ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်လာခဲ့သည်။ မကြာမီ အခန်းသို့ ပြန်ရောက်သောအခါ အိုင်ဗီမှာ အိပ်ပျော်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။
ဒေါသတကြီး လောင်မြိုက်နေသော သူ၏နှလုံးသားမှာ သူမကို မြင်သည်နှင့် ရုတ်တရက် ငြိမ်သက်သွားတော့သည်။ ကုတင်အနားတွင် ကုလားထိုင်တစ်လုံးဆွဲကာ ထိုင်လိုက်ပြီး သူမ၏ လှပသော မျက်နှာလေးကို ငေးကြည့်နေမိသည်။
အေးချမ်းလိုက်တာ။ အပြစ်ကင်းစင်ပြီး... အိပ်မက်ထဲမှာ သူမြင်ခဲ့ရတဲ့ ပုံစံနဲ့ လုံးဝကို ကွာခြားလွန်းလှသည်။ နာကျင်မှု၊ ထိတ်လန့်မှု သို့မဟုတ် ကြောက်ရွံ့မှုတွေ မရှိဘဲ... ငြိမ်းချမ်းမှုတွေသာ ရှိနေသည်။
အိုင်ဗီ မျက်လုံးပွင့်လာသောအခါ မနက် ၁၀ နာရီ ထိုးနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အံ့သြသွားသည်။ သူမမှာ အိပ်မပျော်သည့် ရောဂါမရှိသော်လည်း ဤမျှလောက် နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ဖူးသည်မှာ ရှားလှသည်။
အိပ်မက်ဆိုးတွေ မရှိ၊ ဘာအိပ်မက်မှလည်း မမက်ဘဲ အေးချမ်းလှသော ညတစ်ည ဖြစ်ခဲ့သည်။
ကိုယ်လက်လှုပ်ရှား အကြောဆန့်ပြီးနောက် ကုတင်ပေါ်မှဆင်းကာ သူမ၏ ဟင်းလင်းပြင် ထဲမှာပင် ရေချိုးလိုက်ပြီးမှ အခန်းထဲသို့ ထွက်လာခဲ့သည်။ ဆိုင်းလက်စ် ရှိမနေသော်လည်း စားပွဲပေါ်တွင် သူမအတွက် မနက်စာ ပြင်ဆင်ထားပေးသည်ကို တွေ့ရသည်။
ဆိုင်းလက်စ် အနီးအနားမှာ ရှိမနေတာကို သိသဖြင့် အိုင်ဗီက ပြုံးလိုက်မိပြီး မနက်စာကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ငါ့ယောင်္ကျားက အတော်ဆုံးပဲ"
ဆိုင်းလက်စ် ရှေ့မှာသာ သူမ ကိုယ့်ဟာကို ထိန်းနေရသော်လည်း သူကွယ်ရာမှာတော့... သူမ စိတ်ကြိုက် ချစ်ပြလို့ ရသည် မဟုတ်လား။
မနက်စာ စားပြီးနောက် သူမ၏ နောက်ထပ် အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်လိုက်သည်။ ရိက္ခာများကို နေရောင်ခြည်စွမ်းအင်သုံး မီးဖို နှင့် အခြား လိုအပ်သည်များနှင့် လဲလှယ်ရန် ဖြစ်သည်။
သို့သော် သူမ မလှုပ်ရှားရသေးခင်မှာပင် သူမ၏ ရှေ့၌ အချိန်မှတ်နာရီ တစ်ခု ပေါ်လာသည်။ ယခုတစ်ကြိမ်တွင် အဝေးသို့ သွားနေစရာ မလိုသည့်အတွက် အိုင်ဗီ ဝမ်းသာသွားသည်။
ဒီတစ်ခါလည်း ဆေးဝါးတွေပဲ ရဦးမည်ဟု သူမ ထင်ထားခဲ့သော်လည်း အံ့သြစရာကောင်းသည်မှာ ယခုတစ်ကြိမ် ပေါ်လာသည်မှာ ပစ္စည်းအသစ် ဖြစ်နေခြင်းပင်။
ငရုတ်ကောင်းဟ။
အချိန်မှတ်နာရီ စတင်သည်နှင့် အိုင်ဗီ တွန့်ဆုတ်မနေဘဲ ငုံ့ယူလိုက်သည်။ ငရုတ်ကောင်းမှုန့် အထုပ်တစ်ထုပ် သူမ လက်ထဲသို့ ရောက်ရှိလာသည်။
'ငရုတ်ကောင်းအနက် ၆၅၀ ဂရမ် ရပြီ'
'ငရုတ်ကောင်းအဖြူ ၃၅၀ ဂရမ် ရပြီ'
'ငရုတ်ကောင်းအစိမ်း ၄၅၀ ဂရမ် ရပြီ'
'ငရုတ်ကောင်းအပန်း ၅၅၀ ဂရမ် ရပြီ'
'ငရုတ်ကောင်းအနီ ၂၅၀ ဂရမ်လား ရပြီ'
အိုင်ဗီပင် အရေအတွက်ကို မမှတ်မိတော့ဘဲ ဆက်တိုက် ကောက်ယူနေမိသည်။
ယခုတစ်ကြိမ်တွင် ဧည့်ခန်းထဲက အထုပ်အားလုံး ကုန်သွားသောအခါ မီးဖိုချောင်နှင့် အိပ်ခန်းမကြီး ထဲကိုပါ စစ်ဆေးရန် မမေ့ပေ။ ထင်သည့်အတိုင်းပင် ထိုနေရာများတွင်လည်း အထုပ်များ ရှိနေသည်။
တွန့်ဆုတ်ခြင်းမရှိဘဲ ဆက်တိုက် ကောက်ယူသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အပြင်းအထန် လေ့ကျင့်ခန်း လုပ်ထားသောကြောင့် တိုးတက်လာသည့် သူမ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကြောင့် အိုင်ဗီသည် အိပ်ခန်းမကြီးနှင့် မီးဖိုချောင် တစ်ခုလုံးကို ပြောင်စင်အောင် သိမ်းဆည်းနိုင်ခဲ့သည်။
သိုလှောင်ခန်းအထိပင် ရောက်ရှိကာ အားလုံးကို အပြီးသတ်နိုင်ခဲ့သည်။ သို့သော် အထဲသို့ ခြေလှမ်းလှမ်းလိုက်စဉ်မှာပင် အချိန်ကုန်သွားတော့သည်။ အိုင်ဗီ သက်ပြင်းချလိုက်ပြီး ယခုတစ်ကြိမ် ဘယ်လောက်ရလိုက်လဲဆိုတာကို စစ်ဆေးကြည့်လိုက်သည်။
ငရုတ်ကောင်း အမျိုးအစား တစ်မျိုးစီအတွက် အထုပ် ၂၀၀ စီ ရလိုက်သည်။ ဟင်း... မဆိုးပါဘူး။ ၎င်းတို့ကို ၂၅ ဆနှင့် မြှောက်မည်ဆိုပါက အမျိုးအစား တစ်မျိုးလျှင် ၅၀၀၀ စီနှင့် စုစုပေါင်း ၂၅၀၀၀ ရရှိမည်ဖြစ်သည်။
ရရှိလာသော ပစ္စည်းများအတွက် ကျေနပ်စွာ ပြုံးလိုက်ရင်း အိုင်ဗီသည် ဖုန်းကိုဖွင့်ကာ ကမ်းလှမ်းချက်တစ်ခု တင်လိုက်သည်။ နေရောင်ခြည်စွမ်းအင်သုံး မီးဖိုတစ်လုံးအတွက် ဆန် ၁ ကီလိုဂရမ်၊ ထမင်းဗူး ၂ ဗူး၊ ဂျုံမှုန့် ၁ ကီလိုဂရမ်နှင့် ဆား ၅ ထုပ် ပေးမည်ဟု တင်လိုက်ခြင်း ဖြစ်သည်။
သူမ၏ ပိုစ့် တက်လာသည်နှင့် မှတ်ချက်များ စုပြုံတိုးဝင်လာတော့သည်။
"အို... မင်းက သိပ်တွန့်တာပဲ! ဒီလောက် နည်းတာလား? ငါ့ကို ဆန် ၁၀ ကီလိုနဲ့ ဆား ၁၀ ထုပ် ပေးလေ။ ငါ မင်းကို အဆင့်မြင့် နေရောင်ခြည်သုံး မီးဖို ပေးမယ်"
"အို... လူသားချင်း စာနာထောက်ထားမှုတွေ သေဆုံးကုန်ပြီ! နေရောင်ခြည်သုံး မီးဖိုတစ်လုံးက ဒေါ်လာ ၄၉၅ တန်တာကို အခု ပေးတဲ့ဟာက ဒေါ်လာ ၁၀၀ တောင် မပြည့်ဘူး"
"အပေါ်ကလူတွေက လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေတာ ထင်တယ်။ အခုက ကမ္ဘာပျက်နေတာလေ မေ့နေပြီလား ငတ်သေနေတဲ့လူတွေ အများကြီးပဲ၊ ဆန် ၁ ကီလိုဆိုတာ သူတို့အတွက် နတ်သုဒ္ဓါပဲ အခု ဆန် ၁ ကီလိုရဲ့ ဈေးက ရွှေ ၅ ဂရမ် ရှိနေပြီ၊ မင်း ရွှေ ၃၀ ဂရမ် ပေးရင်တောင် ဆား ၅ ထုပ် ဝယ်လို့မရဘူး"
"မှန်တယ် ပထမနဲ့ ဒုတိယ မှတ်ချက်တွေကို ကြည့်ရတာ သူတို့ အင်္ဂါဂြိုဟ်ပေါ်မှာ နေနေတာလားလို့ သံသယဖြစ်မိတယ်။ ဒါနဲ့ Op ရေ၊ တကယ်လို့ ဆန် ၅ ကီလိုနဲ့ ဆား ၅ ထုပ် ထပ်တိုးပေးနိုင်ရင် ကျွန်တော် နေရောင်ခြည်သုံး စွမ်းအင်ပြား တွေပါ ပေးပါ့မယ်"
"ကျွန်တော်ကတော့ ဆိုလာပြား နှစ်စုံ၊ နေရောင်ခြည်သုံး မီးဖို နှစ်လုံးနဲ့ နေရောခြည်သုံး မုန့်ဖုတ်စက် တစ်လုံး ပေးမယ်။ ဆန် ၁၀ ကီလို၊ ဆား ၁၀ ထုပ်နဲ့ ဂျုံမှုန့် ၁၀ ကီလိုပဲ ပေးပါ။"
.....
မှတ်ချက်များစွာ တက်လာပြီး အိုင်ဗီက တစ်ခုချင်းစီကို တည်ငြိမ်စွာ ဖတ်နေသည်။ သို့သော် မှတ်ချက်တစ်ခုက သူမ၏ အာရုံကို ဆွဲဆောင်သွားသည်။
"ကျွန်တော်က ဆိုလာပြား တွေနဲ့ နေရောင်ခြည်သုံး ပစ္စည်းတွေ ထောက်ပံ့ပေးတဲ့သူပါ။ တကယ်လို့ အမြောက်အမြား ဝယ်ချင်တယ်ဆိုရင် ကျွန်တော့်ကို စာပို့ ခဲ့ပါ"
အိုင်ဗီသည် ချက်ချင်းပင် သူ၏ ID ကို နှိပ်ကာ ပရိုဖိုင်ကို စစ်ဆေးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ပရိုဖိုင်တွင် ဆိုလာ များကို ကြော်ငြာထားသော ပိုစ့်အဟောင်းများစွာ ရှိနေသဖြင့် သူသည် တကယ့် အရောင်းသမားတစ်ဦး ဖြစ်ကြောင်း သေချာသွားသည်။
သူမ မျက်လုံးများ တောက်ပသွားပြီး သူ့ထံ စာပို့လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ဆိုလာပြား နှင့် ပစ္စည်းကိရိယာ ဘယ်လောက် ဝယ်ချင်သလဲဟူသော ပြန်စာကို ရရှိသည်။
"ရှင်ကော ဘယ်လောက်ရှိလဲ" ဟု သူမက ပြန်မေးလိုက်သည်။
အနာဂတ်မှာ စခန်းတစ်ခု ဖွင့်မည်ဆိုလျှင် ဆိုလာပြား များမှာ အဓိက လိုအပ်ချက်ဖြစ်သဖြင့် သူမ တတ်နိုင်သမျှ အများကြီး လိုချင်နေသည်။ တစ်ခုတည်းသော ပြဿနာမှာ... သူမမှာ လဲလှယ်ရန် ရိက္ခာ အလုံအလောက် ရှိပါ့မလား ဆိုသည်ပင်။
အိုင်ဗီသည် အနာဂတ်အတွက် သိပ်ပြီး စိုးရိမ်မနေပေ။ သူမ၏ ထူးခြားသော စွမ်းအားကြောင့် ရိက္ခာ ပြတ်လပ်သွားစရာ အကြောင်းမရှိပေ... တစ်ခုတည်းသော အခက်အခဲမှာ 'အချိန်' သာ ဖြစ်သည်။
သူမမှာ ပစ္စည်းတွေ စုဆောင်းရန် အချိန်အလုံအလောက် မရှိပေ။ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ပစ္စည်း ၉၀၀ ခန့်သာ သူမ ကောက်ယူနိုင်သည်။ အချို့အချိန်များတွင် သူမ၏ စွမ်းအားက အလုပ်မလုပ်တော့ပေ။ အိုင်ဗီ သုံးသပ်မိသည်မှာ သူမသည် ထိုနေရာနှင့် ဝေးလံသော နေရာသို့ ရောက်ရှိနေသောကြောင့် စွမ်းအား အလုပ်မလုပ်ခြင်း ဖြစ်ပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ်... သူမသည် ဆိုလာပြာ များ၊ နေရောင်ခြည်သုံး မီးဖိုနှင့် မုန့်ဖုတ်စက်များကို ဝယ်ယူရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ဈေးနှုန်း ဘယ်လောက်ပဲ ဖြစ်ပါစေ၊ ရိက္ခာတွေ ပိုကောက်ပြီး ပေးချေမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။
ထိုစဉ် အရောင်းသမားထံမှ စာပြန်လာပြီး ခဏတာအတွင်း အိုင်ဗီမှာ ဆွံ့အသွားရသည်။ ဤလူက သူမကို နောက်ပြောင်နေတာလားဟုပင် သံသယဝင်မိသွားသည်။
အက်တလပ်: "ဆိုလာပြားပေါင်း ၁ သန်း ရှိပါတယ်။ မီးဖို ၈၁၂,၂၂၀ လုံးနဲ့ မုန့်ဖုတ်စက်၇၆၀,၂၀၀ လုံး ရှိပါတယ်။ နေရောင်ခြည်သုံး မီးစက်တွေလည်း ရှိပါတယ်။ မင်းက ဘယ်လောက် ဝယ်ဖို့ စဉ်းစားထားလဲ"
အိုင်ဗီသည် ထိုအရေအတွက် အမြောက်အမြားကို သေချာမြင်ရရန် မျက်လုံးကို အကြိမ်ကြိမ် ပွတ်ကြည့်မိသည်။ သူမ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
"ဝိုး... ငါတော့ သူဌေးကြီးတစ်ယောက်နဲ့ တိုးပြီ ထင်တယ်"
သို့သော်... ထူးဆန်းသော အချက်တွေကတော့ ရှိနေသေးသည်။ ကမ္ဘာပျက်ပြီး ၄ လကြာတဲ့အထိ သူက ဘာလို့ ဒီပစ္စည်းတွေ ဒီလောက်တောင် အများကြီး ရှိနေရတာလဲ။
***