ထိုသို့တွေးရင်း သူလဲ မျက်လုံးများကို မှိတ်လိုက်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
သို့သော် သူ ပြန်လည်နိုးထလာသောအခါ မိမိကိုယ်မှာ လုံးဝကွဲပြားနေသော နေရာတစ်ခုသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
၎င်းမှာ သေတ္တာများစွာ စီထပ်ထားသည့် ဂိုဒေါင်တစ်ခု ဖြစ်သည်။ ဘာတွေဖြစ်နေမှန်း သူ နားမလည်နိုင်ခင်မှာပင် ဂိုဒေါင်တံခါး ပွင့်သွားပြီး ရင်းနှီးသော အရိပ်အယောင်တစ်ခု ပြေးဝင်လာသည်။
ပန်းရောင်ဆံနွယ်ရှင် မိန်းကလေးကို မြင်လိုက်ရသည့် ခဏမှာပင် ဆိုင်းလက်စ်၏ နှလုံးခုန်သံမှာ မြန်သွားသော်လည်း သူမ၏ ကိုယ်ပေါ်သို့ အကြည့်ရောက်သွားချိန်တွင်မူ တစ်ကိုယ်လုံး အေးစက်တောင့်ခဲသွားရသည်။
သူမဟာ အဝတ်မပါပဲ တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက် အမာရွတ်များ ပြည့်နှက်နေသည်။ အနည်းငယ် သွယ်လျခဲ့သော သူမ၏ ကိုယ်လုံးလေးမှာ ယခုမူ အရိုးပေါ် အရေတင် ဘဝသို့ ရောက်ရှိနေပြီး ဖြူဖျော့သော အသားအရေမှာလည်း အချိန်မရွေး သေဆုံးသွားနိုင်သည့်နှယ် အသက်မဲ့နေသည်။
ပို၍ အံ့သြဖို့ကောင်းသည်မှာ အိုင်ဗီ၏ ရုပ်သွင်မှာ ပို၍ ရင့်ကျက်နေခြင်းပင်။ ကြည့်ရသည်မှာ အသက် ၂၆ နှစ်ဝန်းကျင်ခန့် ရှိနေပုံရသည်။
ဆိုင်းလက်စ် ရင်ထဲက နာကျင်လာပြီး ခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားကာ သူ၏ ဂျာကင်အင်္ကျီကို ချွတ်လိုက်ရင်း လှမ်းခေါ်လိုက်သည်။
"အိုင်ဗီ... ဒီကိုလာ..."
သို့သော် သူ၏ စကားသံကို သူမ မကြားရသကဲ့သို့ပင်။ အိုင်ဗီက သူ့ကို ဂရုမစိုက်ဘဲ ထိတ်လန့်တကြား မျက်နှာထား၊ အသက်မဲ့သော မျက်ဝန်းများဖြင့် တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေနေသည်။
သူမကို အင်္ကျီခြုံပေးရန် ကြိုးစားသော်လည်း သူ၏လက်မှာ အိုင်ဗီ၏ ကိုယ်ကို မထိဘဲ လေထဲမှာပင် ပျောက်သွားသလို။ ဆိုင်းလက်စ် မျက်လုံးအပြူးသား ဖြစ်သွားရသော်လည်း ဘာမှ ပြန်မစဉ်းစားနိုင်ခင်မှာပင် အိုင်ဗီသည် သေတ္တာတစ်ခုထဲတွင် ဝင်ပုန်းကာ ကိုယ်ကို ဖုံးအုပ်ထားလိုက်သည်။
"အိုင်ဗီ" ဆိုင်းလက်စ်က သေတ္တာအဖုံးကို ဖွင့်ရန် ကြိုးစားသော်လည်း အဖုံးကို လုံးဝ မလှုပ်နိုင်ချေ။ သူ စိုးရိမ်နေစဉ်မှာပင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။
သူ့အာရုံက အိုင်ဗီဆီမှာပဲ ရှိနေစဉ် ရင်းနှီးသလိုလိုနှင့် ခပ်ထန်သော အသံတစ်ခုကို ကြားလိုက်ရသည်။
"အိုင်ဗီလေး... ဘယ်မှာလဲ။ ထွက်လာစမ်းပါ။ မင်းကို ခေါင်းဆောင်ဆီ ပြန်အပ်ပေးရဦးမယ်"
ဆိုင်းလက်စ်သည် ထိုသူရှိရာသို့ ချက်ချင်း လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ အေးစက်သွားတော့သည်။ သူက ဟိန်းဟောက်လိုက်သည်။ "အိုင်ဗီကို အဲဒီလို ပြောရဲတယ်ပေါ့။ သူမကို ချက်ချင်း တောင်းပန်စမ်း ရိုနန်"
ဟုတ်တယ်။ ထိုသူက ရိုနန်ပင် ဖြစ်သည်။ သို့သော် သူက ပကတိ ရိုနန်ထက် ပို၍ ရင့်ကျက်ပြီး ယုတ်မာသော ရုပ်ပေါက်နေသည်။ တစ်စုံတစ်ရာကြောင့် ပြောင်းလဲသွားသည့်အတိုင်း။
ဆိုင်းလက်စ်မှာ ရိုနန်ကို အကဲခတ်နေဖို့အတွက် စိတ် ရော အခြေအနေပါ အချိန် မရှိပါ။ သူ အိုင်ဗီကိုသာ ကာကွယ်ပေးချင်သည်။ သို့သော် ရိုနန်က သူ၏ အသံကို မကြားရသကဲ့သို့ ဆက်၍ စကားပြောနေသည်။
နောက်ဆုံးတွင် သူက အိုင်ဗီကို ရှာတွေ့သွားပြီး မာ့ခ်အား... သူတို့သာ တစ်ခုခုလုပ်လျှင် အိုင်ဗီကို ဝေမျှသုံးစွဲနိုင်မည့်အကြောင်း ပြောခိုင်းလိုက်သည်။
ရိုနန်က တခြား စကားအချို့ကိုလည်း ပြောသေးသော်လည်း အချို့မှာ ဝေဝါးနေသည်။ ဆိုင်းလက်စ်အတွက်မူ လက်ရှိ အခြေအနေမှာ အဓိပ္ပာယ်မရှိလောက်အောင် ဆိုးရွားလွန်းလှသည်။
ပို၍ ဒေါသထွက်စရာကောင်းသည်မှာ မာ့ခ်နှင့် ရိုနန်တို့က အိုင်ဗီအပေါ် ရမ္မက်ဇောဖြင့် ပြောဆိုနေကြပြီးနောက် ရိုနန်က အိုင်ဗီ၏ ဆံပင်ကို ဆွဲကာ သေတ္တာထဲမှ အကြမ်းပတမ်း ဆွဲထုတ်သွားခြင်းပင်။
"ရိုနန်။ မင်း ဒီ ခွေးကောင်။ တော်စမ်း။ အခုချက်ချင်း ရပ်လိုက်။ သူ့ကို လွှတ်လိုက်စမ်း။ သူမ နာကျင်နေပြီလေ။ မင်း ဘာလို့ အဲဒီလို ယုတ်မာနေရတာလဲ" ဆိုင်းလက်စ် အော်ဟစ်ကာ ရိုနန်၏ လက်ကို အတင်း တွန်းဖယ်ရန် ကြိုးစားသော်လည်း ထူးဆန်းသော အကြောင်းရင်းကြောင့် ဘယ်သူကို့မှ ထိတွေ့၍ မရပေ။
အိုင်ဗီက အသက်ဘေးမှ လွတ်ရန် တောင်းပန်နေစဉ်မှာပင် သူတို့က သူမကို ဆံပင်မှ ဆွဲကာ ခေါ်ဆောင်သွားကြသည်။ သူမ၏ ပုံစံမှာ မည်သူမဆို မြင်လျှင် သနားစရာ ကောင်းလောက်အောင် ဆက်ဆံခံနေရရှာသည်။
ဆိုင်းလက်စ်သည် တစ်စုံတစ်ယောက်က သူ့လည်ပင်းကို ညှစ်ထားသကဲ့သို့ အသက်ရှူရ ခက်ခဲလာသည်။ သူတို့နောက်သို့ လိုက်ရန် ကြိုးစားသော်လည်း မမြင်ရသော အားတစ်ခုက သူ့ကို တားဆီးထားသည်။
သူ့နှလုံးသားကို ပို၍ တင်းကျပ်သွားစေသည်မှာ အိုင်ဗီ ထွက်မသွားခင် ပြောသွားခဲ့သော နောက်ဆုံးစကားပင် ဖြစ်သည်။ သူမက အသည်းအသန် အော်ဟစ်ပြောခဲ့သည်။
"အား... ကျေးဇူးပြုပြီး။ ကျေးဇူးပြုပြီး သနားကြပါ။ အဲဒီ မိစ္ဆာက ကျွန်မကို ထပ်ပြီး စော်ကားလိမ့်မယ်။ သူ ကျွန်မကို ထပ်ပြီး အဓမ္မကျင့်လိမ့်မယ်။ ကျေးဇူးပြုပြီး..."
ဘယ်သူလဲ။ ဘယ်သူက သူမကို အဓမ္မပြုကျင့်မှာလဲ။
ဆိုင်းလက်စ် ဒေါသကြောင့် မျက်လုံးများ နီမြန်းလာပြီး ထိုအခိုက်အတန့်တွင် ရိုနန်၊ သူ၏ လက်ပါးစေ နှစ်ယောက်နှင့် အိုင်ဗီကို အဓမ္မပြုကျင့်ခဲ့သူရောပ့ အစိမ်းလိုက် သတ်ပစ်ချင်စိတ် ပေါ်လာသည်။
ဘယ်လိုတောင် သတ္တိရှိကြတာလဲ။ သူ့ရဲ့ အိုင်ဗီကို ဒီလို ဆက်ဆံရဲတယ်ပေါ့။
သို့သော် ဒေါသထက် ပို၍ ခံစားရသည်မှာ ကြောက်ရွံ့မှုပင်။ အိုင်ဗီ ဘာတွေ ထပ်ပြီး ခံစားရဦးမည်ကို မသိဘဲ ဆွဲခေါ်သွားခြင်းခံရသည်ကို ကြောက်လန့်တကြား ငေးကြည့်နေရုံမှလွဲ၍ သူ ဘာမှ မတတ်နိုင်ခဲ့ပေ။
သူ၏ ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ အထွက်အထိပ်သို့ ရောက်ရှိနေစဉ်မှာပင် ရုတ်တရက် သူ မျက်လုံးပွင့်လာခဲ့သည်။ မီးအိမ်အလင်းအောက်တွင် အိုင်ဗီ၏ ဘေးတစောင်း မျက်နှာလေးကို မြင်လိုက်ရသည်။
သူသည် သူမကို ချက်ချင်းပင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်မိပြီး ရင်ခုန်သံများမှာလည်း အလွန်အမင်း မြန်ဆန်နေသည်။
တော်သေးတာပေါ့။ ဒါတွေအားလုံးက အိမ်မက်ဖြစ်နေလို့ တော်သေးတာပေါ့။ သူမက သူ့အနားမှာ ရှိနေဆဲပဲ။ သူမ ဒီလိုမျိုးတွေ မခံစားခဲ့ရသေးဘူး၊ နောင်လည်း မခံစားရစေရဘူးလို့ သူ ကျိန်ဆိုလိုက်သည်။
'ဒါက အိမ်မက်ပဲ။ ဟုတ်တယ်... ဒါကြောင့်လည်း သူမက ဒီနေ့ ရိုနန်ကို သတ်ချင်နေတာပဲ...'
ထိုသို့ တွေးနေရင်း ဆိုင်းလက်စ် တန့်သွားသည်။ ရေအေးဖြင့် အလောင်းခံလိုက်ရသည့်နှယ်။ သူ တစ်ခါမှ မမေးခဲ့ဖူးသော မေးခွန်းတစ်ခုက စိတ်ထဲတွင် ပေါ်လာသည်။
'သူမ ဘာလို့ ရိုနန်ကို သတ်ချင်နေရတာလဲ'
ဘာလို့လဲဆိုတော့... သူမ အနာဂတ်ကို မြင်ခဲ့လို့လား။ သူ မရှိတော့ဘဲ သူမ အဓမ္မပြုကျင့်ခံရပြီး တောင်းပန်တိုးလျှိုးခဲ့ရမယ့် အနာဂတ်လား...
ဒါက အိမ်မက်မဟုတ်ဘဲ အနာဂတ်ဖြစ်နေနိုင်သည်ဟူသော အသိက ဆိုင်းလက်စ်၏ နှလုံးသားကို အေးစက်သွားစေသည်။
သူ့ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာပြန်ပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ အနက်ရောင် ဂျာကင်အင်္ကျီကို ဝတ်ဆင်ကာ ထွက်ခွာရန် ပြင်လိုက်သော်လည်း ခေတ္တရပ်သွားသည်။
အိပ်ပျော်နေသော အိုင်ဗီကို ကြည့်ကာ သူမ၏ နဖူးလေးကို အသာအယာ နမ်းရှိုက်လိုက်ရင်း
"စိတ်မပူပါနဲ့ အချစ်ရယ်၊ သူတို့ကို ဘယ်တော့မှ မေ့လို့မရမယ့် ငရဲကို ကိုယ် ကိုယ်တိုင် ပြပေးပါ့မယ်”
ထိုသို့ပြောပြီးနောက် သူသည် အခန်းထဲမှ ထွက်လာကာ ဟင်နရီထံ ဖုန်းဆက်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် အေးစက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။
"ရိုနန်၊ မာ့ခ်နဲ့ ပီတာတို့ကို လူသူဝေးတဲ့ နေရာတစ်ခုဆီ ခေါ်လာခဲ့"
"ဒါပေမဲ့ ဗိုလ်ကြီး... ဘာလို့ အစီအစဉ်ကို အစောကြီး ပြောင်းလိုက်တာလဲ" ဟင်နရီ၏ ဇဝေဇဝါဖြစ်နေသော အသံ ထွက်ပေါ်လာသည်။
ပုံမှန်ဆိုလျှင် ဆိုင်းလက်စ်က အနည်းဆုံးတော့ အရိပ်အယောင် ပြလေ့ရှိသော်လည်း ယနေ့တွင်မူ ဖုန်းကို ချက်ချင်း ချလိုက်သည်။
ဟင်နရီသည် မိမိဖုန်းကို ကြောင်ကြည့်နေမိသည်။ ဆိုင်းလက်စ် ဤကဲ့သို့ စကားပြောသည့် နောက်ဆုံးအကြိမ်တုန်းက လူတစ်ယောက် သေဆုံးခဲ့ဖူးသည်။ ဒီတစ်ခါရော ဘယ်သူက သူ့ကို သွားဆွလိုက်ပြန်တာလဲ။
မကြာမီမှာပင် ရိုနန်နှင့် သူ၏ လက်ပါးစေ နှစ်ယောက်သည် တပ်ရင်းအတွင်းရှိ လူသူကင်းဝေးသော နေရာတစ်ခုသို့ ရောက်ရှိလာကြသည်။ ပတ်ဝန်းကျင်တွင် ဇမ်ဘီများလည်း မရှိဘဲ မာ့ခ်၏ တုန်ရီနေသော အသံသာ ထွက်ပေါ်နေသည်။
"ဒါက မကောင်းဘူး ထင်တယ်နော်။ ဗိုလ်ချုပ် ဖရန့်ခ်က ဘာလို့ ငါတို့ကို ဒီလိုနေရာမျိုးမှာ ရုတ်တရက် ခေါ်ရတာလဲ။ ငါတို့ ပြန်သင့်တယ် ထင်တယ်"
***