“ အကိုသီ… ဒီတိုက်ပွဲက ပျင်းစရာကောင်းတယ်… အဲ့ဒီကျင့်ကြံသူတွေက အရမ်းအားနည်းတယ်… သူတို့က ငါ့ရဲ့ တိုက်ခိုက်ချင်စိတ်ကို မလှုံ့ဆော်ပေးနိုင်ဘူး… အနာဂတ်မှာ ဒီထက် ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတဲ့ တိုက်ပွဲတွေ မင်းရှာတွေ့ရင် ငါ့ကို ခေါ်ဖို့ သတိရပါ ”
အနက်ရောင်မျောက်ဝံဘုရင်က သီရှီထျန်၏ အရှေ့သို့ လျှောက်လာပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ ထွက်သွားသည်။ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြသော မျောက်ဝံလေးကောင်သည်လည်း အနက်ရောင်မျောက်ဝံဘုရင်နောက်မှလိုက်၍ မိုးထိတောင်ပေါ်မှ ထွက်သွားကြသည်။
“ ကျီး ”
သရဖူနီကြိုးကြာဘုရင်သည် အတောင်ပံဖြန့်၍ အဝေးသို့ မပျံသန်းသွားမီ တခြားမိစ္ဆာသားရဲဘုရင်များကို ခေါင်းညိတ်ပြသည်။
တိုက်ပွဲပြီးဆုံးသွားပြီးနောက် မိစ္ဆာသားရဲဘုရင်များသည် ဤနေရာမှာ ဆက်မနေကြတော့ပေ။ သူတို့တစ်ယောက်ပြီးတစ်ယောက်က ထွက်သွားကြသည်။
အတိတ်တွင် ကျင့်ကြံသူရာထောင်ချီက မိုးထိတောင်ပေါ်မှာ တစ်စုတစ်ဝေးတည်း ရှိနေခဲ့ကြသည်။ ကျင့်ကြံသူများ၏ ထိုသို့စုဝေးမှုက တောင်ပိုင်းမြေရိုင်းဒေသအပေါ် ကြီးမားသော ခြိမ်းခြောက်မှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် မိစ္ဆာသားရဲဘုရင်များက အင်အားပေါင်းစည်းခဲ့ကြခြင်းပင်။ ယခု ထိုခြိမ်းခြောက်မှုက ပြီးဆုံးသွားလေရာ ထုံးစံအားဖြင့် သူတို့က ကိုယ်ပိုင်နယ်မြေဆီသို့ အသီးသီး ပြန်သွားကြသည်။
ဤတိုက်ပွဲတွင် သူတို့က ကျင့်ကြံသူအလောင်းများနှင့် အကျိုးအမြတ်များစွာကို ရရှိခဲ့ကြလေရာ တံခါးပိတ်ကျင့်ကြံပြီး ကိုယ့်ကိုယ်ကိုယ် အစွမ်းတိုးမြှင့်ရန် စိတ်အားထက်သန်နေကြသည်။ အချိန်ကြန့်ကြာသွားလျှင် ကျင့်ကြံသူအလောင်းများထဲမှ စွမ်းအင်အနှစ်သာရက အလဟဿဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူတို့က ကိုယ်ပိုင်နယ်မြေဆီသို့ အမြန်ဆုံး ပြန်သွားကြခြင်းပင်။ သူတို့က စွမ်းအင်အနှစ်သာရကို နည်းနည်းလေးမှ အလဟဿ မဖြစ်စေချင်ပေ။
မိစ္ဆာသားရဲဘုရင်များ တစ်ကောင်ပြီးတစ်ကောင် ထွက်သွားကြကြောင်း သီရှီထျန် မြင်သွားသည်။ ယင်းက သူ့အတွက် ထူးဆန်းသော ကိစ္စမဟုတ်ပေ။
ဤအခိုက်အတန့်မှာ ဇာမဏီငှက်က အတောင်ပံတဖျပ်ဖျပ်ခတ်၍ စက်ကရာ၏ အရှေ့သို့ ပျံသန်းလာပြီး သူ့ကို တုံ့ဆိုင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ အကိုသီ… ကျူးအာလည်း ပြန်တော့မယ်… မဟုတ်ရင် အပြင်ထွက်လာတာ အရမ်းကြာသွားလို့ အမ စိတ်ပူနေလိမ့်မယ် ”
“ အင်း… ကျူးအာ… နောက်နောင် မင်းမှာ အချိန်ရှိမယ်ဆိုရင် ငါ့ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီ အလည်လာနိုင်တယ်… အဲ့ဒီအချိန်ကျရင် ငါတို့ပြန်တွေ့ကြမယ် ”
သီရှီထျန်က ခေါင်းညိတ်လိုက်ပြီး ဇာမဏီငှက်၏ တုံ့ဆိုင်းမှုအပေါ် တုံ့ပြန်လိုက်သည်။ ဤအတောအတွင်းမှာ ဇာမဏီငှက်က သူ့အပေါ် လေးနက်သောအမြင် ကျန်ရစ်စေသည်။ အထူးသဖြင့် သူခဏခဏပြောသော လျှို့ဝှက်ဆန်းကြယ်သည့် အမဆိုသူ ဖြစ်သည်။ ယင်းက သူ့ကို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေသည်။
“ အင်း… ကျူးအာ သေချာပေါက် လာခဲ့မယ် ”
ဇာမဏီငှက်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ သူက အတောင်ပံတဖျပ်ဖျပ်ခတ်၍ သိုလှောင်အိတ်တစ်လုံးကို ပါးစပ်ဖြင့် ကိုက်လိုက်သည်။ ထို့နောက် သူက တောင်ပိုင်းမြေရိုင်းဒေသ၏ အလယ်ဗဟိုဆီသို့ ပျံသန်းသွားသည်။
အချိန်တစ်ခဏကြာပြီးနောက် မိုးထိတောင်ပေါ်တွင် သီရှီထျန်နှင့် မဒူဆာ နှစ်ယောက်တည်း ကျန်ရှိတော့သည်။
“ ရှပ်… ရှပ် ”
မဒူဆာသည် တခြားမိစ္ဆာသားရဲဘုရင်များကဲ့သို့ ချက်ချင်း မထွက်သွားပေ။ ယင်းအစား သူက တခြားမိစ္ဆာသားရဲဘုရင်များ ထွက်သွားသည်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ ထို့နောက် သူက သီရှီထျန်ကို လှည့်ကြည့်လိုက်ပြီး သူ့ဆီသို့ လျှောက်သွားသည်။ သူလမ်းလျှောက်နေစဉ် သူ့ဦးခေါင်းပေါ်မှ ရောင်စုံမြွေများက ဂနာမငြိမ် ရွေ့လျားနေကြသည်။ မြွေတချို့က သူ့ပခုံးပေါ်သို့ လျှောဆင်းလာကြသည်။ သူ့မှာ ပြစ်ချက်မဲ့စွာ လှပသော ခန္ဓာကိုယ်ရှိသော်လည်း ယင်းက ကျောချမ်းဖွယ်ကောင်းသော မြင်ကွင်းဖြစ်သည်။
“ အမ် ”
သီရှီထျန်သည် မဒူဆာ၏ အပြုအမူကြောင့် အနည်းငယ် အံ့ဩသွားသည်။ သူက စိတ်ထဲမှာ ကိုယ့်ဘာသာ တွေးတောလိုက်သည်။
‘ မဒူဆာက တခြားမိစ္ဆာသားရဲဘုရင်တွေနဲ့အတူ မထွက်သွားဘူး… ဒါ့အပြင် သူက ငါ့ကို ကြည့်နေပြီး ငါ့ဆီ လျှောက်လာနေတယ်… သူ ဒီနေရာမှာ ဆက်နေနေတာ ငါ့ကြောင့်လား… သူ့မှာ ငါ့ကို ပြောစရာတစ်စုံတစ်ခု ရှိနေလို့လား… ဒါပေမဲ့ သူငါ့ကို ဘာပြောစရာရှိမှာလဲ… ဒီဟာက ပထမအကြိမ် ငါသူ့ကို တွေ့ဆုံဖူးတာပဲ… အရင်က ငါတို့ကြားမှာ ဘာပတ်သက်ဆက်နွယ်မှုမှ မရှိခဲ့ဘူး ’
သူက ယင်းကို စိတ်ထဲမှာသာ ပြောလိုက်သည်။ အပြင်ပန်းတွင် သူ၏ အမူအရာက နည်းနည်းမှ မပြောင်းလဲသွားပေ။ ယခင်ဘဝမှ သူ၏ အတွေ့အကြုံများကြောင့် သူသည် ပြန်လည်မွေးဖွားလာပြီးနောက် သူ၏ စိတ်ခံစားချက်များကို တခြားလူအရှေ့မှာ ဖော်ပြလေ့မရှိတော့ပေ။ သို့ဖြစ်၍ တစ်ဖက်လူသည် သူ၏ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းကို မျက်နှာအမူအရာမှတဆင့် ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ချေ။
သို့တိုင် သူက မဒူဆာကို စူးစမ်းလိုသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲမှာလည်း သတိထားမှု ရှိသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ကြွက်သားအားလုံးက မြွေများသဖွယ် လူးလွန့်နေပြီး သူ၏ ရုပ်ခန္ဓာကိုယ်က အထွတ်အထိပ် အခြေအနေမှာ ရှိနေသည်။ သူက အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားသည်။
“ အနာဂတ်မှာ နင် ဒီလိုကိစ္စမျိုး နောက်ထပ် မလုပ်မိတာ ကောင်းလိမ့်မယ်… မိစ္ဆာမျိုးနွယ်စုက မသေမျိုးကျင့်ကြံခြင်းလောကကို မရင်ဆိုင်နိုင်ဘူး… နောက်တစ်ခါ အခုလိုကိစ္စမျိုး ထပ်ဖြစ်လာရင် တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး ဖျက်ဆီးခံရလိမ့်မယ် ”
မဒူဆာသည် သီရှီထျန်၏ ဘေးသို့ လျှောက်သွားပြီး အေးတိအေးစက် လေသံဖြင့် ပြောသည်။
“ မင်းဘာကိုဆိုလိုတာလဲ ”
သီရှီထျန်၏ နှလုံးက ရုတ်တရက် တင်းကျပ်သွားသည်။ သူ၏ သူငယ်အိမ်များက ရုတ်တရက် ကျုံ့သွားသည်။ သူက မဒူဆာကို စိုက်ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ အသိစိတ်ထဲ၌ မုန်တိုင်းတစ်ခု ပေါ်ထွက်လာနေဟန် ရ၏။
မဒူဆာသည် သီရှီထျန်၏ စကားကို ဂရုမစိုက်ပေ။ သူက လေးနက်သော အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် သီရှီထျန်ကို ကြည့်လိုက်သည်။ သူက ဆက်ပြောသည်။
“ ငါဘာကိုဆိုလိုတာလဲ နင်ကောင်းကောင်း သိပါတယ်… မှတ်ထားပါ… ဒီကုန်းမြေမှာ မိစ္ဆာသားရဲတွေ ရှင်သန်နေထိုင်နိုင်တဲ့ နေရာက အများကြီး မရှိဘူး… နင့်မှာ ကျင့်ကြံဖို့ အရည်အချင်းရှိတယ်… နှစ်ပေါင်းရာနဲ့ချီ ကြာပြီးရင် နင်က မိစ္ဆာမျိုးနွယ်စုအတွက် ထောင့်တိုင်တစ်ခု ဖြစ်လာနိုင်လိမ့်မယ်… ခွန်အား… အရေးကြီးဆုံးက ခွန်အားပဲ… နင်အလုံအလောက်သန်မာရင် ဘာမဆိုလုပ်နိုင်တယ် ”
မဒူဆာသည် သူ့စကားဆုံးသည်နှင့် နေရာမှာ ရပ်တန့်မနေပေ။ သူက အရှေ့သို့ ဆက်ပြီး လျှောက်သွားသည်။ သူက သီရှီထျန်ကို ဖြတ်ကျော်သွားပြီး သူ့အရှေ့မှ တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ထူထဲသော တောအုပ်ထဲ၌ ပျောက်ကွယ်သွားသည်။
အစောနက သူပြောခဲ့သော စကားများသည်သာ သီရှီထျန်၏ စိတ်ထဲ၌ ဆက်ပြီး ထွက်ပေါ်နေသည်။ ထိုစကားများထဲမှာ လေးနက်သော အဓိပ္ပာယ်တစ်ခု ကိန်းအောင်းနေဟန် ရ၏။
သီရှီထျန်သည် မဒူဆာ၏ ထွက်ခွာမှုကို မတားဆီးပေ။
သို့သော် သူ့နှလုံးက ပြင်းထန်စွာ တုန်ယင်နေသည်။
“ မဒူဆာက တစ်စုံတစ်ခုကို သတိထားမိသွားတာကြောင့် ငါ့အပေါ် အာရုံစိုက်လာတာ ဖြစ်မယ်… ဒါပေမဲ့ နှစ်ပေါင်းရာချီကြာအောင် ငါစောင့်မနေနိုင်ဘူး… သာမန်မိစ္ဆာသားရဲတွေက ကျင့်ကြံဖို့ အချိန်အများကြီး လိုအပ်လိမ့်မယ်… ဒါပေမဲ့ ငါက သာမန်မိစ္ဆာသားရဲ မဟုတ်ဘူး… ငါ့ဆီမှာ ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်၊ မိစ္ဆာသန့်စင်ခြင်းမီးဖိုနဲ့ အရေအတွက်ရာထောင်ချီတဲ့ ကျင့်ကြံသူအလောင်းတွေ ရှိတယ်… အဲ့ဒီအလောင်းတွေကို ငါသန့်စင်မယ်ဆိုရင် ငါမြန်မြန်ဆန်ဆန် အင်အားကြီးမားလာလိမ့်မယ်… မေမေကျားဖြူနဲ့ တခြားလူတွေ အခုချိန် ဘယ်လိုဖြစ်နေမလဲ ငါသိချင်မိတယ် ”
မေမေကျားဖြူနှင့် သူ့ညီငယ်ညီမငယ်အကြောင်း စဉ်းစားလိုက်သည့်အခါ သီရှီထျန်၏ မျက်လုံးထဲမှ အကြည့်က ပိုပြီးစိတ်ဓာတ်ပြတ်သားလာသည်။ သူလျှောက်နေသော လမ်းက မှားနေသည်ဟု တစ်ခါမှ သူသံသယမဖြစ်ပေ။
ဤတစ်ကြိမ်တွင် သူက ကျင့်ကြံသူရာထောင်ချီကို တစ်ခါတည်း သတ်ဖြတ်ရန် အမှန်တကယ် ထောင်ချောက်တစ်ခု ဆင်ခဲ့သည်။ သို့သော် သူက အကြောင်းမဲ့သက်သက် ထိုသို့လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ ထိုကျင့်ကြံသူများက သူ၏ အသက်အန္တရာယ်နှင့် နေရပ်ကို ခြိမ်းခြောက်လာသောကြောင့် ထိုသို့ပြင်းထန်စွာ သူတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်လာသော အရာများကို လွယ်လွယ် သူအလွတ်မပေးနိုင်ပေ။ အဆူးကို အမြန်ဆုံး ဖယ်ရှားပစ်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
ထို့ပြင် သူက အမြန်ဆုံး စွမ်းအားတိုးပွားချင်သည်။ ပုံမှန်အတိုင်း သူကျင့်ကြံမည်ဆိုလျှင် ဆယ်စုနှစ်အနည်းငယ် သို့မဟုတ် ရာစုနှစ်တစ်ခု ကြာမြင့်လိမ့်မည်။ ထိုမျှအချိန်အကြာကြီး သူမစောင့်နိုင်ပေ။ အထူးသဖြင့် သူ့ဆီမှာ မိစ္ဆာသန့်စင်ခြင်းမီးဖို ရှိနေသည့်အခါ သူက အမြန်ဆုံး စွမ်းအားတိုးပွားနိုင်မည့် နည်းလမ်းကိုသာ ရွေးချယ်ချင်သည်။
မှန်ပေ၏။ ယခု သူ့ဆီမှာ ကျင့်ကြံသူအလောင်းရာထောင်ချီ ရှိသွားသည်။ သို့သော်လည်း ယင်းတို့ကို သန့်စင်ခြင်းသည် နေ့ချင်းညချင်း ဆောင်ရွက်နိုင်သောအရာ မဟုတ်ပေ။ ထိုအတွက် အချိန်ကာလတစ်ခု ကြာမြင့်လိမ့်မည်။
“ မိစ္ဆာတွေ… တကယ်လို့ မိစ္ဆာတွေ ပိုပြီးသန်မာချင်တယ်ဆိုရင် အရာရာကို ကြောက်နေလို့ မဖြစ်ဘူး… ငါတို့အနောက်ဆုတ်ပေးလေ ပိုပြီးအနိုင်ကျင့်ခံရလေပဲ… အနေနဲ့အမြန် ဒီလောကကြီးကို ငါအသိပေးမယ်… မိစ္ဆာတွေ ပိုပြီးသန်မာချင်တယ်ဆိုရင် သတ်ရဲဖြတ်ရဲတဲ့ သတ္တိရှိဖို့ လိုတယ်ဆိုတာ… ”
သီရှီထျန်က စိတ်ထဲမှာ တိတ်တဆိတ် တွေးလိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ နက်နဲသိမ်မွေ့သောအလင်း ထွက်ပေါ်နေသည်။
သူက မိုးထိတောင်ပေါ်မှာ ကြာကြာမနေပေ။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ အမြန်ပြန်သွားသည်။
ဤကိစ္စသည် အစမှအဆုံးအထိ လေးငါးရက်သာ ကြာမြင့်ခဲ့သော်လည်း ယင်း၏ ကြီးမားမှုက အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည်။ သီရှီထျန်သည် တောအုပ်ထဲမှာ တိတ်တဆိတ် လမ်းလျှောက်နေရင်း ဤအတောအတွင်း ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးလိုက်သည်။
ယေဘုယျအားဖြင့်ဆိုရသော် ဤတစ်ကြိမ် သူ၏ ရိတ်သိမ်းမှုက လုံးဝ မသေးငယ်ပေ။
ပထမဆုံးအနေနှင့် သူ၏ ဦးခေါင်းပေါ်မှာ ပျံဝဲနေသော အန္တရာယ်ကို ဖြေရှင်းနိုင်ခဲ့သည်။ မသေမျိုးကျင့်ကြံသူများ သူ့အား ပြဿနာလာရှာမည်ကို အချိန်ကာလတစ်ခုအထိ သူစိုးရိမ်နေရန် မလိုတော့ပေ။ အနည်းဆုံးတော့ သူသည် နှစ်အနည်းငယ်ကြာအောင် အေးအေးချမ်းချမ်း ကျင့်ကြံနိုင်လိမ့်မည်။ ထိုသို့အေးချမ်းစွာ ကျင့်ကြံနိုင်မည့် အချိန်သည် သူ့အတွက် အလွန်တန်ဖိုးကြီးမားပေသည်။
ထို့ပြင် သူက မသေမျိုးကျင့်ကြံသူများ၏ အလောင်းခန္ဓာကိုယ်များကို ရရှိခဲ့သည်။ ယင်းက သူ့အတွက် ကြီးမားသော ကံကြမ္မာကောင်း ဖြစ်သည်။ သူက မသေမျိုးကျင့်ကြံသူများ၏ အသုံးအဆောင်ပစ္စည်းများနှင့် ရတနာများကိုလည်း ရရှိခဲ့သည်။ ယင်းက သူ၏ အနာဂတ် အခြေခံအုတ်မြစ်ကို တောင့်တင်းခိုင်မာစေလိမ့်မည်။ သူ၏ ကျင့်ကြံခြင်းသည်လည်း အလျှင်အမြန် တိုးမြှင့်သွားလိမ့်မည်။
နောက်ဆုံးအနေနှင့် သူက ဤအခွင့်အရေးကို အသုံးချ၍ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်အားလုံးနှင့် တွေ့ဆုံနိုင်ခဲ့သည်။ ဤတိုက်ပွဲတွင် သူတို့က တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် သိကျွမ်းသွားကြသည်။ ယခု သူက တောင်ပိုင်းမြေရိုင်းဒေသ၏ အင်အားအကြောင်း ကောင်းမွန်စွာ နားလည်သွားသည်။ အရေးကြီးဆုံးမှာ သူက တောင်ပိုင်းမြေရိုင်းဒေသ၏ အဖွဲ့ဝင်တစ်ယောက် အမှန်တကယ် ဖြစ်လာသည်။ ယခုအချိန်မှစ၍ သူက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သူ့ကိုယ်ပိုင်အခြေခံအုတ်မြစ်ကို တရားဝင် တည်ဆောက်နိုင်တော့မည်။
ထိုထဲမှ မည်သည့်အကျိုးအမြတ်မဆို သူ့အတွက် အလွန်တန်ဖိုးကြီးမားပေသည်။ သို့သော်လည်း သီရှီထျန်က ယင်းတို့အားလုံးကို တစ်ခါတည်း ရရှိသွားခဲ့သည်။ ယင်းက ယခင်ဘဝတွင် သူအသုံးပြုခဲ့ဖူးသော စီးပွားရေးနည်းလမ်းများနှင့် ဆင်တူပေသည်။
တောအုပ်ထဲမှာ မြန်ဆန်စွာ လမ်းလျှောက်နေစဉ် သူ၏ ဧရာမခန္ဓာကိုယ်က တဖြည်းဖြည်း အရွယ်အစားကျုံ့သွားသည်။ နောက်ဆုံးမှာ သူက သာမန်ကျားတစ်ကောင်၏ အရွယ်အစားသို့ ပြန်ရောက်သွားသည်။
သူက တွေးတောနေရင်း မြန်ဆန်စွာ ပြေးသည်။ မကြာမီ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
သူက လှိုဏ်ခေါင်းကို ဖြတ်၍ ချိုင့်ဝှမ်းထဲသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။ သူက ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်လေရာ ကျယ်လောင်သော လင်းတအော်သံကို ကြားလိုက်ရ၏။ ဝေဟင်ပေါ်၌ ပျံဝဲနေသော ယင်းခုန်း၏ ဧရာမခန္ဓာကိုယ်သည် အောက်သို့ အမြန်ထိုးဆင်းလာပြီး သီရှီထျန်၏ အရှေ့မှာ ရပ်လိုက်သည်။
သူ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားသော အရိပ်အယောင် ထွက်ပေါ်လာပြီးလျှင် ယင်းခုန်းက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ အရှင်မင်းကြီး… နောက်ဆုံးတော့ ပြန်ရောက်လာပြီ ”
ယင်းခုန်း၏ လေသံထဲမှာ စိတ်လှုပ်ရှားမှုအပြင် စိတ်သက်သာရာရသော ခံစားမှုလည်း ပါရှိသည်။ ယင်းက သူ့နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဤသည်မှာ စက်ကရာ၏ ပြန်ရောက်လာမှုက သူ့ကို ချက်ချင်း စိတ်အေးသွားစေသည့်အလားပင်။
***