ဆိုင်းလက်စ်သည် အိုင်ဗီကို တစ်ချိန်လုံး စိုက်ကြည့်နေမိသည်။ ရှက်သွေးဖြန်းပြီး နားရွက်ကလေးများ နီမြန်းနေသည့် သူမ၏ပုံစံမှာ သူ၏နှလုံးခုန်သံကို တစ်ချက် ရပ်တန့်သွားစေသည်။
ပန်းရောင်ဆံနွယ်များကို ကပိုကရို ထုံးဖွဲ့ထားသည့် သူမ အလွန်ပင် နုနယ်လှပနေသည်။ နွေအပူရှိန်ကြောင့် ဝင်းပသော အသားအရေပေါ်တွင် ချွေးစက်ကလေးများ စို့နေပြီး လျော့ကျနေသော ဆံနွယ်အချို့က ပါးပြင်ပေါ်တွင် ဝဲကျနေသည်။
လက်ထဲတွင် ထမင်းချိုင့်လေးကို ကိုင်ကာ စိုးရိမ်တကြီး ကြည့်နေသည့် သူမ၏ ပုံစံမှာ လတ်ဆတ်သော မက်မွန်သီးတစ်လုံးနှင့်ပင် တူနေတော့သည်။
ချိုမြိန်ပြီး အရည်ရွှမ်းမည့်ပုံစံပဲ။ သူမကို ရုတ်တရက် ပွေ့ဖက်လိုက်ချင်သလိုလို ကိုက်စားပစ်လိုက်ချင်တဲ့စိတ်များ တဖွဖွ ပေါ်ပေါက်လာသည်။ လွန်ခဲ့သည့် တစ်ပတ်က ကားပေါ်တွင် သူမက သူ့ကို ဖက်ခဲ့သည့် အမှတ်တရကြောင့် ရင်ထဲတွင် နွေးထွေးမှုများ ပြည့်နှက်သွားရသည်။
ဆိုင်းလက်စ်သည် မူးဝေနေသည့်အလား သူမရှိရာဘက်သို့ အသာယိုင်လဲလိုက်ပြီး "အင်း..." ဟု ညည်းတွားသံသဲ့သဲ့နှင့်အတူ ဟန်ချက်ပျက်သလို လုပ်လိုက်သည်။
အိုင်ဗီသည် စိုးရိမ်တကြီးဖြင့် သူ့ကို လှမ်းဖမ်းလိုက်မိသည်။ ခြောက်ရက်တိုင်တိုင် အိပ်ရေးပျက်၊ အစားပျက်နေသည်ဟူသော ဟင်နရီ၏ စကားကို ပြန်ကြားယောင်ရင်း ဆိုင်းလက်စ်တစ်ယောက် အမှန်တကယ်ပင် အားအင်ချည့်နဲ့နေပြီလားဟု တွေးလိုက်မိသည်။
"ဆိုင်းလက်စ်" သူမက သူ့လက်မောင်းကို လှမ်းဆွဲကာ ပုခုံးပေါ်သို့ မှီတွယ်စေရင်း အလန့်တကြား ခေါ်လိုက်သည်။ သူ့ကိုယ်ငွေ့က နွေးထွေးပြီး ကိုယ်ြလေးလံနေသဖြင့် ခဏတာ ရှက်ရွံ့သွားသော်လည်း ထိုစိတ်ကို အမြန်ဖယ်ဖျောက်လိုက်သည်။
"အိုင်ဗီ..." ဆိုင်းလက်စ်က သူမ၏ နားပါးသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ကိုယ့်ကို အခန်းအထိ လိုက်ပို့ပေးလို့ ရမလား။ အခု လမ်းဆက်လျှောက်ဖို့ အားတောင် မရှိတော့ဘူးထင်တယ်"
"ရတာပေါ့" အိုင်ဗီက ဘာမှမစဉ်းစားဘဲ သူ့ကို ပိုပြီး တင်းတင်းကြပ်ကြပ် တွဲကူလိုက်သည်။ သူမသည် စစ်ဘက်ဆိုင်ရာ ယာဉ်များ ရပ်နားထားရာဘက်သို့ သူ့ကို တွဲခေါ်သွားလေသည်။
အနီးအနားရှိ တိုင်တစ်တိုင်၏ နောက်ကွယ်တွင်မူ ဟင်နရီက မျက်လုံးတစ်ဖက်တည်းဖြင့် ချောင်းကြည့်နေရင်း သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ဟူး... ဗိုလ်ကြီးကတော့ တကယ်ကို ကြောက်စရာကောင်းတာပဲ။ လူတစ်ယောက်ရဲ့ ရင်ကို ဘယ်လို နာကျင်အောင် လုပ်ရမလဲဆိုတာ ကောင်းကောင်း သိတာပဲ" ဟု ကိုယ့်ဘာကိုယ် တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက် သူရထားသည့် ဆားထုပ်လေးတွေကို ကြည့်ကာ "ဒီဆားထုပ်တွေသာ မရှိရင် အခုချက်ချင်း သွားဖော်ပစ်လိုက်မှာ" ဟုလည်း မကျေမနပ် ပြောလိုက်သည်။
သို့သော် ဟင်နရီက ထွက်မသွားသေးဘဲ ထွက်ခွာသွားသော ကားကို ငေးကြည့်ရင်း "အိုင်ဗီလို နတ်သမီးမျိုးက ငါတို့အသိုင်းအဝိုင်းမှာပဲ ရှိသင့်တာ။ အဲဒါကြောင့် ဗိုလ်ကြီးက သူမကို မရရအောင် သိမ်းပိုက်နိုင်ရမယ်" ဟု ဆိုကာ ဆားထုပ်လေးတွေကို ရတနာတစ်ခုလို ရင်ခွင်ထဲ ပိုက်ထားလိုက်သည်။
"အမီလီယာကို မိန်းကလေးတစ်ယောက်ရဲ့ ရင်ခုန်သံကို ဘယ်လို ဖမ်းစားရမလဲဆိုတာ မေးကြည့်ရမယ်။ တခြားလူက အိုင်ဗီကို လာမလုခင် ဗိုလ်ကြီးကို ပြန်သင်ပေးရမယ်။ အကယ်၍သာ အိုင်ဗီကို တခြားလူ လုသွားရင်တော့ ငါ သွေးမျက်ရည် ကျမိမှာပဲ"
ဆိုင်းလက်စ်သာ ဟင်နရီ၏ အတွေးကို ကြားသွားပါက သူ့ကို ရိက္ခာဖြတ်ပြီး စစ်ရေးလေ့ကျင့်ခန်း တစ်ပတ်တိတိ လုပ်ခိုင်းပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ ဆိုင်းလက်စ်မှာ ဟန်ဆောင်ကောင်းနေရသဖြင့် အလုပ်ရှုပ်နေသည်။
…
ကားထဲသို့ ရောက်သောအခါ အိုင်ဗီက စိုးရိမ်တကြီးဖြင့် ဆိုင်းလက်စ်ကို ကြည့်လိုက်သည်။
"တကယ်လို့ မူးနေတယ်ဆိုရင်... အိမ်မပြန်ခင် ဒီမှာပဲ ခဏရပ်ပြီး နေ့လယ်စာ အရင်စားလိုက်ရအောင်လေ" ဟု သူမက အကြံပြုသည်။
ဆိုင်းလက်စ်က ပင်ပန်းနေသော စစ်သားတစ်ယောက်နှယ် ခေါင်းငြိမ့်ပြသည်။ အိုင်ဗီက ထမင်းချိုင့်ကိုဖွင့်ကာ အထဲမှ အစားအသောက်များကို ထုတ်လိုက်သည်။ အဖုံးဖွင့်လိုက်သည်နှင့် မွှေးပျံ့သော ရနံ့က ကားတစ်စီးလုံးကို ဖုံးလွှမ်းသွားသည်။
သို့သော် ဆိုင်းလက်စ်က စားမည့်အစား ဇွန်းကိုသာ ကျောက်တုံးကြီး တစ်တုံးအတိုင်ူ စိုက်ကြည့်နေသည်။
"ဇွန်းကိုတောင် မ မနိုင်တော့ဘူး ထင်တယ်..." ဟု သူက အားနည်းသောအသံဖြင့် ပြောလိုက်သည်။
အိုင်ဗီက စိတ်မကောင်းစွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ "ကျွန်မကို ခွံ့ခိုင်းပေးစေချင်လို့လား"
ဆိုင်းလက်စ်က ချက်ချင်းပင် ကိုယ်ကို အနည်းငယ် မတ်လိုက်ပြီး "အဲဒီလိုဆိုရင်တော့... မငြင်းပါဘူး"
အိုင်ဗီ ကြောင်အကာ စိုက်ကြည့်နေမိသည်။ ကြည့်ရသည်မှာ သူက ကျန်းမာသန်စွမ်းနေဆဲ၊ အသားအရေကလည်း ကောင်းမွန်ပြီး မျက်လုံးများကလည်း တည်ငြိမ်နေသည်။ သို့သော် ဇွန်းကို မ မနိုင်ဘူးဟု ပြောနေပြန်သည်။
သူမ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သော်လည်း သူ၏ မျက်ကွင်းညိုညိုလေးတွေကို မြင်သွားသောအခါ စိတ်ပြန်ပျော့သွားသည်။ သူ တကယ်ကိုပဲ အိပ်ရေးပျက်နေခဲ့တာလေ။
အိုင်ဗီက သက်ပြင်းသဲ့သဲ့ချကာ ဇွန်းဖြင့် ထမင်းကို ခပ်လိုက်ပြီး "ပါးစပ်ဟဦး" ဟု ပြောလိုက်သည်။
ဆိုင်းလက်စ်ကလည်း တွန့်ဆုတ်မနေဘဲ ပါးစပ်ဟပေးလိုက်သည်။ သူ၏ စိတ်ထဲတွင် ထူးဆန်းသော်လည်း ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ သူမ ခွံ့ကျွေးသမျှကို တစ်လုပ်ချင်း စားနေရင်း သူ၏ မျက်လုံးများက သူမမျက်နှာထံမှ ခွာမသွားပေ။
'သူမ ငါ့ကို ခွံ့ကျွေးနေတာပဲ... သူမ ငါ့ကို တကယ် ဂရုစိုက်တာပဲ’
ထိုအခိုက်အတန့်တွင် သူသည် ကမ္ဘာပေါ်မှာ အကံအကောင်းဆုံး အမျိုးသားတစ်ဦးဟု ခံစားလိုက်ရသည်။
ထမင်းချိုင့်ထဲက အစားအသောက်တွေ ကုန်ခါနီးတွင် ဆိုင်းလက်စ်က အရေးကြီးသောအကြောင်းအရာတစ်ခုကို သတိရသွားသည်။
"အိုင်ဗီ" သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။ "နိုက်ဘိန်း မိသားစုအကြောင်းကို စုံစမ်းကြည့်ပြီးပြီ"
အိုင်ဗီ ကိုယ်လေး တောင့်ခဲသွားသည်။
"ဂေါ့သမ်မြို့မှာတော့ သူတို့အကြောင်း ဘာမှတ်တမ်းမှ မရှိဘူး"
အိုင်ဗီ၏ စိတ်ထဲတွင် မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားရသည်။ အတိတ်ဘဝတုန်းက သူမသည် အလွန်အမင်း စိုးရိမ်စိတ်များနေသဖြင့် သူတို့ကို ဘာမှ သေချာမမေးမြန်းခဲ့မိပေ။ နာမည်နှင့် အသံကိုသာ သိခဲ့ပြီး ရုပ်ပုံလွှာအစစ်အမှန်ကို မသိခဲ့ချေ။ တကယ်လို့သာ သူတို့ ရုပ်ရည်ကို သိခဲ့လျှင် အရာအားလုံးက ပို၍ လွယ်ကူသွားပေလိမ့်မည်။
သူမ၏ မျက်လုံးထဲက အရိပ်အယောင်ကို မြင်လိုက်ရသောအခါ ဆိုင်းလက်စ်က အမြန်ပင် ဆက်ပြောသည်။ "ဒါပေမဲ့ ကိုယ် လက်မလျှော့ပါဘူး။ မြောက်ပိုင်းဘက်မှာ စပြီး ရှာဖွေနေပြီ။ အဲဒီမှာ မတွေ့ရင်လည်း တောင်၊ မြောက်၊ အရှေ့၊ အနောက် အရပ်မျက်နှာအားလုံးကို ရှာပေးပါ့မယ်။ တစ်လလောက်ပဲ အချိန်ပေးပါ။ သူတို့ကို တွေ့အောင် ရှာပေးမယ်လို့ ကတိပေးပါတယ်ကွာ"
အိုင်ဗီသည် သူ့ကို ငေးကြည့်နေမိပြီး ရင်ထဲတွင် လှိုက်ဖိုလာသည်။
ဆိုင်းလက်စ်က... သူမအတွက် ဤမျှအထိ ကြိုးစားပေးနေသည်လား။
အတိတ်ဘဝရော၊ ယခုဘဝမှာပါ သူမ၏ ဆန္ဒကို အရာရာထက် ဦးစားပေးသည့် တစ်ဦးတည်းသောသူမှာ သူပင် ဖြစ်သည်။ တခြားလူဆိုလျှင် လက်လျှော့သွားလောက်ပြီ ဖြစ်သော်လည်း ဆိုင်းလက်စ်ကမူ တွန့်ဆုတ်ခြင်းမရှိပေ။
သူမ၏ လည်ချောင်းထဲတွင် တစ်ဆို့နေသော်လည်း "ကျေးဇူးတင်ပါတယ်" ဟု တိုးတိုးလေး ပြောလိုက်မိသည်။
ဆိုင်းလက်စ်က ခပ်ဖွဖွလေး ပြုံးလိုက်သည်။
ထို့နောက် အိုင်ဗီက တစ်ခုခုကို တွန့်ဆုတ်နေပြန်သည်။
"ဆိုင်းလက်စ်..." သူမက အသံတိုးတိုးလေးဖြင့် စကားစလိုက်သည်။ "ဒေမီယန် ဘယ်မှာရှိလဲဆိုတာကိုလည်း သိချင်တယ်"
ဆိုင်းလက်စ်က ဘာကြောင့်လဲဟု မမေးပေ။ သူက ခေါင်းငြိမ့်ပြကာ "သူ ဘယ်တုန်းက ပျောက်သွားတာလဲ" ဟုသာ မေးသည်။
"လွန်ခဲ့တဲ့ တစ်ပတ်လောက်ကပါ"
"ငါ ရှာပေးပါ့မယ်" ဆိုင်းလက်စ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ သူ၏ အသံမှာ တည်ငြိမ်သော်လည်း ဆသချာလှသည်။ "ဒါကို ကိုယ့်ကိုပဲ လွှဲထားလိုက်ပါ"
အိုင်ဗီသည် သူ့ကို ကြည့်ရင်း ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ပြည့်နှက်နေသည်။ သူသည် သူမကို ကူညီရုံတင်မကဘဲ ဘာပဲဖြစ်ဖြစ် အစစအရာရာ ဝန်းရံပေးနေခြင်း ဖြစ်သည်။
"ဒါနဲ့..." ဆိုင်းလက်စ်က အိုင်ဗီ၏ အာရုံကို ဖမ်းစားလိုက်ရင်း "ဘာလို့ တပ်ရင်းထဲကို ရောက်နေတာလဲ။ အကူအညီ တစ်ခုခု လိုလို့လား... ဥပမာ စွမ်းအင် အမြူတေတေတွေ စုဆောင်းတာမျိုး"
သူ စကားမဆုံးသေးသော်လည်း အိုင်ဗီ နားလည်လိုက်သည်။ သူမက ခပ်တိုးတိုးလေး ရယ်လိုက်ရင်း ရှင်းပြလိုက်သည်။
"တာလီယာ တောင်းထားတဲ့ အမြူတေ ၁၀၀၀ ကို လာအပ်တာပါ"
"ကောင်းပြီလေ၊ အဲ့ဒါတွေအတွက် ကိုယ် ကူညီ... နေဦး... ဘာပြောလိုက်တယ်" အိုင်ဗီ၏ စကားကို ကြားသောအခါ ဆိုင်းလက်စ် အလန့်တကြား ဖြစ်သွားသည်။
သူမက လုပ်နိုင်ခဲ့တာလား။
တကယ်ပဲ လုပ်နိုင်ခဲ့တာလား။
သူမ အမြူတေ အခု ၁၀၀၀ စုဆောင်းနိုင်ခဲ့သည့်အပေါ် အံ့သြနေခြင်း မဟုတ်ပေ... သူမက ထိုအရာကို သူ့အတွက် လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟူသော အချက်ကြောင့်သာ အံ့အားသင့်နေခြင်း ဖြစ်ပါတော့သည်။
***