ယင်ရိလျိုလည်း ကျင်းယန်၏ပုခုံးပေါ်တွင် မတ်တပ်ရပ်လိုက်၏။
သူမက နားရွက်များကို မတ်မတ်ထောင်ကာ လျို့ကျန်းကို စိုက်ကြည့်နေခဲ့လေသည်။
ဤအမျိုးသမီးဇာတ်လိုက်က မကြာခင်အချိန်တွင် သူမ ပြန်လည်မွေးဖွားလာသည့်အချိန်ကို ကျော်လွန်တော့မည်ဖြစ်ကြောင်း သူမ သိထားသည်။
ဧရာမသစ်ပင်ကြီးဆီမှ အကျိုးအမြတ်တစ်ခုမှ တစ်ခုမှမရခဲ့လျှင် သူမ၏အမည်ခံ ရှေးဖြစ်ဟောသူဆိုသော ဂုဏ်ပုဒ်က ကုန်ဆုံးသွားမည်ပင်။
ထို့ကြောင့် သူမက ပို၍ရမ်းကားလာချေပြီ။
ယခင်က ဤကဲ့သို့ အတွေးများမရှိခဲ့သော တခြားသန္ဓေပြောင်းများကလည်း လျို့ကျန်း၏စကားလုံးများကို ကြားပြီးနောက် ယခုအချိန်တွင် သံသယဝင်လာကြချေပြီ။
လျို့ကျန်း၏စကားများကလည်း အဓိပ္ပာယ်ရှိ၏။ သူတို့အားလုံး မြေအောက်ဆီ တစ်ချိန်တည်း ဆွဲခေါ်သွားခံရခြင်းဖြစ်ပေ၏။
ဒါဆို တခြားသူတွေက သေသွားပေမဲ့ ကျင်းယန်က ဘာလို့ ထိခိုက်ဒဏ်ရာတောင်မရတာလဲ။
အနီရောင်ကျောက်တုံးကို ဘယ်လိုရလာတာလဲ။ ကျောက်တုံးက ဘာကြီးလဲ။
ပတ်ဝန်းကျင်ရှိ သန္ဓေပြောင်းများဆီမှ သံသယဝင်သော အကြည့်များကိုသတိထားမိသည့်အတွက် ရှုးယန်အသင်းမှ အဖွဲ့ဝင်များက ဒေါသထွက်လာကြပြီး ကျောင်းချီယန်ကတော့ အံကြိတ်မိလေ၏။
အခြေအနေက ချောင်ပိတ်မိပြီး လျို့ကျန်းက ရန်လိုစွာ တွန်းအားပေးနေသည့် အခိုက်အတန့်တွင် ရုတ်တရက်ပင် ရဟတ်ယာဥ်ပဲ့ထိန်းပန်ကာများ လည်သံက ကောင်းကင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
ကြီးမားသော ရဟတ်ယာဥ်တချို့က အဝေးမှ သူတို့ရှိရာအရပ်ဆီသို့ ပျံသန်းလာကြောင်းကို မြင်လိုက်ရလေ၏။ အဆက်မပြတ် လည်နေသော ပဲ့ထိန်းပန်ကားများက လေကိုဝှေ့သွားစေသည့်အတွက် သူတို့၏ဆံပင်များကို ရှုပ်ပွသွားစေ၏။
ယင်ရိလျို၏ ယုန်နားရွက်များပင် တဖြတ်ဖြတ်ခတ်နေလေသည်။
မြို့တော်B၏ စစ်တပ်က ဤအချိန်ကြီးတွင် ရောက်လာလိမ့်မည်ဟု လျို့ကျန်း မမျှော်လင့်ထားမိချေ။
သူမ၏အမူအရာက အနည်းငယ် အရှက်ရသည့်ပုံသို့ ပြောင်းသွားခဲ့၏။
“သူတို့ကို ဘယ်သူခေါ်ခဲ့တာလဲ?”
လူအုပ်၏ နောက်ဘက်ရှိ ထိုင်ခုံပေါ်တွင် ထိုင်နေသော ဖန်ချိုးနန်က တုတ်ချောင်းချိုချဥ်တစ်လုံးကို တမြုံမြုံကိုက်ဝါးနေလျက် သူမ၏လက်ကို ပျင်းရိစွာ မြှောက်ပြီး ပြောခဲ့သည်။
“ကျွန်မ ခေါ်လိုက်တာ”
ဧရာမသစ်ပင်ကြီး ညှိုးခြောက်သွားပြီးနောက်တွင် ဤနေရာထဲမှ သံလိုက်စက်ကွင်းများနှင့် လိုင်းကွန်ရက်များက တဖြည်းဖြည်း ပြန်ကောင်းလာကြောင်းကို သူမ သတိထားမိလိုက်၏။
ထို့ကြောင့် သူမက ချက်ချင်းပင် အထက်လူကြီးများဆီ မက်ဆေ့ချ်ပို့လိုက်လေ၏။ သို့သော်လည်း သူတို့က ဤမျှမြန်ဆန်စွာ ရောက်လာမည်ဟုတော့ မမျှော်လင့်ထားခဲ့ချေ။
*
မြို့တော် B ၏ ဗဟိုချက်ရှိ အခြေစိုက်စခန်းက ညအချိန်တွင် မီးသီး၏အလင်းရောင်များဖြင့် ထိန်လင်းတောက်ပနေခဲ့လေ၏။
အမြင့်ဆုံး မီးပြတိုက်ထက်မှ ဖြာကျလာသော အလင်းတန်းက တစ်မြို့လုံးကို ဖောက်ထွင်းလုနီးပါး လင်းထိန်နေပြီး ပတ်ဝန်းကျင်ရှိ လမ်းမများမှသည် ပင်မဝင်ပေါက်ကြီးအထိ အလင်းရောင် ရောက်ရှိနေလေသည်။
အဝေးတစ်နေရာမှ ရဟတ်ယာဉ်တချို့က မြို့ပြအခြေစိုက်စခန်းဆီသို့ ဦးတည်ပျံသန်းလာကြကာ မြို့အစွန်အဖျား ပတ်လည်နှင့် မီတာ (၅၀၀၀) ခန့် အကွာအဝေးသို့ ရောက်ရှိလာချိန်မှာပင် အပြင်ဘက်ရှိ အနီအောက်ရောင်ခြည် အာရုံခံကိရိယာများ၏ ထောက်လှမ်းခြင်းကို ခံလိုက်ရလေ၏။
နောက်ဆုံးဘက်ရှိ ရဟတ်ယာဉ်များပေါ်တွင် ရှူးယန်အသင်းသားများက လိုက်ပါလာကြသည်။
ရဟတ်ယာဉ်တစ်စင်းစီတွင် လက်နက်အပြည့်အစုံကိုတပ်ဆင်ထားသော စစ်သည်တချို့ကလည်း ပါရှိနေသောကြောင့် အသင်းသားတိုင်းက ထိုင်ခုံနေရာ မရရှိကြပေ။
ကျောင်းချီယန်နှင့် ဟုန်ယင်အသင်းမှ တခြားအသင်းသားတချို့က နောက်ထပ် လေယာဉ်တစ်စင်းပေါ်တွင် ထိုင်နေကြရသည်။
ပတ်ဝန်းကျင်တစ်ခုလုံးက လုံးလုံးလျားလျား မှောင်မည်းနေပြီး ကောင်းကင်ယံကလည်း အရောင်အသွေး ကင်းမဲ့နေခဲ့၏။
ယင်ရိလျိုက ကျင်းယန်၏ ပေါင်ပေါ်တွင် ခိုဝင်နေရင်း အရှေ့တည့်တည့်မှ အလွန်စူးရှသော အဖြူရောင်အလင်းတန်းကြီးကို မြင်လိုက်ရလေသည်။
ထိုအဖြူရောင်အလင်းရောင်အောက်တွင် မြို့တော် B၏ အခြေစိုက်စခန်း၏ မြို့တံခါးကြီးက ထင်ရှားစွာ ပေါ်ထွက်လာခဲ့၏။
အရှေ့တည့်တည့်ရှိ မြို့ပြအခြေစိုက်စခန်း၏ အပြင်ဘက်တွင်တော့ မြင့်မားသော မြို့ရိုးကြီးကို တည်ဆောက်ထားလေသည်။
ထိုမြို့ရိုးကို သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး မီးမောင်းကြီးများ၏ အလင်းရောင်အောက်တွင် ငွေရောင်အလင်းများ ပြန်နေခဲ့ကာ လူအများကို အနာဂတ်နည်းပညာခေတ်သို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
မြို့တော် B ၏ မြို့ပြင် သုံးကီလိုမီတာပတ်လည်တွင် မည်သည့်အရာမျှမရှိဘဲ ကွင်းပြင် ဖြစ်နေလေ၏။
ရဟတ်ယာဉ်က အခြေစိုက်စခန်းနှင့် ခပ်လှမ်းလှမ်းတွင် ဆိုက်ရောက်ရပ်နားလိုက်သည်။
ရဟတ်ယာဉ် ရပ်တန့်သွားပြီးနောက်တွင် ကျင်းယန်က ယင်ရိလျိုကို ပွေ့ချီလျက် တခြားသူများနှင့်အတူ အောက်သို့ ဆင်းလာခဲ့လေသည်။
မီတာ (၃၀၀၀) ပတ်လည်အတွင်း မီတာ (၅၀၀) လျှင် တစ်ခုနှုန်းဖြင့် အနီအောက်ရောင်ခြည် စစ်ဆေးရေးဂိတ်များကို တပ်ဆင်ထားခဲ့၏။
ထိုဂိတ်က လူတစ်ဦးချင်းစီကို စကင်န်ဖတ်စစ်ဆေးလိုက်ချိန်တွင် သူတို့က သယ်ဆောင်လာသည့် ပစ္စည်းများကို ပုံရိပ်လွှာအဖြစ် ဗဟိုကွန်ပျူတာထံသို့ ပေးပို့လိုက်လေသည်။
မြို့တော် M မှ ပြန်လည်ရောက်ရှိလာသော ဆင့်ကဲပြောင်းလဲသူ အရေအတွက်က သွားရောက်ချိန်ကထက် ထက်ဝက်ကျော်မျှပင် လျော့နည်းသွားခဲ့၏။
အနောက်ဘက်မှလိုက်ပါလာသော သူတို့၏ ရှူးယန်အသင်းက အထိအခိုက်အကျအဆုံးမရှိသည့်အပြင် အသင်းဖော်သစ် တစ်ယောက်ပင် ပိုလာသေးသောကြောင့် အပြည့်စုံဆုံးဟု ပြောရမည်။
အဖွဲ့ဝင်အတော်အသင့်များပြားသော ချန်ဟုန်အသင်းမှလွဲ၍ ကျန်အသင်းများက အသက်ရှင်ကျန်ရစ်သူ အနည်းငယ်စီသာ ပါရှိတော့သောကြောင့် အတော်လေး စိတ်မကောင်းစရာ ကောင်းလွန်းသည်။
သူတို့ကို လာရောက်ကြိုဆိုသူက စစ်ဝတ်စုံကိုဝတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
သူက ကျန်းယွီချန်နှင့် ရှန်းယင်ကျိုးတို့ကို မြင်သောအချိန်တွင် လက်ဆွဲနှုတ်ဆက်လိုက်လေသည်။
သူတို့၏ စကားပြောနေပုံအရ ယင်ရိလျိုက ထိုသူ၏ အဆင့်အတန်းကို ခန့်မှန်းမိသွားသည်။
သူက မြို့တော် B စစ်ဌာနချုပ်မှ အရာရှိတစ်ဦးဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူ အသင်းများကို တာဝန်ယူ ကိုင်တွယ်ရသူ ဖြစ်ပုံရ၏။
သူ၏နာမည်က ကွမ်းချန်ခိုင်ဖြစ်ပြီး သူ၏စစ်ဘောင်းဘီတွင် ပြုပြင်မွမ်းမံထားသော သေနတ်တစ်လက်ကို ချိတ်ဆွဲထားကာ အတော်လေး ထက်မြက်ပုံရလေသည်။
“ဒီလူတွေက ဘယ်သူတွေလဲ”
သူက ကျင်းယန်၊ လျို့ဝေ့ဟုန်နှင့် တခြားသူများကို အဓိပ္ပာယ်အပြည့်ဖြင့် ကြည့်လျက် မေးလိုက်လေ၏။
ကျန်းယွီချန်က ထိုသူများက ချန်ဟုန်အသင်းနှင့် အဆင်မပြေကြောင်းကို သိနေသောကြောင့် အသာရယ်မော၍ ကွမ်းချန်ခိုင်ကို မိတ်ဆက်ပေးလိုက်ပေသည်။
“ဒီနှစ်ယောက်က မြို့တော် Z အခြေစိုက်စခန်းက လာတာပါ၊
ဒါက ရှူးယန်အသင်းရဲ့ ခေါင်းဆောင် ကျင်းယန်၊ ဒါကတော့ ဟုန်ယင်အသင်းရဲ့ ခေါင်းဆောင် လျို့ဝေ့ဟုန်ပါ”
ကျန်းယွီချန်၏ မိတ်ဆက်ပေးမှုကြောင့် တခြားသူများကလည်း ထိုအရာရှိနှင့် အပြန်အလှန် နှုတ်ဆက်စကား ပြောလိုက်ကြ၏။
ကွမ်းချန်ခိုင်က အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။
“မင်းတို့ ဒီတစ်ခေါက် တကယ်ကို အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊
မင်းတို့ ရာထူးတက်မှာ သေချာတယ်၊ နောက်ဆိုရင် ငါတောင် မင်းတို့ရဲ့ ခံစားခွင့်တွေကို အားကျနေရဦးမယ်”
သူက ထိုသို့ပြောရင်း အဖွဲ့သားများကို အခြေစိုက်စခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။
အထဲဘက်သို့ ပိုဝင်သွားလေလေ ယင်ရိလျိုက ပို၍ အံ့အားသင့်လေလေ ဖြစ်နေရ၏။
သူမက ယခင်ဘဝက မြို့တော် B သို့ ရောက်ဖူးသော်လည်း ယခုပြောင်းလဲမှုများက အမှန်တကယ့်ကို အံ့သြထိတ်လန့်စရာပင်။
တစ်မြို့လုံးကို ငွေဖြူရောင် မြို့ရိုးများဖြင့် ဝိုင်းပတ်ထားပြီး မြို့ရိုးပေါ်ရှိ ဓာတ်တိုင်များမှ မီးမောင်းများက ရှေ့လျှောက်မည့် လမ်းကို အလွန်ပင် ရှင်းလင်းစွာ လင်းထိန်စေသည်။
ဤမြို့ပြအခြေစိုက်စခန်းက သူမ မြင်ဖူးသမျှထဲတွင် အကြီးဆုံးနှင့် အခမ်းနားဆုံးပင် ဖြစ်၏။
အပေါ်သို့ ခေါင်းမော့ကြည့်လိုက်လျှင် မြို့ရိုးထိပ်ရှိ အမြောက်ကိုတပ်ဆင်ထားသည့် နေရာများနှင့် မှန်ပြောင်းများကိုပင် မြင်နိုင်လေသည်။
ဤနေရာက နိုင်ငံ၏ ဗဟိုချက်မ ဖြစ်ထိုက်ပေသည်။
သူတို့က မြို့တံခါးသို့ ချဉ်းကပ်လာသောအချိန်တွင် အစောင့်များရှိနေသည့် ပြခန်းငယ်သဏ္ဌာန် စစ်ဆေးရေးဂိတ်တချို့ကို ပိတ်ထားသည်ကို တွေ့ရ၏။
နည်းလမ်းတစ်ခုခုကို အသုံးပြုထားခြင်းကြောင့် သူတို့၏ အသံများက အနားနားသို့ ရောက်နေသကဲ့သို့ပင် ထွက်ပေါ်လာသည်။
“ဘယ်သူလဲ”
ကွမ်းချန်ခိုင်က သူ၏ စစ်ဘက်ဆိုင်ရာ ရာထူးနှင့် နာမည်ကို ပြောလိုက်လေ၏။
“ငါ ဒီနေ့ မွန်းတည့်ချိန် အပြင်ကိုထွက်တုန်းက စစ်တပ်က ထုတ်ပေးထားတဲ့ ခွင့်ပြုမိန့်ကို ထားခဲ့တယ်လေ”
အထဲဘက်ရှိ လူများက သူ၏ အထောက်အထားကို စစ်ဆေးပြီးနောက် ပထမအဆင့် စစ်ဆေးရေးဂိတ်က ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။
ယင်ရိလျိုက သူမ၏ ပတ်ဝန်းကျင်ရှိ ခေတ်မီနည်းပညာ အဆောက်အအုံများကို မြင်တွေ့ရချိန်တွင် မြို့ပေါ်သို့တက်လာသည့် တောသားလေးတစ်ဦးကဲ့သို့ပင် အရာအားလုံးကို အံ့ဩသင့်နေကာ အရာအားလုံးကလည်းဆန်းသစ်နေခဲ့လေ၏။
မကြာမီမှာပင် ထိုအဖွဲ့က မြို့တံခါးနှင့် အနီးဆုံးရှိ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိလာကြသည်။
မြို့တံခါး၏ အပြင်ဘက်တွင် သီးသန့်ဝန်းတစ်ခုက ရှိနေပြီး ထိုနေရာတွင် စစ်ဝတ်စုံကိုဝတ်ထားသော စစ်သားတချို့က သေနတ်များကို ကိုင်ဆောင်ထားလျက် ကင်းစောင့်နေကြသည်။
ထိုဝန်းထဲမှ ငွေဖြူရောင် ဝတ်စုံဆင်တူကို ဝတ်ဆင်ထားသော ဝန်ထမ်းတချို့က ထွက်လာကြပြီး မျက်မှောင်ကြုတ်လျက် ထိုအဖွဲ့ကို အထက်အောက် အကဲခတ်ကြည့်ရှုကြနေသည်။
“ရပ်လိုက်ကြ၊ တခြားအကြောင်းတွေကို မပြောခင် မင်းတို့ရဲ့ အထောက်အထား၊ နာမည်၊ အသက်နဲ့ ဆင့်ကဲပြောင်းလဲမှု စွမ်းရည်တွေကို အရင် မှတ်ပုံတင်ရမယ်”
သူက သူ၏လက်ထဲတွင် တက်ဘလက်အသေးစားလေးတစ်ခုကို ကိုင်ထားပြီး တစ်ယောက်ချင်းစီကို မေးခွန်းများမေး၍ မှတ်တမ်းတင်နေခဲ့သည်။
သူ၏မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး အပြင်ဝောက်လာသူများကို အထင်သေးနေသည့်အမူအရာတို့ရှိနေခဲ့သည်။
ရှူးယန်အသင်း၏ နောက်ဆုံးတွင် ရပ်နေသော ကျောင်းချီယန်က အရှေ့မှလူများက ရာဇဝတ်သားများကဲ့သို့ စစ်ဆေးမေးမြန်းခံခြင်းကိုနေရသည်ကို ကြည့်၍ မကျေမနပ်ဖြစ်လျက် နှုတ်ခမ်းကိုစူပြီး ကျောင်းစီဟွေ့တို့၏အနားသို့ တိုးကာ လေသံခပ်တိုးတိုးဖြင့် ပြောလိုက်လေ၏။
“ဒီလူတွေရဲ့ မျက်နှာအမူအရာကို ကြည့်ပါဦး၊ နှာခေါင်းက ကောင်းကင်ကို ရောက်တော့မယ်၊ အတော်လေးကို မောက်မာတာပဲ”
ကျောင်းစီဟွေ့က ပြောလိုက်ပေသည်။
“သူတို့က မြို့တော် B မှာ အခြေကျနေတဲ့လုတွေဆိုတော့ အပြင်ကလာတဲ့ ဒေသခံတွေကို အထင်သေးကြတာက ပုံမှန်ပါပဲ”
သူမက ထိုဝန်ထမ်းများကို ဒေသခံများနှင့် နှိုင်းယှဉ်၍ နောက်ပြောင်လိုက်သော်လည်း လက်တွေ့တွင် ထိုငွေရောင်ဝတ်စုံနှင့် ဝန်ထမ်းများက သူတို့ကို အမှန်တကယ်ပင် အထင်သေးနေကြခြင်းသာဖြစ်သည်။
ဤလူအများစုက မြို့တော် B ၏ မူလဒေသခံများပင် ဖြစ်ကြလေသည်။
ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီးနောက်တွင် အထက်လူကြီးများ၏ ပြင်းထန်သော ထိန်းချုပ်မှုကြောင့် ရှုပ်ထွေးနေသော အခြေအနေများကို လျင်မြန်စွာ တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့ကြသည်။
ထို့နောက် ကြီးမားသော မြို့ပြအခြေစိုက်စခန်းကြီးတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။
***