ဤအခြေစိုက်စခန်းတွင် မူလနေထိုင်သူ အများစုက သူတို့၏ မူလအိမ်ရာ ပိုင်ဆိုင်ခွင့်များကို ဆက်လက်၍ရရှိထားကြကာ သာမန်လူနေရပ်ကွက်များသို့သာ ပြောင်းရွှေ့ပေးခြင်းကို ခံရသည်။
ဆင့်ကဲပြောင်းလဲသူများက အထူးဇုန်များထဲရှိ အစိုးရမှ သိမ်းယူထားသော အိမ်ရာများမှလွဲ၍ သူတို့၏ မူလပိုင်ဆိုင်မှုများကို ဆက်လက်၍ပိုင်ဆိုင်ခွင့် ရရှိကြ၏။
ဤလူများက ကမ္ဘာပျက်ကပ်ပြီးနောက်တွင်ပင် အတော်လေး သက်သောင့်သက်သာ နေထိုင်ကြရသူများ ဖြစ်သော်ကြောင့် အပြင်ဘက်မှလူများ ဝင်ရောက်လာခြင်းကို မလိုလားကြပေ။
မြို့က အတိုင်းအတာတစ်ခုအထိသာ ကျယ်ဝန်းပြီး အရင်းအမြစ်များကလည်း ကန့်သတ်ချက် ရှိနေသည်မဟုတ်ပါလား။
အပြင်မှ လူများက ပို၍ဝင်လာလေလေ၊ ဒေသခံများအတွက် အရင်းအမြစ်များက လျော့နည်းသွားလေလေဖြစ်မည်ဟု သူတို့က ယူဆထားကြသည်။
ထို့ကြောင့် ထိုလူများအတွက်တော့ ကျင်းယန်နှင့် အဖွဲ့သားများက အပြင်မှ ရောက်လာကြသည့် ဒုက္ခသည်များ သာ ဖြစ်နေခဲ့ပေသည်။
“ရေရှည်နေမှာလား၊ ခဏပဲနေမှာလား”
ကွမ်းချန်ခိုင်က ထိုဝန်ထမ်းကို ခဏတားလိုက်ပြီးနောက် ရယ်မော၍ ပြောလိုက်လေ၏။
“ဒါကတော့ အခုထိ မသေချာသေးဘူး၊ မင်းတို့တွေ အရင်ဆုံးမှတ်ပုံတင်လိုက်ကြဦး၊ ငါ အရင်ပြန်ပြီး အစီရင်ခံဖို့ လုပ်လိုက်မယ်”
“ဒါကိုတော့ ရှင်းရှင်းလင်းလင်း သိထားရမယ်၊ ရေရှည်နေထိုင်သူဖြစ်ဖို့ဆိုရင် မြို့တော် B မှာ တရားဝင် အဆင့်အတန်း ရရှိဖို့ လိုတယ်၊
အိမ်ရာပိုင်ဆိုင်ခွင့်နဲ့ လဲလှယ်ဖို့အတွက် အမှတ်တွေကို စုဆောင်းရမယ်၊
ပြီးတော့ နေ့စဉ် အသား နှစ်ကီလိုဂရမ်နဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ တစ်ကီလိုဂရမ်ကို ပေးဆောင်ရမယ်၊
ဒါမှမဟုတ်ရင် သာမန် အထည်အလိပ် ပစ္စည်းတွေနဲ့လည်း ပေးလို့ရတယ်”
ငွေဖြူရောင်ဝတ်စုံနှင့် လူငယ်က မျက်တောင်ကိုတဖျတ်ဖျတ် ခတ်လျက် အဆကာမပြတ်ပြောနေ၏။
ဟုန်ယင်အသင်းသားများက အံ့အားသင့်လွန်းသောကြောင့် အသက်ရှူပင်မှားမတတ် ဖြစ်သွားကြရသည်။
မြို့တော် Z အခြေစိုက်စခန်းတွင် သုံးစွဲရသည့် အမှတ်များနှင့် ပစ္စည်းများက များလွန်းပြီဟု သူတို့က ထင်ခဲ့သော်လည်း မြို့တော် B တွင် နေထိုင်စရိတ်က နှစ်ဆ၊ သုံးဆမက ပိုများနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ကျောင်းချီယန်က စုပ်သပ်ကာ သက်ပြင်းချ၍ ပြောလိုက်၏။
“ဒီမြို့တော် B ကတော့ တကယ်ကို ငွေစားကျင်းကြီးပဲ၊ သာမန် ဆင့်ကဲပြောင်းလဲသူ အဖွဲ့တစ်ဖွဲ့လောက်ကတော့ ဒီဈေးနှုန်းကို ဘယ်လိုမှ တတ်နိုင်မှာ မဟုတ်ဘူး၊ တကယ်ကို မယုံနိုင်စရာပဲ!”
သူ့ကို ထားလိုက်ပါဦး။ ယင်ရိလျိုကပင်လျှင် အံ့ဩမဆုံး ဖြစ်နေရ၏။
သူမက လမ်းခရီးတစ်လျှောက်တွင် စူပါမားကတ်ကြီးတစ်ခုလုံးကို ပြောင်သလင်းခါအောင် သိမ်းကျုံးယူခဲ့သော်လည်း မြို့တော် B ၏ ကုန်ကျစရိတ်နှင့်ဆိုလျှင် သူမ၏ အဖွဲ့ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်သာ ထောက်ပံ့နိုင်မည် ဖြစ်ပြီး ထိုထက် ပိုမတတ်နိုင်ပေ။
လူတိုင်း၏ အံ့အားသင့်နေသော မျက်နှာအမူအရာများကို မြင်ချိန်တွင် ငွေရောင်ဝတ်စုံနှင့် လူငယ်၏ မျက်နှာတွင် အထင်သေးသည့် အရိပ်အယောင်တို့ တစ်ချက်လောက်ဖြစ်ပေါ်လာသည်။
ဒီလူတွေက မြို့တော် B ထဲကို ဘယ်သူမဆို ဝင်လို့ရတယ်လို့ ထင်နေကြတာလား။
ကျင်းယန်က သူ၏ အချက်အလက်များကို မှတ်ပုံတင်ပြီးနောက် ထိုလူငယ်၏ အကြည့်က ကျင်းယန်၏ လက်မောင်းထဲရှိ ယုန်ဖြူလေးထံသို့ ကျရောက်သွားသည်။
သူက ထိုယုန်လေးကို ကြည့်ပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်ပေ၏။
“ဘာလို့ ယုန်တစ်ကောင်ကို သယ်လာတာလဲ”
ကျင်းယန်က မော့ကြည့်၍ ပြောလိုက်လေသည်။
“ဒါက အသင်းဝင်တစ်ယောက်ပါ၊ သူက သန္ဓေပြောင်း သတ္တဝါလေ”
ယုန်လေး၏ အထောက်အထားက ဖော်ထုတ်ခံရပြီးသား ဖြစ်သောကြောင့် နောက်ပိုင်းတွင် အခြေစိုက်စခန်းထဲသို့ သွားလာရာ၌ သန္ဓေပြောင်းသတ္တဝါအဖြစ်သာ အသုံးပြုတော့မည်ဟု သူ ဆုံးဖြတ်ထားခဲ့သည်။
ထိုလူငယ်က သူ၏လက်ထဲမှ ယုန်လေးကို အကဲခတ်လျက် စိတ်မရှည်သည့် လေသံဖြင့် ပြောလေသည်။
“သန္ဓေပြောင်း သတ္တဝါဆိုရင်လည်း နဂိုပုံစံအတိုင်းကိုပြန်ပြောင်းလိုက် ၊ ငါက အထောက်အထား အချက်အလက်တွေကို မှတ်ပုံတင်ရမှာ”
ယင်ရိလျိုက ကျင်းယန်ကို မော့ကြည့်လိုက်မိလေ၏။ တစ်ဖက်လူ၏ အားပေးသည့် အကြည့်အောက်တွင် သူမ၏ ခန္ဓာကိုယ်လေးက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
ထို့နောက်တွင် အသံတစ်ခုနှင့်အတူ သူမက ယုန်နားရွက်နှင့် မိန်းကလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီး ကျင်းယန်၏ ဘေးတွင် ရပ်လိုက်လေ၏။
သူမက အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ခါးအထိရှည်သော ဆံပင်များက ပခုံးပေါ်တွင် ဝဲကျနေက် အလွန်ပင် ချိုသာလှပလွန်းသောကြောင့် နတ်သမီးလေးတစ်ပါးနှင့်ပင် တူနေခဲ့သည်။
သူမ၏ ခြေတံများက ရှည်လျားသွယ်လျနေပြီး သူမ၏ ခေါင်းက ကျင်းယန်၏ ခါးအပေါ်နားအထိ ရောက်နေလေ၏။
“ဒါက ဘယ်လိုဖြစ်တာလဲ”
“ဘာတွေကို ဖြစ်ကုန်တာလဲ၊
ဟိုယုန်လေးက ဒီမိန်းကလေးလား”
အနောက်ဘက်မှ လူအုပ်ကြီးထဲတွင် အံ့ဩတုန်လှုပ်သံများက ပျံ့လွင့်လာခဲ့၏။
သူတို့အားလုံးက ယုန်နားရွက်နှင့် မိန်းကလေးကို မြင်ဖူးကြသော်လည်း ယခင်က အသက် (၆) နှစ်၊ (၇) နှစ်အရွယ် ကလေးမလေးအဖြစ်သာ မြင်ဖူးခဲ့ကြခြင်း ဖြစ်သည်။
တစ်ရက်၊ နှစ်ရက်အတွင်းမှာပင် သူမက အပျိုဖော်ဝင် မိန်းကလေးတစ်ယောက်အဖြစ်သို့ မည်သို့ ပြောင်းလဲသွားရသနည်း။
ကျောင်းမောင်နှမနှင့် လင်းကျားတို့သည်လည်း ကြောင်အသွားကြပြီး ယင်ရိလျိုကို ကြည့်ကာ စကားပင် မပြောနိုင်တော့ဘဲ ထစ်ငေါ့နေခဲ့ရသည်။
ထို့နောက် ကျောင်းချီယန်က ကျင်းယန်ကို ကြည့်၍ ခပ်တိုးတိုး မေးလိုက်ပေ၏။
“ကျင်းကော၊ ဘာတွေ ဖြစ်သွားတာလဲ! ထုထု ဘယ်လိုဖြစ်ပြီး.. ဘယ်လိုဖြစ်ပြီး ဒီအရွယ်မိန်းကလေးတစ်ယောက် ဖြစ်သွားရတာလဲ”
ယင်ရိလျိုက အကြည့်ပေါင်းများစွာ၏ စူးစိုက်ကြည့်ခြင်းကို ခံနေရသောကြောင့် သက်သောင့်သက်သာမရှိ ဖြစ်လာရ၏။
သူမ၏ နားရွက်လေးများက အလိုအလျောက် လှုပ်ခတ်သွားပြီး ကျင်းယန်၏ အနောက်ဘက်သို့ ခိုဝင်လိုက်လေသည်။
“ဟိုကျောက်တုံးက ဓာတ်ကူပစ္စည်းတွေပါတယ်၊ ဧရာမသစ်ပင်ကြီးတွေက အဲဒီလောက် ကြီးထွားလာတာကလည်း အဲဒီကျောက်တုံးကြောင့်ပဲလေ၊
ငါလည်း ယုန်လေးရဲ့ ကျန်းမာရေးက တစ်ခုခု ချို့ယွင်းနေပြီလားဆိုတာ သံသယဖြစ်မိတယ်၊ ဒါကြောင့် သူ့ကို စစ်ဆေးဖို့ မြို့တော် B ကို ခေါ်လာခဲ့တာ”
ကျင်းယန်က စိုးရိမ်ပူပန်နေသည့်အမူအရာဖြင့် ပြောလိုက်လေ၏။
သူက ယင်ရိလျိုက ရုတ်တရက် ကြီးထွားလာရခြင်းကို ထိုကျောက်တုံးနီကြီးကြောင့်ဟူ၍ အကြောင်းပြချက်ကို ပေးလိုက်ခြင်းသာ ဖြစ်၏။
ဘေးနားရှိ လူများကလည်း နားလည်သွားကြပြီး ယင်ရိလျိုကို ကြည့်သည့်အချိန်တွင် စူးစမ်းသည့်အကြည့်များဖြင့်သာ ကြည့်ကြတော့သည်။
ယင်ရိလျို၏ ယုန်နားရွက်များက အလှပြသက်သက် မဟုတ်ပေ။
ထိုနားရွက်လေးများက အနည်းငယ် လှုပ်ခတ်သွားပြီး အဝေးမှ လူများ၏ ခပ်တိုးတိုး ပြောဆိုနေသံများကို ကြားလိုက်ရ၏။
“အဲဒါက ကောင်းတဲ့ပစ္စည်းမဟုတ်လောက်ဘူး ထင်တယ်၊ ငါတို့ အဲဒါနဲ့ ဝေးဝေးနေတာပဲ ကောင်းမယ်၊ အဲဒါက ငါတို့ရဲ့ သက်တမ်းကို တိုသွားစေလောက်မလားဆိုတာ ဘယ်သူသိမှာလဲ”
“ကလေးမလေးက သနားစရာပဲ၊ သူမက ဒီအတိုင်း ဆက်ပြီး ကြီးထွားလာရင် နောက်ရက်အနည်းငယ်အတွင်းမှာပဲ ပျောက်ကွယ်သွားမလား မသိဘူး”
ထိုလူများ၏ သနားနေသကဲ့သို့ထင်ရသော်လည်း ထိတ်လန့်စရာ စကားများကို ကြားရချိန်တွင် ယင်ရိလျို နှာခေါင်းလေးကိုရှုံ့လိုက်ပြီး မကြားချင်ယောင်သာ ဆောင်နေလိုက်လေ၏။
အထောက်အထားများကို မှတ်ပုံတင်ပြီးနောက်တွင် ငွေဖြူရောင်ဝတ်စုံနှင့် လူငယ်က သူတို့ကို ငွေရောင်လက်ပတ် တစ်ခုစီ ပေးဝေလိုက်သည်။
“ဒါက မင်းတို့ရဲ့ ယာယီနေထိုင်ခွင့် လက်မှတ်ပဲ၊ မင်းတို့မှာ သုံးရက်ပဲ အချိန်ရှိတယ်၊
သုံးရက်ပြည့်ရင်တော့ မင်းတို့က ဆက်နေချင်တာပဲဖြစ်ဖြစ်၊ မနေချင်ရင်ပဲဖြစ်ဖြစ် ဘားကုဒ်ကို လာပြီး အဆင့်မြှင့်ရမယ်၊
မဟုတ်ရင်တော့ အခြေစိုက်စခန်းထဲကို ခိုးဝင်လာတဲ့ အထောက်အထားမဲ့ လူတွေအဖြစ်ပဲ သတ်မှတ်ခံရပြီး ပစ္စည်းအမြောက်အမြား ဒဏ်ကြေးပေးဆောင်ရလိမ့်မယ်”
လူတိုင်းက သူတို့၏ လက်ကောက်ဝတ်ရှိ ငွေရောင်လက်ပတ်များကို ကိုင်ကြည့်ကာ မြို့တော် B တွင် စည်းကမ်းများက ပို၍များလွန်းသည်ဟူသောအတွေးဖြင့် သက်ပြင်းချလိုက်ကြ၏။
ကျောင်းချီယန်နှင့် အသက်တူပြီး အနည်းငယ် စောင်းမြောင်းပြောဆိုတတ်သော ဟုန်ယင်အသင်းမှ လူငယ် ယဲ့ဟောင်ယွမ်က သူ၏ ခေါင်းဆောင်အနားသို့ တိုးကပ်၍ လေသံခပ်တိုးတိုးဖြင့် မေးလိုက်လေ၏။
“ခေါင်းဆောင် .. ကျွန်တော်တို့ ဒီမှာ ဆက်မနေတော့ဘူးလား”
လျို့ဝေ့ဟုန်က မည်သည့်စကားမျှမပြောဘဲ တိတ်တဆိတ်သာ ခေါင်းခါလိုက်လေ၏။
သူ့အနေဖြင့် ဟုန်ယင်အသင်း၏ အခြေအနေကို အလွန်ရှင်းလင်းစွာ သိရှိထားသည်။
သူတို့တွင် အတိုင်းအတာတစ်ခုအထိ အင်အားရှိသော်လည်း မြို့တော် B ကဲ့သို့ နေရာမျိုး၌ ရှင်သန်ရန်က ခက်ခဲလွန်းပေသည်။
သူတို့၏ အေးဆေးတည်ငြိမ်စွာ ရှိနေသော မူလဘဝဟောင်းဆီသို့ ပြန်သွားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ယဲ့ဟောင်ယွမ်က ခေါင်းညိတ်ထောက်ခံရင်းပြောလိုက်ပေသည်။
“ကျွန်တော်လည်း ဒီနေရာကို ဂရုမစိုက်ပါဘူး၊ ကျွန်တော်တို့ရဲ့အခြေစိုက်စခန်းကမှ ပိုကောင်းသေးတယ်”
ယင်ရိလျိုက လူသားပုံစံသို့ ပြောင်းလဲပြီးနောက်တွင် မူလပုံစံသို့ ပြန်မပြောင်းတော့ပေ။
တစ်စုံတစ်ယောက်က သူမ၏ နောက်ကျောဘက်မှ သူမကိုစိုက်ကြည့်နေသည်ကို ခံစားရသော်လည်း သူမက မသိချင်ယောင်ဆောင်၍သာ ကျင်းယန်၏ အနောက်ဘက်မှလိုက်၍ အခြေစိုက်စခန်းထဲသို့ ဝင်ခဲ့သည်။
သူမက လက်ကောက်ဝတ်ကို မြှောက်၍ လက်ပတ်ကို ကြည့်လိုက်လျှင် ငွေရောင်လက်ပတ်ပေါ်တွင် “ယာယီအထောက်အထား” ဟူသော စာလုံးများကို ထွင်းထုထားသည်ကို တွေ့ရ၏။
သူမ၏ ရှေ့တွင် မြို့တော် B ၏ မြင့်မားလွန်းသော မြို့တံခါးကြီး ရှိနေလေ၏။ သူမက ထိုတံခါးကြီးကို နှစ်ကြိမ်မျှ ခေါင်းမော့ကြည့်ပြီးနောက် စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာရသည်။
ဒီလောက်အစောကြီး ရွှေပေါင်လုံးနဲ့ ဒီအခြေစိုက်စခန်းကို ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။
နောက်ပိုင်းမှ ပေါ်လာရမဲ့ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းတွေကလည်း အချိန်မတိုင်ခင် ကြိုတင်ထွက်ပေါ်လာတော့မှာလား။
မြို့တော် Z ရှိ သုတေသနဌာနက စစ်တပ်၏ လက်အောက်ခံဖြစ်ပြီး အာဏာသိပ်မရှိသော်လည်း၊ မြို့တော် B တွင်တေား သုတေသနဌာနက အဖွဲ့အစည်းငယ်တိုင်းကို လွှမ်းမိုးထားပြီး စစ်တပ်၊ အစိုးရတို့နှင့် တန်းတူအာဏာရှိသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်နေခဲ့သည်။
ဆိုရလျှင် သုတေသနလုပ်ငန်းများတွင် ပြောရေးဆိုခွင့်ရှိပြီး သိပ္ပံနှင့် ဆေးဘက်ဆိုင်ရာ နယ်ပယ်များစွာ၌လည်း အဆုံးအဖြတ်ပေးနိုင်သော ဦးဆောင်ကဏ္ဍတွင် ရှိနေ၏။
ဆင့်ကဲပြောင်းလဲသူများ ဝတ်ဆင်ရသော အထူးဝတ်စုံများကို မြို့တော် B ၏ တိုက်တွန်းချက်ဖြင့် တီထွင်ခဲ့ခြင်းဖြစ်လေ၏။ ထို့အပြင် မတူညီသော သုတေသနနယ်ပယ်များအလိုက် အလွှာအသီးသီး ခွဲခြားသတ်မှတ်ထားလေသည်။
သုတေသနဌာန၏ တည်ရှိမှုက စစ်တပ်၊ အစိုးရတို့နှင့် အဆင့်အတန်း တူညီသွားခဲ့ပြီး မြို့တော် B တွင် အင်အားသုံးရပ် အားပြိုင်မှု အခြေအနေကို ဖြစ်ပေါ်စေခဲ့၏။
မြို့တော် M မှ ရောက်ရှိလာသော ဆင့်ကဲပြောင်းလဲသူများက သုတေသနဌာန၏ အစွန်အဖျားဒေသတွင် နေထိုင်ကြရသည်။
ဧရာမ သစ်ပင်ကြီးများက ဤမျှ လျင်မြန်စွာ ကြီးထွားလာလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြပေ။
အထက်လူကြီးများက ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ချင်းစီကို စစ်ဆေးမေးမြန်းပြီး မှတ်တမ်းတင်ရန် လိုအပ်နေခဲ့သည်။
သုတေသနဌာနထဲရှိ တည်းခိုခန်းများက တစ်ခန်းလျှင် နှစ်ယောက်နှုန်း နေထိုင်နိုင်၏။
ကျင်းယန်နှင့် တခြားသူများက အခန်းခွဲ၍ နေကြရပြီး ဟေးလန်က သန္ဓေပြောင်းသတ္တဝါများ နယ်မြေတွင် တစ်ကောင်တည်း ရှိနေခဲ့သည်။
ဤနေရာတွင် သုတေသနပညာရှင် အများအပြားရှိနေပြီး တစ်ယောက်ချင်းစီက သူတို့၏ နာမည်နှင့် သုတေသနနယ်ပယ်ကို ရေးထိုးထားသော ငွေဖြူရောင် သတ္တုတံဆိပ်များကို ချိတ်ဆွဲထားကြ၏။
သုတေသနဌာနမှ လူငယ်သုတေသနပညာရှင်တစ်ဦးက သူတို့ကို ထိုညအတွက် တည်းခိုမည့်နေရာသို့ ခေါ်ဆောင်သွားပြီး လမ်းတစ်လျှောက်တွင် ကျင်းယန်နှင့် ယင်ရိလျိုတို့ထံ၌ ပတ်ဝန်းကျင်အကြောင်းကို ပျော်ရွှင်စွာ မိတ်ဆက်ပေးခဲ့သည်။
ထိုတစ်ယောက်ထံမှ ယင်ရိလျိုက သူ၏နာမည်နှင့် အခြေခံအချက်အလက်တချို့ကို သိရှိခဲ့ရ၏။
***