သို့သော် မိစ္ဆာကျင့်ကြံသူများက ကွဲပြားခြားနားကြသည်။ သူတို့သည် အမြူတေဖွဲ့စည်းသွားသည့်အခါ အသွင်သဏ္ဍာန်ပြောင်းလဲခြင်း ကပ်ဘေးဒုက္ခကို ရင်ဆိုင်ကြရလိမ့်မည်။ သူတို့သည် အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးနောက် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ (၉)ဆင့်ကို ဖြတ်ကျော်ကြရလိမ့်မည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခတစ်ဆင့်စီသည် ငရဲဘုံဂိတ်တံခါးကို ဖြတ်ကျော်ရသကဲ့သို့ အလွန်ခက်ခဲသည်။ အကယ်၍ သူတို့က အလုံအလောက်မသန်မာလျှင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ မိုးကြိုးပစ်ချက်အောက်မှာ ပြာဖြစ်သွားလိမ့်မည်။ ထို့ပြင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ စွမ်းအားသည် တစ်ကြိမ်ပြီးသွားတိုင်း ပိုပြီးသန်မာလာလိမ့်မည်။ အကြိမ်တိုင်းမှာ ယင်းက ယခင်ကောင်းကင်ဘုံကပ်ဘေးဒုက္ခထက် အများကြီး ပိုကြောင်းစရာကောင်းလိမ့်မည်။
ငှက်များနှင့် တိရိစ္ဆာန်များသည် မိစ္ဆာဖြစ်လာရန် လွယ်ကူကြသည်။ သို့သော် ဝိညာဉ်သစ်ပင်များနှင့် ပန်းပင်များအတွက်မူ မိစ္ဆာဖြစ်လာရန် အလွန်ခက်ခဲပေသည်။ အဘယ့်ကြောင့်ဆိုသော် ပထမကောင်းကင်ဘုံကပ်ဘေးဒုက္ခတွင် သူတို့သည် နေရာမှ ဆန္ဒရှိသည့်အတိုင်း မရွေ့လျားနိုင်ပေ။
ဝိညာဉ်သစ်ပင်များသည် ငှက်များနှင့် တိရိစ္ဆာန်များကဲ့သို့ သူတို့ဆန္ဒရှိသကဲ့သို့ အပြည့်အစုံ အသွင်မပြောင်းလဲနိုင်ကြပေ။ ယင်းအစား သူတို့၏ ခန္ဓာကိုယ်တစ်ပိုင်းသာလျှင် ရုပ်အသွင်ပြောင်းလဲနိုင်ပေသည်။ မူလခန္ဓာကိုယ်သည်တော့ မြေကြီးထဲမှာ ဆက်ပြီး အမြစ်တွယ်နေရဦးလိမ့်မည်။ ထို့ကြောင့် သူတို့သည် ဆန္ဒရှိသကဲ့သို့ နေရာမှ မရွေ့လျားနိုင်ကြချေ။
ပထမဆုံး မိစ္ဆာကပ်ဘေးဒုက္ခ(၁၉)ခုကို ဖြတ်ကျော်ပြီး သူ၏ မူလခန္ဓာကိုယ်က အပြည့်အစုံ ရုပ်အသွင်ပြောင်းလဲသွားမှသာလျှင် သူတို့က ထိုကန့်သတ်ချုပ်နှောင်မှုကို ချိုးဖြတ်နိုင်ကြလိမ့်မည်။
ထို့ကြောင့် ပထမကောင်းကင်ကပ်ဘေးဒုက္ခသည် အပင်ကျင့်ကြံသူများအတွက် အလွန်အရေးကြီးသည်။
“ ကောင်းကင်ကပ်ဘေးဒုက္ခကို အမ သေချာပေါက် ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျူးအာ ယုံကြည်တယ်… အဲ့ဒီအချိန်ကျရင် အမက ဒီချိုင့်ဝှမ်းထဲကနေ ဆန္ဒရှိသလို ထွက်သွားနိုင်လိမ့်မယ်… အဲ့ဒီမသေမျိုးကျင့်ကြံသူတွေက အမရဲ့ ပြိုင်ဘက်မဖြစ်နိုင်ပါဘူး ”
ဇာမဏီငှက်သည် သူ့အမပေါ်မှာ မယိမ်းယိုင်သော အကြွင်းမဲ့ ယုံကြည်မှုရှိကြောင်း ထင်ရှား၏။
ယင်းကို ကြားသောအခါ မိန်းမပျိုလေးက ခပ်ရေးရေး ပြုံးလိုက်သည်။ အကြောင်းအရင်းကို သူမသိသော်လည်း ထိုအခိုက်အတန့်မှာ ပုံရိပ်တစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ဖော်မပြနိုင်သော ထူးထူးဆန်းဆန်း အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ အရမ်း… အရမ်းသန်မာတယ် ”
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင် သီရှီထျန်သည် သူ့နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံး၏ အပြောင်းအလဲများကို စစ်ဆေးကြည့်နေရင်း ရုတ်တရက် အသိပြန်ဝင်သွားသည်။ ခရမ်းရောင်အလင်း၏ ဖုံးလွှမ်းမှုအောက်မှာ သူ့အရှေ့မှ ရာထောင်ချီသော ဝိညာဉ်များက ဘုရင်စာလုံးထဲသို့ အဆက်မပြတ် ဝင်ရောက်သွားကြသည်။
ဝိညာဉ်တစ်ကောင် ဝင်ရောက်သွားတိုင်း သူ၏ ဘုရင်စာလုံးထံမှ စွမ်းအားက အနည်းငယ် တိုးပွားသွားကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။
ထိုဝိညာဉ်များသည် ခရမ်းရောင်ရေကန်ထဲသို့ ဝင်ရောက်သွားပြီးနောက် မြွေများသဖွယ် အရေခွံလဲသွားကြဟန် ရ၏။ ထို့နောက် သူတို့က ခရမ်းရောင်ရေကန်နှင့် အပြည့်အဝ ပေါင်းစည်းသွားကြသည်။ ဝိညာဉ်အားလုံးက ဘုရင်စာလုံးထဲသို့ ဝင်ရောက်သွားသည့်အခါ သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးထဲတွင် အစွမ်းထက်အင်အားတစ်ခု တည်ရှိနေကြောင်း စက်ကရာ ရှင်းလင်းစွာ အာရုံခံမိသွားသည်။ သို့သော်လည်း မည်သို့သူကြိုးစားပါစေ ထိုအင်အားကို အပြင်ဘက်သို့ မထုတ်လွှတ်နိုင်ပေ။ ယင်းက သူ့အတွက် နောင်တရစရာပင်။
“ ဂရား ”
စက်ကရာ၏ မိစ္ဆာအာရုံက ဘုရင်စာလုံးထဲသို့ ဝင်ရောက်သွားသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ လွှမ်းမိုးဗိုလ်ကျသော သားရဲအရှိန်အဝါကို သူမချုပ်တည်းထားပေ။ ယင်းအစား သူက တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။ ထိုစဉ် သူ၏ ခန္ဓာကိုယ်က ရုတ်တရက် အရွယ်အစားကြီးမားသွားသည်။
“ ဝှစ်… ဝှစ်… ဘန်း… ဘန်း ”
အသက်ရှူချိန်အနည်းငယ်အတွင်းမှာ ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားက ပြင်းထန်စွာ တုန်ယင်သွားပြီး မြန်ဆန်စွာ ကြီးထွားလာနေသော သူ့ခန္ဓာကိုယ်၏ တွန်းထုတ်ခံလိုက်ရသည်။ ထို့ကြောင့် ခပ်အုပ်ခုပ် ပေါက်ကွဲသံများက သူ၏ ဘေးပတ်ဝန်းကျင်မှာ ဆက်တိုက် ထွက်ပေါ်လာသည်။
လျှပ်တစ်ပြက်အတွင်းမှာ သူက မူလပေငါးဆယ်အမြင့်သို့ ပြန်ကြီးထွားသွားသည်။
သူက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး သူ့အရှေ့မှ လေကို အကြမ်းပတမ်း စုပ်သွင်းလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ အတွေးတစ်ချက်ကြောင့် သူ၏ မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုက ချက်ချင်း မြန်ဆန်စွာ လှည့်ပတ်သွားသည်။ လှည့်ပတ်မှုက အလွန်မြန်ဆန်လေရာ မိစ္ဆာသန့်စင်ခြင်းမီးဖို၏ ဘေးမှာ ဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။ ဝဲကတော့က မြန်ဆန်စွာ လှည့်ပတ်နေစဉ် အံ့ဖွယ်ကောင်းသော စုပ်အားတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။
သွေးဆာလောင်သော ကျားပါးစပ်က ဝေလငါးပါးစပ်သဖွယ် ဖွင့်ဟသွားသည်။
မြေပြင်ပေါ်မှာ လဲလျောင်းနေကြသော ကျင့်ကြံသူအလောင်းများသည် သူ၏ ပါးစပ်ထဲသို့ မြားများသဖွယ် စုပ်ယူခံလိုက်ကြရသည်။ ထို့နောက် သူတို့က ဝဲကတော့၏ စုပ်ယူမှုကြောင့် မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။ ထုံးစံအတိုင်းပင် သူတို့သည် မိစ္ဆာသန့်စင်ခြင်းမီးဖို၏ စုပ်ယူခံရပြီးနောက် အရွယ်အစား ကျုံ့သွားကြသည်။
မိစ္ဆာသန့်စင်ခြင်းမီးဖိုသည် ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်များသာလျှင် ပိုင်ဆိုင်နိုင်သော တမူထူးခြားမှု ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုပြီးတစ်ခု ဆက်တိုက် စုပ်ယူခံနေရသော်လည်း မိစ္ဆာသန့်စင်ခြင်းမီးဖိုက မပြည့်သွားပေ။ ဤသည်မှာ မိစ္ဆာသန့်စင်ခြင်းမီးဖိုက အောက်ခြေမရှိသော တွင်းနက်တစ်ခုဖြစ်သည့်အလားပင်။ ယင်းက အရွယ်အစားသေးငယ်ပုံပေါ်သော်လည်း အတွင်းဘက်၌ အလွန်ကျယ်ပြောသော နယ်မြေလွတ်တစ်ခု ရှိနေသည်။
ဤလုပ်ဆောင်မှုတွင် အလောင်းများက နယ်မြေလွတ်၏ ဝါးမျိုခံလိုက်ရသည့်အလားပင်။
ဆယ်ငါးမိနစ်ကြာပြီးနောက် အလောင်းအများစုက မိစ္ဆာသန့်စင်ခြင်းမီးဖို၏ စုပ်ယူခံလိုက်ရသည်။ သူ၏ အရှေ့တွင် အလောင်းတစ်ရာခန့်သာ ကျန်ရှိတော့မှ သီရှီထျန်က နောက်ဆုံးမှာ ရပ်တန့်လိုက်သည်။ သူက သာမန်ကျားတစ်ကောင်၏ အရွယ်အစားသို့ ပြန့်ကျုံ့သွားပြီးလျှင် ချီဟောင်နှင့် တခြားသားရဲဘုရင်များကို ကြည့်လိုက်သည်။
“ အဲ့ဒီခန္ဓာကိုယ်တွေကို မင်းတို့ငါးကောင် ခွဲဝေယူလိုက်ကြပါ… မှတ်ထားပါ… အဲ့ဒါတွေကို မသိမ်းထားဘဲ အမြန်ဆုံး ဝါးမျိုရမယ်… သူတို့ကို များများဝါးမျိုနိုင်လေ မင်းတို့အတွက် ပိုပြီးအကျိုးရှိလေပဲ… ပြီးတော့ ဒီအတောအတွင်းမှာ လူတိုင်း ချိုင့်ဝှမ်းထဲမှာပဲနေပြီး တစိုက်မတ်မတ် ကျင့်ကြံရမယ်… တစ်နှစ်အတွင်း မိစ္ဆာသားရဲဖြစ်လာနိုင်အောင် အကောင်းဆုံး ကြိုးစားကြပါ… အနာဂတ်မှာ တောင်ပိုင်းမြေရိုင်းဒေသက အကြီးကြီး ပြောင်းလဲသွားလိမ့်မယ်… မင်းတို့တွေ မိစ္ဆာသားရဲမဖြစ်လာဘူးဆိုရင် ကိုယ့်အသက်ကို ကိုယ်ကာကွယ်နိုင်မှာ မဟုတ်ဘူး ”
သီရှီထျန်က တည်ကြည်လေးနက်သော အသံဖြင့် ပြောသည်။ မသေမျိုးကျင့်ကြံသူများကို တိုက်ခိုက်ရန် သူဆုံးဖြတ်လိုက်ကတည်းက အနှေးနှင့်အမြန် တောင်ပိုင်းမြေရိုင်းဒေသက ကပ်ဘေးကြုံလာနိုင်ကြောင်း ကြိုတင်တွက်ဆထားခဲ့သည်။ ယခု သူက လောလောဆယ် အေးချမ်းနေသည့် အချိန်ကာလကို အသုံးချ၍ သူ၏ ခွန်အားကို အမြန်ဆုံး တိုးမြှင့်ရမည်။
စက်ကရာသည် ခွန်အားကို တိုးမြှင့်ရန်မှလွဲ၍ တခြားမည်သည့်အရာကိုမှ မစဉ်းစားနိုင်သေးပေ။
“ အရှင်မင်းကြီး… တစ်စုံတစ်ခု ဖြစ်လာတော့မှာလား… အဲ့ဒါ ကျင့်ကြံသူတွေနဲ့ သက်ဆိုင်နေတာလား ”
ယင်းကို ကြားသောအခါ ချီဟောင်က အလျင်စလို မေးသည်။ ကပ်ဘေးနှင့်ပတ်သက်၍ သူက မသေမျိုးကျင့်ကြံသူများအကြောင်း ချက်ချင်း တွေးမိသွားသည်။ ယင်းကို သူစဉ်းစားမိသည်နှင့် သူ၏ မျက်လုံးက ရုတ်တရက် နီရဲသွားပြီး သူ၏ အသက်ရှူသံက ပြင်းထန်လာသည်။ မီးပွားမီးစတချို့သည်ပင် သူ၏ နှာခေါင်းပေါက်ထဲမှ ထွက်ပေါ်လာသည်။
" အရှင်မင်းကြီး "
ပိုင်စုစုနှင့် တခြားသားရဲဘုရင်များသည်လည်း တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။
“ လောလောဆယ် အဲ့ဒီကိစ္စကို မင်းတို့စိတ်ပူစရာမလိုသေးဘူး… အချိန်ကို အကျိုးရှိရှိ အသုံးချပြီး တစိုက်မတ်မတ် ကျင့်ကြံဖို့ပဲ အာရုံစိုက်ထားပါ… ယွမ်ထျန်း… မင်းကတော့ မျောက်မင်းဝိုင်ကို ချက်လုပ်ဖို့လည်း အာရုံစိုက်ရမယ်… မျောက်မင်းဝိုင်ရဲ့ အကူအညီနဲ့ဆိုရင် မင်းတို့တွေ ဒီတစ်နှစ်အတွင်း သေချာပေါက် မိစ္ဆာသားရဲတွေ ဖြစ်လာနိုင်ကြလိမ့်မယ်… မင်းတို့တွေ နည်းနည်းလေးတောင် အချောင်ခိုနေလို့ မဖြစ်ဘူး ”
စက်ကရာသည် အနာဂတ်အကြောင်း အများကြီး စဉ်းစားမနေပေ။ လောလောဆယ်တွင် သူ၏ နှလုံးသားထဲမှာ အစီအစဉ်တစ်ခု အကြမ်းဖျဉ်းရှိနေပြီ ဖြစ်၏။
ယွမ်ထျန်းသည် ခေါင်းကုတ်လိုက်ပြီး အော်ပြောလိုက်သည်။
“ စိတ်ချပါ အရှင်မင်းကြီး… မျောက်မင်းဝိုင်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းအားလုံးကို ရောသမမွှေပြီးပါပြီ… နောက်နှစ်ရက်ကြာပြီးရင် ဒီငယ်သားက မျောက်မင်းဝိုင်ကို စတင်ချက်လုပ်နိုင်ပါပြီ… လအနည်းငယ်အတွင်းမှာ ဒီငယ်သားက အရှင်မင်းကြီးရှေ့တော်ဆီ မျောက်မင်းဝိုင်ကို ဆက်သပါမယ် ”
ယခု သူ့ဆီမှာ မျောက်မင်းဝိုင်ချက်လုပ်ရာတွင် လိုအပ်သော အပင်အမျိုးမျိုး၊ သစ်သီးသစ်ဖုအမျိုးမျိုးနှင့် ဆေးဖက်ဝင်အပင်အမျိုးမျိုး ရှိသည်။ ထို့ပြင် အရေးကြီးဆုံး ပါဝင်ပစ္စည်းဖြစ်သော ဝိုင်သစ်သီးသည်လည်း ဤနေရာမှာ အများအပြား ရှိသည်။
ဝိုင်သစ်သီးသည် အလွန်ထူးခြားသော သစ်သီးတစ်မျိုးဖြစ်သည်။ ယင်းက ဝိုင်သစ်ပင်ဟု ခေါ်သော အပင်ပေါ်မှာသာ အသီးသီးသည်။ ဝိုင်သစ်သီးကို တစ်ကိုက် ကိုက်လိုက်လျှင် လတ်ဆတ်သော သစ်သီးအရည်က စီးကျလာလိမ့်မည်။ ထိုသစ်သီးအရည်သည် ဝိုင်ဖန်တီးရာတွင် မပါမဖြစ်သော အဓိကပစ္စည်း ဖြစ်သည်။ သစ်သီးအရည်၏ အရသာသည် ဝိုင်ကဲ့သို့ ပြင်းရှပြီး လတ်ဆတ်သည်။
သာမန်လူတစ်ယောက်က ဝိုင်သစ်သီးကို စားသုံးလိုက်မည်ဆိုလျှင် သုံးရက်သုံးညကြာအောင် ယဇ်မူးနေလိမ့်မည်။ အာနိသင်ပြေသွားမှသာ သူက အသိပြန်ဝင်လာပြီး နိုးလာလိမ့်မည်။
တမူထူးခြားသော ဝိုင်သစ်သီးမရှိလျှင် အစစ်အမှန် မျောက်မင်းဝိုင်ကို ချက်လုပ်ရန် လုံးဝ မဖြစ်နိုင်ပေ။
“ အရမ်းကောင်းတယ် ”
ယင်းကို သီရှီထျန်ကြားသောအခါ သူက စိတ်ထဲမှာ ဝမ်းသာပျော်ရွှင်သွားပြီး ခေါင်းညိတ်လိုက်သည်။
မျောက်မင်းဝိုင်၏ အကူအညီဖြင့်ဆိုလျှင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းတစ်ခုလုံး၏ အင်အားက သေချာပေါက် မြန်မြန်ဆန်ဆန် တိုးမြှင့်သွားလိမ့်မည်။
သူ၏ ညွှန်ကြားမှုအောက်မှာ ချီဟောင်နှင့် တခြားသားရဲဘုရင်များသည် ကျင့်ကြံသူအလောင်းတချို့ကို ယူဆောင်၍ သူတို့၏ ကိုယ်ပိုင်နယ်မြေဆီသို့ မြန်ဆန်စွာ ပြန်သွားကြသည်။ အကယ်၍ သူတို့က ထိုခန္ဓာကိုယ်များကို အချိန်မီ မသန့်စင်နိုင်လျှင် ယင်းတို့၏ စွမ်းအင်အနှစ်သာရက အလေအလွင့်ဖြစ်သွားလိမ့်မည်။
သီရှီထျန်သည်လည်း သူ့ကိုယ်ပိုင်လှိုဏ်ဂူဆီသို့ ပြန်သွားပြီး နူးညံ့သော သားရဲအမွှေးပေါ်မှာ လဲလျောင်းလိုက်သည်။
သူ၏ အရှေ့၌ သိုလှောင်အိတ်က လင်းလက်သွားလေရာ လျှို့ဝှက်ဆန်းကြယ်သော ထျန်းအင်ပါယာရတနာသေတ္တာက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။
ရတနာသေတ္တာပေါ်မှ ပဟေဠိတစ်စိတ်တစ်ပိုင်းက ယခု ပြီးမြောက်သွားပြီ ဖြစ်၏။ ထိုသေးငယ်သော အပိုင်းသည် တခြားနေရာများနှင့် ကွဲပြားခြားနားသည်။ ယင်းက ရောင်စုံအလင်းကို ထုတ်လွှတ်ပေးနေသည်။
“ ဒီကိစ္စဖြစ်ပြီးနောက် တောင်ပိုင်းမြေရိုင်းဒေသက အချိန်တစ်ခုအထိတော့ ငြိမ်းချမ်းနေလိမ့်မယ်… အခု ငါက ထျန်းအင်ပါယာရတနာသေတ္တာရဲ့ ပဟေဠိအကြောင်း အကြမ်းဖျဉ်းသိသွားပြီ… ငါ့မှာ နောက်ထပ် အချိန်တစ်လရှိမယ်ဆိုရင် ရတနာသေတ္တာပေါ်က ပဟေဠိကို သေချာပေါက် ငါဖြေရှင်းနိုင်လိမ့်မယ်… ရတနာသေတ္တာက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်… သေတ္တာထဲက ရတနာက လုံးဝ သာမန်မဖြစ်နိုင်ဘူး… အဲ့ဒါက ငါ့ရဲ့ ကျင့်ကြံခြင်းကို ကူညီပေးနိုင်လောက်တယ် ”
သီရှီထျန်က ထျန်းအင်ပါယာရတနာသေတ္တာကို ကြည့်လိုက်လေရာ စိတ်ဓာတ်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ရတနာသေတ္တာပေါ်မှ ပဟေဠိသည် အလွန်အမင်း ခက်ခဲသည်။ ဤအတောအတွင်းမှာ သူက အချိန်အားလပ်သည့်အခါတိုင်း စိတ်ထဲမှာ ပဟေဠိကို ဖြေရှင်းရန် တွေးတောစဉ်းစားခဲ့သည်။ အချိန်တစ်ခုကြာပြီးနောက် ပဟေဠိကို မည်သို့ဖြေရှင်းသင့်ကြောင်း အကြမ်းဖျဉ်း သူနားလည်သွားသည်။
ဤရက်ပိုင်းမှာ သူအလုပ်များနေသောကြောင့်မဟုတ်လျှင် သူက ရတနာသေတ္တာပေါ်မှ ပဟေဠိကို တိတ်တဆိတ် ဖြေရှင်းနေလိမ့်မည်။ ရတနာသေတ္တာက လျှို့ဝှက်ဆန်းကြယ်လေရာ သေတ္တာထဲမှ ရတနာသည်လည်း သေချာပေါက် လျှို့ဝှက်ဆန်းကြယ်ရမည်။ ထို့ကြောင့် သူက သေတ္တာထဲမှ ရတနာကို အလွန်စိတ်ဝင်စားနေသည်။
ယခု သူ့ကို စိတ်အနှောင့်အယှက်ပေးနေသည့် ပြဿနာက ပြီးဆုံးသွားပြီဖြစ်လေရာ နောက်ဆုံးမှာ စက်ကရာက စိတ်ဆုံးဖြတ်ချက်ချလိုက်သည်။ သူက နောက်ရက်များတွင် ရတနာသေတ္တာပေါ်မှ ပဟေဠိကို ဖြေရှင်းပြီး ရတနာသေတ္တာထဲမှ လျှို့ဝှက်ချက်ကို ဖော်ထုတ်မည်။
***