နံပါတ် ၄ စစ်သည်အဆင့် မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ဝင်များမှာ နံပါတ် ၂၁ အဖွဲ့နှင့် အချိန်အတော်ကြာ အတူရှိခဲ့ပြီးနောက် သူတို့ကြားရှိ ကြီးမားသော ကွာဟချက်ကို ခံစားမိလာကြ၏။ လုံဟောင်ချန်းနှင့် ချိူက်အာတို့ ချစ်သူနှစ်ဦးမှာ အဖွဲ့၏ အမာခံတိုင်များအဖြစ် အစွမ်းပြနိုင်ခဲ့ကြပြီး အခြားအဖွဲ့ဝင်များမှာလည်း စည်းလုံးစွာဖြင့် စွမ်းရည်များကို ထုတ်ဖော် ပြသနိုင်ခဲ့ကြသည်။
ဤတစ်ကြိမ် သတ်ဖြတ်မှုမှာ ဆယ်မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး လုံဟောင်ချန်းသည် ရန်သူတစ်ဦးတစ်ယောက်ကိုမျှ လွတ်မြောက်ခွင့်မပေးခဲ့ချေ။ နောက်ဆုံးကျန်ရှိနေသော ရန်သူကို ‘အဆုံးသတ် လောင်းကြေး’ စွမ်းရည်ကို အသုံး ပြုကာ သူ၏ မြင့်မြတ်ဝိညာဉ်ဓားဖြင့် အဆုံးသတ် ပေးလိုက်သည်။
လုံဟောင်ချန်းမှာ အလင်းဒြပ်စင် နတ်သမီး၏ အထောက်အပံ့ကို တစ်လျှောက်လုံး ရရှိခဲ့ပြီး သူမက သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်ဝလာစေရန် ကူညီပေးခဲ့သည်။
ချိူက်အာကို ကျောမှမချဘဲ လုံဟောင်ချန်းသည် သူ၏လေးလံသော ဓားနှစ်လက်ပေါ်ရှိ သွေးစွန်းနေသော မှော်အမြူ တေများကို ခါထုတ်လိုက်ပြီး ဟောင်ယွဲ့နှင့်အတူ လှိုဏ်ဂူအဝင်ဝသို့ ပြန်လည်လျှောက်လှမ်းလာခဲ့သည်။ လုံဟောင်ချန်းတွင် အုပ်စုလိုက် ကုသပေးနိုင်သော စွမ်းရည်မရှိသော်လည်း ဟောင်ယွဲ့မှာမူ ထိုသို့မဟုတ်ချေ။ သူ၏ဦးဆောင်မှုဖြင့် မြင့်မြတ်အလင်းတန်းများမှာ လှိုဏ်ဂူ၏ ထောင့်အသီးသီးသို့ ပျံ့နှံ့သွားသည်။
“အားလုံးပဲ အသင့်ပြင်ထားကြပါ။ စစ်မြေပြင်ကို ရှင်းလင်းပြီးတာနဲ့ ငါတို့ ဒီကနေ အမြန်ဆုံးထွက်ခွာကြမယ်”
လုံဟောင်ချန်း၏ အသံမှာ အနည်းငယ် ကြမ်းတမ်းနေသော်လည်း ညွှန်ကြားချက်များပေးပြီးနောက် အပြင်ဘက်သို့ ပြန်ထွက်သွား၏။ သူသည် လျှောက်လှမ်းရင်း မဟာမိစ္ဆာများနှင့် အိပ်မက်ဆိုး နတ်ဆိုးမြင်းများ၏ အလောင်းတစ်ခုချင်းစီကို ထာဝရတေးသွားဆွဲသီးအတွင်းသို့ သိမ်းဆည်းလိုက်လေသည်။
ထာဝရတေးသွားဆွဲသီးမှာ သိုလှောင်ကိရိယာတစ်ခုလည်း ဖြစ်ပေသည်။ ၎င်းအတွင်းရှိ နေရာလွတ်မှာ မည်မျှကျယ်ဝန်းကြောင်းကိုမူ လုံဟောင်ချန်းပင် ခန့်မှန်း၍မရနိုင်ချေ။ ရန်သူများကို သတ်ဖြတ်နေစဉ်အတွင်း မဟာမိစ္ဆာတစ်ကောင်ကို သတ်လိုက်တိုင်း ထိုသူ၏ဝိညာဉ်မှာ ထာဝရတေးသွားအတွင်းသို့ ချက်ချင်းစုပ်ယူခံလိုက်ရသည်ကို လုံဟောင်ချန်း ခံစားမိလာသည်။ ထိုဝိညာဉ်စွမ်းအင်များမှာ ယခင်တိုက်ပွဲက ရရှိသော အလောင်းများထက် ပိုမိုအားကောင်းနေလေသည် ။ထိုကိစ္စကို မည်သို့ မှမတတ်နိုင်သဖြင့် လောလောဆယ်တွင် လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူသည် ဝိညာဉ်စွမ်းအင်၏ သဘောတရားကို အမှန်တကယ် နားမလည်သေးချေ။
ထာဝရတေးသွားကို အသုံးပြု၍ လုံဟောင်ချန်းမှာ စစ်မြေပြင်ကို လျင်မြန်စွာ ရှင်းလင်းလိုက်နိုင်၏။ သူအဖော်များရှိရာသို့ ပြန်ရောက်သည့်အခါ သတိလစ်နေဆဲဖြစ်သော တန်ယန်မှလွဲ၍ ကျန်သူများမှာ လှုပ်ရှားနိုင်စွမ်း အနည်းငယ် ပြန်လည်ရရှိနေကြပြီ ဖြစ်သည်။
လုံဟောင်ချန်း စစ်မြေပြင်ကို အခက်အခဲမရှိ ရှင်းလင်းနေသည်ကို ကြည့်ရင်း လင်းရှန်မှာ သူ၏နာကျင်ဖွယ် မှတ်ဉာဏ်များထံမှ ပြန်လည်နိုးထလာပုံရ၏။ ရန်သူ့အလောင်းများအားလုံးကို လုံဟောင်ချန်း သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ မျက်လုံး အပြူးသားဖြင့် ငေးကြည့်နေရသည်။ လုံဟောင်ချန်း ပြန်ရောက်လာသည့်အခါ သူ့ဆီလာရောက်ရန် တိတ်တဆိတ်အချက်ပြလိုက်ပြီး အခြားသူများကို ကျောပေးထားရင်း စောင့်ဆိုင်းနေလေသည်။
“အားလုံး ဘယ်လိုနေကြလဲ” လုံဟောင်ချန်းက မေးမြန်းလိုက်၏။
ဟန်ယုက လုံဟောင်ချန်း၏ အမေးကို ပြန်ဖြေလိုက်သည်။
“ဒဏ်ရာပြင်းထန်တဲ့ တန်ယန်ကလွဲရင် ကျန်တဲ့သူတွေကတော့ လမ်းလျှောက်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ ဒါပေမဲ့ ဆက်ပြီးတိုက်ပွဲဝင်ဖို့ကတော့ အတော်လေး ခက်ခဲလိမ့်မယ်။ ဝမ်ရွှမ်ရွှမ်၊ စစ်မာရှန်းနဲ့ ငါကတော့ သွေးဆာခြင်း ဆေးလုံးနဲ့ ဝိညာဉ်ပေါက်ကွဲခြင်း ဆေးလုံးတွေ သောက်ထားတယ်။ ချန်ရင်အာရဲ့ ဝက်ကလေး မက်ဒူးလ်လည်း အခြေအနေ မကောင်းဘူး၊ တိုက်ပွဲထဲဝင်ဖို့အတွက် မှော်အမြူတေတွေကို ဆက်ပြီးဝါးမြိုနိုင်မှာ မဟုတ်တော့ဘူး”
လုချီသည်လည်း သူတို့ အဖွဲ့၏ အခြေအနေကို ပြောလိုက်သည်။
“ငါတို့ဘက်ကတော့ အခြေအနေ နည်းနည်းပိုကောင်းတယ်။ ဟန်တောင်းစစ်နဲ့ လီရှင်းတို့ကတော့ ဆက်တိုက်နိုင်သေးပေမယ့် ရီကျွင်းကတော့ သူရဲ့ အသက်စွမ်းအားတွေကို လောင်ကျွမ်းစေခဲ့တာမို့ အခုသတိလစ်နေသလို စိတ်ဝိညာဉ်စွမ်းအင်တွေကို ပြန်စုဆောင်းနေတယ်။ ငါ အုပ်စုလိုက်ကုသရေးမန္တာန်ကို နောက်တစ်ကြိမ်သုံးနိုင်ဖို့ အနည်းဆုံး သုံးနာရီလောက် ထပ်လိုဦးမယ်။ တန်ယန်ကတော့ တိုက်ခိုက်နိုင်စွမ်းအနည်းငယ် ပြန်ရဖို့ အနည်းဆုံး ခုနစ်ရက်လောက် ကုသမှု ခံယူရလိမ့်မယ်။ ပိုင်ရှောင်မိုကလည်း ငါ့လိုပဲ နောက်ထပ် သုံးနာရီလောက်မှ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်ပြည့်မှာပါ”
ဤတိုက်ပွဲတွင် မည်သူမှ အသက်မဆုံးရှုံးခဲ့သော်လည်း အထိအခိုက်မှာမူ အတော်လေး ဆိုးရွားလှ၏။ ဆက်လက်တိုက်ပွဲဝင်နိုင်စွမ်းရှိသူမှာ လုံဟောင်ချန်း၊ လီရှင်း နှင့် ဟန်တောင်းစစ် သုံးဦးသာ ရှိပေတော့သည်။ ခုနစ်လတိတိ အာရုံလေးပါး ဆုံးရှုံးသွားသော ချိူက်အာမှာမူ တန်ယန်ထက်ပင် ပိုမိုသနားစဖွယ် ဖြစ်နေသည်။
လုံဟောင်ချန်းမှာ ခဏတာ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်ရင်း ပြောလိုက်၏။
“ဟောင်ယွဲ့ကို တန်ယန်နဲ့ ရီကျွင်းတို့ကို တင်ခိုင်းပြီး ငါတို့ ချက်ချင်းထွက်ခွာကြမယ်။ တောင်တန်းတွေထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်း ဝင်သွားရင် အထီးကျန်လှိုဏ်ဂူလိုမျိုး လူသိသာတဲ့ နေရာနဲ့ ဝေးသွားမှာမို့လို့ ငါတို့ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ဖို့ ပိုလွယ်လိမ့်မယ် … အဲ့ဒီမှာ အားလုံး အားအင်တွေ ပြန်ပြည့်တဲ့အထိ စောင့်ပြီးမှ ပြန်ဖို့ပြင်ကြတာပေါ့ … ”
လုချီမှာမူ လုံဟောင်ချန်းကို တုံ့ဆိုင်းစွာ ကြည့်ရင်း ခေါင်းညိတ်လိုက်၏။ လုံဟောင်ချန်းသည် လုချီ မည်သည့် အရာကို တွေးနေသည်ကို သိသဖြင့် ဆက်ပြောလိုက်သည်။
“စောစောက အထီးကျန် လှိုဏ်ဂူထဲကို သွားခဲ့တာတွေကို မှတ်တမ်းတင်ထားခဲ့တယ်။ အဲ့ဒီနေရာက ငါတို့ အပြည့်အဝ စူးစမ်းနိုင်မယ့် နေရာမဟုတ်တာတော့ သေချာတယ်။ ငါတို့နေဖို့ နေရာတစ်ခု ရှာတွေ့တာနဲ့ အဲ့ဒီမှတ်တမ်းတွေကို အားလုံးကို ပြပါ့မယ်”
မှတ်တမ်းတင် သလင်းကျောက်ထဲရှိ အကြောင်းအရာများကို အတုပြုလုပ်၍ မရနိုင်ချေ။ ၎င်းတို့ထဲတွင် ထိုသို့ လုပ်ဆောင်နိုင်သည့် ကျွမ်းကျင်သူ မပါဝင်ပေ။ လုံဟောင်ချန်း၏ စကားကြောင့် လုချီမှာ အနည်းငယ် ရှက်ရွံ့သွားဟန်ရကာ လုံဟောင်ချန်းကို ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ဒီကနေ ထွက်ကြစို့။ အခု ငါရန်သူ့အလောင်းတွေကို သိမ်းဆည်းပြီးပြီ။ မှော်အမြူတေ သုံးပုံတစ်ပုံကိုတော့ မင်းတို့အဖွဲ့အတွက် ပေးပါ့မယ်”
လုချီက အလျင်အမြန်ပင် ငြင်းကာ ပြောလိုက်သည်။
“မလိုပါဘူး၊ ငါတို့လည်း ဘာမှ သိပ်မလုပ်ပေးနိုင်ခဲ့တာပဲ”
သို့သော် လုံဟောင်ချန်းက ခေါင်းခါလိုက်ရင်း ပြတ်သားသောလေသံဖြင့် ပြောလိုက်၏။
“ငါတို့က အခု တစ်ဖွဲ့တည်းပါပဲ၊ ရရှိတဲ့ ဆုလာဘ်တွေကိုလည်း ငါတို့ သဘောတူထားတဲ့အတိုင်းပဲ ခွဲဝေကြမယ်။ မင်းတို့သာမရှိရင် ငါ့ရဲ့အဖော်တွေ ငါပြန်မလာခင်အထိ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ငါပြောတဲ့အတိုင်းပဲလုပ်ပါ။ အခု ထွက်ခွာကြစို့”
ချိူက်အာ၏ ဝိညာဉ်မီးဖိုကြောင့် ဖြစ်ပေါ်လာသော တန်ပြန်ရိုက်ခတ်မှုများမှာ လုံဟောင်ချန်းကို အတော်လေး စိတ်မအေး ဖြစ်စေခဲ့၏။ သူ၏ပုံမှန် နူးညံ့သိမ်မွေ့မှုများမှာ ပျောက်ကွယ်သွားပြီး အနည်းငယ် ခတ်ထန်သော အရှိန်အဝါများ အစားထိုးလာ၏။ သို့သော် သူပြသခဲ့သော ခွန်အားနှင့် စွမ်းဆောင်ရည်များကြောင့် သူပြောသမျှကို မည်သူမျှ ငြင်းဆန်ခြင်း မပြုခဲ့ချေ။ နံပါတ် ၄ အဖွဲ့ဝင်များမှာလည်း အတွင်းစိတ်ထဲတွင် လုံဟောင်ချန်းကို ကျေးဇူးတင်နေကြသည်။ အိပ်မက်ဆိုး နတ်ဆိုးမြင်းများနှင့် မဟာမိစ္ဆာများစွာထံမှ ရရှိသော မှော်အမြူတေ သုံးပုံတစ်ပုံဆိုသည်မှာ မနည်းလှသော ပမာဏပင်။
လူတိုင်းမှာ သူတို့၏ ခရီးစဉ်ကို နောက်တစ်ကြိမ် စတင်ခဲ့ကြပြန်၏။ သူတို့မှာ အားနည်းနေကြပြီး ဒဏ်ရာရရှိသူများ ပါဝင်နေသော်လည်း တိုက်ခိုက်ရေးသမားများ ဖြစ်သည့်အလျောက် သူတို့၏ ခန္ဓာကိုယ်ခံနိုင်ရည်မှာ သာမန်လူသားများထက် များစွာ သာလွန်နေပေသည်။ အရုဏ်တက်ချိန်တွင် ထို ၁၃ ဦးပါဝင်သော အဖွဲ့မှာ တောင်တန်းကြီးမှ အမြန်ထွက်ခွာခြင်းမပြုဘဲ လုံဟောင်ချန်း၏ ဦးဆောင်မှုဖြင့် ပိုမိုနက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားကြလေသည်။ တောင်ထိပ်နှစ်ခုကို ဖြတ်ကျော်ပြီးနောက်တွင်မှ ချုံပုတ်များထူထပ်သော နေရာတစ်ခုတွင် သူတို့ ရပ်နားလိုက်ကြသည်။
၎င်းမှာ တောင်ကြားတစ်ခုဖြစ်ပြီး အလယ်တွင် သဘာဝအက်ကွဲကြောင်းတစ်ခု ရှိနေသဖြင့် သူတို့ ယာယီနေထိုင်ရန် အကောင်းဆုံးနေရာပင်။ ထိုနေရာတွင် သူတို့ စခန်းချလိုက်ကြသည့် အချိန်တွင် နေ့လည်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ လုချီမှာ အလုပ်အရှုပ်ဆုံးသူ ဖြစ်လာခဲ့ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်များကို မပြတ် ပြန်လည်ဖြည့်တင်းရင်း အားလုံးကို ကုသပေးရန် တာဝန်ယူထားရသည်။
လုံဟောင်ချန်းကို အနည်းငယ် စိတ်အေးစေသည်မှာ ချိူက်အာမှာ လှုပ်ရှားနိုင်စွမ်း အနည်းငယ် ပြန်လည်ရရှိလာခြင်းပင်။ ထိုအချိန်တွင် သူသည် အက်ကွဲကြောင်းအဝင်ဝအနီးတွင် ထိုင်ရင်း ချိူက်အာကို သူ၏ကိုယ်တွင် မှီထားစေသည်။ ချိူက်အာမှာမူ အလွန်တည်ငြိမ်နေပုံရ၏။ သူမသည် မျက်စိကွယ်၊ ဆွံ့အ၊ နားပင်းနေသလို အရသာခံစားမှုလည်း မရှိတော့ပေ။ သို့သော် သူမမှာမူ ထိုအရာများကို ဂရုမစိုက်သကဲ့သို့ လုံဟောင်ချန်း၏ ရင်ခွင်ထဲတွင် တည်ငြိမ်စွာ မှီနေသည်။
အခြားသူများ အနားယူနေစဉ်တွင် ဟန်တောင်းစစ်သည် ကင်းစောင့်တာဝန်ယူထားပြီး လုံဟောင်ချန်းမှာမူ ချိူက်အာ၏ လက်ကလေးကို ဆုပ်ကိုင်ကာ သူမ၏ လက်ဖဝါးပေါ်တွင် စာလုံးများ ရေးသားနေလေသည်။ အထီးကျန် လှိုဏ်ဂူအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူက ရေးသားပြောပြနေခြင်းပင်။ ချိူက်အာမှာ မကြားနိုင်သော်လည်း အာရုံခံနိုင်စွမ်း ရှိနေဆဲဖြစ်ရာ ဤခံစားချက်ကို အတော်လေး နှစ်သက်နေပုံရ၏။ လုံဟောင်ချန်းက သူမ၏လက်ဖဝါးပေါ်တွင် စာလုံးများရေးပေးနေသည်ကို ခံရင်း ချန်ရင်အာ၏ ရင်ခွင်ထဲတွင် မှီနေသော ဝက်ကလေး မက်ဒူးလ်ကဲ့သို့ လုံဟောင်ချန်းကို ပိုမိုတိုး၍ မှီလိုက်သည်။
“လင်းရှန် ... ခဏလာဦး၊ နင့်ကို ပြောစရာရှိလို့”
လီရှင်းက လင်းရှန်ကို အချက်ပြ၍ သူမနောက်သို့ လိုက်ခဲ့ရန် ခေါ်လိုက်လေသည်။
လင်းရှန်မှာ ကြောင်အန်းသွားပြီး မျက်မှောင်ကြုတ်လိုက်သော်လည်း အက်ကွဲကြောင်းထဲသို့ ဝင်သွားသော လီရှင်းနောက်သို့ လိုက်ပါသွားခဲ့၏။ လုံဟောင်ချန်းက တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ချေ။ သူ၏နှလုံးသားထဲတွင် လီရှင်းမှာ သူအယုံကြည်ရဆုံးသူများထဲမှ တစ်ဦးပင် ဖြစ်ချေသည်။ သူ၏အစ်မကြီး၏ စရိုက်ကို သူကောင်းစွာ နားလည်ထားသလို လှိုဏ်ဂူအတွင်းတွင် ဘာတွေဖြစ်ခဲ့သည်ကိုလည်း သူ မသိရှိခဲ့ချေ။ ထို့ကြောင့် သူသည် ချိူက်အာ၏ လက်ဖဝါးပေါ်တွင် စာလုံးများ ဆက်လက်ရေးသားနေလေတော့သည်။
အခြားသူများမှာလည်း ဘေးတွင် ကျင့်ကြံနေကြသဖြင့် သူတို့ကို သတိမထားမိကြချေ။
အက်ကွဲကြောင်းမှာ အတော်လေး နက်ရှိုင်းပြီး သူတို့သည် မီတာနှစ်ရာခန့်အထိ လျှောက်လှမ်းသွားခဲ့ကြ၏။ လီရှင်းမှာ မည်သူ့ကိုမျှ မမြင်ရတော့သည့်အထိ လျှောက်သွားပြီးမှသာ ရပ်တန့်လိုက်လေသည်။ လင်းရှန်မှာမူ အေးစက်သော မျက်နှာထားဖြင့် နောက်မှ ကပ်လျက်ရပ်လိုက်၏။ ထို့နောက် သူ၏ လက်ဖြင့် အစိမ်းရင့်ရောင် ဆံပင်ရှည်များကို သပ်တင်ရင်း ကျောက်နံရံကိုမှီကာ မေးလိုက်သည်။
“ငါ့ကို ဘာလို့ခေါ်တာလဲ၊ ငါ့ကို သတ်ပြီး နှုတ်ပိတ်မလို့လား”
ထိုအခါ လီရှင်းက ပြောလိုက်သည်။
“ နင်က ယောက်ျားတစ်ယောက်ဖြစ်ပြီး ဘာလို့ ဆံပင်တွေ ဒီလောက်ရှည်နေရတာလဲ။ ကျစ်ဆံမြီးတောင် ကျစ်ထားသေးတယ်။ ငါ့အမြင်မှာတော့ နင်က မိန်းကလေးတစ်ယောက်နဲ့ ပိုတူတယ်”
လင်းရှန်က နှုတ်ခမ်းကို တွန့်လိုက်ရင်း ပြောလိုက်သည်။
“ဟေး ... ဒါကို ခန့်ညားတယ်လို့ ခေါ်တာကွ၊ ဟုတ်ပြီလား။ နင် နားမလည်ဘဲနဲ့ လျှောက်မပြောနဲ့”
ထိုအခါ လီရှင်းက မထီမဲ့မြင်ဖြင့် ခနဲ့လိုက်၏။
“ခန့်ညားတယ် ဟုတ်လား။ အလကား လျှောက်ပြောနေတာ။ ဟောင်ချန်းရဲ့ တစ်ဝက်လောက် ခန့်ညားလာတဲ့အခါမှပဲ အဲ့စကားကိုပြော … ”
လင်းရှန်၏ မျက်နှာအမူအရာမှာ တစ်ခဏချင်း ပြောင်းလဲသွားပြီး ခန္ဓာကိုယ်မှာ တောင့်တင်းသွားကာ အော်ပြောလိုက်သည်။
“နင် ငါ့ကို အနိုင်ကျင့်ဖို့ ခေါ်တာလား။ ဟုတ်ပါတယ် ... ခေါင်းဆောင်က ငါ့ထက်ကြည့်ကောင်းတယ်၊ ဒါပေမဲ့ သူက ငါ့ထက်တောင် မိန်းကလေး ပိုဆန်သေးတယ်”
လီရှင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး တစ်ခွန်းမျှ မပြောဘဲ လင်းရှန်ကိုသာ စိုက်ကြည့်နေလေသည်။ ထူးဆန်းသောအခြေအနေကြောင့် လင်းရှန်မှာလည်း သူမကို ဇဝေဇဝါဖြင့် ပြန်ကြည့်မိ၏။
“တောင်းပန်ပါတယ်”
လီရှင်းက ခေါင်းကို အနည်းငယ် ငုံ့လိုက်ရင်း “ငါ့အမှားပါ၊ နင့်ရဲ့အတိတ်က ကိစ္စတွေကို ပြောပြဖို့ အတင်းအကျပ် မလုပ်ခဲ့သင့်ဘူး၊ ပိုပြီးတော့လည်း အဲ့ဒီ နာကျင်စရာ ဖြစ်ရပ်တွေကို ပြန်သတိရအောင် မလုပ်သင့်ဘူး” ဟု ဆိုလိုက်သည်။
လင်းရှန်မှာ အနည်းငယ် တုန်ယင်သွားပြီး သူ၏မျက်ဝန်းထဲတွင် ဖျောက်ဖျက်၍ မရသော နာကျင်မှုများ ပြည့်နှက်သွားကာ ခေါင်းငုံ့လျက် ဆံပင်များကို အနောက်သို့ ခါချလိုက်လေသည်။
“ရပါတယ် ... တစ်နေ့မဟုတ် တစ်နေ့တော့ တစ်ယောက်ယောက်က ငါ့ကို မေးလာမှာပဲလေ။ အမှန်အတိုင်း ပြောရရင် အခု ငါ့စိတ်ထဲမှာ ပိုပြီး နေလို့ကောင်းသွားပါပြီ” လင်းရှန်က ပြောလိုက်၏။
လီရှင်းမှာ သူ၏ဘေးသို့ ဖြည်းညည်းစွာ လျှောက်သွားလိုက်ရင်း ပြောလိုက်သည်။
“ငါ့ရဲ့အမှားအတွက် ငါပြစ်ဒဏ် ခံသင့်ပါတယ်။ ကဲ ... ငါ့ကို ပြန်ဆဲလိုက်တော့။ မဟုတ်ရင်လည်း ငါ့ကိုရိုက်လိုက်၊ ဒါမှ ငါ့စိတ်ထဲ နေလို့ကောင်းမှာ”
သူမ၏ မျက်နှာမှာ အလွန်တည်ငြိမ် လေးနက်နေ၏။
လင်းရှန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။
“ဟေ့ နင် ငါ့ကို လာနောက် နေတာလား …ငါက နင့်ကို ရိုက်ရဲပါ့မလား”
“ငါ ပြန်မရိုက်ပါဘူး” လီရှင်းက ပြောလိုက်လေသည်။
“ဒါပဲလား။ ငါပြန်တော့မယ်”
လင်းရှန်က ပြောဆိုကာ ကျောခိုင်း၍ ထွက်ခွာရန် ပြင်လိုက်၏။
လီရှင်းက ခြေစောင့်လိုက်ရင်း ပြောလိုက်၏။
“ငါ တခြားသူတွေရဲ့အမြင်ကို ကြောက်တယ်ဟ။ ဒီအတိုင်း ပြန်မသွားပါနဲ့ဦး၊ မဟုတ်ရင် နင့်အဖွဲ့သားတွေကို ငါ ဘယ်လိုမျက်နှာပြရမလဲ”
“တော်လိုက်တော့”
လင်းရှန်မှာ ရုတ်တရက် နောက်သို့လှည့်ကာ ဒေါသတကြီး ပြန်အော်လိုက်သည်။
“နင့်ကို ရိုက်တော့ကော ဘာထူးမှာလဲ။ နင်ပြောတာလည်း မမှားပါဘူး၊ ငါက တိုက်ခိုက်ရေးမန္တာန်တွေ မသင်ယူရဲတဲ့ လူညံ့တစ်ယောက်ပါ။ ငါ နင့်ကို ရိုက်လိုက်၊ ဆဲလိုက်ရင်တောင် ငါ့နှလုံးသားထဲက နာကျင်မှုတွေ လျော့သွားမယ်လို့ နင်တကယ် ထင်နေတာလား။ ”
လင်းရှန်၏ စကားများမှာ အသံတစ်ခုနှင့်အတူ ရပ်တန့်သွားခဲ့ရ၏။ သူ၏ကြီးမားသော မျက်လုံးများမှာလည်း လီရှင်းကို စိုက်ကြည့်နေရင်း ပိုမိုပြူးကျယ်လာ၏။
အကယ်၍ ထိုနေရာတွင် အခြားတစ်စုံတစ်ယောက်သာ ရှိနေပါက ဤမြင်ကွင်းကိုကြည့်ပြီး အံ့အားသင့်သွားပေလိမ့်မည်။ လှပပြီး သန်မာလှသော သူရဲကောင်းမလေးသည် မှော်ဆရာ၏ ဦးခေါင်းကို လှမ်း၍ဆွဲကိုင်ကာ နောက်ဘက်ရှိ ကျောက်နံရံသို့ တွန်းပို့လိုက်ပြီးနောက် သူ၏နှုတ်ခမ်းလွှာများကို ပြင်းပြင်းပြပြ နမ်းရှိုက်လိုက်၏။
***