သုံးနှစ်…
နောက်သုံးနှစ်ကြာပြီးလျှင် အနယ်နယ်အရပ်ရပ်မှ ပါရမီရှင်များက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ စုဝေးသွားကြလိမ့်မည်ဖြစ်ကြောင်း သံသယရှိရန် မလိုပေ။
ချူမိသားစုတစ်ခုတည်း မဟုတ်ပေ။ တခြားနေရာများတွင်လည်း ကောလဟာလမျိုးစုံ ထွက်ပေါ်လာသည်။ မည်သို့ဖြစ်ပါစေ ချူထျန်နန်နှင့် သူ့အုပ်စုသာလျှင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ လွတ်မြောက်သွားခဲ့ကြခြင်း မဟုတ်ပေ။ တခြားကျင့်ကြံသူများသည်လည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။ ထိုကျင့်ကြံသူများ လွတ်မြောက်သွားသည်နှင့် တောင်ပိုင်းမြေရိုင်းဒေသ၏ သတင်းက မသေမျိုးကျင့်ကြံခြင်းလောကမှာ ချက်ချင်း ပျံ့နှံ့သွားသည်။
ရာထောင်ချီသော ကျင့်ကြံသူများက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ စုဝေးနေခဲ့ကြသည်။ မိစ္ဆာသားရဲဘုရင်များသည် မည်သည့်နေရာကမှန်းမသိ တစ်ပြိုင်နက် စုပြုံထွက်ပေါ်လာကြသည်။ ထို့နောက် ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲက ဖြစ်ပွားလာပြီး ကျင့်ကြံသူအများအပြား အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ကြသည်။
လူတိုင်း အထင်သေးခဲ့ကြသော တောင်ပိုင်းမြေရိုင်းဒေသဆီမှာ ထိုသို့အင်အားရှိနေမည်ဟု မည်သူမှ မတွေးထားကြချေ။ မိစ္ဆာသားရဲဘုရင်များ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် မည်သည့်ကျင့်ကြံသူထက်မှ အားမနည်းချေ။ သူတို့၏ အံ့ဖွယ်ကောင်းသော မွေးရာပါသဘာဝစွမ်းရည်များက ကျင့်ကြံသူအများအပြားကို အံ့ဩထိတ်လန့်စေသည်။
အချိန်ကာလတစ်ခုကြာအောင် ကျင့်ကြံသူများ၏ မျက်လုံးထဲမှာ မိစ္ဆာမျိုးနွယ်စုက အမြူတေဓာတ်လုံး ထုတ်ယူရန် အလွယ်တကူ သတ်ပစ်နိုင်သော သို့မဟုတ် ဝိညာဉ်သားရဲများအဖြစ် အလွယ်တကူ ထိန်းကျောင်းနိုင်သော သက်ရှိများထက် မပိုခဲ့ပေ။ သို့သော် သူတို့အထင်သေးခဲ့သော မိစ္ဆာမျိုးနွယ်စုက သူတို့ကို ခြိမ်းခြောက်နိုင်သော အင်အားရှိကြောင်း ယခု ထုတ်ဖော်ပြလာသည့်အခါ မသေမျိုးကျင့်ကြံသူများက အံ့ဩထိတ်လန့်သွားကြသည်။
လေလွင့်ကျင့်ကြံသူတစ်ထောင်ကျော်က အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ကြရသည်။
သူတို့က တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများသာ ဖြစ်သော်လည်း သူတို့အားလုံးကို စုပေါင်းလိုက်သည့်အခါ အလွန်သန်မာသော အင်အားစုတစ်ခု ဖြစ်လာလိမ့်မည်။
ထိုသို့အင်အားစုက မိစ္ဆာသားရဲဘုရင်များ၏ အရှေ့မှာ လက်ဝါးတစ်ချက်မှောက်လှန်ရုံမျှဖြင့် ဖျက်ဆီးနိုင်သော ပုရွက်ဆိတ်အုံထက် မပိုပေ။
ထိုအချက်အလက်က ကျင့်ကြံသူအများအပြားကို လုံးဝ ဆူပူအုံကြွသွားစေသည်။ သူတို့က အံ့ဩထိတ်လန့်သွားကြသည်။
သို့သော်လည်း အံ့ဩထိတ်လန့်ပြီးနောက် ဒေါသက ထွက်ပေါ်လာသည်။ ကျင့်ကြံသူရာထောင်ချီကို တစ်ခါတည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက သူတို့၏ အမြင်မှာ မသေမျိုးကျင့်ကြံခြင်းလောကကို ရန်စလိုက်ခြင်း ဖြစ်သည်။ မသေမျိုးကျင့်ကြံသူများသည် သူတို့၏ လူသားမျိုးနွယ်သာလျှင် အမြင့်မြတ်ဆုံးဖြစ်သည်ဟု အမြဲတမ်း တွေးထင်ခဲ့ကြသည်။ သို့ဖြစ်၍ သူတို့က ယခုကဲ့သို့ ရန်စခံလိုက်ရသောအခါ တောင်ပိုင်းမြေရိုင်းဒေသကို ဖျက်ဆီးပစ်ရန် အလွန်စိတ်ဓာတ်ပြင်းထန်လာကြသည်။
မှန်ပေသည်။ ဆူပူအုံကြွသူများက တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတချို့၊ ဂိုဏ်းငယ်တချို့နှင့် ကျင့်ကြံခြင်းမိသားစုငယ်တချို့သာ ဖြစ်ကြသည်။ အစစ်အမှန် ဂိုဏ်းကြီးများနှင့် ထိပ်တန်းအဆင့် ကျင့်ကြံခြင်းမိသားစုများသည်တော့ သူတို့က ရည်ရွယ်ချက်ရှိစွာ နှုတ်ဆိတ်နေကြသည်။ သူတို့က ဤကိစ္စအပေါ် မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ကြချေ။ ယင်းက အလွန်ထူးဆန်းသည်။
ဂိုဏ်းကြီးများသည် ဤကိစ္စအပေါ် မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ဘဲ နှုတ်ဆိတ်နေကြသည်။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသကို သူတို့ကြောက်ရွံ့သောကြောင့် မဟုတ်ပေ။ ယင်းအစား နောက်သုံးနှစ်နေလျှင် ဖွင့်လှစ်မည့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအတွက် သူတို့ ကြိုပြင်ဆင်နေသောကြောင့် တခြားကိစ္စများကို အာရုံမစိုက်နိုင်သေးခြင်းသာ ဖြစ်သည်။
သို့သော် တောင်ပိုင်းမြေရိုင်းဒေသ၏ ကိစ္စသည် တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတချို့၏ အမြင်မှာတော့ မျက်စိစပါးမွှေးစူးစရာ ဖြစ်နေဆဲပင်။ ယင်းက လူသိရှင်ကြား ရန်စခြင်း ဖြစ်သည်။ ထိုအကြောင်းကို ကြားသောအခါ သူတို့က ဒေါသထွက်သွားကြသည်။ စိတ်မထိန်းနိုင်သော ကျင့်ကြံသူအနည်းစုသည် တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ချက်ချင်း ထွက်သွားကြလိမ့်မည်။
သို့သော် စစ်မှန်သော ဂိုဏ်းကြီးများ၏ အမြင်သည်တော့ သူတို့နှင့် ကွဲပြားခြားနားသည်။ ထို့ကြောင့် သူတို့၏ တုံ့ပြန်ပုံသည်လည်း လုံးဝ ကွဲပြားသည်။
ဤသို့ဆိုးရိုးစကား ရှိ၏။
တစ်စုံတစ်ယောက်၏ အပြုအမူက ထိုသူ၏ အတွေးများကို ဖော်ပြပေးလိမ့်မည်။
ယင်းက လူတစ်ယောက်နှင့်တစ်ယောက် မတူညီခြင်းကို အဓိက ဆိုလိုသည်။ ဥပမာ ရှင်ဘုရင်တစ်ပါးနှင့် သာမန်ပြည်သူတစ်ယောက်၏ အတွေးအခေါ်များက တူညီနိုင်မည်လော။ ထို့နည်းတူပင် သာမန်ကျင့်ကြံသူများနှင့် အတွေ့အကြုံကြွယ်ဝသော ပညာရှင်များ၏ အတွေးအခေါ်များက မည်သို့မှ မတူညီနိုင်ပေ။ ပညာရှင်များသည် ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် သာမန်ရှုထောင့်၊ သာမန်အမြင်ကို မည်သို့ အသုံးပြုကြမည်နည်း။ ယင်းက မဖြစ်နိုင်ပေ။
မသေမျိုးကျင့်ကြံခြင်းလောက၏ ဂိုဏ်းကြီးများသည် တောင်ပိုင်းမြေရိုင်းဒေသ၏ ကိစ္စနှင့်ပတ်သက်၍ လျစ်လျူရှုကြလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သူတို့က အဓိကနှင့် သာမညကို ခွဲခြားသိမြင်ကြသည်။
ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေနှင့် နှိုင်းယှဉ်သော် တောင်ပိုင်းမြေရိုင်းဒေသ၏ ရန်စမှုက အလွန်သေးငယ်သော ကိစ္စဖြစ်သည်။ ထိုသို့ကိစ္စသေးသေးလေးကို အနာဂတ်တွင် မည်သည့်အချိန်မဆို သူတို့ဖြေရှင်းနိုင်ပေသည်။ လောလောဆယ်တွင် သူတို့အတွက် အဓိကအရေးကြီးဆုံးက လျှို့ဝှက်နယ်မြေဖွင့်လှစ်ခြင်း ဖြစ်သည်။
သူတို့က သုံးနှစ်ကြာအောင် စောင့်ဆိုင်းကြလိမ့်မည်။
ယင်းက မသေမျိုးကျင့်ကြံခြင်းလောကမှ ဂိုဏ်းကြီးများ၏ တူညီသော တုံ့ပြန်မှု ဖြစ်သည်။
သို့သော်လည်း မသေမျိုးကျင့်ကြံခြင်းလောက၏ ဂိုဏ်းငယ်လေးများနှင့် ကျင့်ကြံခြင်းမိသားစုငယ်များသည် ဒေါသူပုန်ထသော အပြုအမူကို ထုတ်ဖော်ကြသည်။ သို့တိုင် သူတို့က မကျေနပ်ကြောင်း ထုတ်ဖော်ရုံမှလွဲ၍ တခြားဘာမှမတတ်နိုင်ကြပေ။ မည်သို့ဖြစ်ပါစေ သူတို့၏ အင်အားစုသေးသေးလေးဖြင့် တောင်ပိုင်းမြေရိုင်းဒေသကို အမြစ်ဖြတ်ချေမှုန်းရန်သည် ကျောက်ဆောင်ကို ကြက်ဥနှင့် ပေါက်သကဲ့သို့ အလွန်ရယ်စရာကောင်းပေသည်။
မည်သူက ယခုအချိန်မှာ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အမှန်တကယ် သွားရောက်ဝံ့မည်နည်း။ တောင်ပိုင်းမြေရိုင်းဒေသထဲမှ မိစ္ဆာသားရဲဘုရင်များက ရူးသွပ်သွားကြပြီး နောက်တစ်ကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို မလုပ်ဆောင်ဘူးဟု မည်သူက သေချာပြောနိုင်မည်နည်း။
ကျင့်ကြံသူများသည် မည်သည့်အရာနှင့်မဆို အလောင်းအစား ပြုလုပ်ဝံ့ကြသည်။ သို့သော် ထိုထဲမှာ သူတို့၏ အသက်မပါပေ။ သူတို့၏ အသက်ထက် ပိုပြီးအရေးကြီးသောအရာ မရှိပေ။
ထို့ကြောင့် ဤအတောအတွင်း၌ ထူးဆန်းသော ဖြစ်စဉ်က မသေမျိုးကျင့်ကြံခြင်းလောကထဲမှာ ထွက်ပေါ်လာသည်။ မသေမျိုးကျင့်ကြံသူအများအပြားသည် သေဆုံးသွားကြသော လေလွင့်ကျင့်ကြံသူများအတွက် လက်စားပြန်ချေပေးရန် တောင်ပိုင်းမြေရိုင်းဒေသကို သူတို့ဖျက်ဆီးပစ်မည်ဟု အော်ဟစ်ကြွေးကြော်နေကြသည်။ သို့တိုင် ယင်းက ပါးစပ်ပြောမျှသာ ဖြစ်၏။ မိုးခြိမ်းသံက ကျယ်လောင်သော်လည်း မိုးရေစက်က သေးငယ်ပေသည်။ သို့ဖြစ်၍ ထူးဆန်းသော လေထုက မသေမျိုးကျင့်ကြံခြင်းလောကမှာ ဖြစ်ပေါ်လာသည်။
… … …
“ ရှောင်ပိုင်… နင်ပြောတဲ့နေရာက ဘယ်မှာလဲ… ငါတို့လမ်းလျှောက်နေတာ တစ်လပြည့်တော့မယ်… နင်ပြောတဲ့ တောအုပ်ကြီးကို ဘာလို့ ရှာမတွေ့သေးတာလဲ… နင် လမ်းမှားနေတာလား ”
တောင်ပိုင်းမြေရိုင်းဒေသထဲမှ တိုက်ပွဲပြီးဆုံးသွားသည်မှာ တစ်လကြာမြင့်သွားပြီ ဖြစ်၏။ ဂိုဏ်းကြီးများက နှုတ်ဆိတ်နေသောကြောင့် တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများသည် တောင်ပိုင်းမြေရိုင်းဒေသကို ယာယီတားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြသည်။
သို့ဖြစ်၍ အတွေ့အကြုံရှာဖွေရန် တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်လာကြသော ကျင့်ကြံသူများက လုံးဝ မရှိတော့လုနီးပါး နည်းပါးသွားသည်။ မည်သည့်ကျင့်ကြံသူမှ တောင်ပိုင်းမြေရိုင်းဒေသထဲသို့ မသွားဝံ့တော့ချေ။ လွန်ခဲ့သော တစ်လတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲက သူတို့ကို ကြောက်ရွံ့ထိတ်လန့်စေသည်။
ဤအခိုက်အတန့်တွင် ကျားရဲတောင်တန်းဒေသနှင့် အတန်ငယ် ဝေးကွာသော တောအုပ်တစ်ခုထဲတွင် အသက်ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ခန့်သာ ရှိသေးသော မိန်းကလေးငယ်တစ်ယောက်သည် ရိုးရှင်းသော ဝတ်စုံဖြင့် တောအုပ်ထဲမှာ လမ်းလျှောက်နေသည်။ မိန်းကလေးသည် သာလွန်ထူးခြားပုံမပေါ်ချေ။ သို့သော် သူ၏ အသွင်သဏ္ဍာန်နှင့် အမူအရာမှာ ချစ်စဖွယ်ကောင်းမှုဖြင့် ပြည့်နှက်နေသည်။ သူက အပြစ်ကင်းစင်သော ညီမလေးတစ်ယောက်နှင့် တူညီသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဆွဲဆောင်မှုအရှိဆုံးက ကြီးမားဝိုင်းစက်သော မျက်လုံးများ ဖြစ်သည်။ ယင်းတို့က အရာရာကို စူးစမ်းချင်နေသည့်အလား တောက်ပသည်။ ထို့ပြင် သူ၏ မျက်လုံးများက မည်သည့်ညစ်ညမ်းမှုမှ တွယ်ကပ်မနေဘဲ အလွန်သန့်စင်သည်။
သူ၏ လက်မောင်းနှစ်ဖက်ပေါ်တွင် ခွေးပေါက်အရွယ်အစားရှိသော ကျားပေါက်လေးတစ်ကောင်ကို ဖက်ထားသည်။ ထိုကျားပေါက်လေး၏ အရောင်သည် အဖြူရောင်ဖြစ်သည်။ အံ့ဩဖွယ်ကောင်းစွာ ၎င်းက ရှားပါးသော ကျားဖြူပေါက်စလေး ဖြစ်သည်။
ထိုမိန်းကလေး အစောနက ပြောခဲ့သော စကားက သူ့လက်မောင်းထဲမှ ကျားဖြူလေးကို ရည်ရွယ်ကြောင်း ထင်ရှား၏။ ထို့ပြင် အကယ်၍ ဤနေရာမှာ တစ်စုံတစ်ယောက် ရှိနေလျှင် ထိုမိန်းကလေး၏ ပါးစပ်ထဲမှ ထွက်လာသော စကားများက လူသားဘာသာစကားမဟုတ်ကြောင်း အံ့ဩဖွယ်ကောင်းစွာ သတိပြုမိကြလိမ့်မည်။ ယင်းအစား သူက မည်သူမှ နားမလည်နိုင်သော ဘာသာစကားကို ပြောသည်။ လူသားများက ယင်းကို နားမလည်နိုင်သော်လည်း တိရိစ္ဆာန်များက နားလည်နိုင်ပေသည်။ မှန်ပေသည်။ သူက သားရဲဘာသာစကားကို ပြောနေခြင်း ဖြစ်သည်။
ဤကုန်းမြေတွင် လူသားမျိုးနွယ်ဆီမှာ သူတို့၏ ကိုယ်ပိုင်ဘာသာစကားရှိသကဲ့သို့ တခြားမျိုးနွယ်စုများတွင်လည်း အချင်းချင်း ပြောဆိုဆက်သွယ်နိုင်သော သူတို့ကိုယ်ပိုင် ဘာသာစကား ရှိသည်။ တိရိစ္ဆာန်များ အချင်းချင်း ပြောဆိုဆက်သွယ်နိုင်သော ဘာသာစကားကို သားရဲဘာသာစကားဟု ခေါ်သည်။
ယေဘုယျအားဖြင့်ဆိုရသော် လူသားများသည် ငှက်များနှင့် တိရိစ္ဆာန်များ၏ စကားကို နားမလည်ကြချေ။ သို့ဖြစ်လေရာ သားရဲဘာသာစကားပြောရန် သူတို့အတွက် ပိုပြီးခက်ခဲပေသည်။
သို့သော် ချွင်းချက်အနေနှင့် လူတစ်မျိုးရှိသည်။
တချို့လူများသည် ပုံမှန်မဟုတ်ဘဲ သန့်စင်သော နှလုံးသားဖြင့် မွေးဖွားလာကြသည်။ သူတို့၏ စိတ်နေသဘောထားက သဘာဝတရားနှင့် လိုက်လျောညီထွေသည်။ ဒဏ္ဍာရီအရ ထိုသို့လူများ၏ ခန္ဓာကိုယ်ထဲမှာ တမူထူးခြားသောနှလုံး ရှိသည်။ သူတို့သည် သက်ရှိအားလုံး၏ နှလုံးသားကို နားထောင်နိုင်သော စွမ်းရည်ဖြင့် မွေးဖွားလာကြသည်။ သူတို့က သက်ရှိအားလုံးနှင့် ပြောဆိုဆက်သွယ်နိုင်ကြသည်။ ထို့ကြောင့် သူတို့ကို မွေးရာပါပါရမီရှင်ဟု ခေါ်ကြသည်။
“ အမဖေးဖေး… အတိတ်မှာတုန်းက ကျားဖြူမေမေရယ်၊ ဒုတိယအကိုနဲ့ ငါ အဖမ်းခံလိုက်ရတုန်းက သဲလွန်စနည်းနည်းပဲ ကျန်ရစ်ခဲ့တယ်… အခုချိန်လောက်ဆို အဲ့ဒါတွေက ပျောက်ကွယ်သွားလောက်ပြီ… ဒါပေမဲ့ ဒီလမ်းအတိုင်း လျှောက်သွားမယ်ဆိုရင် ငါ့အိမ်ကို သေချာပေါက် ရောက်သွားလိမ့်မယ် ”
ကျားဖြူလေးက တိုးညင်းစွာ ပြောသည်။ သူက စကားပြောနေရင်း သူ၏ ဦးခေါင်းကို မိန်းကလေး၏ လက်မောင်းဖြင့် ပွတ်သပ်လိုက်သည်။ ရံဖန်ရံခါ သူ၏ မျက်လုံးထဲ၌ ကြောက်ရွံ့သော အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။
“ ဟွန့်… တောင်ပေါ်က အဲ့ဒီလူတွေက အရမ်းဆိုးတာပဲ ”
ဖေးဖေးဟူသော မိန်းကလေးက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ပြောသည်။ သူက အေးစက်စွာ ပြောသော်လည်း သူ၏ လေသံထဲမှာ ဒေါသအများကြီး မပါရှိပေ။ သူက ကျားဖြူလေးကို ကြည့်လိုက်ပြီး နှစ်သိမ့်လိုက်သည်။
“ ရှောင်ပိုင်… ဘာမှမကြောက်နဲ့… နင့်ရဲ့ အကိုကို ရှာဖွေဖို့ နင့်ရဲ့ အိမ်ဆီ သေချာပေါက် ငါခေါ်သွားပေးမယ်… ပြီးကျရင် နင့်ရဲ့ အမေနဲ့ ဒုတိယအကိုကို ကယ်တင်ဖို့ ငါတို့တွေ နည်းလမ်းတစ်ခု စဉ်းစားကြမယ် ”
သူ၏ လေသံထဲမှာ မယိမ်းယိုင်သော သေချာမှု ရှိသည်။ သူက အလွန်ဇွဲကောင်းသူ ဖြစ်သည်။
“ ကျေးဇူးတင်ပါတယ် အမဖေးဖေး… ငါတို့ပျောက်နေတာကို သိရင် အကိုက သေလောက်အောင် စိတ်ပူနေတော့မှာ သေချာတယ် ”
ကျားဖြူလေး၏ မျက်လုံးထဲမှာ ဝမ်းနည်းကြေကွဲသော အရိပ်အယောင် ထွက်ပေါ်လာသည်။
“ အမဖေးဖေး… နင်သိမှာမဟုတ်ဘူး… ငါ့ရဲ့ အကိုက အရမ်းအံ့ဩစရာကောင်းတယ်… ”
ထိုသို့ဖြင့် မိန်းကလေးနှင့် ကျားဖြူလေးသည် ကျားရဲတောင်တန်းဒေသဆီသို့ တစ်လှမ်းချင်း လျှောက်သွားနေရင်း စကားပြောနေကြသည်။
အကယ်၍ သီရှီထျန်သာ ဤနေရာမှာ ရှိမည်ဆိုလျှင် မိန်းကလေး၏ လက်မောင်းထဲမှ ကျားဖြူလေးက လွန်ခဲ့သော လအနည်းငယ်ခန့်တွင် မသေမျိုးကျင့်ကြံသူများ၏ ဖမ်းဆီးခံခဲ့ရသော သူ့ညီမလေးဖြစ်ကြောင်း အကြည့်တစ်ချက်ဖြင့် ချက်ချင်း သူမှတ်မိသွားလိမ့်မည်။
မသေမျိုးကျင့်ကြံသူများ၏ ဖမ်းဆီးခံခဲ့ရသော ကျားဖြူလေးက ဤအခိုက်အတန့်မှာ ကျားရဲတောင်တန်းဒေသ၏ အနီးနား၌ ပြန်ပေါ်လာမည်ဟု မည်သူက တွေးမိမည်နည်း။ ယခုကြည့်ရသည်မှာ သူတို့က ကျားရဲတောင်တန်းဒေသဆီသို့ လျှောက်သွားနေကြကြောင်း ထင်ရှားပေသည်။
ထိုသို့အပြောင်းအလဲက သီရှီထျန် လုံးဝ မျှော်လင့်မထားသောအရာဖြစ်သည်။
***