ဧကရီနှစ်ပါး၏ စိတ်ထဲတွင် တုန်လှုပ်ချောက်ချားနေချိန်၌ပင် စွမ်းအားများ ပေါက်ကွဲထွက်နေသော စစ်သူကြီးသုံးဦးသည် သူတို့၏ စွမ်းအားသစ်များကို စစ်မြေပြင်တွင် အစွမ်းကုန် ထုတ်လွှတ်လိုက်ချေပြီ။
ရန့်မြဲ့သည် အလယ်ဗဟိုကို ခိုင်မြဲစွာ ထိန်းချုပ်ထားဆဲဖြစ်ပြီး၊ စိတ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် အကြွင်းမဲ့ရေခဲဝိညာဉ်၏ စွမ်းအားများပါဝင်သော ဖြူလျော့လျော့ ရေခဲမီးလျှံရောင်ခြည်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသညါ်။
၎င်းသည် မည်သည့်ခေါင်းဆောင်ကိုမျှ ပစ်မှတ်မထားဘဲ အစွမ်းထက် စွမ်းအင်များကို စုစည်းနေသည့် မီးပွားသုသေသနပညာရှင်အသင်း၏ စက်ယန္တရားကြီးတစ်ခုကို တိကျစွာ ထိမှန်သွားသည်။
စက်၏မျက်နှာပြင်ပေါ်ရှိ စွမ်းအင်ဒိုင်းကာသည် အေးခဲသွားပြီး စက္ကူတစ်ရွက်ပမာ ဆုတ်ဖြဲခံလိုက်ရသည်။ ထို့နောက် စက်ယန္တရားကြီးတစ်ခုလုံး ရေခဲများ ဖုံးလွှမ်းသွားပြီး အတွင်းပိုင်းမှစ၍ ရေခဲအစအနများအဖြစ် ပြောင်းလဲကာ ပြိုကွဲသွားတော့သည်။
ခံတပ်ကြီးသည် အမြဲတမ်း ငြိမ်သက်နေရာမှ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုများကို သယ်ဆောင်လာခဲ့ပြီပဲ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ထျန်းပင်းသည် စစ်မြေပြင်ရှိ မြေကော်စက်ကြီးတစ်ခုအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားသည်။
ရှေ့သို့ချီတက်ခြင်း ဝိသေသလက္ခဏာရပ်က လိန့်ဟောင်၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ရရှိထားသော ဒဏ်ရာများကို လျစ်လျူရှုထားနိုင်စွမ်းရှိလေသည်။
တိုက်ခိုက်မှုများသည် တစ်ချက်ပြီးတစ်ချက် ပိုမိုလေးလံလာကာ ခိုင်မာလွန်းသော ခံတပ်အကာအကွယ်ကို အလင်းရောင်များ မှိန်လိုက်လင်းလိုက် ဖြစ်သွားသည်အထိ ရိုက်ခွဲပစ်နေသဖြင့် လိန့်ဟောင်မှာ အခြားမည်သည့်အရာကိုမျှ လုပ်ဆောင်ရန် အချိန်မရတော့ဘဲ ခံစစ်ကိုသာ အာရုံစိုက်ထားရတော့သည်။
ပြောင်းလဲမှုအများဆုံးဖြစ်သော ယင်းဖုန်းမှာမူ စစ်မြေပြင်၏ အလင်းနှင့် အရိပ်များထဲသို့ လုံးလုံးလျားလျား ပေါင်းစပ်သွားသည့်အလား ဖြစ်နေလေသည်။
သူသည် လေဓားသွားများကိုသာ အသုံးပြုတော့ခြင်း မဟုတ်ဘဲ လက်သည်းများတွင် သိပ်သည်းလွန်းသော အရိပ်စွမ်းအားနှင့် ရေခဲစွမ်းအားများ ရစ်ပတ်နေပြီး အရိပ်ကူးပြောင်းကာ ပြန်ပေါ်လာတိုင်း စက်ရုပ်တပ်ဖွဲ့ဝင်များ၏ ချပ်ဝတ်တန်ဆာများကို အလွယ်တကူ ဆုတ်ဖြဲပစ်နေခဲ့လေသည်။
ကြီးမားသော စက်ယန္တရားများ၏ အရိပ်များထဲသို့ပင် ခေတ္တဝင်ရောက်ပုန်းအောင်းနိုင်သဖြင့် ယန်ချင်းယွမ်ခမျာ ပစှ်တ်ကို လုံး၀ ချိန်မရအောင် ဖြစ်နေခဲ့လေသည်။
စစ်မြေပြင်အတွင်းတွင် တစ်ကယ့် တစ္ဆေတစ်ကောင်အလား ပေါ်လိုက်ပျောက်လိုက်ဖြင့် ပတ်ပြေးနေပြီ သူ၏ သတ်ဖြတ်ခြင်းစွမ်းဆောင်ရည်မှာလည်း ရုတ်တရက် အဆပေါင်းများစွာ မြင့်တက်သွားခဲ့သည်။
ဝံပုလွေအုပ်စုဘက်တွင်တော့ စိတ်ဓာတ်ခွန်အားများ အထွတ်အထိပ်သို့ ရောက်ရှိနေချေပြီ။
ဟော်ကျန်းသည် အောက်ဘက်ရှိ လျင်မြန်စွာ ပြောင်းလဲနေသော စစ်မြေပြင်အခြေအနေကို ကြည့်လိုက်ရာ ရန်သူဘက်မှ အဓိက စစ်သူကြီးသုံးဦးက တိုက်ပွဲအတွင်း အဆင့်တက်သွားကြပြီး မိမိ၏တပ်ဖွဲ့ဝင်များနှင့် အခြားမဟာမိတ်နှစ်ဖွဲ့ကို ဆုတ်ခွာသွားစေသည်အထိ တိုက်ခိုက်နေသည်ကို မြင်တွေ့လိုက်ရသည်။
ရင်ထဲရှိ စိတ်ပျက်အားငယ်မှုနှင့် ဒေါသတို့က ရင်ဘတ်ကို ပေါက်ကွဲထွက်လာတော့မတတ် ဖြစ်လာလေသည်။
“ခွေးကောင်... သောက်ခွေးကောင်” သူက ရင်ဘတ်မှ ဒဏ်ရာကို လျစ်လျူရှုကာ လင်းထျန်းလုံဆီသို့ ထပ်မံတိုး၀င်တိုက်ခိုက်ရန် မီးတောက်များကို အရူးအမူး ဖန်တီးလိုက်သည်။
လင်းထျန်းလုံသည်လည်း သူ့ကို လှည့်ကြည့်လာခဲ့သည်။ ရေခဲပြာရောင်မျက်လုံးများထဲတွင် တည်ငြိမ်မှုများသာ ကိန်းအောင်းနေပြီး အခုအချိန်က ၀င်ရောက်တိုက်ခိုက်ရန် အကောင်းအခွင့်အရေးဖြစ်သော်ငြား ငြိမ်သက်စွာရပ်စောင့်နေလေသည်။
ငွေပြာဘုရင်မျက်၀န်းက ဟော်ကျန်း၏ ခန္ဓာကိုယ်အတွင်းရှိ မသေမျိုးမီးလျှံဝိညာဉ်၏ စွမ်းအားများသည် ပေါက်ကွဲခြင်းမရှိသေးသော မီးတောင်တစ်ခုပမာ တဖြည်းဖြည်းချင်း စီးဆင်းနေဆဲဖြစ်ကြောင်း သူ့ကို ရှင်းလင်းစွာ ပြောပြနေသည်။
သူ့ကို ဤနေရာတွင် နောက်ဆုံးအကြိမ် ပြန်လည်ရှင်သန်ထမြောက်ခိုင်းပြီး သူ လက်လှမ်းမမီနိုင်သော အဆင့် ၄၉ သို့ တက်လှမ်းခိုင်းခြင်းက ဉာဏ်ပညာရှိသော လုပ်ရပ်တစ်ခု မဟုတ်သည်မှာ သေချာလှသည်။
ယခုအချိန်တွင် ဝံပုလွေအုပ်စုအနေဖြင့် အနိုင်မယူနိုင်သော မိစ္ဆာကောင်ကြီးကို ရင်ဆိုင်ရမည့်အစား မိမိတို့၏ ခံစစ်ကို ခိုင်မာစေရန်နှင့် ရရှိလာသည့် အကျိုးအမြတ်များကို ချေဖျက်ရန် လိုအပ်နေသည်။
“ဒီနေ့က မင်းကို အပြီးတိုင်မြှုပ်နှံရမယ့် အချိန်မဟုတ်သေးဘူး ထင်တယ်” နောင်တရိပ်များ စွက်ဖက်နေသည့် လင်းထျန်းလုံ၏ အေးစက်စက် အသံသည် အသိစိတ်မှတစ်ဆင့် ဟော်ကျန်း၏ စိတ်ထဲသို့ ရှင်းလင်းစွာ ဝင်ရောက်သွားသည်။
“ထွက်သွားစမ်း၊ မင်းလူတွေကို ခေါ်ပြီး ငါ့နယ်မြေထဲကနေ အခုချက်ချင်း ထွက်သွားလိုက်၊ နောက်တစ်ခါ လာရင်တော့ ဒီလောက် သက်သာမှာမဟုတ်ဘူး”
ဤစကားလုံးများသည် အချွန်ထက်ဆုံး ရေခဲချွန်များအလား ဟော်ကျန်း၏ရင်ဘက်ထဲသို့ အကြင်နာကင်းမဲ့နက်ရှိုင်းစွာ ထိုးစိုက်သွားသည်။
လင်းထျန်းလုံက သူ့ကို သတ်၍မရခြင်း မဟုတ်ဘဲ ယခုအချိန်တွင် သူ့ကိုသတ်ရန် အထင်အမြင်သေးနေခြင်း ဖြစ်သည်။
ဤအလွန်အမင်း အထင်အမြင်သေးမှုက ဟော်ကျန်းအား ပြင်းထန်လွန်းသော မည်သည့်ဒဏ်ရာထက်မဆို ပို၍ အရှက်ရစေခဲ့သည်။
“မင်း...” ဟော်ကျန်းသည် အလွန်ဒေါသထွက်လွန်းသဖြင့် သူ့ခန္ဓာကိုယ်ပတ်လည်ရှိ မီးတောက်များပင် မတည်မငြိမ် ဖြစ်သွားလေသည်။
သူက သွေးတစ်လုပ် ထပ်အန်ထုတ်လိုက်ပြီး ဒဏ်ရာများမှာလည်း ပိုဆိုးသွားပုံရသည်။
ဟော်ကျန်းက နှင်းဝံပုလွေဘုရင်၏ ရုပ်သွင်ကို ဝိညာဉ်ထဲတွင် ရေးထိုးထားလိုသည့်အလား လင်းထျန်းလုံကို စိုက်ကြည့်နေခဲ့သည်။
သူ၏ရန်သူ ပြောသည့်စကားများက အမှန်တရားဖြစ်ကြောင်း သူသိလေသည်။ အကယ်၍ တိုက်ပွဲဆက်ဖြစ်နေပါက သူပြန်လည်ရှင်သန်လာသည့်တိုင်အောင် လက်အောက်ခံတပ်ဖွဲ့များ အားလုံးကို လုံးဝဆုံးရှုံးသွားနိုင်သည်။
ထို့အပြင် အနီးအနားတွင် ကိုယ်ကျိုးရှာလိုသော ရည်ရွယ်ချက်ကိုယ်စီဖြင့် မဟာမိတ်နှစ်ဖွဲ့လည်း ရှိနေသေးသည် မဟုတ်လော။
“ငါတို့ သွားမယ်” ဟော်ကျန်းသည် ထိုစကားလုံးများကို သွားကြားထဲမှ ညှစ်ထုတ်လိုက်သည့်လေသံဖြင့် ပြောလာလေသည်။
ကြီးမားလွန်းသော မုန်းတီးမှုနှင့် မကျေနပ်မှုများကို သယ်ဆောင်ကာ မီးလျှံအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အနောက်ဘက်သို့ ဦးစွာ ထွက်ပြေးသွားတော့သည်။
သူတို့၏ခေါင်းဆောင် ဆုတ်ခွာသွားသည်ကို မြင်သောအခါ လောင်ကျွမ်းမီးလျှံဂိုဏ်းမှ အဖွဲ့ဝင်များသည်လည်း အထိတ်တလန့်ဖြင့် ထွက်ပြေးကြလေတော့သည်။
အနောက်ဘက်စစ်မျက်နှာပြင်သည် ပထမဆုံး ပြိုကျသွားခဲ့ပြီ ဖြစ်သည်။
တစ်ပြိုင်နက်တည်းမှာပင် လင်းထျန်းလုံ၏ အသိစိတ်သည် လိန့်ဟောင်နှင့် ယန်ချင်းယွမ်တို့၏ စိတ်ထဲသို့လည်း ဝင်ရောက်သွားသည်။
“လူကြီးမင်းတို့... ဆက်တိုးချင်သေးသလား”
လိန့်ဟောင်သည် သူ့ရှေ့ရှိ ရဲစွမ်းသတ္တိများ ပိုမိုပြည့်ဝလာပြီး ခိုင်မာလွန်းသော ခံတပ်အကာအကွယ်ကို ချိုးဖျက်နိုင်တော့မည့် ထျန်းပင်း၏ စွမ်းအားကို ခံစားလိုက်ရသည်။
သနားစရာကောင်းသည့်ပုံစံဖြင့် ထွက်ပြေးသွားသော ဟော်ကျန်းကို လှမ်းကြည့်လိုက်ပြီးနောက် မျက်နှာမှာ မည်းမှောင်ရှုံ့တွသွားတော့သည်။
သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ထျန်းပင်းထံမှ ပြင်းထန်သော တိုက်ကွက်တစ်ခုကို ထိပ်တိုက်ရင်ဆိုင်လိုက်ကာ ထိုအရှိန်ကို အသုံးပြု၍ နောက်သို့ ဆုတ်ခွာသွားတော့သည်။
“သံမဏိဒိုင်းကာ ကင်းစခန်း... ဆုတ်ခွာမယ်။”
ယန်ချင်းယွမ်သည် စွမ်းဆောင်ရည်များ မြင့်တက်လာပြီး ပိုမိုခန့်မှန်းရခက်လာကာ၊ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသော ယင်းဖုန်းအပြင် ရန့်မြဲ့၏ ရေခဲမီးလျှံရောင်ခြည်ကြောင့် တိကျစွာ ပေါက်ကွဲသွားသည့် စက်ယန္တရားကြီးကိုပါ ကြည့်လိုက်သည်။
အချက်အလက်ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များက တိုက်ပွဲအခြေအနေကို ပြန်လည်ကုစား၍ မရနိုင်တော့ကြောင်း သူ့ကို ပြောပြနေသည်။
ထို့ကြောင့် မျက်မှန်ကို အပေါ်သို့ ပင့်တင်လိုက်ပြီး တုံ့ဆိုင်းခြင်းအလျဉ်းမရှိ၊ အမိန့်ပေးလိုက်လေ၏။
“တပ်ဖွဲ့ဝင်အားလုံး ဆုတ်ခွာမယ်၊ အစီအစဉ်အတိုင်း လုပ်ဆောင်ကြ”
ဒေါသတကြီးဖြင့် ရောက်ရှိလာသော သုံးပွင့်ဆိုင်မဟာမိတ်အဖွဲ့သည် နောက်ဆုံးတွင်တော့ အပြဲပြဲအကွဲကွဲဖြင့် ဆုတ်ခွာသွားကျရချေပြီ။
ဟော်ကျန်းမှာ ဒဏ်ရာအပြင်းအထန်ဖြင့် ထွက်ပြေးသွားခဲ့ရပြီး လိန့်ဟောင်နှင့် ယန်ချင်းယွမ်တို့သည်တော့ ကိုယ်တိုင်ကိုယ်ကျ ဆုတ်ခွာသွားခဲ့ခြင်းဖြင့် စစ်ပွဲအဆုံးသတ်သွားခဲ့သည်။
ဤသည်မှာ မိခင်သစ်ပင်၏ အသွင်ပြောင်းလဲမှုနှင့် လင်းထျန်းလုံ၏ ကျွမ်းကျင်မှုအသစ်ဖြစ်သော စွမ်းရည်ပေါင်းစပ်ခြင်းစွမ်းအားတို့အပေါ် မှီခိုကာ ခန့်မှန်းချက်များထက် များစွာသာလွန်သော တိုက်ခိုက်ရေးစွမ်းအားများ ပေါက်ကွဲထွက်လာသည့် ဝံပုလွေစစ်သူကြီးသုံးဦး၏ လုပ်ဆောင်ချက်ပင် ဖြစ်သည်။
ဝံပုလွေအသိုက်ကို ကာကွယ်နိုင်ခဲ့လေပြီ။
ဒီရေအလား ပြန်လည်ဆုတ်ခွာသွားသော လူသားတပ်ဖွဲ့များကို ကြည့်ရင်း ဝံပုလွေအသိုက်အတွင်းမှ နားကွဲမတတ် ဝံပုလွေဟိန်းဟောက်သံများသည် တိမ်တိုက်များကိုပင် ဖောက်ထွင်းသွားကာ ဘေးအန္တရာယ်မှ လွတ်မြောက်သွားသည့် ဝမ်းသာပျော်ရွှင်မှုနှင့် အောင်ပွဲအတွက် ဂုဏ်ယူမှုများ ပြည့်နှက်နေတော့သည်။
လင်းထျန်းလုံသည် ရှေ့ဆုံးတွင် တည်တည်ငြိမ်ငြိမ် ရပ်နေခဲ့သည်။ ငွေရောင်ခန္ဓာကိုယ်ကြီးသည် စစ်နတ်ဘုရားတစ်ပါးပမာ ကြယ်ရောင်များနှင့် မိခင်သစ်ပင်၏ အလင်းတန်းများကို ရောင်ပြန်ဟပ်နေလေသည်။
သူ၏ အကြည့်က ပင်ပန်းနွမ်းနယ်နေသော်ငြား စိတ်လှုပ်ရှားနေကြသော ဝံပုလွေအုပ်စုကို ဖြတ်ကျော်ကာ သိသိသာသာ အားကောင်းလာသည့် စစ်သူကြီးသုံးဦးအပေါ်သို့ ရောက်ရှိသွားပြီး နောက်ဆုံးတွင် အဝေးဆီသို့ ငေးကြည့်လိုက်သည်။
ဤအောင်ပွဲသည် အစပျိုးမှုတစ်ခုသာဖြစ်ကြောင်း သူသိလေသည်။ ဟော်ကျန်း၏ မုန်းတီးမှုများ ပျောက်ကွယ်သွားမည် မဟုတ်သလို အခြားအင်အားစုနှစ်ခုကလည်း ကျေအေးပေးမည် မဟုတ်ပေ။
သို့သော်လည်း ဤတိုက်ပွဲအပြီးတွင်တော့ ဝံပုလွေအသိုက်သည် မည်သည့်ရန်သူကမျှ လျှော့တွက်ရဲမည်မဟုတ်သော စွမ်းအားတစ်ခုကို ပိုင်ဆိုင်လာပြီး အမှန်တကယ် ခြေကုပ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
……
အရုဏ်ဦး၏ ပထမဆုံးသော နေရောင်ခြည်နုနုသည် ဝံပုလွေအသိုက်ပေါ်သို့ လှပစွာ ဖြာကျလာသည်။
တိုတမ်မိခင်သစ်ပင်ကြီးသည် သစ်ကိုင်းသစ်ရွက်သစ်များကို နံနက်ခင်းအလင်းရောင်အောက်တွင် ဆန့်တန်းလိုက်ရာ ထိုမှထွက်ပေါ်လာသော မြစိမ်းရောင်အလင်းတန်းများသည် နေရောင်ခြည်နှင့် တစ်သားတည်းအဖြစ် ပေါင်းစပ်သွားသည်။
ထိုအလင်းတန်းက ယမန်နေ့ညက တိုက်ပွဲကြောင့် ကျန်ရစ်ခဲ့သည့် မီးလောင်ကျွမ်းထားသော မြေပြင်နှင့် ရေခဲအပိုင်းအစများကို အနည်းငယ် ပြန်လည်ကုစားပေးနေပြီး သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားသည်။
လေထုထဲတွင် ယမ်းနံ့နှင့် သွေးနံ့များ ကင်းစင်သွားပြီဖြစ်ကာ မိခင်သစ်ပင်ကြီးထံမှ ထွက်ပေါ်လာသည့် လတ်ဆတ်သော အသက်စွမ်းအင်များနှင့် ရေခဲတို့၏ အေးစက်စက် အငွေ့အသက်များက နေရာယူထားသည်။
နှင်းဝံပုလွေအများစုမှာ ဒဏ်ရာရထားကြသော်လည်း သူတို့၏ မျက်ဝန်းများကတော့ အလွန်တောက်ပနေကြကာ ရန့်မြဲ့၏ တည်ငြိမ်သော ကွပ်ကဲမှုအောက်တွင် တိုက်ပွဲမြေပြင်ကို စနစ်တကျ ရှင်းလင်းနေကြသည်။
ကျဆုံးသွားသော မျိုးနွယ်စုဝင်များ၏ ရုပ်အလောင်းများကို သုသာန်သို့ ဂရုတစိုက် ပို့ဆောင်ပေးခြင်း၊ ပျက်စီးနေသော စက်ယန္တရား အပျက်အစီးများကို တစ်နေရာသို့ စုပုံထားခြင်းနှင့် ပိုင်ရှင်မဲ့သွားသော လက်နက်ချပ်ဝတ်တန်ဆာများကို စုဆောင်းခြင်းတို့ လုပ်ဆောင်နေကြသည်။
ဝံပုလွေပေါက်လေးများမှာလည်း ဂူထဲမှ ထွက်ခွင့်ရသွားကြပြီဖြစ်သည်။
ပိုင်လင်း၏ စောင့်ရှောက်မှုအောက်တွင် ရင်းနှီးကျွမ်းဝင်နေသော ဤမြေပြင်ပေါ်ရှိ အလှတရားအသစ်များကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုရင်း တစ်ခါတစ်ရံ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် တီတီတာတာ အသံလေးများ ပြုလုပ်နေကြသည်။
ဝံပုလွေအသိုက်တစ်ခုလုံးသည် ကပ်ဘေးမှ သီသီလေးလွတ်မြောက်လာပြီးနောက် မျှော်လင့်ချက်များပြည့်နှက်နေကာ အလုပ်များနေကြပြီး တက်ကြွစွာ လှုပ်ရှားနေကြလေသည်။
***