ကုချင်းရုပ်ပုံ၏ အောက်တွင် ရောင်စုံစာလုံးများ ရှိသည်။ အရိုးသားဆုံးဆိုရလျှင် ရှေးဟောင်းစာလိပ်ပေါ်မှ စာလုံးများကို သီရှီထျန် မသိပေ။ ယင်းတို့က သူနားလည်သော စာလုံးများမဟုတ်ကြောင်း လုံးဝ သေချာသည်။ သူက အတိတ်မှာ ထိုစာလုံးများနှင့် တစ်ခါမှ မထိတွေ့ခဲ့ဖူးပေ။ ယခင်ဘဝမှာ သူက ဘာသာစကားအနည်းငယ်နှင့် ရှေးခေတ်ကျောက်စာများကိုပင် လေ့လာခဲ့ဖူးသည်။ သို့တိုင် ထိုရောင်စုံစာလုံးများက မည်သည့်ဘာသာစကားဖြစ်ကြောင်း သူမသိပေ။
သို့သော်လည်း အထူးဆန်းဆုံးသည် ထိုစာလုံးများကို သူမသိသော်လည်း ယင်းတို့ကို သူမြင်သွားသည့်အခိုက် သတင်းစကားတစ်ခုက သူ၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ထိုစာလုံးများ၏ အဓိပ္ပာယ်က ထွက်ပေါ်လာသည်။
ထိုသို့ခံစားမှုသည် လုံးဝ မယုံကြည်နိုင်ဖွယ်ကောင်းသည်။ ထိုသို့အရာကို ယခင်က တစ်ခါမှ သူမကြုံဖူးပေ။
သီရှီထျန်၏ မျက်လုံးထဲ၌ မှိတ်တုတ်မှိတ်တုတ်အလင်း ဆက်တိုက် ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် သူက စိတ်အေးအေး မထားနိုင်ပေ။ သူ၏ စိတ်ထဲမှာ ရှေးဟောင်းစာလိပ်အကြောင်း အကြမ်းဖျဉ်း ထွက်ပေါ်လာသည်။
ရောင်စုံစာလုံးများ၏ အဓိပ္ပာယ်သည်လည်း ရှင်းလင်းသွားသည်။
ထိုစာလုံးများကို ဘာသာပြန်ရသော်…
“ ဒီလောကရဲ့ သက်ရှိအားလုံးဆီမှာ ဝိညာဉ်ဆိုတာ ရှိတယ်… ဝိညာဉ်ရှိရင် စိတ်ခံစားချက်နဲ့ လိုအင်ဆန္ဒတွေ ရှိလိမ့်မယ်… စိတ်ခံစားချက်ခုနစ်မျိုးဟာ ပျော်ရွှင်မှု၊ ဒေါသ၊ စိုးရိမ်မှု၊ လွမ်းဆွေးမှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုနဲ့ ထိတ်လန့်မှုတို့ ဖြစ်ကြတယ်… လိုအင်ဆန္ဒခြောက်မျိုးဟာ မြင်ရခြင်း၊ ကြားရခြင်း၊ အနံ့ရခြင်း၊ အရသာခံခြင်း၊ ထိတွေ့ခြင်းနဲ့ ခံစားရခြင်းတို့ ဖြစ်ကြတယ် ”
“ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးက သက်ရှိတွေကို အရှေ့ဆက်သွားစေမယ့် လောင်စာစွမ်းအင်တွေ ဖြစ်ကြတယ်… သူတို့က မူလဒုစရိုက်ခုနစ်ပါးလည်း ဟုတ်တယ်… ကိုယ်ရဲ့ လိုအင်ဆန္ဒတွေကို ထိန်းချုပ်နိုင်တဲ့လူက အထွတ်အထိပ်ကို ရောက်ရှိနိုင်လိမ့်မယ်… ကိုယ်ရဲ့ လိုအင်ဆန္ဒတွေအောက်မှာ အကျဉ်းချခံလိုက်ရတဲ့ လူတွေက ကိုယ်ပိုင်အသိစိတ်ဆုံးရှုံးသွားပြီး မကောင်းဆိုးဝါးတွေ ဖြစ်လာကြလိမ့်မယ် ”
“ တေးဂီတဟာ သက်ရှိအားလုံးရဲ့ အတွင်းစိတ်စကားသံ ဖြစ်တယ်… တေးဂီတက နှလုံးသားထဲက ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း အစရှိတဲ့ စိတ်ခံစားချက်တွေကို ဖော်ပြပေးနိုင်တယ်… ”
“ ဒါကြောင့် စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးကို ဒုစရိုက်ခုနစ်ပါးလို့ ခေါ်ကြတယ်… ဒီလောကမှာ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား ရှိတယ်… အဲ့ဒါကို တီးခတ်လိုက်တဲ့အခါ ကောင်းကင်နဲ့ မြေပြင်က ပျော်ရွှင်သွားလိမ့်မယ်… တစ္ဆေတွေနဲ့ နတ်ဘုရားတွေက ငိုကြွေးကြလိမ့်မယ်… အရာအားလုံးဟာ ဂီတသံစဉ်အတိုင်း လိုက်နာကြရလိမ့်မယ် ”
ရှေးဟောင်းစာလိပ်ပေါ်မှာ စာလုံးအများကြီး ရှိသည်။ သို့သော် ထိုစာလုံးအားလုံး၏ အဓိကဆိုလိုရင်းက ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား၏ မိတ်ဆက်အကြောင်းအရာ ဖြစ်သည်။
“ မဟုတ်မှ ဒီအောက်မှာ ရေးထားတဲ့ အဲ့ဒီဖားလောင်းစာတွေက ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားရဲ့ ဂီတသံစဉ်တွေလား ”
သီရှီထျန်၏ စကားသံထဲမှာ ခါးသီးသော အရိပ်အမြွက် ပါရှိသည်။ ရှေးဟောင်းစာလိပ်၏ အောက်ဘက်နားတွင် ဖားလောင်းများနှင့် ဆင်တူသော စာလုံးများ ရှိသည်။ သူ့အထင် ယင်းတို့က လျှို့ဝှက်ဆန်းကြယ်သော ဂီတသံစဉ်များ ဖြစ်ရမည်။ သို့သော်လည်း ထိုဂီတသံစဉ်များကို သူနားမလည်ပေ။
ထိုဖားလောင်းစာများက အလွန်ထူးဆန်းသည်။ ယင်းတို့က ဂီတသံစဉ်များနှင့် မတူညီပေ။ အထူးဆန်းဆုံးမှာ သီရှီထျန်က ထိုဖားလောင်းစာများကို ကြည့်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည့်အခိုက် သူမမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
မရေမတွက်နိုင်အောင် များပြားလှသော ဖားလောင်းစာများက မျက်စိတစ်မှိတ်အတွင်းမှာ အသက်ဝင်လာကြသည်။ ယင်းတို့က စတင်ရွေ့လျားသွားကြပြီး ရောင်စုံအလင်းကို ထုတ်လွှတ်လိုက်ကြသည်။ နောက်အခိုက်အတန့်မှာ ထိုဖားလောင်းစာများက ရှေးဟောင်းစာလိပ်ထဲမှ ထွက်လာကြပြီး မည်သည့်သတိပေးမှုမှမရှိဘဲ သူ၏ နဖူးထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကြသည်။
“ အား… ”
ထိုအပြောင်းအလဲက လွန်စွာ ရုတ်တရက်ဆန်သည်။ သီရှီထျန်သည် ထိုသို့ဖြစ်လာမည်ဟု မမျှော်လင့်ထားသောကြောင့် အော်ဟစ်လိုက်ရသည်။ တစ်ချိန်တည်းမှာ သူမတောင့်ခံနိုင်သော နာကျင်မှုက သူ၏ အသိစိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ နှလုံးကွဲကြေသော နာကျင်မှုက သူ၏ ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ထဲမှ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
ယင်းက သူတောင့်ခံနိုင်သည်ထက် အများကြီး ကျော်လွန်သွားသည်။ နောက်အခိုက်အတန့်မှာ သီရှီထျန်က ပြင်းထန်သော နာကျင်မှုကြောင့် နေရာမှာတင် သတိမေ့မြောသွားသည်။
သူ၏ ခြေထောက်လေးချောင်းက ရုတ်တရက် ဂျယ်လီသဖွယ် ပျော့ခွေသွားပြီး သူ၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ပြိုလဲကျသွားသည်။
သီရှီထျန်က သတိမေ့မြောနေသော်လည်း ရှေးဟောင်းစာလိပ်ထဲမှ ဖာလောင်းစာများက မရပ်တန့်သွားပေ။ ယင်းတို့က ရှေးဟောင်းစာလိပ်ထဲမှ ဆက်တိုက် ထွက်ပေါ်လာကြပြီး သူ၏ စိတ်ထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားကြသည်။ တစ်ချိန်တည်းမှာ ရှေးဟောင်းစာလိပ်ပေါ်မှ စာလုံးများက မြန်ဆန်စွာ ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ ယင်းတို့အားလုံးက သီရှီထျန်၏ စိတ်ထဲသို့ ဝင်ရောက်သွားကြသည့်အလားပင်။
ထူးဆန်းသော ထိုအဖြစ်အပျက်သည် မိနစ်အနည်းငယ်ကြာသည်အထိ ဖြစ်ပျက်နေခဲ့သည်။
နောက်ဆုံးဖားလောင်းစာလုံးက သီရှီထျန်၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ရှေးဟောင်းစာလိပ်ပေါ်မှ ရောင်စုံအလင်းက ရုတ်တရက် မှေးမှိန်သွားသည်။ အကယ်၍ ယခုအချိန်မှာ တစ်စုံတစ်ယောက်က ရှေးဟောင်းစာလိပ်ကို ကောက်ယူပြီး ကြည့်မည်ဆိုလျှင် သူက သေချာပေါက် အံ့ဩသွားလိမ့်မည်။ ရှေးဟောင်းစာလိပ်က ဗလာဖြစ်သွားသည်။ ယင်းပေါ်မှာ ကုချင်းရုပ်ပုံကားချပ်မရှိတော့သကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော ရောင်စုံစာလုံးများလည်း မရှိတော့ပေ။ ယင်းက အဝါရောင်ဗလာစာရွက် ဖြစ်သွားသည်။
ယင်းက အမှန်တကယ် ထူးခြားဆန်းကြယ်သည်။
လှိုဏ်ဂူသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ ထျန်းအင်ပါယာရတနာသေတ္တာမှ ထုတ်လွှတ်နေသော အလင်းရောင်ကြောင့် လှိုဏ်ဂူက လင်းထိန်နေသည်။ မူလက မည်းမှောင်နေသော လှိုဏ်ဂူထဲမှာ ထျန်းအင်ပါယာရတနာသေတ္တာတစ်ခုတည်းက အလင်းရောင်ကို ထုတ်လွှတ်ပေးနေလေရာ ယင်းက ထူးခြားအံ့ဖွယ်ကောင်းသည်။ ရတနာသေတ္တာ၏ အရှေ့တွင် ကျားနက်တစ်ကောင်က တိတ်တဆိတ် လဲလျောင်းနေသည်။ ကျားနက်က နှစ်ချိုက်စွာ အိပ်မောကျနေဟန် ရသည်။ အသက်ရှူသွင်းရှူထုတ်သံကို လှိုဏ်ဂူထဲမှာ ရှင်းလင်းစွာ ကြားနိုင်ပေသည်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နှစ်နာရီခန့် ကုန်ဆုံးသွားသည်။
နောက်ဆုံးမှာ အနက်ရောင်ကျား၏ မှိတ်ထားသော မျက်လုံးများက ဖြည်းညင်းစွာ ပြန်ဖွင့်သွားသည်။
“ ရှေးဟောင်းစာလိပ်က ဒီလောက်တန်ဖိုးကြီးမားတဲ့ ရတနာဖြစ်မယ်လို့ ငါမမျှော်လင့်ထားဘူး… စိတ်မကောင်းစရာက အဲ့ဒီနတ်ဘုရားတေးသွားက မပြည့်စုံဘူး ”
အိပ်မောကျနေရာမှ ပြန်နိုးလာသော သီရှီထျန်၏ မျက်လုံးထဲမှာ ထူးဆန်းသောအကြည့် ထွက်ပေါ်လာသည်။ သူ့မျက်လုံးထဲမှာ အသူရာချောက်နက်တစ်ခု ရှိနေဟန် ရ၏။ ယင်းက သူ့မျက်လုံးအား တိုက်ရိုက် ကြည့်လိုက်သူများကို မိန်းမောသွားစေလိမ့်မည်။ ထို့ပြင် သူ့မျက်လုံးထဲမှာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ လွမ်းဆွေးမှု အစရှိသော စိတ်ခံစားချက်အမျိုးမျိုး ထွက်ပေါ်နေသည်။ စိတ်ခံစားချက်အမျိုးမျိုးက တစ်ချိန်တည်းမှာ အတူတကွ ရောထွေးနေလေရာ ယင်းကို နားလည်ရန် ခက်ခဲပေသည်။
အမှန်မှာ ယင်းက ထူးဆန်းသောကိစ္စ မဟုတ်ပေ။ အစောနက သူကြုံတွေ့ခဲ့ရသော အရာကို သူတို့က တူညီစွာ ကြုံတွေ့မည်ဆိုလျှင် သူတို့သည်လည်း သူ့နည်းတူ ခံစားရလိမ့်မည်။
“ လက်စသတ်တော့ ရှေးဟောင်းစာလိပ်ထဲမှာ နတ်ဘုရားတေးသွားတစ်ပုဒ်ကို မှတ်တမ်းတင်ထားတာကို… အဲ့ဒီတေးသွားကို ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားလို့ ခေါ်တယ် ”
ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားထဲမှာ လှုပ်ရှားမှုခုနစ်မျိုး ပါဝင်သည်။ လှုပ်ရှားမှုတစ်မျိုးစီက အလွန်အံ့ဖွယ်ကောင်းပြီး မှော်ဆန်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ ယင်းက ဂီတသံစဉ်၏ အထွတ်အထိပ် တိုက်ခိုက်မှု ဖြစ်သည်။
တစ်စုံတစ်ယောက်က ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားကို တီးခတ်လိုက်မည်ဆိုလျှင် မိုးမြေက ပျက်စီးပြိုကွဲသွားပြီး တစ္ဆေများနှင့် နတ်ဘုရားများက ကြောက်လန့်တုန်လှုပ်သွားကြလိမ့်မည်။ ယင်း၏ စွမ်းအားက ဖော်မပြနိုင်အောင် အလွန်အံ့ဖွယ်ကောင်းသည်။
သို့သော်လည်း စိတ်မကောင်းစရာမှာ ဤရှေးဟောင်းစာလိပ်ထဲတွင် ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား၏ လှုပ်ရှားမှုနှစ်မျိုးကိုသာ မှတ်တမ်းတင်ထားသည်။ ကျန်ငါးမျိုးသည်တော့ ပျောက်ဆုံးနေသည်။ ထို့ကြောင့် သူရရှိထားသော ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားက မပြည့်စုံပေ။ ထို့ပြင် ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားကို လက်ဗလာဖြင့် မတီးခတ်နိုင်ပေ။ ယင်းကို တီးခတ်ရန် ဂီတတူရိယာတစ်ခု လိုအပ်သည်။ မှန်ပေသည်။ ယင်းက ကုချင်း ဖြစ်သည်။
ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားကို ကြိုးကိုးချောင်းကုချင်းဖြင့် တီးခတ်ရလိမ့်မည်။ ထိုအတွက် တစ်စုံတစ်ယောက်သည် ဂီတပညာတွင် မြင့်မားသော အရည်အချင်းရှိရမည်။ သို့ဖြစ်၍ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားကို တီးခတ်ရန် လိုအပ်ချက်များက အလွန်ခက်ခဲပေသည်။
“ တကယ်လို့ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားက ရှေးဟောင်းစာလိပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း တကယ်အစွမ်းထက်တယ်ဆိုရင် အဲ့ဒါက အထွတ်အထိပ် တိုက်ခိုက်ရေးပညာရပ်တစ်ခု ဖြစ်လိမ့်မယ်… ဒါပေမဲ့ ဂီတအကြောင်း ငါဘာမှမသိဘူး ”
စက်ကရာ၏ မျက်လုံးထဲမှာ အကူအညီမဲ့မှု ထွက်ပေါ်လာလေသည်။ သူသည် အတိတ်ဘဝတွင် ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း သူ၏ ပါရမီကို စီးပွားရေးတွင်သာ အသုံးပြုခဲ့သည်။ သူ့မှာ အချိန်နှင့် စွမ်းရည် အလုံအလောက်မရှိသောကြောင့် တခြားနယ်ပယ်များကို သူမလေ့လာခဲ့ပေ။
သူက စစ်တုရင်ပညာနှင့် လက်ရေးအလှပညာကို သင်ယူခဲ့ပြီး ထိုနယ်ပယ်များတွင် အောင်မြင်မှုတချို့ ရရှိခဲ့သည်။ သို့သော်လည်း ဂီတနယ်ပယ်တွင် သူ့မှာ မည်သည့်အခြေခံမှ မရှိပေ။ ဂီတနှင့် သံစဉ်များအကြောင်း သူဘာမှမသိပေ။ သံစဉ်များကို မည်သို့ဖတ်ရမည်ဖြစ်ကြောင်းပင် သူမသိပေ။ ဂီတနယ်ပယ်တွင် သူ၏ သိနားလည်မှုက သုညဖြစ်သည်။
ထို့ကြောင့် သူက ခါးသီးစွာ သက်ပြင်းချလိုက်သည်။ အကယ်၍ အတိတ်ဘဝမှာသာ သူက ကုချင်းတီးခတ်နည်းကို သင်ယူခဲ့မည်ဆိုလျှင် ယခုအခြေအနေမှာ ကူကယ်ရာမဲ့နေလိမ့်မည် မဟုတ်ချေ။
မှန်ပေသည်။ ဤလောကတွင် နောင်တအတွက် ဖြေဆေးမရှိပေ။
ယင်းကို သီရှီထျန် ကောင်းကောင်း နားလည်သည်။ ထို့ကြောင့် သူက အများကြီး စဉ်းစားမနေပေ။ တစ်ခဏ တွေးတောပြီးနောက် သူက ယင်းကို သူ့ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။
“ ကြည့်ရတာ အနာဂတ်ကျရင် ငါ ကုချင်းတီးခတ်နည်းကို သင်ဖို့ နည်းလမ်းတစ်ခုခု ရှာဖွေရလိမ့်မယ် ”
တစ်ခဏကြာ စဉ်းစားပြီးနောက် သီရှီထျန်က သူ့စိတ်ထဲမှာ လျှို့ဝှက်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။ ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွား၏ စွမ်းအားက မေးခွန်းထုတ်ရန် မလိုပေ။ ယင်းက အလွန်အစွမ်းထက်သော ဂီတတိုက်ခိုက်ရေးပညာရပ် ဖြစ်သည်။ ယင်းကို သေချာပေါက် သူသင်ယူမည်။ လက်လျော့ခြင်းဟူသော စကားလုံးက သူ၏ အဘိဓာန်မှာ မရှိပေ။ ကုချင်းကို မည်သို့တီးခတ်ရမည်ဖြစ်ကြောင်း သူမသိထားခြင်းက အရေးမကြီးပေ။ အနာဂတ်မှာ ကုချင်းတီးခတ်နည်းကို သူသင်ယူနိုင်ပေသည်။
ထို့ပြင် သူက ဂီတအကြောင်း အများကြီး စိတ်ဝင်စားသည်။ တစ်ခုသိထားရမည်မှာ သူ၏ ကျားဟိန်းသံအတတ်က အသံလှိုင်းတိုက်ခိုက်ရေးပညာရပ် ဖြစ်သည်။ ထို့ပြင် ယခု သူက မိစ္ဆာခန္ဓာကိုယ်ဖြင့် ရှိနေလေရာ ကုချင်းတီးခတ်နည်းကို မည်သို့သင်ယူနိုင်မည်နည်း။ လက်ရှိ သူသည် ဂီတအကြောင်း သင်ယူရန် အလွန်ခက်ခဲသည်။
မည်သို့ဖြစ်ပါစေ တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ဂီတအကြောင်းနှင့် ကုချင်းတီးခတ်နည်းအကြောင်း သိထားသော မိစ္ဆာသားရဲတစ်ကောင် ရှိနေလိမ့်မည်ဟု သူမမျှော်လင့်ပေ။
ထို့ကြောင့် ဂီတအကြောင်းနှင့် ကုချင်းတီးခတ်နည်းအကြောင်း သူသင်ယူချင်လျှင် လူသားလောကဆီသို့ သေချာပေါက် သွားရလိမ့်မည်။
အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက စိတ်ထဲမှာ တိတ်တဆိတ် တွေးတောလိုက်သည်။
သူက ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားကို သင်ယူရန် စိတ်ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။ သို့ဖြစ်၍ ကုချင်းကောင်းကောင်းတစ်ခုကို မဖြစ်မနေ သူလိုအပ်လိမ့်မည်။ ဂီတအကြောင်းနှင့် သံစဉ်အကြောင်း သင်ယူချင်လျှင် သူ့လက်ထဲမှာ အရင်ဆုံး ဂီတတူရိယာတစ်ခု ရှိရမည်။ ဂီတတူရိယာမရှိဘဲ ဂီတအကြောင်း မည်သို့ သူသင်ယူလေ့လာနိုင်မည်နည်း။
ဤသို့ တွေးကြည့်နိုင်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ရန်သူကို တိုက်ခိုက်ရန် ဂီတသံစဉ်များကို ထုတ်လွှတ်လိုက်သော်လည်း သူ့လက်ထဲမှ ပုလွေက ကြီးမားသော စွမ်းအားကို မတောင့်ခံနိုင်သောကြောင့် ရုတ်တရက် ပေါက်ကွဲသွားသည်။ ထိုအခါ ဂီတတူရိယာကို ဆုံးရှုံးသွားရုံသာမက သူကိုယ်၌သည်လည်း ကြီးမားသော တန်ပြန်သက်ရောက်မှုဒဏ်ကို ခံစားရလိမ့်မည်။
ထို့ကြောင့် ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားကို သူသင်ယူချင်လျှင် ကုချင်းကောင်းကောင်းတစ်ခုကို သေချာပေါက် သူလိုအပ်လိမ့်မည်။
ကုချင်း… ။
လောလောဆယ်တွင် သီရှီထျန်ဆီမှာ ကုချင်းမရှိပေ။
“ မဟုတ်ဘူး… ကုချင်းတစ်ခုကို ငါဖန်တီးသန့်စင်ရမယ်… ရှေးဟောင်းစာလိပ်ထဲမှာ ဖော်ပြထားတာက ဒုစရိုက်ခုနစ်ပါးနတ်ဘုရားတေးသွားကို ကြိုးကိုးချောင်းကုချင်းနဲ့ပဲ တီးခတ်နိုင်တယ်… သာမန်ကုချင်းတွေမှာ ကြိုးကိုးချောင်းမရှိနိုင်ဘူး ”
ထိုအကြောင်းကို သီရှီထျန် စဉ်းစားနေစဉ် ရှေးဟောင်းစာလိပ်ထဲမှာ သူမြင်တွေ့ခဲ့သော ကြိုးကိုးချောင်းကုချင်းပုံရိပ်က သူ့စိတ်ထဲမှာ ထူးခြားဆန်းကြယ်စွာ ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် ထိုရုပ်ပုံထဲမှ ကုချင်းဆီမှာ ကြိုးကိုးချောင်းရှိသည်။ ထို့ပြင် ထူးဆန်းသော သတင်းအချက်အလက်တစ်ခုကိုလည်း ရှေးဟောင်းစာလိပ်ထံမှ သူရရှိခဲ့သည်။
***