မီးခိုးရောင်လေး၏ နဖူးပေါ်တွင် ထူးခြားသော ငွေရောင်အမှတ်အသားတစ်ခု ပေါ်လာလေသည်။
၎င်းက ခန္ဓာကိုယ်ထဲရှိ သွေးမျိုးဆက်စွမ်းအင်ကို အသက်သွင်းလိုက်ရာ မိစ္ဆာသားရဲသုံးကောင်၏ စိတ်ဆန္ဒပုံရိပ်ယောင်များအပေါ် ဖိအားသက်ရောက်သွားလေ၏။
ယခင်က ဤစိတ်ဆန္ဒပုံရိပ်ယောင်များကို ဖိနှိပ်ရန် မီးခိုးရောင်လေး ကြိုးစားခဲ့စဉ်တွင် ကြီးမားသော ခုခံမှုကို ခံစားခဲ့ရသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ အလွန်ပင် ချောမွေ့နေခဲ့ပေသည်။
မည်သည့်ခုခံမှုမျှ မရှိသလောက်ပင်။ မီးခိုးရောင်လေးသည် မိစ္ဆာသားရဲသုံးကောင်၏ စိတ်ဆန္ဒများကို အပြည့်အဝ ဖိနှိပ်နိုင်ခဲ့ချေပြီ။
“အောင်မြင်ပြီ”
ရွှီးဟူကျွင်းမှာ စိတ်သက်သာရာရသွားပုံပေါ်သည်။
ရွှီနင်လည်း စိတ်အေးသွားပြီး ဝံပုလွေပြာနှင့် ချိတ်ဆက်ထားမှုကို ချက်ချင်း ဖြတ်တောက်လိုက်လေသည်။
သူ၏ မျက်နှာမှာ ဖြူရော်နေပြီး စိတ်စွမ်းအင်အရှိန်အဝါများမှာ အနည်းငယ် အားနည်းနေလေသည်။
သူသည် ကုသရေးဆေးလုံးတစ်လုံးကို အမြန်ထုတ်ကာ မြိုချလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏အောက်ဘက်ရှိ ပုတီးစေ့ကြီးမှာ ပြင်းထန်စွာ တုန်ခါနေသည်ကို ရွှီနင် ခံစားလိုက်ရသည်။
ရွှီနင် အလျင်အမြန် ခုန်ဆင်းလိုက်လေသည်။
မီးခိုးရောင်လေးမှာမူ လေထဲတွင် လွင့်မျောနေလေသည်။ မိစ္ဆာသားရဲသုံးကောင်၏ စိတ်ဆန္ဒပုံရိပ်ယောင်များသည် ပုတီးစေ့ကြီးထဲသို့ ပြန်မဝင်မီ မီးခိုးရောင်လေးကို အညံ့ခံသည့် အမူအရာကို ဦးစွာ ပြသခဲ့ကြသည်။
ဝုန်း... ဝုန်း... ဝုန်း...
ပုတီးစေ့ကြီးသည် လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ခိုဥအရွယ်အစားခန့် ဖြစ်သွားလေသည်။
ထို့နောက် မိစ္ဆာသားရဲပန်းချီကားလိပ်အတွင်းရှိ ဟင်းလင်းပြင်မှာ တုန်ခါလာတော့သည်။
“ရွှီနင်... သတိထား”
ရွှီနင်သည် ဝံပုလွေပြာပုံရိပ်ယောင်ကို ခေါ်ထုတ်ပြီးနောက် သူ၏အရှိန်အဝါများ အလွန်အားနည်းသွားသည်ကို မြင်သောအခါ ရွှီးဟူကျွင်းက အမြန်အကာအကွယ်ပေးလိုက်သည်။
ဒိုင်း...
ထို့နောက် ကြီးမားသော တွန်းအားတစ်ခုမှ သူ့အား တွန်းထုတ်လိုက်သည်ကို ရွှီနင် ခံစားလိုက်ရသည်။
မကြာမီ သူနှင့် ရွှီးဟူကျွင်းတို့သည် မိစ္ဆာသားရဲပန်းချီကားလိပ်ထဲမှ လွင့်စင်ထွက်လာခဲ့ကြလေသည်။
“မီးခိုးရောင်လေး”
ရွှီနင် အနည်းငယ် စိုးရိမ်သွားသည်။
“စိတ်မပူပါနဲ့... သခင်လေးက မိစ္ဆာသားရဲပန်းချီကားလိပ်ကို ထိန်းချုပ်နေတာမို့ အန္တရာယ်မရှိပါဘူး”
ရွှီးဟူကျွင်းက အမြန်ပြောလိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် မီးခိုးရောင်လေးသည်လည်း ပြင်ပလောကသို့ ထွက်ပေါ်လာလေသည်။
ခိုဥအရွယ်အစားရှိသော ပုတီးစေ့လေးသည် မီးခိုးရောင်လေး၏ နဖူးရှေ့တွင် ပေါလောပေါ်နေသည်။
“မိစ္ဆာသားရဲပန်းချီကားလိပ်ကို အပြည့်အဝ သန့်စင်ပြီးသွားပြီ”
ရွှီးဟူကျွင်းက “ရွှီနင်... ကျေးဇူးတင်ပါတယ်။ စောစောက မင်းရဲ့နည်းလမ်းတွေသာ မပါရင် သခင်လေးက အဲဒီမိစ္ဆာသားရဲသုံးကောင်ရဲ့ စိတ်ဆန္ဒပုံရိပ်ယောင်တွေကို ဖိနှိပ်နိုင်ခဲ့မှာ မဟုတ်ဘူး”
မီးခိုးရောင်လေးသည် ပုတီးစေ့ကို ရှေ့လက်သည်းနှစ်ဖက်ဖြင့် ယူကာ ရွှီနင့်ထံသို့ လျှောက်သွားလိုက်သည်။
သူက ရွှီနင့်ကို ပုတီးစေ့လေး ကမ်းပေးလိုက်သည်။
“ငါ့ကို ကြည့်ခိုင်းတာလား”
ရွှီနင်သည် မီးခိုးရောင်လေး၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။
မီးခိုးရောင်လေးသည် ရွှီးဟူကျွင်းကဲ့သို့ လူသားအသံကို အတုမယူနိုင်သဖြင့် သူ့ကို တိုက်ရိုက် မပြောဆိုနိုင်ချေ။
ရွှီနင်သည် ပုတီးစေ့လေးကို လက်ထဲတွင်ကိုင်ကာ မျက်စိရှေ့သို့ ထားလိုက်သည်။
“ဒါက မိစ္ဆာသားရဲပန်းချီကားလိပ်လား...”
ပုတီးစေ့လေးထဲတွင် သေးငယ်သော်လည်း အံ့မခန်းကောင်းမွန်သော ပန်းချီကားတစ်ချပ်ကို ရွှီနင် တွေ့လိုက်ရသည်။
(စကားချပ်: မိစ္ဆာသားရဲကျမ်းအား မိစ္ဆာသားရဲပန်းချီကားလိပ်အဖြစ်သုံးသွားပါမည်။)
သစ်တောများ၊ တောင်တန်းများ၊ မြစ်များ၊ နတ်ဆိုးသားရဲများ...
မိစ္ဆာသားရဲပန်းချီကားလိပ်ထဲရှိ ဟင်းလင်းပြင်တစ်ခုလုံးသည် ပုတီးစေ့လေးထဲသို့ အပြည့်အဝ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။
“ဒီမိစ္ဆာသားရဲပန်းချီကားလိပ်က ပျက်စီးနေပေမယ့် တန်ဖိုးကတော့ အရမ်းမြင့်မားနေတုန်းပဲ”
ရွှီးဟူကျွင်းမှာ အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။
“ဒီမိစ္ဆာသားရဲပန်းချီကားလိပ်ရဲ့ သီးသန့်စွမ်းအားက ဘာလဲ”
ရွှီနင် မေးလိုက်သည်။
“မိစ္ဆာသားရဲပန်းချီကားလိပ်က မိစ္ဆာသားရဲတွေကို မွေးမြူနိုင်တယ်။ ပြီးတော့ ပန်းချီကားလိပ်ထဲကို ထည့်လိုက်တဲ့ ဘယ်မိစ္ဆာသားရဲကိုမဆို ထိန်းချုပ်လို့ရတယ်”
ရွှီးဟူကျွင်းက ပြောလိုက်သည်။ “မိစ္ဆာသားရဲပန်းချီကားလိပ်ထဲမှာ မိစ္ဆာသားရဲ အရေအတွက်က လျော့နည်းသွားပေမယ့် သူတို့အားလုံးကိုသာ လွှတ်ပေးလိုက်ရင် ပြည်နယ်တစ်ဝက်လောက်ကို ဝါးမြိုသွားနိုင်တဲ့ သားရဲဒီရေလှိုင်းတစ်ခုကို ဖန်တီးနိုင်သေးတယ်”
‘အစုလိုက်အပြုံလိုက် တိုက်ခိုက်ရေးလက်နက်ပဲ...’
ရွှီနင် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါ့အပြင် ဒီမိစ္ဆာသားရဲပန်းချီကားလိပ်ကို ပုန်းခိုရာနေရာအဖြစ်လည်း သုံးလို့ရသေးတယ်”
ရွှီးဟူကျွင်းက ဆက်၍ ပြောသည်။
“မင်းက သန်မာတဲ့ရန်သူနဲ့ ကြုံလာရင် ပုန်းဖို့အတွက် မိစ္ဆာသားရဲပန်းချီကားလိပ်ထဲ ဝင်သွားလို့ရတယ်။ ပန်းချီကားလိပ်က အရှိန်အဝါတွေကိုတောင် ဖုံးကွယ်ထားပေးနိုင်ပြီး အရေးကြီးတဲ့အချိန်တွေမှာ အသက်ကို ကယ်တင်ပေးနိုင်တယ်။ အလစ်အငိုက်တိုက်ခိုက်ဖို့တောင် သုံးလို့ရသေးတယ်”
“ပစ္စည်းကောင်းပဲ”
မိစ္ဆာသားရဲပန်းချီကားလိပ်၏ အသက်ကယ်နိုင်သော အချက်က ပို၍တန်ဖိုးရှိသည်ဟု ရွှီနင် ခံစားမိလေသည်။
“သိမ်းထားလိုက်ပါ မီးခိုးရောင်လေး”
ရွှီနင်သည် မိစ္ဆာသားရဲပန်းချီကားလိပ်ကို မီးခိုးရောင်လေးထံ ပြန်ပေးလိုက်သည်။
မီးခိုးရောင်လေးသည် ပါးစပ်ဟကာ ပုတီးစေ့ကိုကိုက်၍ မြိုချလိုက်လေသည်။
မီးခိုးရောင်လေးသည် ဟင်းလင်းပြင်သားရဲတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ခန္ဓာကိုယ်ထဲတွင် သိုလှောင်ရေးဟင်းလင်းပြင်နှင့်တူသော သီးခြားဟင်းလင်းပြင်တစ်ခု ရှိနေလေသည်။
သက်ရှိများ ဝင်ရောက်နိုင်ခြင်း မရှိသော်လည်း ထိုသီးခြားဟင်းလင်းပြင်သည် သိုလှောင်ရေးလက်စွပ်တစ်ကွင်းထက် များစွာ ပိုမိုကျယ်ဝန်းလှသည်။
“ဒါနဲ့ ရွှီနင်...”
ရွှီးဟူကျွင်းက မေးလိုက်သည်။
“စောစောက အဲဒီ တာအိုနယ်ပယ်နတ်ဆိုးသားရဲရဲ့ စိတ်ဆန္ဒကို ဘယ်လိုများ ခေါ်ထုတ်လိုက်တာလဲ”
‘တာအိုနယ်ပယ်နတ်ဆိုးသားရဲရဲ့ စိတ်ဆန္ဒပုံရိပ်ယောင်လား...’
ဤသည်မှာ ရွှီနင်၏ ယခင်ခန့်မှန်းချက်နှင့် ဆင်တူနေသည်။ ဝံပုလွေပြာ၏ ပုံရိပ်ယောင်တွင် ထူးခြားသော နောက်ခံရှိနေခဲ့လေသည်။
“ဒီတာအိုလက်နက်နှစ်ခုကတစ်ဆင့် ခေါ်တာပါ”
ရွှီနင်သည် ကြေးဓားနှင့် ကြေးယပ်တောင်ကို ထုတ်ပြလိုက်သည်။
ရွှီနင်အနေဖြင့် ရွှီးဟူကျွင်းနှင့် မီးခိုးရောင်လေးတို့ထံမှ မည်သည့်လျှို့ဝှက်ချက်ကိုမျှ ဖုံးကွယ်ထားရန် မလိုအပ်ချေ။
“ကျွန်တော် ဒီတာအိုလက်နက်နှစ်ခုကို ရထားတာ သိပ်မကြာသေးဘူး။ အဲဒါတွေက တော်တော်လေးကို ထူးဆန်းတယ်။ ဝံပုလွေပြာရဲ့ စိတ်ဆန္ဒပုံရိပ်ယောင် တစ်စိတ်တစ်ပိုင်းကို တာအိုလက်နက်တစ်ခုစီမှာ ချိတ်ပိတ်ထားတာပဲ။ ကျွန်တော်က အသက်သွင်းလိုက်တာနဲ့ ပုံရိပ်ယောင်ကထွက်လာပြီး ကျွန်တော့်ရဲ့ အစစ်အမှန်ချီ၊ သွေးချီနဲ့ ဂုဏ်သတ္တိစွမ်းအင်တွေကို အာဟာရအဖြစ် အသုံးပြုတယ်။ ကျွန်တော့်ဘက်က အာဟာရကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်သရွေ့ သူ့ရဲ့စွမ်းအားကို ငှားသုံးလို့ရတယ်”
ရွှီနင်က ဆက်၍ ပြောလေသည်။ “ဒါပေမယ့် ကျွန်တော့်ရဲ့စွမ်းအားကို ကောင်းကောင်း မထိန်းချုပ်နိုင်ရင် စိတ်ဆန္ဒပုံရိပ်ယောင်ရဲ့ စုပ်ယူတာခံရပြီး ခန်းခြောက်သွားနိုင်တယ်”
“ဟင်း...”
ဤကဲ့သို့သော တာအိုလက်နက်မျိုးအကြောင်း ရွှီးဟူကျွင်း ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ “ထူးဆန်းလိုက်တာ...”
“ငါ မမှားဘူးဆိုရင် ဒီတာအိုလက်နက်နှစ်ခုက ဝမ်ရှန့်ပြည်နယ်က လာတာဖြစ်ရမယ်”
ရွှီးဟူကျွင်းက ပြောလိုက်သည်။
“ဖြစ်နိုင်တယ်...”
ရွှီးဟူကျွင်း၏ တွေးထင်ချက်မှာ ရွှီနင်နှင့် အတူတူပင် ဖြစ်နေသည်။
သို့သော် ရွှီနင်သည် ကူကျွမ့်နှင့် ကျွမ်းထုန်တို့ထံမှ ၎င်းတို့၏ မူလအစကို စုံစမ်း၍ မရနိုင်ခဲ့ချေ။
“စီနီယာရွှီးဟူကျွင်း... အခု မိစ္ဆာသားရဲပန်းချီကားလိပ်ကို သန့်စင်ပြီးသွားပြီဆိုတော့ မီးခိုးရောင်လေးနဲ့ ဘယ်ကိုသွားကြမလို့လဲ”
“ငါ သခင်လေးကို ငါတို့မျိုးနွယ်စုရဲ့နယ်မြေကို ခေါ်သွားပြီး အဲဒီမှာ ရက်အနည်းငယ်လောက် နေဖို့ စီစဉ်ထားတယ်။ အဲဒီမှာ ငါတို့မျိုးနွယ်စု ချန်ထားခဲ့တဲ့ ပစ္စည်းတချို့ ရှိနေသေးလို့ သခင်လေး ပြန်ယူနိုင်အောင် ငါ ကူညီပေးရဦးမယ်။ အဲဒါပြီးရင် မင်းကိုရှာဖို့ ယွဲ့လန်ဂိုဏ်းကို ငါတို့ လာခဲ့မယ်”
ရွှီးဟူကျွင်းက ပြောလိုက်သည်။ “မင်းပြောတာသာ အမှန်ဆိုရင် ဝမ်ရှန့်ပြည်နယ်က လူတွေရောက်လာတဲ့အခါ ချောက်နက်ကြီးမြောက်ပိုင်းက ပြည်နယ်ဆယ့်ခုနစ်ခုလုံး ကမောက်ကမတွေ ဖြစ်ကုန်လိမ့်မယ်။ အဲဒီလို ရှုပ်ထွေးနေတဲ့အချိန်မှာ အချင်းချင်း ကူညီနိုင်အောင် ငါတို့တွေ နီးနီးကပ်ကပ် ရှိနေသင့်တယ်”
“ကောင်းပါပြီ”
ရွှီနင်လည်း ရွှီးဟူကျွင်းကို သဘောတူလိုက်သည်။
ယခုအခါ မိစ္ဆာသားရဲပန်းချီကားလိပ်ကို သန့်စင်ပြီးသွားပြီဖြစ်ရာ ပေါ်သွားမည့်အန္တရာယ် မရှိတော့ပေ။
အချိန်တန်လျှင် ရွှီးဟူကျွင်းနှင့် မီးခိုးရောင်လေးတို့သည် မိစ္ဆာသားရဲပန်းချီကားလိပ်ထဲတွင် ပုန်းအောင်းနေမည်ဖြစ်ပြီး သူက သယ်ဆောင်သွားနိုင်ပေသည်။ ပြဿနာတစ်စုံတစ်ရာနှင့် ကြုံတွေ့လာပါကလည်း အတူတူ ရင်ဆိုင်နိုင်မည် ဖြစ်သည်။
“ဒါဆိုရင်လည်း... နှုတ်ဆက်ပါတယ်”
ရွှီးဟူကျွင်းသည် ပြတ်သားလေသည်။
မီးခိုးရောင်လေးသည် အူသံတစ်ချက်ပေးလိုက်ပြီး ၎င်း၏နဖူးဖြင့် ရွှီနင်၏ကိုယ်ကို ဖိကပ်လိုက်သည်။
၎င်းတို့ ခွဲခွာရသည်မှာ ကြာမည်မဟုတ်ကြောင်း သိထားသဖြင့် သိပ်တော့ ဝမ်းမနည်းလှချေ။
ထို့နောက် မီးခိုးရောင်လေးသည် ရွှီးဟူကျွင်း၏ ခေါင်းပေါ်သို့ တက်သွားလေသည်။
ရွှီးဟူကျွင်းသည် အတောင်ပံများကို ဖြန့်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှီနင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
“ကဲ... ရှောင်ဟေး၊ မင်း အခု ထွက်လာလို့ရပြီ”
ရွှီးဟူကျွင်းနှင့် မီးခိုးရောင်လေးတို့ ထွက်သွားပြီးနောက် ရွှီနင်သည် အဝေးရှိ ကျောက်တုံးများကို ကြည့်ကာ လှမ်းအော်လိုက်သည်။
ထို့နောက် ရှောင်ဟေး၏ ခေါင်းလေးမှာ ကြောက်ရွံ့စွာ ပြူထွက်လာပြီး အတောင်ပံများကို ခတ်ကာ ရွှီနင့်ရှေ့သို့ ပျံသန်းလာသည်ကို သူ မြင်လိုက်ရသည်။
မိစ္ဆာသားရဲပန်းချီကားလိပ်ထဲမှ လွင့်စင်ထွက်လာပြီးနောက် အနီးအနားတွင် ရှောင်ဟေးရှိနေသည်ကို ရွှီနင် အာရုံခံမိခဲ့သည်။
သို့သော် ရွှီးဟူကျွင်းနှင့် မီးခိုးရောင်လေးတို့ထံမှ သွေးမျိုးဆက်ဖိအားကို ခံစားလိုက်ရပြီးနောက် ရှောင်ဟေးမှာ မလှုပ်ရဲတော့ချေ။
မိစ္ဆာသားရဲတစ်ကောင်အနေဖြင့် သွေးမျိုးဆက်အချင်းချင်း ဖိနှိပ်မှုသည် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
“နောက်တစ်ခါ မင်း ဒီလိုလုပ်စရာမလိုပါဘူး။ ရွှီးဟူကျွင်းနဲ့ မီးခိုးရောင်လေးက ငါတို့ရဲ့ အဖော်တွေပဲ”
ရွှီနင်သည် ရှောင်ဟေး၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။ “နောက်တစ်ခါ တွေ့ကြရင် သူတို့နဲ့ မင်း ရင်းရင်းနှီးနှီး နေလို့ရတယ်”
ရှောင်ဟေးသည် တိုးညှင်းသောအသံလေးဖြင့် အော်လိုက်သည်။
“ဂိုဏ်းကို ပြန်ရောက်ရင် မင်းရဲ့ သွေးမျိုးဆက်တွေကို သန့်စင်ပေးဖို့နဲ့ အဆင့်တက်နိုင်မယ့် အတိုင်းအတာကို တိုးမြှင့်ပေးဖို့ မိစ္ဆာသားရဲတွေအတွက်သုံးတဲ့ ဆေးပြားတစ်သုတ်ကို သီးသန့် ဖော်စပ်ပေးမယ်”
ရွှီနင် ပြောလိုက်သည်။
ဤစကားကို ကြားပြီးနောက် ရှောင်ဟေးမှာ ရွှင်မြူးသွားပြီး ယွဲ့လန်ဂိုဏ်းသို့ ပျံသန်းသွားလေတော့သည်။
…
ရက်အနည်းငယ် ကြာပြီးနောက်…
ယွဲ့လန်ဂိုဏ်းအတွင်း၌…
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း အကြီးအကဲကူကျွမ့် ပျောက်ဆုံးသွားမှုသည် ဂိုဏ်း၏ အာရုံစိုက်မှုကို ရရှိသွားခဲ့လေသည်။
ဂိုဏ်းချုပ် မီရှင်းယယ် ကိုယ်တိုင် ဤကိစ္စကို စုံစမ်းစစ်ဆေးခဲ့သည်။
ယနေ့တွင် ရွှီနင်သည် ဂိုဏ်းချုပ်တောင်ထွတ်သို့ မီရှင်းယယ်က သီးသန့် ခေါ်ယူခြင်း ခံလိုက်ရလေသည်။
“ရွှီနင်... အကြီးအကဲကူကျွမ့်ကို မင်း သတ်လိုက်တာလား”
အစီအရင်များ ပြုလုပ်ပြီးနောက် မီရှင်းယယ်သည် လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်သည်။
မီရှင်းယယ်၏ လေးနက်သော မျက်နှာထားကို မြင်လိုက်ရသောအခါ မီရှင်းယယ်သည် သဲလွန်စအချို့ တွေ့ရှိထားပြီးဖြစ်ကြောင်း ရွှီနင် သဘောပေါက်လိုက်သည်။
ရွှီနင်သည် ရွေးချယ်စရာများကို ချိန်ဆကြည့်ပြီးနောက် အမှန်အတိုင်း ပြောရန် ဆုံးဖြတ်လိုက်လေသည်။
သူ၏ လက်ရှိအင်အားသည် တာအိုနယ်ပယ်အောက်တွင် ယှဉ်နိုင်သူမရှိဟု ဆို၍ရသည်။ မီရှင်းယယ်က ဤပြဿနာကို ရှင်းလင်းချင်လျှင်ပင် သူ့တွင် ထွက်ပြေးလွတ်မြောက်နိုင်သည့် အင်အား ရှိနေပေသည်။
“သူ့ကို ကျွန်တော် မသတ်ခဲ့ပါဘူး”
ရွှီနင်က ပြောလိုက်သည်။ “ကျွန်တော့်ကို သတ်ဖို့အတွက် အကြီးအကဲ ကူကျွမ့်က သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကို ကုန်ဆုံးစေတဲ့ လျှို့ဝှက်နည်းတစ်ခုကို အသုံးပြုခဲ့တာကြောင့် အားအင်ကုန်ခမ်းပြီး သေဆုံးသွားတာပါ”
ရွှီနင်သည် အမှန်အတိုင်း ပြောနေခြင်းဖြစ်ရာ ယုံကြည်မှု အပြည့်ရှိနေသည်။
ဤစကားကို ကြားသောအခါ မီရှင်းယယ်သည် မျက်မှောင်ကြုတ်သွားပြီး ရွှီနင် လိမ်ပြောနေခြင်း ရှိမရှိ အတည်ပြုလိုသည့်အလား ရွှီနင်၏ မျက်လုံးများကို စိုက်ကြည့်နေလေသည်။
“မင်း အမှန်အတိုင်း ပြောနေတာလား”
မီရှင်းယယ်၏ အကြည့်များမှာ စူးရှနေသည်။
“စကားလုံးတိုင်းက အမှန်ပါပဲ”
ရွှီနင်က နောက်ဆုတ်မသွားပေ။
“ဒါဆိုရင် အကြီးအကဲကူကျွမ့်က မင်းကို ဘာလို့ သတ်ချင်ရတာလဲ”
မီရှင်းယယ် ထပ်မေးလိုက်သည်။
“ပထမအချက်က ကလဲ့စားချေဖို့၊ ဒုတိယအချက်က သူ့ဒေါသကို ဖြေဖျောက်ဖို့ပါ”
ရွှီနင်က ရှင်းပြလေသည်။ “ဖန်းကျဲ့ကို ကျွန်တော်သတ်တယ်လို့ သူသံသယရှိတာကြောင့် ကလဲ့စားချေချင်ခဲ့တာပါ။ ပြီးတော့ ဂိုဏ်းချုပ်က တပည့်ကောင်းနှစ်ယောက်ကို လက်ခံလိုက်လို့ သူ မနာလိုဖြစ်ပြီး ဒေါသထွက်နေတာကြောင့်ပါ”
ထိုစကားကို ကြားပြီးနောက် မီရှင်းယယ်မှာ အံ့သြသွားပုံ မပေါ်ချေ။ နောက်တစ်ဝက်ကို ကြားပြီးချိန်တွင် သူ၏ နှုတ်ခမ်းထောင့်များပင် အနည်းငယ် ကွေးတက်သွားသေးသည်။
“ဒါဆို... ဖန်းကျဲ့ကို မင်း သတ်လိုက်တာလား”
မီရှင်းယယ်၏ လေသံမှာ အေးစက်နေဆဲပင်။
“ကျွန်တော် သူ့ကို သတ်ခဲ့တာပါ၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရင်း သတ်ခဲ့ရတာပါ။ ဖန်းကျဲ့က ကျွန်တော့်ကို အရင်သတ်ဖို့ ကြိုးစားခဲ့တာပါ”
မီရှင်းယယ် စကားမပြောနိုင်မီ ရွှီနင်က မေးလိုက်သည်။
“ဆရာ... ကျွန်တော်က ဖေးယွင်ပြည်နယ်ကလာတာ ဆရာသိပါတယ်။ ဒါပေမယ့် ကျွန်တော် ကျိဖုန်းပြည်နယ်ကို ဘယ်လိုရောက်လာလဲဆိုတာ ဆရာ သိပါသလား”
“ဘယ်လိုရောက်လာတာလဲ”
မီရှင်းယယ် မျက်မှောင်ကြုတ်သွားသည်။
“ကျွန်တော် ပြန်ပေးဆွဲခံခဲ့ရတာပါ”
ရွှီနင်တွင် လုံလောက်သော အင်အားရှိနေပြီဖြစ်ရာ အမှန်တရားကို ဖုံးကွယ်ထားရန် အစီအစဉ် မရှိတော့ချေ။
သေရေးရှင်ရေး အကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရပုံ၊ ပေါင့်မိသားစုထံမှ ထွက်ပြေးလွတ်မြောက်ခဲ့ပုံနှင့် သူတို့ကို ကလဲ့စားချေပြီးနောက် ဖန်းကျဲ့၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပုံများကို သူ ရှင်းပြလိုက်သည်။ ထို့နောက် သူ့ကို သံသယရှိသော အကြီးအကဲကူကျွမ့်က လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့ပုံကိုပါ ရှင်းပြလေသည်။
အဓိက အချက်အလက်တချို့မှလွဲ၍ ရွှီနင်သည် အမှန်အတိုင်း ပြောပြခဲ့သည်။
“ဒီလိုဖြစ်မယ်လို့ ငါ ထင်မထားခဲ့ဘူး...”
ယခုတစ်ကြိမ်တွင်မူ မီရှင်းယယ်၏ မျက်နှာထားမှာ နောက်ဆုံး၌ ပြောင်းလဲသွားလေသည်။
ဤအကြောင်းများကို ကြားပြီးနောက် သူ တိတ်ဆိတ်သွားသည်။
ရွှီနင်သည် ဘေးတွင်ရပ်ကာ မီရှင်းယယ်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေသည်။
အချိန်အတော်ကြာပြီးနောက် မီရှင်းယယ်သည် ခေါင်းမော့ကာ ရွှီနင်ကို ကြည့်လိုက်သည်။
“အကြီးအကဲ ကူကျွမ့်က ပေါင့်မိသားစုနဲ့ ဖေးယွင်ပြည်နယ်ဆီကို စုံစမ်းဖို့အတွက် သူ့ရဲ့ယုံကြည်ရတဲ့လူတစ်ယောက်ကို လွှတ်ခဲ့တယ်။ ဒါကြောင့်လည်း သူက မင်းကို သံသယဝင်သွားတာပဲ”
“ပြီးတော့ ကူကျွမ့်ရဲ့ အဲဒီလူကိုလည်း ငါ ရှင်းလင်းပြီးသွားပြီ”
မီရှင်းယယ်၏ စကားကြောင့် ရွှီနင် အံ့အားသင့်သွားရသည်။
ဆိုလိုသည်မှာ မီရှင်းယယ်သည် သူ့ကို စစ်ဆေးမေးမြန်းခြင်း မပြုမီကတည်းက သူ့အတွက် ပြဿနာကို ရှင်းလင်းပေးခဲ့ပြီးဖြစ်ကြောင်းပင်။
“ဆရာ...”
ရွှီနင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
“အထင်လွဲမနေနဲ့ဦး... ငါက ဂိုဏ်းချုပ်ပဲလေ။ သူယုံကြည်ရတဲ့ အဲဒီတာဝန်ခံက ဂိုဏ်းစည်းမျဉ်းတွေကို ဖောက်ဖျက်တဲ့ကိစ္စတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမယ့် သူ့ကို ကူကျွမ့်က အချိန်တိုင်း ကာကွယ်ပေးထားခဲ့တာ။ ဂိုဏ်းစည်းမျဉ်းတွေ မပျက်စီးအောင် ငါက သူ့ကို ရှင်းလိုက်ရုံပဲ”
မီရှင်းယယ်က လေးနက်သော အမူအရာဖြင့် လက်ကို ဝှေ့ယမ်းပြလိုက်သည်။
“ဂိုဏ်းချုပ်က တရားမျှတပြီး ဘက်မလိုက်တဲ့အတွက် ကျွန်တော် လေးစားပါတယ်”
ရွှီနင်က လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်သည်။
“ရွှီနင်... မင်းက ကူကျွမ့်ကိုများ သတ်လိုက်လေမလားလို့ ငါ တကယ်စိုးရိမ်နေခဲ့တာ။ ကံကောင်းလို့ မင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ ပြန်တိုက်ခိုက်ခဲ့တာပေါ့။ မဟုတ်ရင်တော့ ငါ မင်းကို ဂိုဏ်းကနေ ထုတ်ပစ်ရလိမ့်မယ်”
မီရှင်းယယ်သည် ရွှီနင်ကို ကြည့်ရင်း ရုတ်တရက် သက်ပြင်းချလိုက်သည်။
သူ၏ မျက်လုံးများထဲတွင် တပည့်ဖြစ်သူအပေါ် စိုးရိမ်ပူပန်မှုများ အပြည့်အဝ ရှိနေလေသည်။
***