သီရှီထျန်သည် နောက်တစ်လ သို့မဟုတ် နှစ်လအတွင်း ပဟေဠိကို ပြီးမြောက်စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ချက်ရှိသည်။
သူ၏ ယုံကြည်ချက်သည် ပဟေဠိကို ဖြေရှင်းရန် သူ့ခေါင်းထဲမှာ သိမ်းဆည်းထားသော ဖြစ်နိုင်ခြေအမျိုးမျိုးထံမှ မြစ်ဖျားခံသည်။ ယခု ပဟေဠိအပိုင်းအစများကို ထပ်မံ သူတွဲဆက်လိုက်သည့်အခါ ခက်ခဲမှုအတိုင်းအတာက သိသာစွာ လျော့ကျသွားသည်။ ပဟေဠိကို အောင်မြင်စွာ ဖြေရှင်းရန်သည် သူ့အတွက် မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။ မည်သို့ဖြစ်ပါစေ ယင်းကို အမှန်တကယ် သူပြီးမြောက်ချင်သည်ဆိုလျှင် လအနည်းငယ် ကြာမြင့်လိမ့်မည်။
သို့သော်လည်း ထျန်းအင်ပါယာရတနာသေတ္တာထဲမှ လျှို့ဝှက်ဆန်းကြယ်သော ရတနာအတွက် လအနည်းငယ်ကြာ သူအပင်ပန်းခံရခြင်းက ကြီးမားသော ကိစ္စမဟုတ်ပေ။ ထို့ပြင် ယခု သူ၏ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှာ အရေအတွက်များပြားသော ကျင့်ကြံသူအလောင်းများ ရှိနေသည်။ သူကိုယ်တိုင် ကြိုးစားပမ်းစား မကျင့်ကြံလျှင်ပင် မိစ္ဆာသန့်စင်ခြင်းမီးဖိုက သူ့ဘာသာ အလိုအလျောက် လှည့်ပတ်နေပြီး အလောင်းများ၏ အသွေးအသားထဲမှ စွမ်းအင်အနှစ်သာရကို သန့်စင်သော မိစ္ဆာချီအဖြစ် အစဉ်မပြတ် သန့်စင်ပေးလိမ့်မည်။ ထိုလုပ်ငန်းစဉ်သည် သူကိုယ်တိုင် ကျင့်ကြံခြင်းထက် အများကြီး မနှေးပေ။
အတိုချုပ်ဆိုရသော် ထျန်းအင်ပါယာရတနာသေတ္တာ၏ ပဟေဠိကို ဖြေရှင်းခြင်းက သူ၏ ကျင့်ကြံခြင်းအပေါ် အဟန့်အတား မဖြစ်စေပေ။ ထိုလုပ်ငန်းစဉ်နှစ်ခုက အပြန်အလှန် သက်ရောက်မှုမရှိကြပေ။
အရိုးသာဆုံးဝန်ခံရလျှင် သီရှိထျန်သည် ထျန်းအင်ပါယာရတနာသေတ္တာကို သူ့ကိုယ်ပေါ်မှာ သိမ်းဆည်းထားရာတွင် မလုံခြုံမှုကို ခံစားနေမိသည်။
ယင်းက မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာဘုရင်တစ်ပါးနှင့် မသေမျိုးကျင့်ကြံခြင်းလောက၏ ဝိညာဉ်သန္ဓေတည်နယ်ပယ် တန်ခိုးရှင်တစ်ပါးကို အသေအကြေ တိုက်ခိုက်စေသည်အထိ ဆွဲဆောင်နိုင်မှု အလွန်ကြီးမားပေသည်။ အကယ်၍ သူက ထျန်းအင်ပါယာရတနာသေတ္တာကို သူ့ဘေးမှာ ဆက်ထားမည်ဆိုလျှင် အနာဂတ်မှာ ထိုရတနာသေတ္တာက သူ့အပေါ် အန္တရာယ်တစ်စုံတစ်ရာ ခေါ်ဆောင်လာလိမ့်မည်ဟု သူအာရုံရနေသည်။
သူက ထျန်းအင်ပါယာရတနာသေတ္တာကို သယ်ဆောင်ရန် ထိုမျှကြီးမားသော စွန့်စားမှုကို ပြုလုပ်ထားလေရာ ရတနာသေတ္တာထဲမှာ မည်သို့သော လျှို့ဝှက်ချက်ရှိနေကြောင်း သူမသိရလျှင် စိတ်ကျေနပ်နိုင်မည် မဟုတ်။
“ ထျန်းအင်ပါယာရတနာသေတ္တာကို မဖွင့်နိုင်မချင်း ငါအနားမယူဘူး ”
စက်ကရာသည် စိတ်ထဲမှာ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ သူက စိတ်ကို တည်ငြိမ်စေရန် ကြိုးစားလိုက်ပြီး ပဟေဠိပေါ်မှာ အာရုံစူးစိုက်လိုက်သည်။ သူက ကျားလက်သည်းကို ဆန့်ထုတ်လိုက်ပြီး ပဟေဠိအပိုင်းအစများကို ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။ သူက အပိုင်းအစတစ်ခုကို ရွှေ့ပြီးသွားတိုင်း ခဏရပ်လိုက်ပြီး နောက်ထပ် မည်သို့ရွှေ့သင့်ကြောင်း စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်သည်။
ပဟေဠိထဲတွင် ဗလာလေးထောင့်အကွက်က တစ်ခုတည်း ရှိသည်။ တချို့အပိုင်းအစများက လိုက်လျောညီစွာ အတူတကွ တွဲဆက်သွားကြစဉ် တချို့အပိုင်းအစများက ပြောက်သောက်ရောထွေးနေကြသည်။ ယင်းတို့ကို ဖြေရှင်းရန် စိတ်စွမ်းအားအများကြီး လိုအပ်သည်။
သို့သော်လည်း စိန်ခေါ်မှုက ပိုပြီးကြီးမားလေ သီရှီထျန်က ပိုပြီးစိတ်ဝင်စားလေ ဖြစ်သည်။ သူက မည်သည့်အနှောင့်အယှက်မှ မတွေ့ကြုံဘဲ သူ၏ စိတ်အာရုံတစ်ခုလုံးကို ပဟေဠိအပိုင်းအစများပေါ်မှာ နစ်မြှုပ်ထားလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုသည်သာ သူ့ဘာသာ ဆက်ပြီး လှည့်ပတ်နေသည်။
တစ်ပတ်ပြီးတစ်ပတ် ကျောက်စိမ်းဆေးမီးဖိုက သူ့ဘာသာ လှည့်ပတ်နေစဉ် ဆေးမီးဖို၏ ဘေးပတ်ဝန်းကျင်၌ ထွန်းလင်းတောက်ပသော ကျောက်စိမ်းအလင်းဝဲကတော့တစ်ခု ထွက်ပေါ်လာသည်။ ယင်းက ဆန်းကြယ်သော မြင်ကွင်းတစ်ခုပင်တည်း။ စွမ်းအင်အနှစ်သာရအမျှင်တန်းများသည် ကျောက်စိမ်းဆေးမီးဖိုထံမှ အဆက်မပြတ် ဆွဲထုတ်ခံနေရပြီး ဆေးမီးဖိုအတွင်း၌ ထူထဲသော မဟူရာသွေးမြူခိုးထုကို ဖွဲ့စည်းလိုက်သည်။ ကျောက်စိမ်းဆေးမီးဖိုက လှည့်ပတ်နေစဉ် အနက်ရောင်အရည်စက်များက မဟူရာသွေးမြူခိုးထုထဲမှ တတောက်တောက် ကျဆင်းနေသည်။ အနက်ရောင်အရည်စက်များသည် ကျောက်စိမ်းဆေးမီးဖို၏ အောက်ခြေတွင် အချင်းချင်း ပေါင်းစည်းသွားကြသည်။
ထိုအနက်ရောင်အရည်သည် မိစ္ဆာချီ သို့မဟုတ် မိစ္ဆာစွမ်းအင်အနှစ်သာရ ဖြစ်သည်။ အနက်ရောင်အရည်စက်များ တိုးပွားလာခြင်းက သီရှီထျန်၏ ကျင့်ကြံခြင်းစွမ်းအား နည်းနည်းချင်းစီ တိုးပွားလာခြင်းပင် ဖြစ်၏။
အချိန်က တိတ်တဆိတ် ကုန်လွန်သွားသည်။
... ... ...
“ တတိယညီတော်… အဲ့ဒါကို မင်းရဲ့ မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာလား… တောင်ပိုင်းမြေရိုင်းဒေသရဲ့ အရှေ့၊ အနောက်၊ တောင်နဲ့ မြောက်မှာ ကိုယ်ပိုင်နယ်မြေနဲ့ မင်းမူအုပ်ချုပ်နေကြတဲ့ မိစ္ဆာသားရဲဘုရင်တွေက အတူတူ အင်အားပူးပေါင်းလိုက်ကြပြီး တောင်တန်းဒေသထဲ ဝင်ရောက်လာကြတဲ့ လေလွင့်ကျင့်ကြံသူရာထောင်ချီကို သုတ်သင်ပစ်လိုက်တယ်တဲ့လား… ကျင့်ကြံသူတွေအများကြီး တိုက်ပွဲမှာ သေဆုံးသွားကြပြီး အနည်းစုပဲ ထွက်ပြေးလွတ်မြောက်ခဲ့ကြတယ်… အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
ချူစံအိမ်တော်ထဲတွင် ချူထျန်ရှင်းသည် သူ့အရှေ့မှ ဝတ်စုံစိမ်းဝတ် အမျိုးသားကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ဝတ်စုံစိမ်းဝတ် အမျိုးသား၏ ဘေးတွင် ကောင်လေးတစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက် ရှိသည်။ သူတို့သည် မိုးထိတောင်မှ ထွက်ပြေးလွတ်မြောက်သွားကြသော ကျိုးယွမ်ဖေးနှင့် ချူယွမ်မှလွဲ၍ တခြားမဟုတ်ပေ။
ဝတ်စုံစိမ်းဝတ် အမျိုးသားသည် ချူထျန်ရှင်း၏ ညီတော်ဖြစ်သည်။ သူက သူ့မျိုးဆက်တွင် တတိယမြောက်ကလေးဖြစ်သောကြောင့် သူ့ကို ချူထျန်နန်ဟု ခေါ်သည်။ သူက ချူယွမ်၏ တတိယဦးရီးတော်လည်း ဟုတ်၏။
အတိတ်မှာ ချူထျန်နန်သည် ကျိုးယွမ်ဖေး၊ ချူယွမ်နှင့်အတူ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ လိုက်သွားခဲ့သည်။ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိစ္ဆာသားရဲဘုရင်များက ကျင်လည်ကျက်စားနေကြလေရာ ချူမိသားစုက မည်သို့ကြောင့် ကလေးနှစ်ယောက်တည်း လွှတ်လိုက်နိုင်မည်နည်း။ ချူထျန်နန်က သူတို့ကို ကာကွယ်စောင့်ရှောက်ပေးရန် အနောက်မှ လိုက်သွားခဲ့သည်။ သူတို့နှစ်ယောက် မဖြေရှင်းနိုင်သော အန္တရာယ်ဖြင့် ရင်ဆိုင်ရသည့်အခါ သူက အရှေ့ထွက်လာပြီး ကူညီပေးလိမ့်မည်။
ချူထျန်နန်သည်လည်း ကလေးနှစ်ယောက်၏ အနောက်ကို လိုက်သွားရင်း ထိုမျှထိတ်လန့်ဖွယ်ကောင်းသော တိုက်ပွဲဖြင့် တွေ့ကြုံရလိမ့်မည်ဟု လုံးဝ သူမမျှော်လင့်ထားခဲ့ပေ။
“ အကိုတော်… အဲ့ဒါကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တာပါ… ယွမ်အာလည်းပဲ အဲ့ဒါကို ကိုယ်တိုင် တွေ့ကြုံခဲ့ပါတယ်… ငါ နည်းနည်းလေးမှ ချဲ့ကားမပြောပါဘူး… အကိုတော်… မင်း ငါ့ရဲ့ ဒီလက်ကို ကြည့်လိုက်ရင် နားလည်သွားလိမ့်မယ် ”
ချူထျန်နန်က ပြာနှမ်းနေသော မျက်နှာဖြင့် သူ၏ ဘယ်လက်ကို မြှောက်ပြလိုက်သည်။ လမ်းတစ်လျှောက်တွင် သူက ဝတ်စုံရှည်ကို ဝတ်ဆင်ထားခဲ့သည်။ ထို့ကြောင့် သူလမ်းလျှောက်နေစဉ် သူ၏ လက်နှစ်ဖက်စလုံးကို ဝတ်စုံက ဖုံးအုပ်ထားသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာသတိထား၍ မကြည့်မိလျှင် သူ၏ ဘယ်လက်က တစ်စုံတစ်ခု မူမမှန်နေကြောင်း လုံးဝ သတိထားမိလိမ့်မည် မဟုတ်ချေ။
ယခု သူက အင်္ကျီလက်ထဲမှ သူ၏ ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။ ယင်းက ချူထျန်ရှင်း၏ အမူအရာကို လုံးဝ ပြောင်းလဲသွားစေသည်။ သူက ထိုလက်ကို စူးစိုက်ကြည့်လိုက်လေရာ သူ၏ မျက်နှာက ဖော်မပြနိုင်အောင် တည်ကြည်လေးနက်သွားသည်။
ကျိုးယွမ်ဖေးနှင့် ချူယွမ်သည် တစ်ပြိုင်နက် ခေါင်းငုံ့လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ ဝမ်းနည်းစိတ်မကောင်းဖြစ်သော အမူအရာ ရှိသည်။
“ တတိယညီတော်… မင်းရဲ့ လက်က… ”
“ ဟုတ်တယ်… ငါ့ရဲ့ လက်က ကျောက်တုံးဖြစ်သွားပြီ ”
ချူထျန်နန်က ခါးသီးစွာ ပြုံးလိုက်သည်။
“ တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲဘုရင်တွေက တကယ် ကြောက်ဖို့ကောင်းတယ်… အဓိကကတော့ သူတို့ရဲ့ မွေးရာပါသဘာဝစွမ်းရည်ပဲ… သူတို့တစ်ကောင်စီက ကြောက်စရာကောင်းတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတယ်… ငါ့ရဲ့ ဒီလက်က မဒူဆာမျက်လုံးရဲ့ အစွမ်းကြောင့် ကျောက်တုံးပြောင်းသွားခဲ့တယ် ”
ထိုအကြောင်းကို ပြန်ပြောသည့်အခါ ချူထျန်နန်၏ မျက်နှာပေါ်တွင် စိုးရိမ်ကြောင့်ကြသော အမူအရာ ထွက်ပေါ်လာသည်။ ကြောက်ရွံ့မှု အရိပ်အယောင်တစ်စွန်းတစ်စပင် သူ၏ မျက်လုံးထဲမှာ ရှိသည်။
“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီကနေ ငါရလာခဲ့တဲ့ မိစ္ဆာတားဆီးလက်ကြောင့်မဟုတ်ရင် ငါ့လက်တစ်ဖက်တည်းမဟုတ်ဘဲ ငါ့တစ်ကိုယ်လုံး ကျောက်ရုပ်ဖြစ်သွားမှာ စိုးရိမ်ရတယ်… အဲ့ဒီမွေးရာပါသဘာစွမ်းရည်က အရမ်းကြောက်စရာကောင်းတယ် ”
လက်စသတ်တော့ သူသည် အတိတ်၌ မဒူဆာ၏ မျက်လုံးကို သူမျှော်လင့်ထားသကဲ့သို့ အလွယ်တကူ မတားဆီးနိုင်ခဲ့ပေ။ သူ၏ ဘယ်လက်က လုံးဝ ကျောက်တုံးဖြစ်သွားသည်။
အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ လက်က ကျောက်တုံးဖြစ်သွားလေရာ မဒူဆာမျက်လုံးက မည်မျှကြောက်စရာကောင်းကြောင်း စိတ်ကူးကြည့်နိုင်၏။
“ ဟွန့် ”
ချူထျန်ရှင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားလျှင် သူက တင်းမာခက်ထန်စွာ ပြောသည်။
“ ဘာမဟုတ်တဲ့ တောင်ပိုင်းမြေရိုင်းဒေသကများ မသေမျိုးကျင့်ကြံခြင်းလောကရဲ့ အရှေ့မှာ အင်အားပြရဲတယ်လား… သူတို့က တမင်သေလမ်းရှာနေတာလား… မိစ္ဆာသားရဲတွေရဲ့ မွေးရာပါသဘာဝစွမ်းရည်က ဘယ်လောက်ပဲ အားကောင်းပါစေ သူတို့က မသေမျိုးကျင့်ကြံခြင်းလောကရဲ့ တန်ခိုးရှင်တွေကို ရင်ဆိုင်နိုင်လို့လား… သူတို့က ကျားအသည်းနဲ့ နဂါးနှလုံးကို စားထားလို့ အဲ့လောက် သတ္တိကောင်းနေတာလား… အရမ်းလွန်သွားပြီ ”
ချူထျန်ရှင်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒပါသော လေသံဖြင့် ပြောသည်။ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါက သူ့ထံမှ သဘာဝအလျောက် ပေါ်လျှိုးလာသည်။ သို့တိုင် သူ၏ မျက်လုံးထဲမှာ သံသယ အရိပ်အယောင်တစ်စွန်းတစ်စ ရှိနေဆဲပင်။ သူက ပြောသည်။
“ အခုခေတ်မှာ မိစ္ဆာမျိုးနွယ်စု နိမ့်ကျသွားပြီဆိုပေမဲ့ တောင်ပိုင်းမြေရိုင်းဒေသ အခုချိန်ထိ ရပ်တည်နိုင်နေတာ မိစ္ဆာမျိုးနွယ်စုထဲမှာ ကျွမ်းကျင်ပညာရှင်တချို့ ရှိနေသေးလို့ပဲ… နောက်ထပ် အကြောင်းအရင်းက တောင်ပိုင်းမြေရိုင်းဒေသကို အဆင့်နိမ့်ကျင့်ကြံသူတွေ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပျိုးထောင်ပြီး အတွေ့အကြုံရှာဖွေနိုင်တဲ့ နေရာတစ်နေရာအဖြစ် သတ်မှတ်ထားလို့ပဲ… ပုံမှန်ဆိုရင် ကျင့်ကြံသူတွေက တောင်တန်းဒေသထဲ ဝင်ပြီး အတွေ့အကြုံမရှာဖွေခင် လိုက်နာရမယ့် စည်းမျဉ်းတချို့ကို သိထားသင့်တယ်… ဘယ်လိုလုပ် သူတို့က တောင်ပိုင်းမြေရိုင်းဒေသရဲ့ မိစ္ဆာသားရဲဘုရင်အားလုံး အပြင်ထွက်လာအောင် ရန်ပြုမိခဲ့တာလဲ ”
မသေမျိုးကျင့်ကြံခြင်းလောကတွင် အဆင့်နိမ့်ကျင့်ကြံသူများနှင့် တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများသည် အတွေ့အကြုံရှာဖွေရန်နှင့် ဝိညာဉ်ရတနာများ ရှာဖွေရန် တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်ကြလေ့ ရှိသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာကြာပြီးနောက် တောင်တန်းဒေသထဲ မဝင်ရောက်မီ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတချို့ အလိုအလျောက် ထွက်ပေါ်လာသည်။ ယင်းကို တရားဝင်မထုတ်ပြန်ထားသော်လည်း ကျင့်ကြံသူများသည် တောင်တန်းဒေသထဲတွင် မိစ္ဆာသားရဲဘုရင်များကို မည်သည့်အကြောင်းနှင့်မှ ရန်မပြုရပေ။
ယေဘုယျအားဖြင့်ဆိုရသော် ကျင့်ကြံသူများက မိစ္ဆာသားရဲများကို သွားရောက်ရန်မပြုလျှင် မိစ္ဆာသားရဲများက ကျင့်ကြံသူများကို စတင်တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။
ထိုအကြောင်းကြောင့် တောင်ပိုင်းမြေရိုင်းဒေသက အချိန်အများစုတွင် တိတ်ဆိတ်အေးချမ်းခဲ့သည်။
“ ခမည်းတော်… ယွင်အာ အဲ့ဒီအကြောင်း သိပါတယ် ”
ယင်းကို ချူယွမ်ကြားသောအခါ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး တုံ့ဆိုင်းစွာ ပြောသည်။
ချူထျန်ရှင်း၏ မေးမြန်းမှုအောက်မှာ ချူယွမ်သည် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဖြစ်ပျက်ခဲ့သမျှအားလုံးကို ချက်ချင်း ပြောပြလိုက်သည်။ သူပြောပြနေစဉ် ချူထျန်ရှင်း၏ အမူအရာက အစဉ်အမြဲ ပြောင်းလဲသွားသည်။
“ လီမိသားစုက အဲ့ဒီလိုနည်းလမ်းကို တကယ်ကြီး အသုံးပြုခဲ့တာလား… သူတို့က ဝိညာဉ်သံလိုက်အိမ်မြှောင်ကို ပြန်ရယူဖို့ ဘာမဆိုလုပ်ဆောင်ရဲကြတယ်… ကြည့်ရတာ သူတို့က နောက်သုံးနှစ်နေရင် ဖွင့်လှစ်မယ့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအတွက် ပြင်ဆင်နေတဲ့ပုံပဲ ”
ချူထျန်ရှင်း၏ လေသံထဲမှာ ဩဇာအာဏာအရှိန်အဝါ ကိန်းအောင်းနေသည်။ သူက ချူယွမ်၏ စကားများမှတဆင့် လီမိသားစု၏ ရည်ရွယ်ချက်က ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
“ အင်း… ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေရဲ့ ဆွဲဆောင်မှုကို ဘယ်ကျင့်ကြံသူမှ မလွန်ဆန်နိုင်ဘူး… လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကို ကြိမ်ဖန်များစွာ ဖွင့်လှစ်ခဲ့တယ်ဆိုပေမဲ့ ငါတို့ကျင့်ကြံသူတွေက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေတစ်ခုလုံးရဲ့ ဆယ်ပုံတစ်ပုံကိုပဲ ရှာဖွေဖော်ထုတ်နိုင်သေးတယ်… ဒါတောင်မှ ငါတို့ရှာတွေ့ခဲ့တဲ့ ရတနာတွေက တန်ခိုးရှင်အများကြီးကို မွေးထုတ်ပေးနိုင်ခဲ့တယ်… ဘယ်သူမဆို ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကို စူးစမ်းရှာဖွေဖို့ စိတ်ဝင်စားကြတယ် ”
ချူထျန်နန်သည်လည်း ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ တကယ်လို့ လီမိသားစုရဲ့ လက်ထဲမှာ ဝိညာဉ်သံလိုက်အိမ်မြှောင်ရှိမယ်ဆိုရင် သူတို့က တခြားလူတွေထက်ပိုပြီး ရတနာတွေကို လွယ်လွယ်ကူကူ ရှာဖွေနိုင်လိမ့်မယ်… လီမိသားစုက ဝိညာဉ်သံလိုက်အိမ်မြှောင်ကို အသည်းအသန် ပြန်လိုချင်နေတာ မထူးဆန်းတော့ပါဘူး ”
ချူထျန်ရှင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
“ ကျင့်ကြံသူရာထောင်ချီက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သေဆုံးသွားတယ်ဆိုတဲ့ သတင်းက မကြာခင် မသေမျိုးကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ ပျံ့နှံ့သွားလိမ့်မယ်… အဲ့ဒီအခါကျရင် ကြီးမားတဲ့ ဆူပူအုံကြွမှုတစ်ခု သေချာပေါက် ဖြစ်ပေါ်လာလိမ့်မယ်… မိစ္ဆာမျိုးနွယ်စုက နိမ့်ကျသွားပြီ… ပြီးတော့ မသေမျိုးကျင့်ကြံခြင်းလောကက အခုလို ရန်စမှုကို သေချာပေါက် ခွင့်လွှတ်မှာ မဟုတ်ဘူး… တောင်ပိုင်းမြေရိုင်းဒေသ ဖျက်ဆီးခံရဖို့ သိပ်မလိုတော့ဘူး ”
“ အကိုတော်… ငါ့အမြင်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲဘုရင်တွေက ရင်ဆိုင်ရမလွယ်ကူဘူး… တကယ်လို့ ငါတို့လှုပ်ရှားမယ်ဆိုရင် အင်အားနည်းနည်းနဲ့ သူတို့ကို အမြစ်ဖြုတ်နိုင်မှာ မဟုတ်ဘူး… ဒါ့အပြင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက မကြာခင် ဖွင့်လှစ်တော့မယ်… တောင်ပိုင်းမြေရိုင်းဒေသရဲ့ ကိစ္စကို လောလောဆယ် လျစ်လျူရှုထားကြမှာ ငါစိုးရိမ်တယ် ”
ချူထျန်နန်က လက်ရှိအခြေအနေကို အနည်းငယ် နားလည်ထားကြောင်း ထင်ရှား၏။ သူက လေးနက်စွာ တွေးတောစဉ်းစားပြီးနောက် သူ့အမြင်ကို ထုတ်ဖော်ပြောသည်။
“ အင်း… မင်းပြောတာ မှန်တယ် ”
ချူထျန်ရှင်းက သူ့ကို သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။
“ မိစ္ဆာမျိုးနွယ်စုက နိမ့်ကျသွားပြီ… သူတို့ကို နောက်တစ်ကြိမ် ခေါင်းပြန်ထောင်ဖို့ ခွင့်မပြုနိုင်ဘူး… အားလုံးက နောက်သုံးနှစ် စောင့်ဆိုင်းကြလိမ့်မယ်… လီမိသားစုက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီ ဝင်ရောက်မယ့် ခရီးစဉ်အတွက် အင်အားအကုန် ထုတ်သုံးလိမ့်မယ်… ငါတို့လည်းပဲ နောက်ကျကျန်နေလို့ မဖြစ်ဘူး… ပါရမီရှိပြီး အလားအလာကောင်းတဲ့ တပည့်တချို့ကို ရွေးထုတ်ရမယ်… နောက်သုံးနှစ်ကြာပြီးရင် သူတို့ကို ကောင်းကင်ဘုံရေကန်မှာ နှစ်ခြင်းမင်္ဂလာခံယူစေဖို့ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီ ငါတို့စေလွှတ်မယ်… အဲ့ဒီအခါကျရင် တတိယညီတော်… မင်းသူတို့ကို ဦးဆောင်ရမယ်… ဘယ်သူသိနိုင်မှာလဲ… ကောင်းကင်ဘုံရေကန်က မင်းရဲ့ လက်ကို အကောင်းတိုင်း ပြန်ဖြစ်စေဖို့ ကူညီပေးနိုင်လောက်တယ် ”
“ ကောင်းကင်ဘုံရေကန်လား… အကိုတော် အဲ့ဒါကို ငါလည်း စဉ်းစားမိတယ်… ကောင်းကင်ဘုံရေကန်ရဲ့ စွမ်းအားက ဒီမိစ္ဆာအတတ်ကို ပျက်ပြယ်စေနိုင်ဖို့ ရာခိုင်နှုန်းများတယ် ”
ချူထျန်နန်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး တုံ့ပြန်လိုက်သည်။
သူ၏ အသံထဲမှာ မျှော်လင့်မှုဖြင့် ပြည့်နှက်နေသည်။
***