"ဟင်း... ကြည့်ရအောင်။ ငါ့စိတ်ထဲတော့... ဆာဖီနာပဲ ဖြစ်မယ် ထင်တယ်" အိုင်ဗီ၏ ကြေညာချက်ကြောင့် ဆာဖီနာ၏ ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားသည်။
အိုင်ဗီ အပြင်သို့ ထွက်သွားပြီးနောက် ကျက်ပြီးသား ငါးဟင်းနှစ်တုံး ပါသည့် ပန်းကန်ငယ်လေးနှင့်အတူ ပြန်လာသည်ကို သူမ မျှော်လင့်တကြီး စောင့်ကြည့်နေမိသည်။
ယခင်ကဆိုလျှင် ဆာဖီနာသည် ဤကဲ့သို့သော အစားအစာကို အထင်အမြင်သေးမိနိုင်သော်လည်း အခုလား ၎င်းမှာ ကောင်းကင်ဘုံမှ နတ်သုဒ္ဓါကဲ့သို့ပင်။ အိုင်ဗီ သူမအနားသို့ ရောက်လာချိန်တွင် ဆာဖီနာသည် သူမ၏ ခြေသလုံးကို တစ်စုံတစ်ယောက်က ကန်လိုက်သည်ကို ခံစားလိုက်ရသည်။
လှည့်ကြည့်လိုက်ရာ သူမအား အစားအစာ ဝေမျှရန် အသည်းအသန် အချက်ပြနေသော အိုင်စလာကို တွေ့လိုက်ရသည်။
ဆာဖီနာ၏ မျက်ဝန်းထဲတွင် တွန့်ဆုတ်နေသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
"နင့်ရဲ့ အစားအစာကို သမီးဖြစ်သူကို ပေးချင်လို့လား" အိုင်ဗီက နူးညံ့စွာ မေးလိုက်သည်။ "ငါ အဲဒီလို လုပ်ပေးလို့ရပါတယ်၊ ဒါပေမဲ့ မင်းကတော့ နောက်ထပ် ၃ ရက်အထိ ဘာအစာမှ စားရမှာ မဟုတ်ဘူးနော်"
ဆာဖီနာသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးအပြူးသား ဖြစ်သွားရပြီး သူမ၏ စိတ်ထဲရှိ မိခင်မေတ္တာ အလုံးစုံတို့မှာ လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
'၃ ရက်တောင် ငါ နောက်ထပ် ၃ ရက်အထိ ဗိုက်အငတ်မခံနိုင်ဘူး အငတ်ဘေးနဲ့ သေသွားလိမ့်မယ်။ အိုင်ဗီပြောပုံအရဆိုရင် သူမက ငါတို့ထဲက တစ်ယောက်ကို နေ့တိုင်း အစာကျွေးဖို့ စီစဉ်ထားပုံပဲ။ အဲဒီလို မဟုတ်ရင်တောင်မှ ငါ ဒီအခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး။ ငါ့သမီးကတော့ စောင့်နိုင်ပါတယ်’
ထိုသို့ တွေးလိုက်ပြီးနောက် သူမက ခေါင်းခါပြလိုက်ရာ အိုင်စလာမှာ မျက်လုံးများ ပြူးထွက်သွားတော့သည်။
အိုင်ဗီသည် အခြေအနေကို ပို၍ အရှိန်မြှင့်ရန် အိုင်စလာ၏ ပါးစပ်ထဲမှ အဝတ်စကို ထုတ်ပေးလိုက်ရာ သူမ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
"အမေ ကျေးဇူးပြုပြီး သမီးကို အစာပေးပါ သမီး ဗိုက်ဆာနေပြီ တောင်းပန်ပါတယ်"
တစ်ချိန်တည်းမှာပင် အိုင်ဗီက သူမကို စကားပြောခွင့်ပေးသည့်အတွက် အိုင်စလာမှာ အနည်းငယ် ကျေးဇူးတင်မိသွားသည်။
[ဒေါင် သင် ၁ KB ရရှိပါသည်။]
အိုင်ဗီ ပြုံးလိုက်သည်။ ဒါဟာ အစပျိုးရုံသာ ရှိသေးကြောင်း သူမ သိသည်။ နောင်တွင် သူမသည် သူတို့အား နှိပ်စက်ရင်း KB များစွာကို ရိတ်သိမ်းနိုင်တော့မည်ဖြစ်သည်။
သူတို့သည် သူမ၏ ယခင်ဘဝတွင် သူမကို အသုံးချခဲ့ကြပြီး ယခုမူ သူမ၏ အလှည့်ပင် ဖြစ်သည်။ အိုင်ဗီသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဆာဖီနာနှင့် မက်ဂ်နပ်စ်တို့၏ ပါးစပ်မှ အဝတ်စများကိုလည်း ဖယ်ရှားပေးလိုက်သည်။
"အိုင်စလာ၊ ငါပြောတာ မကြားဘူးလား။ ငါ နောက်ထပ် ၃ ရက်အထိ အစာမစားရရင် မဖြစ်ဘူးလေ ငါလဲ စားပါရစေဦး။ နောက်တစ်ခါကျမှ ငါ မင်းအတွက် အနစ်နာခံပေးမယ်" ဆာဖီနာက အော်ဟစ်လိုက်သည်။
အခြားတစ်ဖက်တွင်မူ မက်ဂ်နပ်စ်က အိုင်ဗီကို စတင်တောင်းပန်တော့သည်။ "ကျေးဇူးပြုပြီး ငါ့ကို ကျွေးပါ ငါ အရမ်း ငတ်နေပြီ"
အိုင်စလာက ဆာဖီနာကို ဆက်လက် အငြင်းပွားနေဆဲပင်။ "အမေက သမီးရဲ့ အမေလေ သမီးအတွက် အနစ်နာခံပေးသင့်တာပေါ့"
အိုင်ဗီ့စိတ်ထဲ ‘ဒီဟာမ ပါးချချင်စရာ’
"ငါက နင့်ရဲ့ အမေပါ၊ မင်းကို အရာရာ ပေးဆပ်နေရမယ့် ဘုရားသခင် မဟုတ်ဘူး ပြီးတော့ ငါက နင့်ရဲ့ အမေဆိုတာ မှတ်မိသေးရင် ငါ့အပေါ်မှာ အနည်းဆုံးတော့ သားသမီးကျင့်ဝတ် စောင့်ထိန်းစမ်းပါဟာ" ဆာဖီနာက ပြန်အော်သည်။
ထို့နောက် ရုတ်တရက် အိုင်ဗီဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ငါ့ကိုပဲ ကျွေးပါ သူ့ကို ဂရုမစိုက်ပါနဲ့"
အိုင်ဗီသည် သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီး ငါးသားနှစ်တုံးကို ဆာဖီနာအား ခွံကျွေးလိုက်သည်။
"ဟင့်အင်း" အိုင်စလာက အော်ဟစ်လိုက်တော့သည်။ သူမ၏ မျက်နှာမှာ မျှော်လင့်ချက် ကင်းမဲ့သော အမူအရာအဖြစ် ပြောင်းလဲသွားပြီး ရင်ထဲတွင် ဒေါသများ ဝေဖန်လာသည်။ အိုင်ဗီ၏ သစ္စာဖောက်မှုကို သူမ နားလည်နိုင်ပါသည်... ထိုမိန်းမယုတ်မှာ သူမနှင့် သွေးမတော် သားမစပ်ပေ၊ သို့သော် ဆာဖီနာက ဘာကြောင့် သူမကို သစ္စာဖောက်ရတာလဲ။
[ဒေါင်။ သင် ၁၅ KB ရရှိပါသည်!]
အိုင်ဗီ ပြုံးလိုက်သည်။ ပြဇာတ်က လမ်းတစ်ဝက် ရောက်နေပြီဖြစ်ပြီး သူမ၏ ရည်မှန်းချက်မှာလည်း လက်လှမ်းမီလုနီးပါး ဖြစ်နေပြီ။ သူမ လက်ကျန်ငွေကို စစ်ဆေးကြည့်ရာ အလွန်ပင် ဝမ်းသာသွားသည်။
၉၈၃.၇ KB။
နောက်ထပ် ၁၇ KB သာ လိုတော့သည်။
ထို့နောက် သူမ၏ အာရုံမှာ အိုင်စလာဘက်သို့ ရောက်သွားပြီး သူမ ငိုနေသည်ကို မြင်သောအခါ သနားစရာကောင်းသော မျက်နှာထားဖြင့် "အိုင်စလာ... မငိုပါနဲ့။ ဒီလိုလုပ်ရင်ကော ငါ မင်းအတွက် တစ်တုံး သွားယူပေးမယ်လေ၊ ဟုတ်ပြီလား"
သူမ၏ နူးညံ့သော စကားလုံးများကြောင့် အိုင်စလာမှာ အံ့အားသင့်သွားပြီး အိုင်ဗီကို ကြောင်ကြည့်နေမိသည်။
'ငါ့ရဲ့ အမေအရင်းကတောင် ငါငိုတာကို ဂရုမစိုက်ဘူး... ဒါပေမဲ့ ဒီမိန်းမကတော့... သူ စိတ်မကောင်း ဖြစ်သွားတာလား’
ခဏတာအတွင်း သူမ၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်သွားသည်။ အိုင်ဗီက သူမကို လှောင်ပြောင်နေခြင်းဖြစ်မည်ဟုပင် ထင်လိုက်မိသည်။ သို့သော် အိုင်ဗီ အခန်းထဲမှ ထွက်သွားပြီး ကျက်ပြီးသား ငါးသားတစ်တုံးနှင့်အတူ ပြန်လာသည်ကို မြင်လိုက်ရသောအခါ သူမ မျက်ရည်ဝဲလာပြီး မျက်ဝန်းထဲတွင် ကျေးဇူးတင်ရိပ်များ ပေါ်လာတော့သည်။
အိုင်ဗီသည် သူမကို နှိပ်စက်နေသူဖြစ်သော်လည်း အနည်းဆုံးတော့ သူမအပေါ် သနားစိတ်ရှိလောက်အောင် နူးညံ့နေသေးသည် မဟုတ်ပါလား။
ဒါကိုသာ အိုင်ဗီကြားရင် သူမ ရယ်မိမှာ အမှန်။ ဘာလို့ဆို သူမကိုယ်တိုင် ဒီလိုဖြစ်အောင် အကွက်ကျ စီစဉ်ထားလို့ပဲ။
အိုင်ဗီသည် အိုင်စလာကို ပြုံးလျက် ငါးဟင်း ခွံကျွေးလိုက်ပြီးနောက် စိတ်ထဲတွင် 'ဒေါင်' ဟူသော အသံကို ကြားလိုက်ရပြန်သည်။
[ဒေါင်။ သင် ၂၀ KB ရရှိပါသည်!]
အိုင်ဗီ ရင်ထဲက အံ့သြမှုကို ထိန်းချုပ်ရင်း ပြုံးလိုက်မိသည်။ အိုး သူမ ရည်မှန်းချက် ပြည့်မီသွားပြီပဲ။
အိုင်စလာက ငါးဟင်းကို မြိန်ရည်ယှက်ရည် စားနေသည်ကို ကြည့်ပြီးနောက် သူမ၏ အာရုံမှာ သူမကို တတွတ်တွတ် တောင်းပန်နေသော မက်ဂ်နပ်စ်ဘက်သို့ လှည့်သွားသည်။
"ဒါနဲ့... မက်ဂ်နပ်စ်၊ မင်းရဲ့ ဇနီးနဲ့ သမီးက သူတို့ရဲ့ မနက်ဖြန်စာကို အနစ်နာခံမယ်ဆိုရင်တော့ ငါ မင်းကို အစားအစာ ပေးစားလို့ ရပါတယ်" အိုင်ဗီက ကမ်းလှမ်းချက် ပြောလိုက်ရာ မက်ဂ်နပ်စ်က အိုင်စလာနှင့် ဆာဖီနာတို့ဘက်သို့ မျှော်လင့်တကြီး လှည့်ကြည့်လိုက်သည်။
သို့သော် သူ ပြန်ရလိုက်သည်မှာ ငုံ့ထားသော ခေါင်းများနှင့် တိတ်ဆိတ်မှုသာ ဖြစ်သည်။ သူ စိတ်ပျက်သွားပြီး အော်ဟစ်လိုက်သည်။ "ငါ မင်းတို့အတွက် အများကြီး ပေးဆပ်ခဲ့တာလေ ငါ့အတွက် နည်းနည်းလေးတောင် အနစ်နာမခံနိုင်ကြဘူးလား"
ဆာဖီနာနှင့် အိုင်စလာတို့မှာ တိတ်ဆိတ်နေမြဲပင်။ အိုင်ဗီက လက်ခုပ်တီးလိုက်ပြီး "မင်းတို့ နှစ်ယောက်လုံး တိတ်နေတယ်ဆိုတော့ သဘောတူတယ်လို့ပဲ ငါ သတ်မှတ်လိုက်မယ်နော်"
"မဟုတ်ဘူး"
ဆာဖီနာနှင့် အိုင်စလာတို့က ပြိုင်တူ အော်လိုက်ကြသည်။ သူတို့ အစားအသောက်နှင့် မခွဲခွာနိုင်ကြပေ။
မက်ဂ်နပ်စ်မှာ မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးသွားပြီး စိတ်ဓာတ်တွေ အကြီးအကျယ် ကျဆင်းသွားရသည်။ သူ ဤမျှလောက် ပေးဆပ်ခဲ့ရသော မိသားစုက အခက်အခဲကြုံချိန်တွင် ဤကဲ့သို့ ပြုမူလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။
"ကောင်းပြီလေ။ ဆုံးဖြတ်ချက်က ချပြီးသားဆိုတော့ ငါလည်း အတင်းမတိုက်တွန်းတော့ပါဘူး" အိုင်ဗီက ပြောရင်း ဆာဖီနာနှင့် အိုင်စလာတို့ကို တုတ်နှောင်ကာ ပြန်ထည့်လိုက်သည်။
စိတ်ဓာတ်ပြိုလဲနေသော မက်ဂ်နပ်စ်ကို ကြည့်ရင်း အိုင်ဗီက သူမ၏ အပြုံးကို ဖုံးကွယ်ကာ စာနာသံဖြင့် ပြောလိုက်သည်။ "မက်ဂ်နပ်စ်... ရှင်က တစ်ချိန်က ကျွန်မရဲ့ အဖေ ဖြစ်ခဲ့ဖူးတာဆိုတော့... ရှင့်ကိုလည်း တစ်တုံး ပေးစားပါ့မယ်"
သူမ၏ စကားကြောင့် မက်ဂ်နပ်စ် အံ့သြသွားပြီး သူမ ငါဟင်းးတစ်ပန်းကန်နှင့်အတူ ပြန်လာသည်ကို မျှော်လင့်တကြီး စောင့်ကြည့်နေသည်။
'ငါက အိုင်ဗီအပေါ် ကောင်းကောင်းမဆက်ဆံခဲ့တာတောင် သူမက ငါ့အပေါ် ကြင်နာနေတုန်းပဲ။ အရင်ကသာ... ငါ သူမအပေါ် မကောင်းမွန်ခဲ့ရင်... အခုချိန်မှာ ဒီလို ခံစားနေရမှာ မဟုတ်ဘူး...' သူက လျှာကို ကိုက်မိတော့မတတ် အရသာရှိလှသော ငါးဟင်းကို ဝါးစားရင်း နောင်တ တကြီး တွေးနေမိသည်။
မိပြီ အိုင်ဗီ ပြုံးလျက် မက်ဂ်နပ်စ်ကို ပြန်သိမ်းလိုက်ပြီး လက်ကျန်ငွေကို စစ်ဆေးလိုက်ရာ ၁၀၂၃.၇ KB ဖြစ်နေပြီ။
"ငါ အဆင့်မြှင့်ချင်တယ်" အိုင်ဗီက မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
[အဆင့်မြှင့်တင်ရန် ကုန်ကျစရိတ်- ၁၀၀၀ KB နှင့် ဟင်းလင်းပြင် အမြူတေ ၁၀ ခု။ အဆင့်မြှင့်တင်လိုပါသလား။]
"အင်း" အိုင်ဗီက ဖြေလိုက်သည်။ သူမသည် ယခင်ကတည်းက ဟင်းလင်းပြင် အမြူတေ ၁၀၀၀ စုဆောင်းထားပြီးဖြစ်ရာ ဟင်းလင်းပြင် အမြူတေ ၁၀ ခုမှာ သူမအတွက် ဘာမှ မဟုတ်ပေ။
[လုပ်ဆောင်နေပါသည်... အမှားတစ်ခု ဖြစ်ပေါ်နေပါသည်။ ဟင်းလင်းပြင် အမြူတေ များ၏ အဆင့် နိမ့်နေပါသည်။ အရေအတွက်ဖြင့် အစားထိုး ပေးချေလိုပါသလား။]
"ဘာ" အိုင်ဗီ ဆွံ့အသွားသည်။ ထိုကဲ့သို့သော အချိန်တွင် ယခုကဲ့သို့သော ပြဿနာ ပေါ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဟုတ်ပါသည်... နည်းပညာအရ ပြောရလျှင် ထို အမြူတေ များမှာ အဆင့် (၁) ဇမ်ဘီများထံမှ ရရှိထားခြင်းဖြစ်သဖြင့် အဆင့်နိမ့်နေသည်မှာ အမှန်ပင်။
***