မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး မှင်တက်နေသော အကြီးအကဲ ကူကျွမ့်ကို ကြည့်ရင်း ရွှီနင်မှာ အနည်းငယ် အံ့ဩသွားသော်လည်း မကြာမီပင် အခြေအနေကို သဘောပေါက်သွားလေသည်။
အကြီးအကဲ ကူကျွမ့်က သူ့ကို အဘယ်ကြောင့် တိုက်ခိုက်ရသနည်းဆိုသည့် အကြောင်းရင်းမှာ ခန့်မှန်းရန် မခက်လှပေ။
ဖန်းကျဲ့သည် သူ၏လက်ချက်ဖြင့် သေဆုံးသွားသည်ကို သိရှိသွားခြင်း ဖြစ်နိုင်သလို၊ သို့မဟုတ်ပါကလည်း မီရှင်းယယ်နှင့် ရှိခဲ့သော ရန်ငြိုးကို သူ့အပေါ်သို့ ပုံချလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ထိုအကြောင်းရင်း နှစ်ခုစလုံးကြောင့် ဖြစ်ရန် ပို၍ပင် သေချာလှသည်။
‘ဟမ်...’
ရွှီနင်သည် ရှောင်ဟေး၏ ကျောပေါ်မှနေ၍ ထိုသူနှစ်ဦးကို ငုံ့ကြည့်လိုက်စဉ် ထူးဆန်းသော အချက်တစ်ခုကို သတိပြုမိသွားသည်။
‘သူတို့နှစ်ယောက်လုံးက တစ်ဝက်တစ်ပျက်တာအိုနယ်ပယ် သိုင်းပညာရှင်တွေ မဟုတ်ကြဘူးပဲ...’
ရွှီနင်သည် ၎င်းတို့ထံမှ ဓာတ်သဘာဝမျိုးစေ့၏ အငွေ့အသက်များကို အာရုံမခံမိချေ။
‘ဒါပေမဲ့ သူတို့အခုနက ပြသခဲ့တဲ့ သတ်ဖြတ်နိုင်စွမ်းက တာအိုလက်နက်ကို အသုံးပြုနိုင်တဲ့ တစ်ဝက်တစ်ပျက်တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ရဲ့ စွမ်းအားမျိုး ဖြစ်နေတာ...’
ရွှီနင်သည် ၎င်းတို့လက်ထဲရှိ တာအိုလက်နက်များကို ကြည့်လိုက်သည်။
ထိုသူနှစ်ဦးအနက် ကူကျွမ့်သည် ကြေးယပ်တောင်တစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုကြေးယပ်တောင်မှာ တစ်မီတာခန့် ရှည်လျားပြီး မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော အစင်းကြောင်းများ စီးဆင်းနေကာ ယပ်တောင်၏ ထိပ်ဖျား၌လည်း ကွေးညွတ်နေသော ဆူးချွန်များ ပါရှိလေသည်။
ထိပ်ပြောင်အဘိုးကြီးမှာမူ ကြေးဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ ထိုဓား၏ မျက်နှာပြင်ပေါ်ရှိ အစင်းကြောင်းများသည် ကူကျွမ့်လက်ထဲမှ ကြေးယပ်တောင်ပေါ်ရှိ အစင်းကြောင်းများနှင့် ဆင်တူနေသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုတာအိုလက်နက် နှစ်ခုလုံးမှာ တာအိုနယ်ပယ်သိုင်းပညာရှင် တစ်ဦးတည်းထံမှ လာခြင်းဖြစ်ကြောင်း ရွှီနင် သိလိုက်သည်။
‘သူတို့ရဲ့ တာအိုလက်နက်တွေက ပုံမှန်နဲ့ မတူဘူးပဲ...’
ရွှီနင် သတိပြုမိသွားလေသည်။ ‘ပြီးတော့ သူတို့လက်နက်တွေက ငါ့လက်နက်ထက် ပိုပြီးတော့တောင် အစွမ်းထက်နေပုံရတယ်...’
ကြေးယပ်တောင်နှင့် ကြေးဓားပေါ်ရှိ အစင်းကြောင်းများသည် အခြားသော တယအိုလက်နက်များထက် ကွဲပြားနေသည်ကို ရွှီနင် ရှင်းလင်းစွာ အာရုံခံမိသည်။ သူ၏ လက်နက်များနှင့် ယှဉ်လျှင် ၎င်းတို့၏ လက်နက်များမှာ ပိုမိုဆန်းကြယ်သော အငွေ့အသက်များ ရှိနေလေသည်။
သာမန် ဟင်းလင်းပြင်နယ်ပယ် သိုင်းပညာရှင်တစ်ဦးက တာအိုလက်နက်ကို ကိုင်ဆောင်ထားပါက မိမိထက် နယ်ပယ်မြင့်သော ရန်သူများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
သို့သော် ဤတာအိုလက်နက်များဖြင့်ဆိုလျှင်မူ နယ်ပယ်မြင့်သော ရန်သူများကို အလွယ်တကူပင် အနိုင်ယူနိုင်လိမ့်မည်ဟု ရွှီနင် ခံစားမိနေသည်။
‘ဒါတွေက ဘယ်လိုမျိုး တာအိုလက်နက်တွေပါလိမ့်...’
ရွှီနင် စိတ်ဝင်စားသွားလေသည်။
‘သူက တကယ်ပဲ ဒီလောက်တောင် သန်မာတာလား...’
ရွှီနင်က ကူကျွမ့်ကို ကြည့်နေစဉ် ကူကျွမ့်သည်လည်း ရွှီနင်ကို ပြန်လည်ကြည့်ရှုနေသည်။
သူသည် ခေါင်းမော့၍ ရွှီနင်ကို ကြည့်လိုက်ရာ ပထမတွင် မှင်တက်သွားသော်လည်း နောက်ပိုင်း၌မူ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားတော့သည်။
သူနှင့် ကျွမ်းထုန်တို့မှာ အစစ်အမှန်ပိုင်နက်နယ်ပယ်တွင်သာ ရှိကြသော်လည်း သူတို့ကိုင်ဆောင်ထားသော တာအိုလက်နက်များမှာမူ အတော်ပင် ထူးခြားလှပေသည်။
ဤတာအိုလက်နက်များကို သူနှင့် ကျွမ်းထုန်တို့ ငယ်ရွယ်စဉ်အခါက ဒဏ်ရာရနေသော သိုင်းပညာရှင်တစ်ဦးထံမှ ခိုးယူခဲ့ခြင်း ဖြစ်သည်။
ထိုဒဏ်ရာရနေသော သိုင်းပညာရှင်က ၎င်းတို့၏ လုပ်ရပ်ကို သိရှိသွားပြီးနောက် နောက်မှ လိုက်လံဖမ်းဆီးခဲ့သေးသည်။
ထိုစဉ်က အခြေအနေမှာ အလွန်ပင် စိုးရိမ်ရပြီး ကူကျွမ့်သာ အသက်စွန့်၍ မကယ်တင်ခဲ့ပါက ကျွမ်းထုန်မှာ ထိုနေရာ၌ပင် အသတ်ခံရပေလိမ့်မည်။
ထို့ကြောင့်လည်း ကျွမ်းထုန်သည် ကူကျွမ့်အား ကျေးဇူးကြွေးရှိနေပြီး ယခုအချိန်အထိ ကူကျွမ့်၏ ခိုင်းစေသမျှကို လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
သို့သော်လည်း သူတို့နှစ်ဦး၏ ဂုဏ်သတ္တိပိုင်နက်များနှင့် အစွမ်းကုန် အသုံးပြု၍ တိုက်ခိုက်ခဲ့သည့်တိုင် ရွှီနင်နှင့် လက်ရည်တူလောက်သာ ရှိနေသေးသည်။ ၎င်းတို့ဘက်မှ အသာစီးမှ မရခဲ့ချေ။
‘ဒီကောင်လေးက နတစ်ဝက်တစ်ပျက်တာအိုနယ်ပယ်ကို တက်လှမ်းသွားတာများလား...’
ကူကျွမ့်၏ မျက်နှာမှာ အတော်လေး ပျက်ယွင်းနေပြီ ဖြစ်သည်။
လက်ရှိတွင် ကူကျွမ့်မှာ အကျပ်ရိုက်နေသည်။ သူနှင့် ကျွမ်းထုန်တို့၏ အကြံအစည်မှာ ပေါ်ပေါက်သွားပြီ ဖြစ်သည်။ အကယ်၍ ရွှီနင်ကို ဖမ်းဆီးရန် သို့မဟုတ် သတ်ပစ်ရန် မတတ်နိုင်ခဲ့ပါက သူတို့မှာ ဒုက္ခကြီးစွာ ရောက်ပေတော့မည်။
ဤကိစ္စ ပေါက်ကြားသွားပါက သွမ့်ချင်းဟွေးပင်လျှင် သူ့ကို ကာကွယ်ပေးလိမ့်မည် မဟုတ်ဘဲ ပြဿနာကို ရှင်းလင်းရန်အတွက် သူ့ကိုပင် သုတ်သင်ပစ်နိုင်ပေသည်။
ရွှီနင်က ဖန်းကျဲ့ကို အရင်လုပ်ကြံခဲ့ခြင်း ဖြစ်သည်ဟု ကူကျွမ့်က အကြောင်းပြနိုင်သော်လည်း ခိုင်လုံသော သက်သေမရှိချေ။
“ရှောင်ဟေး... မင်း အရင်သွားနှင့်တော့”
ရွှီနင်သည် ရှောင်ဟေး၏ ကျောပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်သို့ သက်ဆင်းလိုက်ပြီး ထိုသူနှစ်ဦးကို ရင်ဆိုင်လိုက်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ရွှီနင်အနေဖြင့် ရှောင်ဟေးကို အမြဲတမ်း ကာကွယ်ပေးထားနိုင်မည် မဟုတ်ပေ။
အကယ်၍ နှစ်ဖက်အပြင်းအထန် တိုက်ခိုက်ကြလျှင် ရှောင်ဟေးမှာ အလွယ်တကူ ထိခိုက်သွားနိုင်လေသည်။
ရှောင်ဟေးသည် တစ်ချက် အော်မြည်လိုက်ပြီးနောက် အဝေးသို့ ပျံသန်းသွားတော့သည်။
၎င်းသာ ဤနေရာ၌ ရှိနေပါက ရွှီနင်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာမည်ကို ရှောင်ဟေးက ကောင်းစွာ သိရှိထားပေသည်။
“တပည့်ရွှီနင်က အကြီးအကဲ ကူကျွမ့်ကို ဂါရဝပြုပါတယ်”
ရွှီနင်က အကြီးအကဲ ကူကျွမ့်ကိုပင် ဦးစွာနှုတ်ဆက်လိုက်သည်။
ကူကျွမ့်က ၎င်းကို မြင်သောအခါ မည်းမှောင်နေသော မျက်နှာဖြင့် လှောင်ပြုံးပြုံးလိုက်သည်။ “ရွှီနင်... ငါ မင်းကို တစ်ခုမေးမယ်... ဖန်းကျဲ့ ပျောက်ဆုံးသွားတာက မင်းနဲ့ ပတ်သက်နေတာလား”
ထိုစကားကို ကြားသောအခါ ရွှီနင် မျက်မှောင်ကြုံလိုက်သည်။
ကူကျွမ့်က ဤကဲ့သို့သော လေသံမျိုးဖြင့် မေးမြန်းနေခြင်းမှာ သူ့၌ ခိုင်လုံသော သက်သေမရှိကြောင်း ဖော်ပြနေခြင်းပင်။
သို့သော်လည်း အချို့သော သဲလွန်စများက မိမိဆီသို့ ဦးတည်နေကြောင်းကိုမူ ရိပ်မိလိုက်သည်။
“စီနီယာအစ်ကို ဖန်းကျဲ့ ပျောက်ဆုံးနေတာကို အကြီးအကဲကူကျွမ့်က ကျွန်တော့်ဆီမှာ ဘာလို့ လာရှာနေရတာလဲ”
ရွှီနင်က သေချာပေါက် ဝန်ခံလိမ့်မည် မဟုတ်ပေ။
ရွှီနင်က ဝန်ခံမည့် အရိပ်အယောင်မရှိသည်ကို မြင်သောအခါ အကြီးအကဲ ကူကျွမ့်၏ အမူအရာမှာ ပို၍ပင် အေးစက်သွားတော့သည်။
ရွှီနင်၏ သဘောထားကို ကြည့်ခြင်းအားဖြင့် ဖန်းကျဲ့သည် ရွှီနင်၏ လက်ချက်ဖြင့် သေဆုံးသွားသည်မှာ ဖြစ်နိုင်ခြေ များလှသည်ဟု သူ ခံစားလိုက်ရသည်။
“အကြီးအကဲ ကူကျွမ့်... အခုလို ကျွန်တော့်ကို တိုက်ခိုက်တာက ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ ကျွန်တော်ကသာ အစီရင်ခံလိုက်မယ်ဆိုရင် အကြီးအကဲအတွက် ဒုက္ခဖြစ်သွားနိုင်ပါတယ်။ အခုအချိန်မှာ ဂိုဏ်းရဲ့ အရင်မျိုးဆက် အကြီးအကဲတွေ အကုန်လုံးက ကျင့်ကြံရာကနေ ထွက်လာနေကြတယ်ဆိုတာ အကြီးအကဲ သိမှာပါ”
ရွှီနင်၏ စကားများတွင် ခြိမ်းခြောက်မှုများ ပါဝင်နေသည်။
အကြီးအကဲ ကူကျွမ့်၏ မျက်နှာမှာ မည်းမှောင်နေပြီး ထိုခြိမ်းခြောက်မှုကို ဘာမှ ပြန်မပြောနိုင်ဘဲ ဖြစ်နေသည်။
ကျွမ်းထုန်၏ မျက်နှာမှာလည်း ဖြူဖျော့နေပြီး သူ လှည့်စားခံလိုက်ရပြီဟု ခံစားနေရသည်။
အကြီးအကဲ ကူကျွမ့်က ရွှီနင်ကို အလွယ်တကူ ဖမ်းဆီးနိုင်လိမ့်မည်ဟု သူ့ကို ပြောခဲ့ခြင်း ဖြစ်သည်။
သို့သော် နှစ်ယောက်တစ်ယောက် တိုက်ခိုက်သည့်တိုင် မည်သည့်အသာစီးမှ မရခဲ့သည်ကို သူ မထင်မှတ်ထားခဲ့ပေ။
ဆိုလိုသည်မှာ ရွှီနင်ကို အရှင်ဖမ်းရန် မဆိုထားနှင့်၊ သတ်ပစ်ရန်ပင်လျှင် သူတို့အနေဖြင့် ကြီးမားသော ပေးဆပ်မှုများ လုပ်ရပေလိမ့်မည်။
“ဒါက နားလည်မှု လွဲသွားတာပါ”
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အကြီးအကဲ ကူကျွမ့်သည် အကျည်းတန်လှသော အပြုံးတစ်ခုကို အတင်းအကျပ် ဖော်လိုက်သည်။
ကျွမ်းထုန်၏ အမူအရာကို သူလည်း ရိပ်မိသွားပြီး တုံ့ပြန်လိုက်ခြင်းပင်။
ရန်သူကို မသတ်နိုင်မှတော့ သူ ဆုတ်ခွာပြီး နောက်မှသာ အခွင့်အရေး ပြန်ရှာရပေတော့မည်။
“ရွှီနင်... ဖန်းကျဲ့ ပျောက်ဆုံးနေတာ ကြာပြီဆိုတော့ တချို့လူတွေဆီက မဟုတ်မမှန်တဲ့ စကားတွေ ကြားမိပြီး ငါ စိတ်တိုသွားတာပါ။ ဒါကြောင့် မင်းကို တိုက်ခိုက်မိတာပါ”
အကြီးအကဲ ကုကျွမ့်က သူ၏ အမှားကို ဦးစွာဝန်ခံလိုက်သည်။ “ဒါတွေအားလုံး ငါ့အမှားတွေပါ။ ငါ ခဏတာ စိတ်လောသွားမိတာပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦး”
အခြေအနေမှာ ပြန်လည်စေ့စပ်ရန် ခက်ခဲလှသော်လည်း အကြီးအကဲ ကူကျွမ့်က အရှုံးပေးရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ဆယ်စုနှစ်များစွာ တိုက်ပွဲအတွေ့အကြုံများအရ ကူကျွမ့်သည် အလစ်ငိုက် တိုက်ခိုက်ခြင်း သို့မဟုတ် ပေးဆပ်မှုများ မလုပ်ဘဲနှင့် လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိထားလေသည်။
အကောင်းဆုံး ရလဒ်မှာ ဖန်းကျဲ့အပေါ် သူ၏ အကြံအစည်များ ပေါ်ပေါက်သွားမည်ကို ရွှီနင်က စိုးရိမ်ပြီး ကိစ္စကို ကြီးကျယ်အောင် မလုပ်ချင်ခြင်းပင် ဖြစ်လိမ့်မည်။
‘သူက တကယ်ပဲ ခေါင်းငုံ့လိုက်တာလား...’
ရွှီနင် အနည်းငယ် အံ့အားသင့်သွားသည်။ အကြီးအကဲ ကူကျွမ့်က အလွယ်တကူ အရှုံးပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကူကျွမ့်က သူ့ကို စတင်တိုက်ခိုက်လိုက်ကတည်းက နှစ်ဖက်လုံးသည် ရန်သူများ ဖြစ်သွားခဲ့ကြချေပြီ။
“ဂိုဏ်းအကြီးအကဲတစ်ယောက်က ဂိုဏ်းတပည့်ကို တိုက်ခိုက်တာက ကြီးမားတဲ့ ကိစ္စတစ်ခုပဲ”
ရွှီနင်က ခေတ္တမျှ စဉ်းစားပြီး ပြောလိုက်သည်။ “ဒါကြောင့် ဒီကိစ္စကို ဂိုဏ်းဆီ အစီရင်ခံတာက ပိုကောင်းမယ်”
ကုကျွမ့်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
‘ပျော့ပြောင်းတဲ့ နည်းလမ်းနဲ့ မရမှတော့ ငါ ခက်ထန်တဲ့ နည်းလမ်းကိုပဲ သုံးရတော့မယ်’
ရွှီနင်၏ ပြတ်သားသော သဘောထားကို ကူကျွမ့် မြင်လိုက်ရသည်။
သူက ခေါင်းကို အနည်းငယ်လှည့်၍ ကျွမ်းထုန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
ကျွမ်းထုန်က ၎င်းကို သတိပြုမိပြီး ခေါင်းညိတ်လိုက်သည်။
‘နောက်ဆုံးတော့ ငါ့ရဲ့ ဝှက်ဖဲကို သုံးရတော့မှာပဲ...’
ကျွမ်းထုန်သည် သူ၏လက်ထဲမှ ကြေးဓားကို မသိမသာ ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေသည်။
‘သူတို့နှစ်ယောက်လုံး...’
ရွှီနင်သည် ၎င်းတို့၏ အကြည့်ချင်း ဖလှယ်မှုကို သဘာဝအတိုင်း မြင်တွေ့လိုက်ရသည်။
ရှုး... ရှုး...
ရုတ်တရက် ကူကျွမ့်နှင့် ကျွမ်းထုန်တို့မှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
ကူကျွမ့်က ကြေးယပ်တောင်ပေါ်ရှိ ဆူးချွန်များဖြင့် သူ၏ လက်ကို လှီးဖြတ်လိုက်သည်။
ကျွမ်းထုန်သည်လည်း ကြေးဓားဖြင့် သူ၏ လက်ဖဝါးကို လှီးဖြတ်လိုက်သည်။
၎င်းတို့၏ ဒဏ်ရာများမှ သွေးများ ထွက်ပေါ်လာပြီး ကြေးယပ်တောင်နှင့် ကြေးဓားများထဲသို့ စိမ့်ဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ထိုသူနှစ်ဦးသည် သူတို့၏ အစစ်အမှန်ချီနှင့် ဂုဏ်သတ္တိစွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်၍ လက်နက်များအတွင်းသို့ လောင်းထည့်လိုက်ကြလေသည်။
ရွှီနင် တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိပြုမိလိုက်သည်။
၎င်းတို့လက်ထဲရှိ တာအိုလက်နက်များဆီမှ အန္တရာယ်ရှိသော အငွေ့အသက်များ စတင်ပြန့်လွင့်လာနေချေပြီ။
‘ဒီလူနှစ်ယောက်မှာ ဝှက်ဖဲတွေ ရှိနေသေးတာပဲ’
ရွှီနင် ချက်ချင်း တုံ့ပြန်လိုက်သည်။ သူသည် သူ၏ ခွန်အားအပြည့်အဝကို ထုတ်ဖော်၍ ထိုသူနှစ်ဦးကို တိုက်ခိုက်လိုက်တော့သည်။
သို့သော်လည်း ပိုင်နက်ကို ဖြန့်ကြက်လိုက်ချိန်မှာပင် ဓားမိုးများ ရွာချလိုက်သည်နှင့်အမျှ ကြေးဓားနှင့် ကြေးယပ်တောင်ဆီမှ ပုံရိပ်နှစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုပုံရိပ်မှာ မီတာအနည်းငယ် မြင့်မားပြီး ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်ဝံပုလွေ၏ ဦးခေါင်းကြီး ဖြစ်နေလေသည်။
ထိုအပြာရောင်ဝံပုလွေ၏ မျက်လုံးများမှာ နီရဲနေပြီး ၎င်းတို့၏ အနောက်ဘက်တွင် ထိုသူနှစ်ဦးနှင့် ဆက်သွယ်ထားသော အမြီးတစ်ခု ရှိနေသည်။
နောက်တစ်ခဏတွင် ကူကျွမ့်နှင့် ကျွမ်းထုန်တို့၏ မျက်လုံးများမှာ နီရဲလာပြီး သူတို့၏ အငွေ့အသက်များမှာလည်း ကြမ်းတမ်းလာတော့သည်။
ကြည့်ရသည်မှာ ၎င်းတို့သည် မိစ္ဆာလမ်းစဉ် သိုင်းပညာရှင်များနှင့်ပင် ဆင်တူနေသည်။
‘ဒါက ဘယ်လိုမျိုး နည်းစနစ်လဲ’
ရွှီနင် ထိတ်လန့်သွားရသည်။
သူသည် သိုင်းပညာများနှင့် ပတ်သက်၍ အတော်အတန် ဗဟုသုတရှိသော်လည်း ဤကဲ့သို့သော နည်းစနစ်မျိုးကို ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်သည်။
“ဒီကိစ္စကို မြန်မြန်အဆုံးသတ်ကြစို့”
ကူကျွမ့်က ကျွမ်းထုန်ထံသို့ လျှို့ဝှက်သံလွှတ်လိုက်သည်။
သူနှင့် ကျွမ်းထုန်တို့သည် အပြာရောင်ဝံပုလွေပုံရိပ်ကို ထိန်းချုပ်၍ ရွှီနင်ကို တိုက်ခိုက်လိုက်ကြသည်။
‘အဲဒီ အပြာရောင်ဝံပုလွေပုံရိပ်က သူတို့ကို ပိုပြီး အစွမ်းထက်တဲ့ ပြင်ပအားဖြည့်မှုတွေ ပေးနေတာပဲ’
ရွှီနင် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
ဤတစ်ကြိမ်တွင်မူ ရွှီနင် ဖိအားများကို ခံစားလိုက်ရသည်။
အပြာရောင်ဝံပုလွေပုံရိပ်က ထိုသူနှစ်ဦးကို အစွမ်းထက်စေရုံသာမက သူ၏ ပိုင်နက်ထဲမှ ဂုဏ်သတ္တိစွမ်းအားများကိုပါ ဝါးမြိုနေလေသည်။
၎င်းကြောင့် ရွှီနင်၏ ဂုဏ်သတ္တိစွမ်းအားများမှာ လျင်မြန်စွာ ကုန်ဆုံးနေတော့သည်။
‘ဒါက ဘာကြီးလဲ’
အခြေအနေမှာ အနည်းငယ် အန္တရာယ်ရှိနေသော်လည်း ရွှီနင်ကမူ လုံးဝ ထိတ်လန့်ခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ထိုသူနှစ်ဦးမှာ အလျင်စလို ဖြစ်နေကြပြီး သူ့ကို အချိန်တိုအတွင်း အမြန်ဆုံး သုတ်သင်လိုနေကြသည်ကို ရွှီနင် အာရုံခံမိသောကြောင့် ဖြစ်သည်။
‘သူတို့ ဒီအခြေအနေကို ကြာကြာ ထိန်းထားနိုင်ပုံမရဘူး’
ထိုသူနှစ်ဦးမှာ အပြာရောင်ဝံပုလွေပုံရိပ်ကို ထိန်းချုပ်နေစဉ်အတွင်း သူတို့ကိုယ်တိုင်လည်း ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ခံစားနေရကြောင်း ရွှီနင် တွေ့ရှိသွားသည်။
ရန်သူ၏ အားနည်းချက်ကို သိရှိသွားပြီဖြစ်ရာ ရွှီနင်အတွက် ကိုင်တွယ်ရန် လွယ်ကူသွားချေပြီ။
‘ငါသာ အချိန်ခဏလောက် ခုခံထားနိုင်မယ်ဆိုရင် သူတို့ရဲ့ နည်းစနစ်က သူ့အလိုလို ပြိုလဲသွားလိမ့်မယ်’
ရွှီနင်သည် သူ၏ ပိုင်နက်ကို ကျုံ့လိုက်ပြီး သူ့အနီးအနားတွင်သာ စုစည်းထားလိုက်သည်။
ဤသို့လုပ်ဆောင်ခြင်းဖြင့် ရွှီနင်၏ စွမ်းအင်ကုန်ဆုံးမှုကို များစွာ လျှော့ချနိုင်မည် ဖြစ်သည်။
“အရိုးမီးလျှံသမထကျင့်စဉ်”
ရွှီနင်သည် ဒဏ်ရာများကို လက်ခံရင်း စွမ်းအင်ကုန်ဆုံးမှုကို လျှော့ချရန်အတွက် အရိုးမီးလျှံသမထကျင့်စဉ်ကိုပါ အသုံးပြုလိုက်သည်။
ဒဏ်ရာများကို ခံယူနေစဉ်မှာပင် ၎င်းတို့ကို ပြန်လည်ကုသရန် အရိုးမီးလျှံသမထကျင့်စဉ်ကို အသက်သွင်းလိုက်သည်။
ထို့ကြောင့် ရွှီနင်၏ စွမ်းအင်ကုန်ဆုံးမှုမှာ အနည်းဆုံးအဆင့်သို့ ကျဆင်းသွားတော့သည်။
‘ငါတို့တော့ ဒုက္ခရောက်ပြီ’
ရွှီနင်က အခြေအနေကို ထိန်းချုပ်ထားနိုင်စဉ်မှာပင် ကူကျွမ့်နှင့် ကျွမ်းထုန်တို့မှာ စတင်စိုးရိမ်လာကြသည်။
အပြာရောင်ဝံပုလွေပုံရိပ်ကို အသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုးများကို သူတို့နှစ်ဦးလုံး ကောင်းစွာ သိရှိထားကြသည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက သူတို့မှာ အပြာရောင်ဝံပုလွေပုံရိပ်၏ တန်ပြန်တိုက်ခိုက်မှုကို ပို၍ ခံရပေတော့မည်။
“ငါတို့ သူ့ကို မနိုင်တော့ဘူး”
ကူကျွမ့်က အံကြိတ်လိုက်သည်။ “ကျွမ်းထုန်... သွားကြစို့”
ကူကျွမ့်သည် ယွဲ့လန်ဂိုဏ်း၏ အကြီးအကဲရာထူးကို စွန့်လွှတ်၍ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။
ကျွမ်းထုန်မှာ မကျေနပ်သော်လည်း အခြားရွေးချယ်စရာ မရှိတော့ပေ။
ယခုအချိန်မှစ၍ သူသည် ယွဲ့လန်ဂိုဏ်း၏ နာမည်ပျက်စာရင်းသွင်းခြင်းကို ခံရတော့မည်ဖြစ်ကာ ယွဲ့လန်ဂိုဏ်း၏ လိုက်လံဖမ်းဆီးမှုကိုလည်း ခံရပေတော့မည်။
“သွားမယ်”
ကျွမ်းထုန်က ပြန်လည်တုံ့ပြန်လိုက်သည်။
၎င်းတို့၏ နောက်ဆုံးခွန်အားကို အသုံးပြု၍ ထိုသူနှစ်ဦးမှာ ရွှီနင်ကို တိုက်ခိုက်ခြင်းအား ရပ်တန့်လိုက်ပြီး လှည့်၍ ထွက်ပြေးကြတော့သည်။
‘မခံနိုင်တော့ဘူးလား...’
ရွှီနင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
သူ၏ အခွင့်အရေး ရောက်လာချေပြီ။
အကယ်၍ အချိန်ဆွဲ၍ တိုက်ခိုက်ရမည်ဆိုပါက ရွှီနင်၏ အခြေခံခိုင်မာမှုကြောင့် တာအိုနယ်ပယ်အောက်ရှိ မည်သူမျှ သူ၏ ပြိုင်ဘက် မဟုတ်ပေ။
ဝူး...
ရွှီနင်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆေးပြားအနည်းငယ်ကို ထုတ်ယူ၍ ပါးစပ်ထဲသို့ အားလုံး ပစ်ထည့်လိုက်သည်။
ဤဆေးပြားများ၏ အာနိသင်မှာ ဒဏ်ရာကို ကုသရန် မဟုတ်ဘဲ သူ၏ တိုက်ခိုက်နိုင်စွမ်းကို ချက်ချင်း မြှင့်တင်ပေးရန် ဖြစ်သည်။
ထိုသို့မြှင့်တင်ပြီးနောက် ခဏတာ အားနည်းသွားနိုင်သော်လည်း ၎င်းမှာ ပေးဆပ်ရကျိုးနပ်ပေသည်။
‘ဒီတစ်ခါတော့ ငါ့အလှည့်ပဲ’
ရွှီနင်၏ ကျုံ့ထားသော ပိုင်နက်မှာ ချက်ချင်း ပြန်လည်ကျယ်ပြန့်သွားပြီး ထွက်ပြေးနေသော ထိုသူနှစ်ဦးကို လွှမ်းခြုံလိုက်လေတော့သည်။
***