လုံဟောင်ချန်းမှာ ဟောင်ယွဲ့၏ ကျောပေါ်တွင် ရပ်နေရင်း ချဉ်းကပ်လာနေသော မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့ကို စိုက်ကြည့်နေ၏။ရန်သူများအပေါ် သူ၏ဒေါသများမှာ အရင်ကထက် ပိုမိုပြင်းထန်လာနေပြီး တစ်ချိန်တည်းမှာပင် ချိူက်အာ၏ ခန္ဓာကိုယ်မှ နွေးထွေးမှုကို ခံစားမိသည့်အခါတိုင်း သူသည် ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။
လုံဟောင်ချန်းသည် အရင်က မည်သည့်အရာကိုမျှ ဤမျှအထိ မုန်းတီးခြင်း မရှိခဲ့ဖူးသော်လည်း ယခုအခါ မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့အပေါ် ထားရှိသော မုန်းတီးမှုမှာမူ သူ၏သည်းခံနိုင်စွမ်းကို ကျော်လွန်နေပြီ ဖြစ်သည်။
“ငါ့ကြောင့်ပဲ ... ငါ့ကြောင့်နဲ့ ချိူက်အာက ဒီလိုပြင်းထန်တဲ့ နာကျင်မှုကို ထပ်ခံစားရပြန်ပြီ။ ငါ့ရဲ့နောက်ဆုံး သွေးစက်အထိ စတေးရမယ်ဆိုရင်တောင် ချိူက်အာကို နောက်ထပ် အနာတရဖြစ်အောင် ငါခွင့်မပြုတော့ဘူး။ ဒီမိစ္ဆာတွေအားလုံးကို ငါသတ်ပစ်မယ်”
ရန်သူများမှာ ပိုမိုနီးကပ်လာနေပြီး လုံဟောင်ချန်းတွင် အမြင်အာရုံ တိုးမြှင့်ပေးသည့် စွမ်းရည်မရှိသော်လည်း သူ၏အမြင်အာရုံမှာ ရန်သူ့ခွန်အားကို အတိအကျ ခွဲခြားနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းမှာ အကောင်ရေ ၃၀ ရှိသော မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့ဖြစ်ပြီး ယခင်အဖွဲ့နှင့် အတူတူပင် ဖြစ်လေသည်။ သူတို့ကို ဆဋ္ဌမအဆင့် မိစ္ဆာတပ်မှူးတစ်ဦးက ဦးဆောင်လာသော်လည်း ထိုသူမှလွဲ၍ အခြားအစွမ်းထက်သော ကျွမ်းကျင်သူ ပါဝင်ခြင်းမရှိချေ။ဤမြင်းစီးတပ်ဖွဲ့မှာ ယခင်က သူတို့တွေ့ခဲ့ရသောအဖွဲ့ကဲ့သို့ပင် အင်အားဖြည့်တင်းပေးသည့် အရန်တပ်ဖွဲ့တစ်ခုသာ ဖြစ်သည်။ မိစ္ဆာအရှင်သခင်၏ အချက်ပြမှုကို ရရှိပြီးနောက် တတ်နိုင်သမျှ အမြန်ဆုံးအရှိန်ဖြင့် ရောက်ရှိလာကြခြင်းပင်။
လုံဟောင်ချန်း၏ ခန္ဓာကိုယ်မှ ရွှေရောင်မြူခိုးများ ထွက်ပေါ်လာလေသည်။ ၎င်းမှာ ညအမှောင်ထုအတွင်းသို့ ပျံ့နှံ့သွားပြီး တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေ၏။
မိစ္ဆာမြင်းစီးတပ်ဖွဲ့ဝင်များမှာလည်း ထိုမြူခိုးများကို မြင်တွေ့သွားကြပြီ ဖြစ်၏။ လုံဟောင်ချန်းက အမှောင်စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံခံမိသကဲ့သို့ သူတို့မှာလည်း မြင့်မြတ်သော အရှိန်အဝါများ ပြည့်နှက်နေသည့် အလင်းတန်းကို အာရုံခံမိကြသည်။
စွမ်းအင် စုဆောင်းခြင်း။
လုံဟောင်ချန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင် အရည်များ စုစည်းလာသည်ကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။ ဘယ်ဘက်လက်ထဲရှိ မြင့်မြတ်ဝိညာဉ်ဓားကို ဟောင်ယွဲ့၏ ဘေးရှိမြေပြင်တွင် စိုက်လိုက်ပြီး ညာဘက်လက်ထဲရှိ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓားကိုမူ ဓားနှစ်လက်အဖြစ် ပြောင်းလဲလိုက်၏။ ထိုအချိန်တွင် သူသည် ထူးဆန်းသော စိတ်အခြေအနေ အတွင်းသို့ ရောက်ရှိသွား၏။
ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ စွမ်းအင် စုဆောင်းခြင်း အရှိန်မှာ ယခင်ကထက် ပိုမိုလျင်မြန်လာပြီး အားကောင်းသော စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြားမှာ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓားထံသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်။
ဟောင်ယွဲ့၏ ခေါင်းသုံးလုံးသည်လည်း မန္တာန်များကို တစ်ပြိုင်နက် ရွတ်ဆိုနေလေသည်။ ခေါင်းတစ်လုံးချင်းစီမှ ထွက်ပေါ်လာသော သာယာနာပျော်ဖွယ် မန္တာန်သံများမှာ လုံဟောင်ချန်း၏ စွမ်းအင်စုဆောင်းမှုကို အနှောင့်အယှက် မဖြစ်စေသည့်အပြင် အပြန်အလှန် အကျိုးပြုနေသည်။
ထိုအချိန်တွင် သူ၏နောက်ကွယ်ရှိ လှိုဏ်ဂူမှာ ငြိမ်သက်သွားခဲ့ပြီး လီရှင်းတစ်ယောက်သာ အပြင်ဘက်တွင် ရပ်နေ၏။ သူမ၏မျက်နှာထက်တွင် နောင်တရသောအမူအရာနှင့် အပြစ်ရှိသောအမူအရာများမှာ တစ်လှည့်စီ ပေါ်ပေါက်နေသော်လည်း လက်ထဲရှိ ဓားနှစ်လက်ကိုမူ တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။
လှိုဏ်ဂူအတွင်းရှိ သူများအားလုံးမှာလည်း လုံဟောင်ချန်း၏ ပုံရိပ် ကြည့်နေရင်း တစ်ယောက်တည်းနှင့် လူပေါင်းတစ်သောင်းကို ရင်ဆိုင်နိုင်မည့် အရှိန်အဝါမျိုးကို ခံစားမိလိုက်ကြသည်။
လုံဟောင်ချန်းမှာ ရန်သူ့တပ်ရင်းကို တစ်ဦးတည်း ရင်ဆိုင်နေရသော်လည်း နံပါတ် ၂၁ နှင့် နံပါတ် ၄ အဖွဲ့ဝင်များမှာ လုံခြုံမှု ရှိနေသည်ဟု ခံစားရ၏။ လုံဟောင်ချန်း ရှိနေသရွေ့ မည်သူမျှ သူတို့ကို ခြိမ်းခြောက်နိုင်မည်မဟုတ်ဟု ယုံကြည်နေကြသည်။
လူတိုင်းမှာ သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်ဝစေရန် အားစိုက်နေကြ၏။ စွမ်းအင်အနည်းငယ် ပြန်လည်ရရှိလာသည့်အခါ လုချီက ကုသရေးမန္တာန်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး သတိလစ်နေသော တန်ယန်ကို ဦးစားပေး ကုသပေးလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင် ၁၀,၀၀၀ နီးပါးရှိသော မိစ္ဆာတပ်မှူး၏ တိုက်ခိုက်မှုကို ခံရခဲ့ခြင်းမှာ တောင်ကြီးတစ်လုံးနှင့် အတိုက်ခံရသကဲ့သို့ပင်။ သူ၏ဒိုင်းသာမက လက်မောင်းနှစ်ဖက်စလုံး ကျိုးပဲ့သွားခဲ့သလို နံရိုးများမှာလည်း ဒဏ်ရာရရှိခဲ့လေသည်။ အတွင်းကလီစာများ ထိခိုက်မှုမရှိသော်လည်း လုချီသာ ကုသမပေးနိုင်ခဲ့ပါက နောင်တွင် မသန်စွမ်း ဖြစ်သွားနိုင်ပေသည်။
“ဟောင်ချန်း ... သူတို့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ပေါင်းစပ်နိုင်တဲ့ စွမ်းရည်ကို သတိထားဦး”
လီရှင်းက လုံဟောင်ချန်း ရှိရာဘက်သို့ လှမ်းအော်ကာ သတိပေး လိုက်၏။
သူတို့မှာ မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့နှင့် နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ပြီး ဖြစ်သည်။ ပထမတစ်ကြိမ်တွင် ဟောင်ယွဲ့၏ ‘ဖရိုဖရဲ အနှစ်သာရ’ ကြောင့် ရန်သူများမှာ သူတို့၏ အစွမ်းကုန်ခွန်အားကို ထုတ်မသုံးနိုင်ခဲ့ချေ။ ဒုတိယတစ်ကြိမ်တွင်မူ ချိူက်အာ၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် မိစ္ဆာတပ်ဖွဲ့၏ အမာခံဖြစ်သော မိစ္ဆာအရှင်သခင် သေဆုံးသွားခဲ့ရခြင်းပင်။
ထိုအချိန်က ချိူက်အာ၏ ပြင်းထန်သော သတ်ဖြတ်ခြင်းအရှိန်အဝါမှာ မိစ္ဆာအရှင်သခင်ကို ထိတ်လန့်သွားစေခဲ့ပြီး ရန်သူများ၏ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းမှုကို အနှောင့်အယှက် ဖြစ်စေခဲ့သောကြောင့်သာ သူတို့ ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ ရန်သူ့အာရုံကို ဆွဲဆောင်ပေးမည့် ချိူက်အာ မရှိတော့သလို ဟောင်ယွဲ့အနေဖြင့်လည်း အလစ်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ချေ။ လုံဟောင်ချန်းမှာ မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့ကို တစ်ဦးတည်း ရင်ဆိုင်ရမည်ဖြစ်ရာ စိုးရိမ်စရာပင်ဖြစ်သည်။
မိစ္ဆာမြင်းစီးတပ်ဖွဲ့၏ နောက်ဘက်တွင် မဟာမိစ္ဆာဆယ်ကောင်ခန့်မှာ စိတ်ဝိညာဉ်စွမ်းအင်များ ပေါင်းစပ်ရန် ပြင်ဆင်နေကြပြီး ကျန်ရှိသော မဟာမိစ္ဆာအကောင် ၂၀ မှာမူ အဖွဲ့နှစ်ဖွဲ့ခွဲကာ လုံဟောင်ချန်းကို အရပ်မျက်နှာ သုံးခုမှ ဝန်းရံလာကြသည်။ ပြင်းထန်သော ဖိအားများ ရုတ်တရက် မြင့်တက်လာရာ လုံဟောင်ချန်းအနေဖြင့် ၎င်းတို့ကို တစ်ဦးတည်း ခုခံရန် မဖြစ်နိုင်ဟု ထင်ရသည်။
ထိုအချိန်မှာပင် ဟောင်ယွဲ့ လှုပ်ရှားလိုက်ပြီး သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးဖြင့် လုံဟောင်ချန်းကို တင်ဆောင်ကာ စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းပေးနေသော မိစ္ဆာတပ်မှူးရှိရာသို့ ဦးတည်တိုက်ခိုက်လေသည်။
ဆဋ္ဌမအဆင့် မိစ္ဆာတပ်မှူးမှာ အတွေ့အကြုံ ကြွယ်ဝသူ ဖြစ်၏။ လုံဟောင်ချန်း၏ ခန္ဓာကိုယ်ပတ်လည်ရှိ ပြင်းထန်သော အလင်းအနှစ်သာရများကို ကြည့်ရင်း ထိုလူသား၏ စိတ်ဝိညာဉ်စွမ်းအင်မှာ သူ့ကို မယှဉ်နိုင်ကြောင်း၊ ထို့အပြင် သူသည် စိတ်ဝိညာဉ်စွမ်းအင်များ ပေါင်းစပ်ထားသည့် အခြေအနေတွင် ရှိနေကြောင်းကို တွက်ချက်မိလိုက်သည်။
မိစ္ဆာတပ်မှူးသည် ရက်စက်သော အပြုံးဖြင့် အိပ်မက်ဆိုး နတ်ဆိုးမြင်းကို စီးနင်းလျက် လုံဟောင်ချန်း ရှိရာသို့ ချီတက်လာလေသည်။ သူ၏နောက်တွင် မဟာမိစ္ဆာမြင်းစီးတပ်သား ဆယ်ကောင်မှာလည်း လှံများကို ကိုင်ဆောင်လျက် အနီရင့်ရောင် စိတ်ဝိညာဉ်စွမ်းအင်များကို တစ်သားတည်း ပေါင်းစည်းကာ မိစ္ဆာတပ်မှူးနောက်မှ လိုက်ပါလာကြသည်။
ဤမိစ္ဆာမြင်းစီးတပ်သားများမှာ မိစ္ဆာကလန်၏ ထိပ်တန်းအထူးတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ စနစ်တကျ လေ့ကျင့်ထားသော သူတို့မှာ လူသားများ၏ ‘တောက်ပသော တမန်တော်သူရဲကောင်း’ များနှင့် အဆင့်တူ ဖြစ်သည်။ သူတို့၏ စိတ်ဝိညာဉ်စွမ်းအင်များ ပေါင်းစပ်နိုင်သည့် စွမ်းရည်မှာ ယခင်က သူရဲကောင်းကျောင်းတော်မှ ကျွမ်းကျင်သူများကို များစွာ အထိနာ စေခဲ့ဖူးသည်။ စစ်မြေပြင်တွင် သူတို့နှင့် တွေ့ဆုံသည့် အခါတိုင်း သူရဲကောင်းကျောင်းတော်မှာ ထိပ်တန်းကျွမ်းကျင်သူများကိုသာ ရွေးချယ်စေလွှတ်လေ့ ရှိသည်။
လုံဟောင်ချန်းမှာမူ တစ်ဦးတည်းသာဖြစ်ပြီး ဟောင်ယွဲ့ပေါ်တွင် ရပ်လျက် အနီရင့်ရောင် မီးလျှံများ တောက်လောင်နေသည့် မိစ္ဆာတပ်မှူးကို ရင်ဆိုင်နေရခြင်းဖြစ်၏။ နှစ်ဖက်အင်အားကို နှိုင်းယှဉ်ကြည့်ပါက လုံဟောင်ချန်းမှာ ကလေးတစ်ယောက်သာ ရှိပေသည်။ သို့သော်လည်း ဟောင်ယွဲ့၏ ချီတက်မှုမှာ တည်ငြိမ်ပြီး မည်သည့်တွန့်ဆုတ်မှုမျှ မရှိချေ။ ထိုအချိန်တွင် သူ၏မန္တာန်ရွတ်ဆိုမှုမှာ ရပ်တန့်သွားခဲ့ပြီး ဟောင်ယွဲ့၏ မျက်လုံးအားလုံးမှာ ခရမ်းရောင် သန်းသွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြေးခွံများမှာလည်း ခရမ်းရောင်လှိုင်းဂယက်များ ဖုံးလွှမ်းလာသည်။
နှစ်ဖက်အကွာအဝေးမှာ မီတာတစ်ရာမှ ငါးဆယ်၊ သုံးဆယ်၊ နှစ်ဆယ်၊ ဆယ်မီတာအထိ တဖြည်းဖြည်း နီးကပ်လာ၏။ ယခုအချိန်တွင် တိုက်ခိုက်ရန် အလွန်နီးကပ်နေပြီ ဖြစ်သည်။
ထိုစဉ် ဟောင်ယွဲ့၏ခေါင်းသုံးလုံးမှ နားကွဲမတတ် ဟိန်းဟောက်သံ တစ်ခု ထုတ်လွှတ်လိုက်သည်။ ပြင်းထန်သော ခရမ်းရောင်အလင်းတန်းများမှာ ဟောင်ယွဲ့၏ခေါင်းသုံးလုံးထံမှ ပေါက်ကွဲ ထွက်ပေါ်လာ၏။
ထိုအခိုက်အတန့်တွင် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ဟောင်ယွဲ့၏ ဟိန်းဟောက်သံအောက်တွင် အနီရင့်ရောင် မီးလျှံများ ဖုံးလွှမ်းနေသော မိစ္ဆာတပ်မှူး၏ တစ်ကိုယ်လုံးမှာ ပြင်းထန်စွာ တုန်ယင်သွားပြီး သူ၏ခန္ဓာကိုယ်ပတ်လည်ရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာ ရုတ်တရက် ပျောက်ကွယ်သွား၏။ သူ၏နောက်ရှိ မဟာမိစ္ဆာမြင်းစီးတပ်သားများနှင့် အိပ်မက်ဆိုး နတ်ဆိုးမြင်းများမှာလည်း ယိုင်နဲ့သွားကြပြီး စိတ်ဝိညာဉ်စွမ်းအင်များ ပေါင်းစပ်ထားသည့် အစအနပင် မကျန်တော့ချေ။
ရွှေရောင်အလင်းတန်းမှာ ရုတ်တရက် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး လေထုကို ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ဖိသိပ်လိုက်သည်။ နောက်တစ်ခဏတွင် စူးရှသော မြည်ဟည်းသံကြောင့် မိစ္ဆာတပ်မှူး စီးနင်းထားသော အိပ်မက်ဆိုး နတ်ဆိုးမြင်းမှာ မူးဝေသွားသည်။ တောက်ပသော အလင်းတန်းမှာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားလေသည်။
“သတ်”
လုံဟောင်ချန်း၏ အော်ဟစ်သံနှင့်အတူ ဟောင်ယွဲ့သည် မိစ္ဆာတပ်မှူးကို ရှေ့တည့်တည့်မှ ဝင်တိုက်လိုက်လေသည်။ မိစ္ဆာတပ်မှူးသည် ရွှေရောင်အမျှင်တန်းများ ဖုံးလွှမ်းသွားပြီးေနာက် လုံးဝမလှုပ်ရှားနိုင်ဘဲ ရှိနေသည်။ ခဏအကြာတွင် သူ၏လက်ထဲရှိလှံ၊ ခန္ဓာကိုယ်နှင့် အိပ်မက်ဆိုး နတ်ဆိုးမြင်းတို့မှာ နောက်သို့ လွင့်ထွက်သွားကြပြီး လုံဟောင်ချန်း၏ လက်ချက်ဖြင့် နှစ်ပိုင်းပြတ်သွားလေသည်။
ယခင်က မိစ္ဆာတပ်မှူးကို သတ်နိုင်ခဲ့ခြင်းမှာ ရန်သူအားနည်းနေချိန် ရီကျွင်းနှင့် လင်းရှန်တို့၏ အကူအညီကြောင့် ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ မည်သည် အကူအညီမှ မပါချေ။ အထွတ်အထိပ်အခြေအနေတွင် ရှိနေသော မိစ္ဆာတပ်မှူးကို တစ်ချက်တည်းနှင့် အပြီးသတ်လိုက်နိုင်သည်။
ဟောင်ယွဲ့၏ ဟိန်းဟောက်သံမှာ မည်သည့်စွမ်းရည် ဖြစ်သည်ကို မည်သူမျှ မသိရှိကြသော်လည်း မိစ္ဆာတပ်မှူး နောက်ကွယ်ရှိ မဟာမိစ္ဆာဆယ်ကောင်ကို ဖြတ်ကျော်သွားသည့် အခါတွင် ထိုနေရာတွင် အလောင်းများသာ ကျန်ရစ်ခဲ့လေသည်။ အိပ်မက်ဆိုး နတ်ဆိုးမြင်းများ အပါအဝင် အလောင်းအားလုံး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့ရ၏။ ထိုမဟာမိစ္ဆာများမှာ ခုခံရန် အခွင့်အရေးပင် မရရှိခဲ့ကြချေ။
ဟိန်းဟောက်ပြီးနောက်တွင် ဟောင်ယွဲ့၏ တစ်ကိုယ်လုံးမှာ အရှိန်အဝါများ ကင်းမဲ့သွားပြီး မျက်လုံးများမှာလည်း မူလအရောင်သို့ ပြန်လည်ရောက်ရှိသွားလေသည်။ မည်သည့်မန္တာန်ကိုမျှ ထပ်မံထုတ်မသုံးတော့ဘဲ ပင်ပန်းနွမ်းနယ်နေဟန် ရှိသည်။
ရန်သူ့တပ်မှူး၏ စိတ်ဝိညာဉ်စွမ်းအင် ပေါင်းစပ်မှုကို ဖြတ်တောက်လိုက်ပြီးနောက် တိုက်ပွဲ၏ အခြေအနေကို လုံးဝ ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်၏။ ဟောင်ယွဲ့၏ ဟိန်းဟောက်သံကြောင့် မိစ္ဆာတပ်မှူးမှာ မည်သည့်စွမ်းရည်ကိုမျှ အသုံးမပြုနိုင်သည့် အခြေအနေတွင် အသူရာ ရိုက်ချက် ဖြင့် နှစ်ပိုင်းဖြတ် ခံလိုက်ရခြင်း ဖြစ်သည်။
ကျန်ရှိနေသော တိုက်ပွဲမှာမူ လုံဟောင်ချန်းဘက်မှ တစ်ဖက်သတ် သတ်ဖြတ်ခြင်းသာ ဖြစ်သည်။ သူသည် ‘တိုက်စစ်’၊ ‘အရှိန်ပြင်း ထိုးစစ်’၊ ‘လျှပ်စီး ဓားချက်’ နှင့် ‘အရန်သင့်ထောင့်ဖြတ်ခုတ်ချက်’ စသည့် စွမ်းရည်အချို့ကို အသုံးပြုခဲ့သည်။
ဤအဆင့်နိမ့် တိုက်ခိုက်ရေး သူရဲကောင်း နည်းစနစ်များမှာ လုံဟောင်ချန်း၏လက်ထဲတွင် အားကောင်းသော စွမ်းအင်းများအဖြစ် ပြောင်းလဲသွားသည်။ အလင်းဒြပ်စင် နတ်သမီး ယာတင်း ၏ အကူအညီကြောင့်လည်း စွမ်းအင်ကုန်ဆုံးမှု နည်းပါးသော နည်းစနစ်များကို အသုံးပြုခြင်းမှာ လုံဟောင်ချန်းအတွက် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မဖြစ်ခဲ့ချေ။ စွမ်းအင်စုဆောင်းထားသော အသူရာရိုက်ချက်ပြီးနောက် သူ၏စိတ်ဝိညာဉ်စွမ်းအင်မှာ ရာဂဏန်းခန့်သာ ကျန်ရှိတော့သော်လည်း ပြန်လည် ပြည့်ဝမှုအရှိန်ကြောင့် ကျန်ရှိသောရန်သူများကို တိုက်ခိုက်ရန်မှာ အခက်အခဲမဟုတ်ချေ။ လုံဟောင်ချန်းသည် ဆဋ္ဌမအဆင့် ကျင့်ကြံမှုသို့ ပိုမိုနီးကပ်လာနေပြီ ဖြစ်သည်။
လှိုဏ်ဂူအတွင်းရှိ သူများအားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်အံ့အားသင့်နေကြ၏။ ရွှေရောင်ပုံရိပ်တစ်ခုမှာ သူ၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ချေမှုန်းရင်း ရန်သူများကို အပိုင်းပိုင်း ပြတ်သွားစေသည်။ ထို့အပြင် သူသည် အာရုံလေးပါး ဆုံးရှုံးထားသော ချိူက်အာကိုလည်း ကျောတွင် ပိုးထားဆဲပင်ဖြစ်သည်။
တစ်ဦးတည်းသာ ဖြစ်သော်လည်း သူသည် သူ၏စီးတော်ယာဉ်၏ အကူအညီဖြင့် မဟာမိစ္ဆာ မြင်းစီးတပ်ဖွဲ့တစ်ခုလုံးကို သတ်ဖြတ်နိုင်ခဲ့ကာ ဆဋ္ဌမအဆင့် မိစ္ဆာတပ်မှူးကိုလည်း အလွယ်တကူ အနိုင်ယူနိုင်ခဲ့လေသည်။ ဤသည်မှာ ပဥ္စမအဆင့် သူရဲကောင်းတစ်ဦး၏ စွမ်းဆောင်ရည်ကို ကျော်လွန်နေပြီ ဖြစ်သည်။
လုံဟောင်ချန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ခါးသီးလှသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များကို ခံစားမိသည့် နံပါတ် ၂၁ အဖွဲ့ဝင်များမှာ အလွန်စိတ်လှုပ်ရှားနေကြသော်လည်း နံပါတ် ၄ အဖွဲ့ဝင် အများစုမှာမူ ရှက်ရွံ့စိတ်များကိုသာ ခံစားနေကြရသည်။
***