“ ဂါး ”
လွှမ်းမိုးဗိုလ်ကျသော ဟိန်းသံသည် မည်သည့်သတိပေးမှုမှ မရှိဘဲ အလင်းတိုင်လုံးထဲမှ ပျံ့လွင့်လာသည်။ ထိုဟိန်းသံထဲမှာ အထွတ်အမြတ်အရှိန်အဝါ ကိန်းအောင်းနေဟန် ရ၏။ ယင်းနှင့် အနီးဆုံးမှာရှိသော သီရှီထျန်သည် ကြီးမားသော ဖိနှိပ်မှုကို ခံစားရလိုက်သည်။ ဤသည်မှာ ဧရာမတောင်ကြီးတစ်တောင်က ရုတ်တရက် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိကျလာသည့်အလားပင်။ သူက ဆက်ပြီး အသက်မရှူနိုင်တော့အောင် မွန်းကျပ်သွားသည်။ သူ၏ နှလုံးက ပရမ်းပတာ ခုန်ပေါက်နေသည်။
“ အဲ့ဒီဟိန်းသံက ရတနာသေတ္တာပေါ်က ကိုင်မင်သားရဲရဲ့ ဟိန်းသံလား… ဘာဖြစ်သွားတာလဲ… ရတနာသေတ္တာထဲမှာ ဘာပစ္စည်းမှမရှိတာလား… အဲ့ဒီအစား ကိုင်မင်သားရဲရဲ့ ဟိန်းသံကို ထည့်သိမ်းထားတာလား ”
သို့သော်လည်း သီရှီထျန်သည် သူ၏ ခန့်မှန်းမှုကို သေချာအတည်မပြုနိုင်ပေ။
ခုနစ်ရောင်ခြယ်အလင်းတိုင်လုံးက မြန်ဆန်စွာ ထွက်ပေါ်လာပြီး မြန်ဆန်စွာ ပြန်ရုပ်သိမ်းသွားသည်။ ယင်းက မိုးကောင်းကင်ပေါ်သို့ မြှောက်တတ်သွားနေစဉ် ထူးဆန်းသော အကာအကွယ်အလွှာတစ်ခုက တောင်ပိုင်းမြေရိုင်းဒေသ၏ ကောင်းကင်ယံမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ခုနစ်ရောင်ခြယ်အလင်းတိုင်လုံးကို တားဆီးလိုက်သည်။
နောက်အခိုက်အတန့်မှာ အလင်းတိုင်လုံးသည် သူထွက်ပေါ်ခဲ့စဉ်ကအတိုင်း ချက်ချင်း အနောက်ပြန်ဆုတ်သွားသည်။ လျှပ်တစ်ပြက်အတွင်းမှာ ယင်းက မည်သည့်သဲလွန်မှမကျန်ဘဲ ပျောက်ကွယ်သွားသည်။ ယင်းက ရတနာသေတ္တာအတွင်းသို့ သူ့ဘာသာ ပြန်ဝင်ရောက်သွားသည်။
ထိုအပြောင်းအလဲများကို ဖော်ပြရန် အချိန်အတော်ကြာသော်လည်း အမှန်မှာ ယင်းက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ အဖြစ်အပျက်အားလုံးက စတင်ပြီးသည်နှင့် သိပ်မကြာမီ ချက်ချင်း ပျောက်ကွယ်သွားသည်။ ခုနစ်ရောင်ခြယ်အလင်းတိုင်လုံးသည် လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ ယင်းက တစ်စုံတစ်ယောက်ကို စိတ်ရှုပ်ထွေးစေနိုင်သည်။
သီရှီထျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
အစောနက အဖြစ်အပျက်က အလွန်အံ့ဖွယ်ကောင်းသည်။
အရင်ဦးဆုံး သူက စိတ်တည်ငြိမ်အောင် ထားလိုက်သည်။ ထို့နောက် သူက ရတနာသေတ္တာ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ မျက်လုံးထဲမှာ အံ့ဩသော အရိပ်အယောင် ထွက်ပေါ်လာသည်။
ရတနာသေတ္တာသည် ယခင်အတိုင်း မည်သည့်ထိခိုက်မှုမှ မရှိဘဲ ဆက်ရှိနေဆဲပင်။ ထူးဆန်းသည်မှာ ရတနာသေတ္တာပေါ်တွင် အဟရာတစ်ခုမှ မထွက်ပေါ်လာပေ။ သူမျှော်လင့်ထားသကဲ့သို့ ရတနာသေတ္တာက မပွင့်သွားပေ။
သို့သော်လည်း အံ့ဖွယ်ကောင်းသည်မှာ ရတနာသေတ္တာပေါ်တွင် ရိုးရှင်းသော ရှေးဟောင်းစာလိပ်တစ်ခု ရှိနေသည်။ ရှေးဟောင်းစာလိပ်သည် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေ၏။ ရှေးဟောင်းစာလိပ်မှလွဲ၍ ရတနာသေတ္တာနားမှာ မည်သည့်အရာမှ မရှိပေ။
“ ဘယ်လောက် ထူးဆန်းလိုက်တဲ့ ရတနာသေတ္တာလဲ… မဟုတ်မှ အဲ့ဒီရှေးဟောင်းစာလိပ်က ရတနာသေတ္တာထဲကနေ ထွက်လာတဲ့ ပစ္စည်းဖြစ်နေမလား ”
သီရှီထျန်က အနည်းငယ် သံသယရှိနေသေးသော်လည်း ထိုရှေးဟောင်းစာလိပ်က ရတနာသေတ္တာထဲမှ ပစ္စည်းဖြစ်ကြောင်း သူ့နှလုံးသားထဲမှာ သေချာသည်။ မည်သို့ဖြစ်ပါစေ ဤလှိုဏ်ဂူထဲမှာ သူမှလွဲ၍ တခြားတစ်ယောက် မရှိပေ။ ထို့ပြင် ရှေးဟောင်းစာလိပ်သည် ယခင်က တစ်ခါမှ သူမြင်ဖူးသောအရာ မဟုတ်ပေ။
အစောနက အဖြစ်အပျက်ပြီးနောက် ရှေးဟောင်းစာလိပ်က ရတနာသေတ္တာထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ရမည်။
အံ့ဩစရာပဲ… ။
ရတနာသေတ္တာသည် မပွင့်သွားဘဲ သေတ္တာထဲမှ ပစ္စည်းကို အပြင်သို့ အလိုအလျောက် ထုတ်ပေးနိုင်သည်။ သီရှီထျန်သည် ဤရတနာသေတ္တာအား ဖန်တီးခဲ့သော ပုဂ္ဂိုလ်ကို မချီးကျူးဘဲ မနေနိုင်ပေ။
သူက ထိုအကြောင်းကို တစ်ခဏ တွေးတောလိုက်သည်။ ထို့နောက် သူက ရတနာသေတ္တာနားသို့ မြန်မြန်ဆန်ဆန် လျှောက်သွားပြီး သူ၏ ကျားလက်သည်းကို ဆန့်ထုတ်ကာ သေတ္တာပေါ်မှ ရှေးဟောင်းစာလိပ်ကို ဖမ်းဆုပ်လိုက်သည်။ သူက ရှေးဟောင်းစာလိပ်ကို ချက်ချင်း မဖတ်ပေ။
ယင်းအစား သူက ရတနာသေတ္တာကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ မျက်လုံးထဲမှာ အံ့ဩမှုနှင့် မယုံကြည်နိုင်မှု ထွက်ပေါ်လာသည်။
“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ပဟေဠိအပိုင်းအစတွေက ထပ်ပြီး ပြောက်သောက်ဖြစ်သွားတယ်လား… ပြီးတော့ ပဟေဠိအပိုင်းအစတွေက အခုရေတစ်သောင်းတောင်မှ… ဒါက… ”
သီရှီထျန်သည် သူ၏ မျက်လုံးထဲမှ အံ့ဩမှုကို မဖုံးကွယ်နိုင်ပေ။ သူအံ့ဩသွားခြင်းက အကြောင်းမဲ့ မဟုတ်ပေ။ အစက ပြီးပြည့်စုံစွာ တွဲဆက်နေသော ပဟေဠိက လျှို့ဝှက်ဆန်းကြယ်စွာ ပြောက်သောက်ရှုပ်ထွေးသွားသည်။ ထို့ပြင် ဤတစ်ကြိမ်ပဟေဠိက ယခင်ကနှင့် မတူညီတော့ကြောင်း ထင်ရှားသည်။ အံ့ဖွယ်အကောင်းဆုံးမှာ ပဟေဠိအပိုင်းအစများ၏ အရေအတွက်က တစ်ထောင်မှ တစ်သောင်းသို့ တိုးပွားသွားသည်။
ထိုပဟေဠိမှာ အံ့ဖွယ်ထူးခြားသော စွမ်းရည်တစ်ခုရှိဟန် ရ၏။ ပဟေဠိအပိုင်းအစများက နောက်ထပ် အရေအတွက်ကိုးထောင် တိုးပွားလာသော်လည်း အပိုင်းအစများ၏ အရွယ်အစားက သေးငယ်သွားပုံမပေါ်ချေ။ ယင်းအစား ယင်းတို့က ယခင်အတိုင်း တစ်ချက်ကြည့်ရုံဖြင့် အလွန်ထင်ရှားနေကြဆဲပင်။ ယင်းတို့က မူလ ပဟေဠိအပိုင်းအစများနှင့် အများကြီး ကွားခြားပုံမပေါ်ချေ။ ယင်းက အလွန်ထူးခြားဆန်းကြယ်သည်။
ထိုသို့ထူးဆန်းသော အပြောင်းအလဲက လူများကို ဇဝေဇဝါဖြစ်စေနိုင်သည်။ သို့သော်လည်း သီရှီထျန်သည် သာမန်ပုဂ္ဂိုလ် မဟုတ်ချေ။ သူက အရင်ဆုံး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ထားလိုက်သည်။ အတွေးတစ်ခုက သူ၏ ခေါင်းထဲမှာ အကြမ်းဖျဉ်း ထွက်ပေါ်လာသည့်အခါ သူက တီးတိုးရေရွတ်လိုက်သည်။
" ဒီထျန်းအင်ပါယာရတနာသေတ္တာက တကယ်ပဲ ထူးခြားဆန်းကြယ်တယ်… အခုကြည့်ရတာတော့ ရတနာသေတ္တာထဲမှာ ရတနာတွေက တစ်ခုထက် ပိုရှိတဲ့ပုံပဲ… ပဟေဠိတစ်ခုကို ဖြေရှင်းပြီးသွားတိုင်း ရတနာတစ်ခု ရရှိလာလိမ့်မယ် ထင်တယ် ”
ထျန်းအင်ပါယာရတနာသေတ္တာက မည်သို့ကြောင့် ထိုသို့ပြောင်းလဲသွားရကြောင်း သီရှီထျန် သူ့စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်သည်။ ယင်းက အတားအဆီးများကို ဖြတ်ကျော်ခြင်းနှင့် ဆင်တူသည်။ အတားအဆီးတစ်ခုကို သူဖြတ်ကျော်ပြီးလျှင် ရတနာတစ်ခုကို ရရှိလိမ့်မည်။ ယခင်ပဟေဠိက ပထမဆုံး အတားအဆီးဖြစ်ရမည်။ ထိုအတားအဆီးကို သူဖြတ်ကျော်နိုင်သွားသောကြောင့် ရှေးဟောင်းစာလိပ်ကို သူရရှိသွားသည်။
ယခု ရတနာသေတ္တာပေါ်မှာ အသစ်ထွက်ပေါ်လာသော ပဟေဠိက ဒုတိယမြောက်အတားအဆီး ဖြစ်သည်။ ထို့ပြင် နောက်လာမည့် ပဟေဠိများက တဖြည်းဖြည်း ပိုခက်ခဲလာမည့်ပုံပေါ်သည်။ ပထမဆုံး အတားအဆီးဖြစ်သော ပဟေဠိသည်ပင် သူ့ကို အတော်လေး ဦးနှောက်ခြောက်စေခဲ့သည်။ ယင်းကို အောင်မြင်စွာ ဖြေရှင်းနိုင်ရန် လပေါင်းများစွာကြာအောင် သူအချိန်ယူခဲ့ရသည်။
ယခု ပဟေဠိအပိုင်းအစများက အရေအတွက်တစ်သောင်း ဖြစ်သွားသည်။ ယခင်ပဟေဠိနှင့် နှိုင်းယှဉ်လျှင် ခက်ခဲမှုအတိုင်းအတာက ဆယ်ဆ ပိုမြင့်သွားသည်။ ယင်းကို လအနည်းငယ်မဆိုထားနှင့် တစ်နှစ် နှစ်နှစ် အချိန်ပေးလျှင်ပင် သူဖြေရှင်းနိုင်ရန် မသေချာသေးပေ။ ယင်းက ဖော်မပြနိုင်အောင် အလွန်ခက်ခဲသည်။
မှန်ပေ၏။ ယင်းက အလွန်ခက်ခဲသော စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။
သို့သော်လည်း ယင်းက အလွန်တန်ဖိုးကြီးမားသော ရတနာဖြစ်ကြောင်း သံသယရှိရန် မလိုပေ။
သီရှီထျန်၏ မျက်လုံးထဲမှာ စူးရှသောအလင်း ထွက်ပေါ်လာသည်။ သူက ထျန်းအင်ပါယာရတနာသေတ္တာ၏ တန်ဖိုးကြီးမားပုံကို ပိုပြီးကောင်းမွန်စွာ နားလည်သွားသည်။ သို့သော်လည်း လက်ရှိ သူက ဒုတိယမြောက်အတားအဆီးဖြစ်သော ပဟေဠိကို ဖြေရှင်းရန် အားအင်မကျန်ရှိတော့ပေ။ ယင်းက တစ်လနှစ်လတည်းဖြင့် ဆောင်ရွက်နိုင်သောအရာ မဟုတ်ပေ။
“ နောက်ထပ် ပဟေဠိကို ဖြေရှင်းဖို့ ငါအလျင်မလိုဘူး… ဒီရှေးဟောင်းစာလိပ်က ဘယ်ဖြစ်မလဲ ငါသိချင်မိတယ်… အဲ့ဒါက ငါ့အတွက် အသုံးဝင်နိုင်မယ့် ရတနာတစ်ခုဖြစ်ဖို့ ငါမျှော်လင့်တယ် ”
ထူးဆန်းသော ထျန်းအင်ပါယာရတနာသေတ္တာနှင့်ပတ်သက်၍ ဒုတိယမြောက် ပဟေဠိကို လောလောဆယ် သူမဖြေရှင်းနိုင်သေးပေ။ သို့ဖြစ်၍ သူက ပဟေဠိအကြောင်း ယာယီမေ့ထားလိုက်သည်။ ယင်းကို အနာဂတ်မှာ သူဖြေရှင်းလိမ့်မည်။
ရတနာသေတ္တာအကြောင်း မေ့ထားလိုက်သည့်အခါ သူ၏ စိတ်အာရုံက သူ့လက်ထဲမှ ရှေးဟောင်းစာလိပ်ပေါ်သို့ ချက်ချင်း ရွှေ့ပြောင်းသွားသည်။
သူက စာလိပ်ကို ဂရုတစိုက် သေချာစစ်ဆေးကြည့်လိုက်သည်။ ဤရှေးဟောင်းစာလိပ်ကို ထူးဆန်းသော အဝါရောင်စာရွက်ဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
ထိုအဝါရောင်စာရွက်က မည်သည့်ပစ္စည်းဖြစ်ကြောင်း သူမသိပေ။ ယင်းကို ယခင်က တစ်ခါမှ သူမမြင်ဖူးပေ။ သို့သော်လည်း စာရွက်အပေါ် သူ၏ အထိအတွေ့မှတဆင့် ယင်းက အလွန်နူးညံ့ကြောင်း သူခံစားမိသည်။ အကြည့်တစ်ချက်ဖြင့်ပင် ယင်းက သာမန်စာရွက်မဟုတ်ကြောင်း သူသိလိုက်သည်။ ဖြစ်နိုင်သည်မှာ ယင်းက ရှားပါးရတနာတစ်ခု ဖြစ်နိုင်၏။
“ ဟူး လား ”
ရှေးဟောင်းစာလိပ်ကို သူ၏ အရှေ့မှ မြေကြီးပေါ်မှာ ချလိုက်ပြီး ဖြည်းဖြည်းချင်း ဖွင့်လှစ်လိုက်သည်။ စာလိပ်ကို သူဖွင့်လှစ်လိုက်သည်နှင့်ချက်ချင်း ရောင်စုံအလင်းတန်းများက စာလိပ်ထဲမှ ပေါ်လျှိုးလာကြသည်။ ယင်းက မှော်ဆန်ပြီး အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။ ရောင်စုံအလင်းတန်းများက အလွန်တောက်ပလေရာ စာလိပ်ထဲမှာ မည်သည့်အရာရှိကြောင်း ရှင်းလင်းစွာ သူမမြင်နိုင်ပေ။
ထိုမြင်ကွင်းက သီရှီထျန်ကို စိတ်မပျက်သွားစေပေ။ ယင်းအစား သူ၏ နှလုံးသားထဲမှာ ပြင်းပြသော မျှော်လင့်မှု ထွက်ပေါ်လာသည်။ ရောင်စုံအလင်းတန်းများဖြင့်ပင် ဤရှေးဟောင်းစာလိပ်က သာမန်မဟုတ်နိုင်ကြောင်း သူသိလိုက်သည်။ ယင်းက သေချာပေါက် ရတနာဖြစ်သည်။
စာလိပ်သည် မတိုပေ။ ယင်းက ရှေးခေတ်မှ တောင်တန်းပန်းချီပုံများကဲ့သို့ အလွန်ရှည်လျားသည်။ စာလိပ်ကို ဖြန့်လိုက်သည့်အခါ ယင်းက အလွန်ရှည်လျားသွားသည်။ စာလိပ်က အပြည့်အစုံ ဖြန့်သွားသည့်အခါ အနည်းဆုံး တစ်မီတာခန့် ရှည်လျားသည်။
ရောင်စုံအလင်းတန်းများက စာလိပ်၏ နေရာတိုင်းမှ ပေါ်လျှိုးလာနေစဉ် ရှေးဟောင်းအရှိန်အဝါက စာလိပ်ထဲမှ ထွက်ပေါ်လာသည်။
“ ဒီရှေးဟောင်းစာလိပ်ထဲမှာ ဘာရှိနေလဲ ငါကြည့်မယ် ”
သီရှီထျန်သည် သူ၏ စိတ်အာရုံကို ရှေးဟောင်းစာလိပ်ပေါ်မှာ အပြည့်အဝ နှစ်ထားလိုက်သည်။ ယင်းကို သူကြည့်လိုက်သည်နှင့် မျက်လုံးဝင်းလက်သွားပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်ရသည်။
သူ၏ မျက်လုံးထဲမှာ အံ့ဩသော အကြည့် ထွက်ပေါ်လာသည်။
စာလိပ်ထဲတွင် မည်သည့်ပစ္စည်းမှ မပါပေ။ ယင်းအစား ယင်းက စာလိပ်တစ်ခုမျှသာ ဖြစ်ဟန်တူ၏။ စာလိပ်ပေါ်တွင် ရုပ်ပုံကားချပ်တစ်ခု ရှိသည်။ ထိုရုပ်ပုံကားချပ်ပေါ်မှာ စာကြောင်းများကို ရေးသားထားသည်။ ကြည့်ရသည်မှာ စာလိပ်ပေါ်တွင် အကြောင်းအရာတစ်စုံတစ်ခုကို မှတ်တမ်းတင်ထားဟန် ရ၏။
ဤရှေးဟောင်းစာလိပ်ပေါ်မှာ မှတ်တမ်းတင်ထားသော အကြောင်းအရာက တခြားအရာများနှင့် ကွဲပြားခြားနားသည်။
အရင်ဆုံး သူ၏ မျက်စိကို ဖမ်းစားသွားသည်မှာ စာလိပ်ပေါ်မှ ရုပ်ပုံဖြစ်သည်။ ယင်းက လူတစ်ယောက်ပုံမဟုတ်ပေ။ ယင်းက တိရိစ္ဆာန်တစ်ကောင်၏ ရုပ်ပုံမဟုတ်သကဲ့သို့ ဒဏ္ဍာရီလာ သားရဲတစ်ကောင်၏ ရုပ်ပုံလည်း မဟုတ်ချေ။ ယင်းအစား ကုချင်းပုံ ဖြစ်သည်။
ကုချင်း၏ ကိုယ်ထည်တစ်ခုလုံးကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သီရှီထျန်၏ စိတ်အာရုံကို အဓိကဖမ်းစားသွားသည်မှာ ကုချင်းပေါ်မှ ကြိုးများဖြစ်သည်။
ပုံမှန်အားဖြင့် ကုချင်းတွင် ကြိုးခုနစ်ချောင်းသာ ရှိသည်။ ထို့ကြောင့် ယင်းကို ကြိုးခုနစ်ချောင်းကုချင်းဟု ခေါ်ကြသည်။ ကြိုးတစ်ချောင်းစီမှာလည်း ကိုယ်ပိုင်နာမည် ရှိသည်။ ယင်းတို့က ကုံ၊ ရှန့်၊ ကျောက်၊ ကျန်း၊ ယု၊ ရှောက်ကုံနှင့် ရှောက်ရှန့် ဖြစ်ကြသည်။
ထို့ကြောင့် ရှေးခေတ်ကတည်းက ကုချင်းများတွင် ကြိုးခုနစ်ချောင်းသာ ပါရှိကြသည်။ မှန်ပေသည်။ ကုချင်းမှာ ကြိုးခုနစ်ချောင်းသာလျှင် ရှိရမည်ဟူသော စည်းမျဉ်းသတ်မှတ်ချက် မရှိပေ။
ကြိုးငါးချောင်းပါသော ကုချင်းကို ရှန်းနုန် ကုချင်းဟု ခေါ်သည်။ တချို့ကုချင်းများတွင် ကြိုးရှစ်ချောင်း၊ ကြိုးကိုးချောင်း ပါရှိကြသည်။ ကြိုးဆယ်ချောင်းပါသော ကုချင်းများပင် ရှိကြသည်။ သို့သော်လည်း ကြိုးအရေအတွက်ပိုများလေ ကုချင်းကို တီးခတ်ရသည်မှာ ပိုပြီးခက်ခဲလေ ဖြစ်၏။
ဤရှေးဟောင်းစာလိပ်ပေါ်မှာ ရေးဆွဲထားသော ရုပ်ပုံကားချပ်သည် မြင်တွေ့ရခဲသော ကြိုးကိုးချောင်းကုချင်း ဖြစ်သည်။ ကုချင်း၏ ကိုယ်ထည်ကို ဝူတုန်သစ်သားဖြင့် ဖန်တီးပြုလုပ်ထားသည်။
ကြိုးတစ်ချောင်းစီ၏ အရှေ့တွင် သေးငယ်သော အချိုင့်တစ်ခု ရှိသည်။ အချိုင့်သည် မကြီးမားပေ။ ယင်းကို ရိုးရှင်းစွာ ထည့်သွင်းထားဟန် ရသည်။ အလုံးစုံခြုံကြည့်ရသော် ဤကုချင်းသည် အလွန်သက်တောင့်သက်သာရှိပုံပေါ်ပြီး ရိုးရှင်းသည်။ ထိုသို့ရိုးရှင်းခြင်းက တမူထူးခြားသော ဆွဲဆောင်မှုကို ပေးသည်။
ဥပမာ တစ်စုံတစ်ယောက်သည် ယင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ကုချင်း၏ ဆွဲဆောင်ခြင်းခံရလိမ့်မည်။ သူတို့သည် မသိစိတ်မှ ကုချင်းကို နှစ်သက်သဘောကျလာလိမ့်မည်။
“ အရင်ဘဝမှာ ကြိုးခုနစ်ချောင်းကုချင်းကို ငါမြင်ဖူးတယ်… ဒါပေမဲ့ ကြိုးကိုးချောင်းကုချင်းကိုတော့ တစ်ခါမှ ငါမမြင်ဖူးဘူး… ဘာလို့ ဒီရှေးဟောင်းစာလိပ်ထဲမှာ ကြိုးကိုးချောင်းကုချင်းပုံ ရှိနေရတာလဲ… အဲ့ဒါရဲ့ အဓိပ္ပာယ်က ဘာလဲ ”
သီရှီထျန်သည်လည်း ကြိုးကိုးချောင်းကုချင်းရုပ်ပုံ၏ ဆွဲဆောင်ခံလိုက်ရပြီး မိနစ်အနည်းငယ်ကြာ မိန်းမောသွားသည်။ နောက်ဆုံးမှာ သူက သတိပြန်ဝင်လာပြီး ကုချင်းကို နောက်တစ်ကြိမ် သေချာကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲမှာ သံသယအရိပ်အယောင် ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုမေးခွန်းက သူ့ခေါင်းထဲမှာ အချိန်ကြာကြာ ရှိမနေပေ။ မကြာမီ သူက ရှေးဟောင်းကုချင်းထံမှ အကြည့်ဖယ်ခွာလိုက်သည်။
***