အိုင်ဗီက တာလီယာ တစ်ယောက်တည်း သီးသန့်သေချာစဉ်းစားဖြိုအတွက် သီးသန့်ဝင်းအတွင်းမှ ထွက်ခွာလာခဲ့သည်။ ထိုနေရာမှထွက်လာစဉ် ဟင်နရီနှင့် မတော်တဆ ပုခုံးချင်း တိုက်မိသွားလေသည်။
"ဟာ... အိုင်ဗီပါလား၊ မတွေ့ရတာ ကြာပြီနော်"
အိုင်ဗီက လှိုက်လှိုက်လဲလဲ ပြုံးပြလိုက်ရင်း "နေကောင်းလား ဟင်နရီ၊ ဒီကို ဘာကိစ္စနဲ့ လာတာလဲ"
ဟင်နရီက အနည်းငယ် စိတ်လှုပ်ရှားနေဟန်ဖြင့် နောက်စေ့ကို ကုတ်လိုက်ပြီး "တကယ်တော့ တာလီယာကို အစည်းအဝေးအတွက် လာခေါ်တာပါ။ ဒါပေမဲ့..." သူက စကားကို ခဏရပ်ကာ အိုင်ဗီကို အလေးအနက် ကြည့်လိုက်ပြီး အသံကိုနှိမ့်ကာ ဆက်ပြောသည်။ "ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဗိုလ်ကြီးဆိုင်းလက်စ်ရဲ့ စိတ်အခြေအနေက တော်တော်လေး ဆိုးနေတာ။ အဆင်ပြေမယ်ဆိုရင်... မင်း သူ့ဆီ တစ်ချက်လောက် သွားကြည့်ပေးလို့ ရမလား"
ထိုသို့ပြောနေစဉ် ဟင်နရီ၏ မျက်နှာမှာ ငိုတော့မည့်အတိုင်း ဖြစ်နေလေရဲ့။ သူတို့၏ ဗိုလ်ကြီးမှာ တစ်စုံတစ်ယောက်က သူ့ရဲ့ ကျောက်ကပ်၊ အသည်း၊ နှလုံးသားနဲ့ ကလီစာအားလုံးကို ခိုးယူသွားသည့်နှယ် ရုပ်ပေါက် နေတယ်လေ။
ဆိုင်းလက်စ်က ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးတော့မည့်အလား စစ်ဆင်ရေး တာဝန်တွေကို တစ်ခုပြီးတစ်ခု ဇောက်ချလုပ်ကိုင်နေသည်။ တာလီယာသာ အနီးကပ် စောင့်ကြည့်ပြီး တပ်ရင်းထဲက ထွက်မသွားအောင် တားမထားပါက ခြောက်ရက်အတွင်း ကမ္ဘာပတ်လမ်းကို သုံးခေါက်လောက် ပတ်ပြီးလောက်ပြီဖြစ်သည်။
စစ်ဆင်ရေးထွက်ခွင့် မရသည့်အခါတွင်လည်း စခန်းတည်ဆောက်ရေး လုပ်ငန်းတွေထဲမှာပဲ အချိန်ပြည့် အာရုံစိုက်နေတတ်ရာ စကားလက် ပင်သူ့ကို ကြောက်နေရသည်။
ဟင်နရီ၏ စကားကြောင့် အိုင်ဗီ အံ့အားသင့်သွားသော်လည်း "ကောင်းပြီလေ" ဟု ချက်ချင်းပင် ခေါင်းငြိမ့် ဝန်ခံလိုက်သည်။
သို့သော် ဟင်နရီက ထွက်မသွားသေးဘဲ ဟိုဘက်ဒီဘက် ဂနာမငြိမ် ဖြစ်နေဆဲပင်။ တစ်ခုခု ထူးခြားနေသည်ကို အိုင်ဗီ ရိပ်မိလိုက်သည်။
"တခြား ပြောစရာ ရှိသေးလို့လား" ဟု သူမက သိချင်ဇောဖြင့် မေးလိုက်သည်။
ဟင်နရီ အနည်းငယ်လောက် ဝေခွဲမရဖြစ်နေပြီးမှ အနားသို့ တိုးကပ်လာကာ အိုင်ဗီတစ်ယောက်တည်း ကြားနိုင်မည့် အသံတိုးတိုးဖြင့် တိုးတိုးလေး ကပ်ပြောသည်။ "ငါ... ငါ့ကို ဆားထုပ်လေးတွေ ရောင်းပေးပါလား"
အိုင်ဗီ မျက်ခုံးတစ်ချက် ပင့်သွားသည်။
ဟင်နရီက ငြင်းပယ်ခံရမည်ကို စိုးရိမ် နေသည့်အလား လက်နှစ်ဖက်ကို အမြန် မြှောက်ပြလိုက်ပြီး "လဲလှယ်ဖို့အတွက် ဘာမဆို ပေးပါ့မယ်။ ဟင်းခတ်အမွှေးအကြိုင်၊ အသား၊ အသီးအရွက်... ကြိုက်တာသာ ပြော။ ကျေးဇူးပြုပြီး ကူညီပါ"
သူ့မျက်နှာက အလွန်အမင်း တည်ကြည်နေသဖြင့် အိုင်ဗီမှာ မျက်တောင်တောင် မခတ်နိုင်ဘဲ ကြည့်နေမိသည်။
ဟင်နရီက ရှက်ကိုးရှက်ကန်းနှင့် အသံတိုးတိုးဖြင့် ဆက်ပြောသည်။ "လွန်ခဲ့တဲ့ သုံးလက ရိက္ခာတွေ အများကြီး စုဆောင်းခဲ့ပေမဲ့ ဆားကတော့ အလုံအလောက် မရှိခဲ့ဘူး။ အချိန်ကလည်း သိပ်မရတော့ ဆားက မြန်မြန်ကုန်သွားတာပဲ။ အခု စားနေရတဲ့ အစားအသောက်တွေက ပြုတ်ထားတဲ့ ခြေအိတ်တွေကို စားနေရသလိုပဲ။ ငါက ဆားပါမှကြိုက်တာ။ ဆားမပါရင် ဘာမှ စားလို့မရဘူး။ ဒါက ငါ့ကို ဖြည်းဖြည်းချင်း သတ်နေသလိုပဲ"
အိုင်ဗီက အစပိုင်းတွင် ဘာမှ ပြန်မပြောသော်လည်း စိတ်ထဲတွင်တော့ အတိတ်ဘဝက အကြောင်းအရာတစ်ခုကို ပြန်လည် သတိရသွားသည်။
အတိတ်ဘဝကလည်း ဟင်နရီသည် ဤအတိုင်းပင်။ သူသည် အစားအသောက် ဂျီးများသူ မဟုတ်သော်လည်း ဟင်းတွေက ပေါ့ပျက်ပျက် ဖြစ်နေသဖြင့် အစားသိပ်မစားနိုင်ခဲ့ပေ။ ဆားအပေါ် ထားရှိသည့် သူ့၏ သစ္စာရှိမှုမှာ အမှန်တကယ်ပင် ဖြစ်သည်။
"ရောင်းပေးပါ့မယ်" ဟု အိုင်ဗီက နောက်ဆုံးတွင် ပြောလိုက်သည်။
ဟင်နရီ၏ မျက်လုံးများက မီးရှူးမီးပန်းများပမာ ဝင်းလက်သွားသည်။
ထိုစဉ် အိုင်ဗီ၏ စိတ်ထဲတွင် အသိပေးချက်တစ်ခု ပေါ်လာသည်။
[၂၀ KB ရရှိပါသည်။]
သူမ မျက်တောင် ခတ်မိသွားသည်။ 'ဆားရောင်းတာလေးနဲ့တင် ဒီလောက် ရတာလား'။ သူမက စိတ်လှုပ်ရှားမှုကို အပြင်သို့ ထုတ်မပြဘဲ ထိန်းထားလိုက်သည်။
ဟင်နရီက တားမြစ်ထားသော ကုန်စည်တစ်ခုကို မှောင်ခိုရောင်းဝယ်နေသည့်အလား ရွှေတုံးအသေးလေးတစ်တုံးကို အမြန် ထုတ်လိုက်သည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ပြီးမှ သူမ လက်ထဲသို့ ထည့်ပေးလိုက်သည်။
အိုင်ဗီက ၁၀ ဂရမ်ရှိသော ထိုရွှေတုံးလေးကို ကြည့်ကာ ခပ်တိုးတိုး ရယ်လိုက်ပြီး "ဒီရွှေတုံးနဲ့ ဆားဘယ်နှစ်ထုပ် ဝယ်ချင်လို့လဲ" ဟု မေးလိုက်သည်။
ဟင်နရီက အားနာဟန်ဖြင့် ပြုံးရင်း "ငါ မင်းကို ဈေးခေါင်းပုံဖြတ်တာ မဟုတ်ဘူးနော်။ မင်းက ဗိုလ်ကြီးဆိုင်းလက်စ်ရဲ့ ဇနီး... အဲ... ရင်းနှီးတဲ့ မိတ်ဆွေဆိုတော့ ငါ ဈေးမဆစ်တော့ပါဘူး။ ငါးထုပ်လောက် ရမလားဟင်"
အိုင်ဗီ၏ မျက်ခုံးများ တစ်ဖန် မြင့်တက်သွားပြန်သည်။ ငါးထုပ်တည်းလား။
မကြာခင်မှာ ဆားဈေးနှုန်းတွေက ကောင်းကင်အထိ ထိုးတက်တော့မည်ကို သူမ သတိရလိုက်သည်။ ဟင်နရီက သတိကြီးစွာ ထားနေခြင်းဖြစ်ပြီး ကိစ္စကို အကြီးအကျယ် မဖြစ်စေချင်ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် သူမ မျက်ခုံးပင့်သည်ကို မြင်သောအခါ ဟင်နရီက သူမ စိတ်ဆိုးသွားသည်ဟု ထင်ကာ ပျာပျာသလဲ ဖြစ်သွားသည်။ "ကောင်းပြီလေ၊ နှစ်ထုပ်ပဲ ပေးပါတော့။ နှစ်ထုပ်ဆိုရင်လည်း ရတနာတစ်ခုလို တန်ဖိုးထားပြီး သုံးပါ့မယ်။ နှစ်နှစ်လောက်တော့ အသုံးခံမှာပါ"
သူက မျှော်လင့်ချက် အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်နေသည်။
အိုင်ဗီက သက်ပြင်းတစ်ချက်ချကာ ခေါင်းခါလိုက်ရာ ဟင်နရီ၏ စိတ်ပျက်သွားဟန် ရသော်လည်း သူမက တည်ငြိမ်စွာပင် "အထုပ် ၂၀ ပေးမယ်" ဟု ပြောလိုက်သည်။
ဟင်နရီ မျက်လုံးအပြူးသား ဖြစ်သွားသည်။
"ဟမ်"
"မင်းက ဟင်နရီပဲလေ။ ဆိုင်းလက်စ်ရဲ့ လက်အောက်ငယ်သားဆိုတော့ ဈေးလျှော့ပေးသင့်တာပေါ့"
ဟင်နရီသည် အိုင်ဗီကို နတ်သမီးတစ်ပါးနှယ် ကြည့်နေမိသည်။ ထို့နောက် ဘာမှ ကြိုတင် အသိမပေးဘဲ သူမ၏ လက်ကို အတင်း ဆုပ်ကိုင်လိုက်သည်။
"မင်းက အိုင်ဗီတင် မဟုတ်ပါဘူး၊ ဆားနတ်သမီးလေးပါဟာ" သူက မျက်ရည်ဝဲလျက် စိတ်လှုပ်ရှားစွာ ပြောရှာသည်။ "အရင်က ငါ မင်းကို မကောင်းတာတွေ အများကြီး ပြောခဲ့မိတယ်။ အဲဒီအတွက် တကယ် နောင်တရပါတယ်။ နောင်ကို မင်းမှာ အခက်အခဲ ရှိလာရင် ငါက ပထမဆုံး ကူညီမယ့်သူ ဖြစ်စေရမယ်"
အိုင်ဗီ ကြောင်အသွားသည်။
အတိတ်ဘဝတွင် ဟင်နရီသည် သူမအပေါ် ဘယ်သောအခါမှ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဖူးပေ။ သူမကို လှည့်ပင် မကြည့်ဘဲ ဆိုင်းလက်စ် ခိုင်းသောကြောင့်သာ ကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူမက သူ့အသက်ကို ကယ်ထားသည့်နှယ် ပြုမူနေသည်။
သူမ တစ်ခုခု ပြန်ပြောရန် ပြင်စဉ်မှာပင် အေးစက်စက် ချောင်းဟန့်သံတစ်ခုက သူတို့ကို ကြားဖြတ်နှောင့်ယှက်လိုက်သည်။
နှစ်ယောက်လုံး လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် လက်ပိုက်လျက် ရပ်ကြည့်နေသော ဆိုင်းလက်စ်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများက အိုင်ဗီ၏ လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သော ဟင်နရီ၏ လက်ဆီသို့ စူးစိုက်ကျရောက်နေသည်။
ဟင်နရီ တောင့်ခဲသွားသည်။ ထို့နောက် ငုံ့ကြည့်လိုက်မိရာမှ... မိမိက အိုင်ဗီ၏ လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း သိလိုက်ရသည်။
ပူလောင်နေသည့် မီးဖိုကို ထိမိလိုက်သည့်နှယ် ဟင်နရီ လက်ကို ချက်ချင်း လွှတ်လိုက်သည်။ "ကျွန်တော်တို့ ထင်သလို မဟုတ်ပါဘူး ဗိုလ်ကြီး" ဟု ဆိုင်းလက်စ်ကို အားနည်းစွာ ပြုံးပြရင်း တုန်တုန်ယင်ယင် ပြောရှာသည်။
'သိပ် သဝန်တိုတာပဲ၊ ငါက နမ်းနေတာမှ မဟုတ်ဘဲ' ဟု စိတ်ထဲက ကြိတ်တွေးမိသော်လည်း အပြင်သို့ ထုတ်မပြောရဲပေ။ သူ၏ ရည်းစားဖြစ်သူက ဗိုလ်ကြီးနှင့် ပတ်သက်လျှင် မည်သို့ ကိုင်တွယ်ရမည်ကို ကောင်းစွာ သင်ကြားပေးထားပြီးဖြစ်သည်။
"အရောင်းအဝယ် ပြီးတာနဲ့ ကျွန်တော် ချက်ချင်း ထွက်သွားပါ့မယ်" ဟု ဟင်နရီက အိုင်ဗီကို ကမန်းကတန်း ပြောလိုက်သည်။
အိုင်ဗီက ခေါင်းငြိမ့်ပြကာ သူမ၏ အိတ်ထဲတွင် ရှာဖွေနေဟန် ပြုလုပ်ပြီး စိတ်ကူးထဲက နေရာလွတ်ထဲမှ ဆားထုပ်များကို ထုတ်ယူလိုက်သည်။
ဟင်နရီသည် ဆားထုပ် ၂၀ ကို ရွှေတုံးကြီးများနှယ် လက်နှစ်ဖက်ဖြင့် တရိုတသေ လှမ်းယူကာ အနည်းငယ် ဦးညွှတ်လိုက်သည်။
မထွက်ခွာမီ သူက ပြုံးစိစိဖြင့် "ဒါနဲ့... ဗိုလ်ကြီးက ခြောက်ရက်ရှိပြီ၊ ကောင်းကောင်း အိပ်မပျော်ဘူးနော်" ဟု ပြောသွားသေးသည်။
ဆိုင်းလက်စ်က ဟင်နရီကို အေးစက်စွာ တစ်ချက် ထပ်ကြည့်လိုက်သော်လည်း ဟင်နရီကတော့ လမ်းတစ်ဝက်ပင် ရောက်နေပြီ ဖြစ်သည်။ သူ အလွန် ပျော်ရွှင်နေသည်။ ဗိုလ်ကြီးက သူ့ကို ထိုးမကြိတ်ခဲ့ပေ။ ထိုသို့ အကြည့်ချင်း ဆုံလိုက်ရခြင်းမှာပင် တိုးတက်မှု တစ်ခုဟု ဆိုရမည်။
သိသာလှသည်မှာ ဗိုလ်ကြီးက သူ့ကို အပိုလေ့ကျင့်ခန်းတွေ လုပ်ခိုင်းရန် စစ်မြေပြင်ထဲသို့ ပစ်ထည့်ချင်နေသော်လည်း ယခု အိုင်ဗီက သူ့ကို စိုးရိမ်နေသည်ကို မြင်လိုက်ရသည့်အတွက် စိတ်ပျော့သွားခြင်း ဖြစ်ပေလိမ့်မည်။
ဟင်နရီသည် ဗိုလ်ကြီး၏ အမျက်ဒေါသနှင့် မတွေ့ချင်တော့သဖြင့် အမြန်ခြေလှမ်းများဖြင့် ထွက်ခွာသွားတော့သည်။
အိုင်ဗီက ဆိုင်းလက်စ်ဘက်သို့ လှည့်လိုက်သည်။ သူမက သူ့ကို ကြင်နာစွာ ကြည့်လိုက်ရင်း "တစ်ခုခု စားပြီးပြီလား" ဟု မေးလိုက်သည်။
ဆိုင်းလက်စ်က ခေါင်းခါပြကာ "ကိုယ် အဆင်ပြေ..." ဟု စကားစသော်လည်း သူမက အိတ်ထဲသို့ လက်နှိုက်လိုက်သည်ကို မြင်သောအခါ စကားရပ်သွားသည်။
သူမက သူ့အား နွေးနေဆဲဖြစ်သော သတ္တုထမင်းချိုင့်လေး တစ်လုံး ကမ်းပေးလိုက်သည်။
ဆိုင်းလက်စ်သည် ထိုထမင်းချိုင့်ကို ဗုံးတစ်လုံးနှယ် ငေးကြည့်နေမိသည်။
"...ဒါ... ကိုယ့် အတွက်လား" သူက မဝံ့မရဲ မေးလိုက်သည်။
အိုင်ဗီက ခေါင်းငြိမ့်ပြကာ "စောစောကမှ ချပ်ထားတာ။ ရှင် နေ့လယ်စာ မစားရသေးဘူး ထင်လို့..."
စကားအဆုံးတွင် အိုင်ဗီ၏ နားသယ်စပ်လေးများ နီမြန်းလာသည်။ စိတ်ထဲတွင်လည်း အလွန်အမင်း ရင်ခုန်နေမိတော့သည်။
***