အစီအစဉ်များ ချမှတ်ပြီးနောက် လင်းထျန်းလုံက ထပ်မံတုံ့ဆိုင်းမနေတော့ပေ။ တောရိုင်းမြေပြင်တစ်ခုလုံး တုန်လှုပ်သွားစေမည့် ဝံပုလွေဟိန်းဟောက်သံကြီးကို ပြုလုပ်လိုက်ပြီး ခြေလက်များ အနည်းငယ်ကွေးညွတ်ကာ ရုတ်တရက် အားကုန်ရုန်းထွက်လိုက်လေတော့သည်။
ဝုန်း...။
ခြေအောက်ရှိ မြေပြင်က ချက်ချင်း ကွဲအက်သွားပြီး ငွေရောင်လင်းလက်နေသော ပုံရိပ်တစ်ခုက ပြောင်းပြန်ဆန်တက်သွားသည့် ဥက္ကာပျံတစ်ခုအလား ကြယ်တာရာအကာအကွယ်၏ အမိုးအကာအောက်မှ ရဲဝံ့စွာ ထွက်ခွာလာကာ လေထဲရှိ ဟော်ကျန်းဆီသို့ တိုက်ရိုက်ဦးတည်သွားတော့သည်။
“ကောင်းတယ်” ဟော်ကျန်း၏ မျက်ဝန်းများထဲတွင် ရက်စက်သော စိတ်လှုပ်ရှားမှုများ တဖျပ်ဖျပ်လက်သွားပြီး လက်ထဲရှိ မီးလျှံလှံရှည်ကြီးကို ပြင်းထန်စွာ ပစ်လွှတ်လိုက်၏။
“မီးနဂါးကခုန်ခြင်း...”
မီးလျှံလှံရှည်ကြီးက လေထဲတွင် ချက်ချင်းကြီးမားလာပြီး ပုံသဏ္ဍာန်ပြောင်းလဲသွားကာ အရာခပ်သိမ်း ပြာကျစေနိုင်သော ကြောက်မက်ဖွယ် အပူရှိန်များနှင့်အတူ ဟိန်းဟောက်နေသည့် အသက်ဝင်နေသော ဧရာမမီးနဂါးကြီးအဖြစ် ပြောင်းလဲသွားပြီး လင်းထျန်းလုံကို ဝါးမြိုရန် ပြင်လိုက်တော့သည်။
ဤပြင်းထန်လွန်းသော တိုက်ကွက်ကို ရင်ဆိုင်ရချိန်တွင် လင်းထျန်းလုံက ရှောင်တိမ်းခြင်းမပြုပေ။ သူ၏ ငွေပြာဘုရင်မျက်ဝန်းများဖြင့် ၎င်း၏ စွမ်းအင်ဗဟိုချက်နှင့် စီးဆင်းမှုလမ်းကြောင်းကို ချက်ချင်း တွေ့လိုက်ရသည်။
မီးနဂါးကြီး သူ့ထံရောက်လာမည့် ဆဲဆဲတွင် လက်သည်းများကို ကြက်ခြေခတ်ပုံစံဖြင့် လွှဲယမ်းလိုက်လေသည်။
“ငွေပြာမိုးကြိုးလက်သည်း...”
စူးရှလှသော မိုးကြိုးနှင့် အစွန်းရောက် ရေခဲစွမ်းအားတို့ ရောယှက်ကာ အပြာနှင့်အဖြူရောင် ဖျက်ဆီးခြင်းကွန်ရက်တစ်ခုအဖြစ် ဖန်တီးလိုက်ပြီး မီးနဂါး၏ ဦးခေါင်းနှင့် တိကျစွာ ထိတ်တိုက်တွေ့ဆုံသွားတော့သည်။
ကောင်းကင်ယံတွင် ဧရာမမီးရှူးမီးပန်းကြီးတစ်ခု ပေါက်ကွဲသွားသည့်အလားပင်။ ရေခဲစများနှင့် မီးတောက်များ နေရာအနှံ့လွင့်စဉ်သွားပြီး မီးတောက်များကြားတွင် လျှပ်စီးများက အရူးအမူး လှည့်ပတ်နေခဲ့သည်။
အစွန်းရောက်အအေးဓာတ်နှင့် အစွန်းရောက်အပူစွမ်းအင်တို့၏ ကြမ်းတမ်းသောတိုက်ခိုက်မှုက ပြင်းထန်သောပေါက်ကွဲမှုနှင့် ကစဉ့်ကလျား စွမ်းအင်လေစီးကြောင်းများကို ဖြစ်ပေါ်စေပြီး ကောင်းကင်ယံတွင် ထူးဆန်းသော အလင်းရောင်များဖြင့် ပြည့်နှက်သွား ယလေသည်။
ပေါက်ကွဲမှု၏ မီးခိုးနှင့် ဖုန်မှုန့်များကြားမှ လင်းထျန်းလုံ၏ ပုံရိပ်က အကောင်းအတိုင်း ထွက်ပေါ်လာပြီး အရှိန်ကျသွားခြင်းမရှိဘဲ ဟော်ကျန်းဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ဟော်ကျန်း၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ သူ၏မီးနဂါးကခုန်ခြင်းက ဤမျှ လွယ်လွယ်ကူကူ ပျက်စီးသွားသည်လော။
ပြိုင်ဘက်၏ လက်သည်းများထံမှ ဖြာထွက်နေသော ဝိညာဉ်ကိုပင် အေးခဲစေနိုင်သည့် အအေးဓာတ်နှင့် ဟင်းလင်းပြင်ကိုပငိ ဆုတ်ဖြဲနိုင်သော ထက်ရှမှုတို့ကို သူခံစားလိုက်ရသည်။
“မီးလျှံပေါက်ကွဲခြင်း” အရေးပေါ်အခြေအနေတွင် ဟော်ကျန်းက ဟိန်းဟောက်လိုက်ရာ သူ့ပတ်လည်ရှိ မီးတောက်များက မီးတောင်ပေါက်ကွဲသည့်အလား အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် လွင့်စင်ထွက်လာပြီး လင်းထျန်းလုံကို နောက်ဆုတ်သွားစေရန် ကြိုးပမ်းလိုက်သည်။
သို့သော်လည်း လင်းထျန်းလုံသည် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို အမြင့်ဆုံးအဆင့်အထိ အသုံးပြုလိုက်ရာ သူ၏ပုံရိပ်က လေထဲတွင် ဖမ်းဆုပ်ရခက်သော အရိပ်များစွာကို ချန်ရစ်ခဲ့ပြီး မီးလျှံပေါက်ကွဲခြင်း၏ ဗဟိုဧရိယာကို ကျွမ်းကျင်စွာ ရှောင်ကွင်းသွား၏။
ငွေပြာဘုရင်မျက်ဝန်း၏ ဟင်းလင်းပြင်ချိပ်ပိတ်ခြင်း လက္ခဏာရပ်က သက်ဝင်လာပြီး ဟော်ကျန်း၏ကိုယ်ပွားမဟုတ်သော အစစ်အမှန်ကိုယ်ထည်ကို ချက်ချင်း ရှာဖွေတွေ့ရှိသွားတော့သည်။
နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း...။
ဤတစ်ကြိမ်တွင်တော့ လင်းထျန်းလုံ ဘာကိုမှ ထိမ်ချန်မထားတော့ပေ။
သူ၏ ထက်ရှလှသော လက်သည်းများပေါ်တွင် အလင်းရောင်ကိုပင် အေးခဲစေနိုင်ပြီး ဟင်းလင်းပြင်ကိုပင် ဆုတ်ဖြဲပစ်နိုင်သည့်အလား အမှောင်မိုက်ဆုံး အအေးဓာတ်က အဆုံးစွန်စုစည်းလာပြီး ဟော်ကျန်း၏ရင်ဘတ်ဆီသို့ တုံ့ဆိုင်းမှုအလျဉ်းမရှိ၊ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်တော့သည်။
ဟော်ကျန်းက သေမင်းနှင့် ရင်ဆိုင်ရတော့မည့်အလား အန္တရာယ်ကို ခံစားလိုက်ရ၏။ ဤလက်သည်းတိုက်ကွက်က သူတို့နောက်ဆုံးတွေ့ဆုံခဲ့စဉ်ကထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
သူသည် မီးလျှံကိုယ်ထည်ကို အရူးအမူး ဖွင့်လှစ်လိုက်ပြီး သူ့ရှေ့တွင် မီးလျှံဒိုင်းများ အထပ်ထပ် ဖန်တီးကာ ဘေးသို့ရှောင်တိမ်းရန် ကြိုးပမ်းလိုက်သည်။
ရွှစ်...။
ထောပတ်ကို ဓားပူပူဖြင့် လှီးဖြတ်လိုက်သည့်အလား နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်းက မီးလျှံဒိုင်းအကာအကွယ်များကို လျစ်လျူရှုကာ ကြောက်မက်ဖွယ်ကောင်းသော လက်သည်းကြီးက ချက်ချင်း ကျရောက်လာလေတော့သည်။
“အား...” ဟော်ကျန်းထံမှ သွေးပျက်ဖွယ် အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ချပ်ဝတ်တန်ဆာနှင့်အတူ ရင်ဘတ်ပေါ်ရှိ အသားစအကြီးကြီးတစ်ခု တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရသည်။
ဒဏ်ရာမှ သွေးထွက်မလာသည့်အပြင် ခိုင်မာသော ရေခဲလွှာတစ်ထပ်က ချက်ချင်းဖုံးလွှမ်းသွားပြီး ထူးဆန်းသော ဆုတ်ဖြဲခြင်းစွမ်းအင်တစ်ခုက သူ၏ခန္ဓာကိုယ်ထဲသို့ စတင်ဝင်ရောက်လာတော့သည်။
သူသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ ကောင်းကင်မှ ကျဆင်းလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျွမ်းထိုးကျကာ ဖုန်လုံးကြီးများ တထောင်းထောင်းထသွားတော့သည်။
ခေါင်းဆောင်...” လောင်ကျွမ်းမီးလျှံဂိုဏ်း၏ အဖွဲ့ဝင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားကြ၏။
အပြန်အလှန်တိုက်ခိုက်မှုအတွင်း ခြေလှမ်း၀က်ဘုရင်အဆင့် ဟော်ကျန်းသည် တစ်ချကိတည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရပြီး ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်ဝန်းက ဟော်ကျန်း မြေပြင်နှင့် ထိခိုက်မိသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်တွင်းရှိ မသေမျိုးမီးလျှံဝိညာဉ်၏ ထူးဆန်းသော စွမ်းအင်များ ထပ်မံ၍ ပြင်းထန်စွာ လှုပ်ခတ်လာသည်ကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။
“ထင်တဲ့အတိုင်းပဲ... အခုထိ သတ်လို့မရသေးဘူး' လင်းထျန်းလုံ မြေပြင်ပေါ်သို့ ပြန်လည်ဆင်းသက်လာပြီး မျက်ဝန်းများက အေးစက်နေခဲ့၏။
သူ အံ့သြမနေပေ။ ဟော်ကျန်းကို အပြီးတိုင် ရှင်းလင်းပစ်ရန် သူ၏ ရှင်သန်နိုင်စွမ်းကို ချေဖျက်မည့် နည်းလမ်းရှာရမည် သို့မဟုတ် ရှင်သန်နိုင်စွမ်း ကန့်သတ်ချက်ထက်ကျော်လွန်သော အကြွင်းမဲ့စွမ်းအားဖြင့် သူ့ကို သုံးကြိမ်ဆက်တိုက် သတ်ပစ်ရမည်သာ ဖြစ်သည်။
လင်းထျန်းလုံနှင့် ဟော်ကျန်းတို့ တိုက်ခိုက်နေစဉ် မြေပြင်ပေါ်ရှိ တိုက်ပွဲကလည်း အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ထျန်းပင်းသည် လုပ်ကြံသတ်ဖြတ်သူအဖွဲ့ကို ဦးဆောင်ကာ ရဲရဲတောက်နေသော ဓားသွားတစ်ခုပမာ သံမဏိဒိုင်းကာ ကင်းစခန်း၏ ခိုင်မာစွာ ချီတက်လာသော ခံစစ်လိုင်းဆီသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်တော့သည်။
“ကွဲအက်သွားစမ်း” ထျန်းပင်း ဟိန်းဟောက်လိုက်ရာ မြေအောက်မီးလျှံနှလုံးသားနှင့် နဂါးအမြုတေတို့၏ စွမ်းအားများ ပေါင်းစပ်ထားသော သူ၏ထာ၀ရဗာဂျရာခန္ဓာမှ မှောင်မိုက်သော ရွှေရောင်နှင့် နီရဲသော အလင်းတန်းများ ရောယှက်ပေါက်ကွဲထွက်လာ၏။
သူက ရှောင်တိမ်းခြင်းအလျဉ်းမရှိဘဲ ရူးသွပ်အားလှိုင်းစွမ်းရည်ကို တိုက်ရိုက်အသုံးပြုကာ လိန့်ဟောင် ကိုယ်တိုင်ကာကွယ်ထားသော အစီအရင်၏ ဗဟိုချက်ဆီသို့ ရဲဝံ့စွာ ဝင်တိုက်လိုက်လေတော့သည်။
“ဟန့်... ပုရွက်ဆိတ်က တောင်ကို လှုပ်ဖို့ ကြိုးစားနေတာပဲ” လိန့်ဟောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ခြေထောက်များကို မြေကြီးတွင်မြဲမြံစွာ တွပ်ကယ်ထားကာ မြေဝါရောင်စွမ်းအင်များ အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွက်ပေါ်လာ၏။
သူသည် ရှောင်တိမ်းခြင်းမပြုဘဲ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
နှေးကွေးပုံရသော ဤလက်သီးထဲတွင် တောင်ထွတ်များ ပြိုကျလာသည့်အလား ကြောက်မက်ဖွယ်ကောင်းသော ကြီးမားလွန်းသည့် စွမ်းအားများ ပါဝင်နေပေသည်။
ဘုန်း...။
တောင်ထွတ်နှစ်ခု ဝင်တိုက်မိသည့်အလားပင်။ ဝုန်းခနဲ ပေါက်ကွဲသံကြီးက အနီးနားရှိ လူတိုင်း၏ နားစည်များကို နာကျဥ်သွားစေသည်။
ထျန်းပင်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး ခြေလှမ်းတိုင်းက မြေပြင်ပေါ်တွင် နက်ရှိုင်းသော ချော်ရည်ခြေရာများကို ကျန်ရစ်စေခဲ့သည်။
ထို့အခိုက်အတန့်တွင် ကိုယ်ပေါ်ရှိ မှောင်မိုက်သော ရွှေရောင်ပုံစံများက ပြင်းထန်စွာ တဖျတ်ဖျတ် လင်းလက်နေပြီး ပြောင်းပြန်အကြေးခွံ လက္ခဏာရပ်က သက်ဝင်လာကာ ရိုက်ခတ်မှုတစ်စိတ်တစ်ပိုင်းကို အတင်းအကျပ် ပြန်ကန်ထုတ်လိုက်ပုံရသည်။
လိန့်ဟောင်၏ ပုံရိပ်ကလည်း အနည်းငယ် ယိမ်းယိုင်သွားပြီး မျက်ဝန်းထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
ဤဝံပုလွေ၏ ခွန်အားနှင့် အကာအကွယ်က သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။ အထူးသဖြင့် ထိုပြန်ကန်အားက သူ၏ သွေးကြောများကိုပင် အနည်းငယ် လှုပ်ခတ်သွားစေသည်။
“စိတ်ဝင်စားစရာပဲ” လိန့်ဟောင်၏ တိုက်ပွဲဝင်လိုစိတ်များ လောင်ကျွမ်းလာ၏။ သူက လက်သီးများကို ဆုပ်ကာ ရှေ့သို့ ထပ်မံတက်လှမ်းလိုက်သည်။
“တောင်ပြိုခြင်း..."
ဤတစ်ကြိမ်တွင်မူ တပ်ဖွဲ့စွမ်းအင်သုံး တိုက်ခိုက်ရေးနည်းစနစ်မဟုတ်တော့ဘဲ မိမိကိုယ်ပိုင် စွမ်းအားများကို စုစည်းထားသည့် ကြောက်မက်ဖွယ် တိုက်ကွက်ပင် ဖြစ်တော့သည်။
“လာစမ်းပါ၊ ဘယ်သူက ကြောက်မှာမို့လို့လဲ” ထျန်းပင်းက ရူးသွပ်စွာ ဟိန်းဟောက်လိုက်ပြီး နှင်းမုန်တိုင်းတိုက်ပွဲဝိညာဉ်ကို အပြည့်အဝ ဖွင့်လှစ်လိုက်ရာ ဒဏ်ရာပိုပြင်းလေလေ တိုက်ပွဲဝင်စွမ်းအား ပိုမြင့်လေလေဖြစ်သော လက္ခဏာရပ်က စတင်ပေါ်လွင်လာတော့သည်။
ကိုယ်ပေါ်ရှိ ချော်ရည်စီးကြောင်းပုံစံများက အဆုံးစွန်အထိ တောက်ပလာပြီး ရှေ့သို့ အကြောက်အလန့်ကင်းစွာ ထပ်မံပြေးဝင်သွားပြန်သည်။
ခွန်အားနှင့် အကာအကွယ်တွင် နာမည်ကြီးသော ထိပ်သီးနှစ်ဦးသည် အကြမ်းတမ်းဆုံးနှင့် အအရိုင်းစိုင်းဆုံးသော အနီးကပ်တိုက်ပွဲကို စတင်ဆင်နွှဲနေကြပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ယင်းဖုန်းနှင့် အမဲလိုက်သမားများသည် မီးပွားသုသေသနပညာရှင်အသင်း၏ စက်ယန္တရားတပ်ဖွဲ့၊ အနှောင့်အယှက်ပေးသော ဒရုန်းအုပ်များနှင့်အတူ တိတ်ဆိတ်ကာ အန္တရာယ်များလှသော အပြန်အလှန် အမဲလိုက်မှုများကို ဆင်နွှဲနေကြသည်။
တစ္ဆေရေခဲအရိပ်ထွက်ပြေးခြင်းနှင့် ရေခဲခြေရာ လက္ခဏာရပ်များကြောင့် အမဲလိုက်သမားများက ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သည်။
တစ်ခုတည်း ကွဲထွက်နေသော စက်ယန္တရားများသည် ရုတ်တရက် ပေါ်လာသော လေဓားသွားများကြောင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရခြင်း သို့မဟုတ် ပေါက်ကွဲသွားသော ရေခဲခြေရာ ထောင်ချောက်များကြောင့် သတ္တုအပိုင်းအစများအဖြစ် ပြောင်းလဲသွားခြင်းများနှင့် အဆက်မပြတ် ကြုံတွေ့နေရသည်။
သို့သော်လည်း မီးပွားသုသေသနပညာရှင်အသင်း၏ စွမ်းအင်ရောင်ခြည်တန်းများနှင့် ခြေရာခံဒုံးကျည်များကလည်း အမဲလိုက်သမားများအတွက် သိသာထင်ရှားသော အန္တရာယ်ကို ဖြစ်ပေါ်နေစေသည်။
စစ်မြေပြင်တစ်ခုလုံး ကစဉ့်ကလျားအခြေအနေသို့ အပြည့်အဝကျရောက်သွားတော့သည်။ ကောင်းကင်ယံသည် လင်းထျန်းလုံနှင့် မကြာမီ ပြန်လည်ရှင်သန်လာတော့မည့် ဟော်ကျန်းတို့၏ ဘုရင်အဆင့် စစ်မြေပြင်ဖြစ်ပြီး မြေပြင်ပေါ်တွင် ထျန်းပင်းနှင့် လိန့်ဟောင်တို့၏ ကြမ်းတမ်းသော ခွန်အားပြိုင်ပွဲ၊
အရိပ်များထဲတွင် ယင်းဖုန်းနှင့် စက်ယန္တရားတပ်ဖွဲ့တို့၏ လျှို့ဝှက် အသံတိတ်တိုက်ပွဲများ ဖြစ်ပွားနေကာ ဧရာမအကာအကွယ်ကြီးကမူ အဖွဲ့သုံးဖွဲ့မှ ပုံမှန်တပ်ဖွဲ့၀င်များ၏ ဆက်တိုက် ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်လက်ခံစားနေရဆဲပင်။
ဝံပုလွေအသိုက်သည် စတင်တည်ထောင်ပြီးကတည်းက ယခုတစ်ခေါက်မှာတော့ အပြင်းထန်ဆုံး စမ်းသပ်မှုနှင့် ရင်ဆိုင်နေရပြီးဖြစ်သည်။
***