်မည် ဖြစ်ပေသည်။ ထာဝရအနားယူခြင်းမျှော်စင်မှာ ကြီးမားသော စွမ်းအင်များဖြင့် ပြည့်နှက်နေသော်လည်း အဆက်မပြတ် သုံးစွဲနေမည်ဆိုပါက တစ်နေ့တွင် ကုန်ခမ်းသွားမည်မှာ သေချာပေသည်။ ထာဝရအနားယူခြင်းမျှော်စင်နှင့် ထာဝရတေးသွားဆွဲသီး၏ သခင်အနေဖြင့် ဤဝိညာဉ်စွမ်းအင်များကို စုဆောင်းရန်မှာ သူ၏တာဝန်ပင် ဖြစ်သည်။ ထို့ကြောင့် မကြာသေးမီက သေဆုံးသွားသော မည်သည့်မျိုးနွယ်စု၏ အလောင်းဖြစ်ပါစေ ၎င်းတို့၏ ဝိညာဉ်များကို ထာဝရတေးသွားဆွဲသီးက သိမ်းဆည်းပေလိမ့်မည်။
အလင်း၏သားတော် အနေဖြင့် လုံဟောင်ချန်းမှာ ဤကဲ့သို့သော ခံစားချက်ကို လက်ခံရန် ခက်ခဲနေသော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိချေ။ အဘယ်ကြောင့်ဆိုသော် ထာဝရတေးသွားမှာ သူ၏ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်ရာ ဖယ်ရှားပစ်ရန် မဖြစ်နိုင်သောကြောင့်ပင်။ ထို့အပြင် ဤလျှို့ဝှက်ချက်ကိုလည်း သူ အခြားသူများကို အလောတကြီး မပြောပြနိုင်သေးချေ။ သူ၏ဖခင် သို့မဟုတ် ဆရာဖြစ်သူကိုသာ ဤလျှို့ဝှက်ချက်ကို သူ ဖွင့်ဟနိုင်ပေလိမ့်မည်။
ထိုသို့ တွေးတောပြီးနောက် လုံဟောင်ချန်းမှာ မျက်မှောင်ကြုတ်လိုက်မိ၏။ လက်ရှိအခြေအနေတွင် သူသည် အခြားအရာများကို ထပ်မံမစဉ်းစားတော့ဘဲ သူ၏သံချပ်ကာ၏ အပြင်ဘက် အစိတ်အပိုင်းများကို အမြန်ချွတ်ကာ သူ၏ဝတ်စုံမှ အစအနတစ်ခုကို ဆုတ်ဖြဲလိုက်ပြီး ချိူက်အာကို ကျောခြင်း ကပ်လျက် ချည်နှောင်လိုက်သည်။ ထို့နောက် သခင်၏ ပုံသဏ္ဍာန်အတိုင်း ပြောင်းလဲနိုင်သော မြင့်မြတ်ဝိညာဉ်သံချပ်ကာကို ပြန်လည်ဝတ်ဆင်လိုက်ရာ ချိူက်အာမှာ သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားလေသည်။
လက်ရှိ ချိူက်အာမှာ အကြားအာရုံမရှိကြောင်း လုံဟောင်ချန်း သိသဖြင့် သူမ၏လက်မောင်းများကို သူ၏လည်ပင်းတွင် ရစ်သိုင်းထားစေကာ အဝတ်စတစ်ခုဖြင့် တင်းကြပ်စွာ ချည်ထားလိုက်၏။ ထို့နောက် သူမ၏လက်ဖဝါးပေါ်တွင် အောက်ပါစကားလုံးများကို ရေးသားလိုက်လေသည်။
“အခုကစပြီး နင် အပြည့်အဝ ပြန်ကောင်းလာတဲ့အထိ နင့်ကို ငါ့ဘေးနားမှာပဲ အမြဲထားမယ် ... တိုက်ပွဲထဲမှာလည်း ငါနင့်ကို ကျောမှာပိုးထားပြီး တိုက်သွားမယ် ... ငါနင့်ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်သလို ခွဲခွာမှာလည်း မဟုတ်ဘူး”
ချိူက်အာမှာ လုံဟောင်ချန်း၏ လည်ပင်းကို မှီထားရင်း မျက်ရည်စနှစ်စမှာ တိတ်ဆိတ်စွာ ကျဆင်းလာ၏။
ယနေ့မှာ သူမအနေဖြင့် ဆမ်ဆာရာဝိညာဉ်မီးဖိုကို ဤမျှအထိ ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းပင်။ တတိယအကြိမ် အသက်သွင်းပြီးနောက် မိစ္ဆာအရှင်သခင်ကို သတ်ဖြတ်လိုက်သည့်အခါ သူမမှာ သူမ၏ဘဝတွင် အဆိုးရွားဆုံးအချိန်များက ရောက်ရှိခဲ့ရသည့် ထိုကြောက်မက်ဖွယ်ကောင်းသော လှိုဏ်ဂူအတွင်းသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားခဲ့ရသည်။
အားကိုးရာမဲ့မှုနှင့် အထီးကျန်မှုများကြောင့် စိတ်ဓာတ်ပြိုကွဲလုနီးပါး ဖြစ်ခဲ့ရသလို ခန္ဓာကိုယ်၏ အားနည်းမှုများကြောင့် သေမင်းက သူမထံသို့ လာနေပြီဟု ချိူက်အာ ခံစားခဲ့ရလေသည်။ သူမကို မျှော်လင့်ချက် ပေးထားသည့် တစ်ခုတည်းသော အရာမှာ လုံဟောင်ချန်း ဘေးကင်းစွာ ပြန်လာပါစေဟူသော ဆုတောင်းပင် ဖြစ်၏။
သူပြန်လာပြီ ... နောက်ဆုံးတော့ သူပြန်လာခဲ့လေပြီ။
ဤခြောက်ကပ်လှသော နေရာတွင် ချိူက်အာမှာ အားကိုးရာမဲ့နေခဲ့ရသည်။ အသံမရှိ၊ အရသာမရှိ၊ အမြင်မရှိ၊ အနံ့မရှိသော ထိုနာကျင်မှုများကြားတွင် သူပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။
ရင်းနှီးကျွမ်းဝင်သော ထိုအနံ့ကို ချိူက်အာ ခံစားသိရှိလိုက်ရသည့် အခိုက်အတန့်တွင် သူမမှာ တုန်ယင်သွားခဲ့ရ၏။ သူမ၏နှလုံးသား နက်ရှိုင်းသောနေရာမှ မျှော်လင့်ချက်များမှာ မီးလျှံတစ်ခုအလား တောက်လောင်လာခဲ့၏။
လုံဟောင်ချန်းက သူမ၏နှုတ်ခမ်းကို နမ်း၍ မဟာ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို တိုက်ကျွေးလိုက်သည့်အချိန်တွင် ဆေးလုံး၏ နွေးထွေးမှုနှင့် လုံဟောင်ချန်း၏ အသက်ရှူသံတို့ ပေါင်းစပ်သွားကာ ဆမ်ဆာရာဝိညာဉ်မီးဖိုကို အပြင်းအထန် ကျင့်ကြံခဲ့ရစဉ်က မှတ်ဉာဏ်များထံမှ သူမကို ပြန်လည် ဆွဲထုတ်ပေးလိုက်လေသည်။
ယခုအချိန်တွင် လုံဟောင်ချန်း သူမ၏လက်ဖဝါးပေါ်တွင် ရေးသားလိုက်သော စကားလုံးများကို ခံစားလိုက်ရသည့်အခါ ချိူက်အာ၏ နှလုံးသားထဲရှိ ထိုခံစားချက်များ ပျောက်ကွယ်သွားခဲ့ပြီး ကြီးမားသော ပျော်ရွှင်မှုများဖြင့် အစားထိုးသွားလေသည်။
ငါက တကယ်ကို ငတုံးမလေးပဲ ... သူငါ့ဘေးမှာ ရှိနေသရွေ့ တစ်ကမ္ဘာလုံးက ငါ့ကို စွန့်ပစ်သွားရင်တောင် ငါတစ်ယောက်တည်း မဟုတ်တော့ဘူး။
အမျိုးသမီးတစ်ဦးအနေဖြင့် အမျိုးသားတစ်ဦးအတွက် မည်သည့်တန်ဖိုးကိုမဆို အနစ်နာခံ ပေးဆပ်လိုသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ‘အချစ်’ ပင်။
ချိူက်အာ၏ သူ့ကျောကို မှီထားရင်း သူမ၏ခြေထောက်များမှာ သူ၏ခါးတွင် ချိတ်ထားနေသည်ကို ခံစားရင်း လုံဟောင်ချန်းမှာ နူးညံ့သော ခံစားချက်ကြောင့် နာကျင်မှုများ အနည်းငယ် လျော့ပါးသွားခဲ့၏။ သို့သော် သူခေါင်းမော့လိုက်ပြီး အနားသို့ ချဉ်းကပ်လာနေသော မိစ္ဆာမြင်းစီးတပ်ဖွဲ့ကို မြင်လိုက်ရသည့်အခါ သူ၏ဒေါသများကို ဖွင့်ထုတ်လိုသော ဆန္ဒမှာ သူ၏နှလုံးသားတွင် ပြန်လည်ထွက်ပေါ်လာပြန်သည်။
ဒီကောင်တွေပဲ ... သူတို့ကြောင့်ပဲ ငါ့ရဲ့ချိူက်အာမှာ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ နောက်ထပ် ခုနစ်လတောင် စောင့်ရတော့မှာ..
အသံတစ်ခုနှင့်အတူ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓားမှာ လုံဟောင်ချန်း၏ လက်ထဲတွင် ထွက်ပေါ်လာပြီးနောက် အလင်းတစ်ချက်နှင့်အတူ မြင့်မြတ်ဝိညာဉ်ဓားမှာလည်း သူ၏ဘယ်ဘက်လက်တွင် ထွက်ပေါ်လာလေသည်။ သူ၏ပုံရိပ်မှာ ဟောင်ယွဲ့၏ ကျောပေါ်သို့ ရောက်ရှိသွားပြီး အလင်းဒြပ်စင် နတ်သမီး ယာတင်းမှာလည်း အလိုက်သိစွာပင် သူ၏စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်ဝစေရန် ဝိညာဉ် စုစည်းခြင်း အလင်းကို အသုံးပြုပေးနေဆဲပင်။
တစ်စက္ကန့်လျှင် စိတ်ဝိညာဉ်စွမ်းအင် ၂၀ ယူနစ်ခန့် ပြန်လည်ဖြည့်တင်းနိုင်သဖြင့် လုံဟောင်ချန်းမှာ ဤခဏတာအတွင်းမှာပင် သူ၏စိတ်ဝိညာဉ်စွမ်းအင် ထက်ဝက်နီးပါးကို ပြန်လည်ရရှိပြီ ဖြစ်၏။
ရန်သူများမှာ ပိုမိုနီးကပ်လာနေပြီး လှိုဏ်ဂူအတွင်းတွင် လီရှင်းမှာ မျက်လုံးများ ပြူးကာ လင်းရှန်ကို ဒေါသတကြီး စိုက်ကြည့်နေလေသည်။
“နင် အမှိုက်တစ်ယောက်လောက်တောင် မစွမ်းဘူးလား ... ရိုးရိုးမီးလုံးတစ်လုံးတောင် မပစ်တတ်ဘူး ဟုတ်လား ... အဲ့ဒီ မိစ္ဆာတပ်မှူးကို ထိန်းထားဖို့ ရီကျွင်းက သူရဲ့ အသက်စွမ်းအားတွေကို ဘယ်လောက်တောင် သုံးခဲ့ရလဲဆိုတာ နင် သိရဲ့လား ... ဟောင်ချန်းသာ အချိန်မီ ပြန်မလာခဲ့ရင် ဒီနေ့ ငါတို့အားလုံး သေကုန်ကြပြီ ... နင်က တကယ်ပဲ ပဥ္စမအဆင့် မှော်ဆရာတစ်ယောက်ကော ဟုတ်ရဲ့လား ... နင်က မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင် တစ်ယောက်အဖြစ် အခေါ်ခံရဖို့ တကယ် မထိုက်တန်ဘူး”
လီရှင်း ဤမျှ ဒေါသထွက်နေခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ သူမမှာ လှိုဏ်ဂူအတွင်းရှိ အခြေအနေများကို ယခင်က မြင်တွေ့ခဲ့ရပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာခဲ့ခြင်းပင်။ သို့သော် နောက်ဆုံးအခိုက်အတန့်တွင် လင်းရှန်မှာ မီးအကာအကွယ်’ ကိုသာ ထုတ်သုံးခဲ့သဖြင့် သူမ အတော်လေး ဒေါသထွက်သွားခြင်းပင်။
အခြားသူများမှာ အသက်နှင့်လဲ၍ အစွမ်းကုန်တိုက်ခိုက်နေကြသော်လည်း လင်းရှန်တစ်ယောက်သာ မည်သည့်တိုက်ခိုက်မှုမျှ မလုပ်ဆောင်ခဲ့ချေ။ သူ၏ကျင့်ကြံမှုအဆင့်ကို ထည့်တွက်မည်ဆိုပါက ထိုအချိန်တွင် ပြင်းထန်သော မီးဒြပ်စင်မန္တာန်တစ်ခုကိုသာ အသုံးပြုခဲ့မည်ဆိုလျှင် မိစ္ဆာတပ်မှူးကို ဒဏ်ရာ အပြင်းအထန် ရသွား စေပေလိမ့်မည်။
လင်းရှန်မှာမူ အနည်းငယ် မျက်နှာ ပျက်ယွင်းနေပြီး လီရှင်း၏ ဒေါသတကြီး ပြောဆိုမှုများကို ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေလေသည်။
“ဘာလို့ ပြန်မပြောတာလဲ.. နင်က ယောက်ျားတစ်ယောက် ဟုတ်ရဲ့လား ... ဒီလောက် အားကောင်းတဲ့ ထိန်းချုပ်မှုစွမ်းအားရှိပြီး ပဥ္စမအဆင့် မှော်ဆရာတစ်ယောက် ဖြစ်နေပြီးတော့ ဘာလို့ တိုက်ခိုက်ရေးမန္တာန် တစ်ခုတည်းတောင် မသုံးနိုင်ရတာလဲ ... ငါဟောင်ချန်းကို အဲ့ဒီတုန်းက မတားခဲ့မိတာကို တကယ် နောင်တရတယ်”
“တော်ပါတော့ လီရှင်းရယ်”
ဟန်ယုမှာ မနည်းမတ်တတ်ရပ်ကာ လင်းရှန် ၏ရှေ့တွင် ကာကွယ်ပေးလိုက်ပြီး ဝမ်ရွှမ်ရွှမ်၊ စစ်မာရှန်း နှင့် ချန်ရင်အာတို့မှာလည်း သူ၏ဘေးတွင် စုဝေးလာကြလေသည်။
“လီရှင်း ... လင်းရှန်က ဆေးဖော်စပ်သူတစ်ယောက် ဆိုတာ နင်သိသင့်ပါတယ် ... ငါတို့ ဘာကြောင့် တန်ယန်ထက် ပိုပြီး ကြာရှည်အောင် တောင့်ခံနိုင်ခဲ့တယ်လို့ နင်ထင်လဲ ... အဲ့ဒါ လင်းရှန်ပေးတဲ့ ဆေးလုံးတွေကို ငါတို့သောက်ခဲ့လို့ပဲ ... လင်းရှန်က တိုက်ခိုက်ရေး မလုပ်နိုင်ပေမယ့် သူသာမရှိရင် ဟောင်ချန်း ပြန်မလာခင်အထိ ငါတို့ ဒီလောက် တောင့်ခံနိုင်မှာ မဟုတ်ဘူး ... လင်းရှန်က ငါတို့ နံပါတ် ၂၁ မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ ... သူရင်းနှီးမြှုပ်နှံခဲ့တာတွေကို ငါတို့အားလုံး မြင်တွေ့ခဲ့ပြီးပြီဖြစ်သလို သူက ငါတို့အဖွဲ့ကနေ ခွဲထုတ်လို့မရတဲ့ သူတစ်ယောက်ပါ ... လူတိုင်းမှာ ကိုယ်ပိုင်အားနည်းချက်တွေ ရှိကြတာပဲ မဟုတ်လား ... သူ့မှာလည်း ရှိနေတာက ဘာဆန်းလို့လဲ”
လီရှင်းက ဒေါသတကြီး ပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ် ... လူတိုင်းမှာ အားနည်းချက်ရှိကြပါတယ် ... ဒါပေမဲ့ တိုက်ခိုက်ဖို့ဆိုတာ မှော်ဆရာတစ်ယောက်ရဲ့ တာဝန်ပဲလေ ... ပြင်းထန်တဲ့ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ မီးဒြပ်စင် မှော်ဆရာတစ်ယောက် ဖြစ်နေပြီးတော့ ဘာလို့ မီးလုံးတစ်လုံးတောင် မပစ်နိုင်ရတာလဲ ... ဘာကြောင့်လဲ ဆိုတာကိုပဲ သိချင်တာ ... ငါက သူ့ဆီက ရှင်းလင်းတဲ့ အဖြေတစ်ခုပဲ လိုချင်တာပါ ... တကယ်လို့ တစ်နေ့မှာ ဟောင်ချန်းက ရန်သူ့တိုက်ခိုက်မှုတွေကို မတောင့်ခံနိုင်တော့ဘဲ နောက်ဆုံးမှာ သူ့ရဲ့တိုက်ခိုက်မှုအပေါ် အားကိုးရမယ့် အချိန်ရောက်လာရင် ဘာဖြစ်မလဲ ... သူက နင်တို့ရဲ့ ခွန်အားတွေကို ဒီလောက်အထိ မမြှင့်တင်ပေးနိုင်ဘူးဆိုရင် ဘာလို့ ဒီလောက် အစွမ်းထက်နေရတာလဲ ... ငါ့မောင်လေးကို သူ့ကိုကြည့်ပြီး မျှော်လင့်ချက်တွေ ကုန်ဆုံးသွားတာမျိုး မဖြစ်စေချင်ဘူး”
“ကောင်းပြီလေ ... ငါနင့်ကို ပြောပြမယ်” လင်းရှန်မှာ ဒေါသတကြီး အော်ပြောလိုက်သည်။
သူသည် ဟန်ယု၏ ဘေးသို့ အမြန်လျှောက်သွားလိုက်၏။ သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်နေပြီး မူလက ဖြူဖျော့နေသော မျက်နှာမှာလည်း နီရဲလာသည်။
“ငါက တိုက်ခိုက်ရေးမန္တာန် မသုံးတတ်တဲ့ မှော်ဆရာတစ်ယောက်ပါ ... ဘယ်တော့မှလည်း မသုံးနိုင်တဲ့ သူတစ်ယောက်ပဲ ... နင်တို့အားလုံး ပြောတာ မှန်ပါတယ် ... ငါ့အခြေအနေက စစ်မာရှန်းနဲ့ လုံးဝမတူဘူး ... သူက ကုသရေးမန္တာန်တွေကို သင်ယူလို့မရတာ ဖြစ်ပေမယ့် ငါကတော့ သင်ယူလို့မရတာ မဟုတ်ဘူး ... ငါသာ ဆန္ဒရှိရင် မီးဒြပ်စင်မန္တာန်တွေကို အကန့်အသတ်မရှိ သင်ယူလို့ရတယ် ... ဒါပေမဲ့ ငါမသင်ခဲ့ဘူး ... ငါ့စိတ်ထဲမှာ မသင်ယူနိုင်ခဲ့တာ”
စကားကို ခဏရပ်လိုက်သည့်အခါ လင်းရှန်မှာ မျက်ရည်များဖြင့် စိုရွှဲနေလေပြီ။
“အဲ့အချိန်တုန်းက ငါ့အမေက ငါ့ထက်တောင် ပိုပြီး ပါရမီထူးတဲ့ မှော်ဆရာကျောင်းတော်ရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့တာ ... အမေ အသက် ၃၀ မှာတင် ဆဋ္ဌမအဆင့်ကနေ သတ္တမအဆင့်ကို ဖောက်ထွက်နိုင်ခဲ့ပြီး သူမရဲ့မျိုးဆက်မှာ အတော်ဆုံး ပါရမီရှင်အဖြစ် အသိအမှတ်ပြုခံခဲ့ရတယ် ... ငါ့အဖေကတော့ တိုက်ခိုက်ရေးမန္တာန်တွေမှာ ကျွမ်းကျင်တဲ့ သူတစ်ယောက်ဖြစ်ပြီး သူတစ်သက်လုံး အပြင်းထန်ဆုံး မီးမန္တာန်ကို လေ့လာခဲ့တာ ... ဒါပေမဲ့ တစ်နေ့မှာ သူအမှားတစ်ခု လုပ်မိခဲ့တယ် ... သူလုပ်မိတဲ့ အမှားက သူ၏ခန္ဓာကိုယ်ကို ဧရာမမီးလျှံတွေထဲမှာ လောင်ကျွမ်းသွားစေခဲ့တယ် ... အဲ့ဒီအချိန်မှာပဲ အမေက ငါ့ကိုခေါ်ပြီး သူ့ဆီကို သွားကြည့်ခဲ့တာ ... ငါ့ကို ကာကွယ်ပေးဖို့အတွက် အမေက သူမ၏ခန္ဓာကိုယ်ကို အသုံးပြုပြီး အဲ့ဒီ ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီးကို ကာကွယ်ပေးခဲ့ရင်း အဖေနဲ့အတူ သေဆုံးသွားခဲ့ရတယ် ... အဲ့တုန်းက ငါအသက် ငါးနှစ်ပဲ ရှိသေးပေမယ့် အဲ့တာကို ငါဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး ... တကယ်လို့ တိုက်ခိုက်ရေးမန္တာန်သာ မရှိခဲ့ရင် ငါအမေကို ဆုံးရှုံးရပါ့မလား ... တကယ်လို့ တိုက်ခိုက်ရေးမန္တာန်သာ မရှိခဲ့ရင် ငါ့မှာ ပျော်ရွှင်စရာ မိသားစုလေးတစ်ခု ရှိနေဦးမှာပေါ့”
“ငါတိုက်ခိုက်ရေးမန္တာန်တွေကို မသင်ယူနိုင်ဘူး ... ငါ့ဘဝတစ်လျှောက်လုံးမှာလည်း ဘယ်တော့မှ သင်ယူမှာ မဟုတ်ဘူး ... ငါ့ရဲ့မန္တာန်တွေကြောင့် ငါ့ရဲ့အဖော်တွေ သို့မဟုတ် ဆွေမျိုးတွေ သေဆုံးသွားတာမျိုး ငါမမြင်ချင်ဘူး ... အဲ့ဒီနေ့ကစပြီး အဘိုးက ငါ့ကို ဘယ်လောက်ပဲ အတင်းအကျပ် ခိုင်းပါစေ အခုအချိန်အထိ ငါတိုက်ခိုက်ရေးမန္တာန် တစ်ခုမှ မသင်ခဲ့ဘူး ... ဒါပေမဲ့ ငါက အမှိုက်မဟုတ်ပါဘူး ... ငါ့အဖွဲ့ကို ကူညီဖို့အတွက် ငါတတ်နိုင်သမျှ အရာရာကို လုပ်ဆောင်နေပါတယ် ... တကယ်လို့ တစ်နေ့မှာ နင်ပြောတဲ့ အခြေအနေ တကယ်ရောက်လာခဲ့ရင် ငါက အရင်ဆုံး အသေခံမယ့်သူ ဖြစ်ပါလိမ့်မယ် ... ငါ့ရဲ့အလောင်းကို အသုံးပြုပြီး အခုငါပြောခဲ့တဲ့ စကားတွေအားလုံး မှန်ကန်ကြောင်း ငါသက်သေပြပါ့မယ် … ”
ထိုသို့ ပြောပြီးနောက် လင်းရှန်မှာ တိတ်ဆိတ်စွာ ရှိုက်ကြီးတငင် ငိုကြွေးနေလေတော့သည်။ ဟန်ယုမှာ သက်ပြင်းချလိုက်ပြီး လင်းရှန် ၏ပခုံးကို ညင်သာစွာပုတ်ကာ လီရှင်းကို ကြည့်၍ ပြောလိုက်၏။
“နင့်ရဲ့စိတ်အခြေအနေကို ငါနားလည်ပါတယ် ... ဒါပေမဲ့ နင်က သူ့ရဲ့နှလုံးသားထဲက ဒဏ်ရာဟောင်းတွေကို ပြန်ဖော်စရာ လိုလို့လား ... ဒီလိုထူးခြားတဲ့ အကြောင်းရင်းမျိုးသာ မရှိရင် သူက ဘာလို့ တိုက်ခိုက်ရေးမန္တာန်တွေကို မသင်ယူဘဲ နေပါ့မလဲ ... ငါတို့က အဲ့ဒီကိစ္စတွေကို ဂရုမစိုက်လို့ အခုထိ မမေးခဲ့တာ မဟုတ်ဘူး ... ငါတို့အချင်းချင်း ယုံကြည်မှုရှိလို့ မမေးခဲ့တာ ... လင်းရှန်က ငါတို့မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင်အဖြစ် ထာဝရ ရှိနေမှာပါ”
***