ကျင်းယန်က သူ၏ သန်မာသော လက်ဖျံများကို ဖော်ထုတ်ပြီး အင်္ကျီလက်ကို မတင်လိုက်ကာ ရေပန်းကို ဖွင့်လျက် အပူချိန်ကို သူ၏ လက်ဖဝါးဖြင့် စမ်းကြည့်နေခဲ့လေ၏။
ယင်ရိလျိုက ရေကန်ထဲတွင် ဖြည်းညှင်းစွာ ထိုင်လိုက်ပြီး သူမ၏ လည်ပင်းအနောက်ဘက်ကို ကန်ပေါင်ပေါ်တွင် တင်ထားလိုက်လေသည်။
သူမက ဦးခေါင်းပေါ်ရှိ ယုန်နားရွက်လေးများကို ဆွဲချထားကာ ပါးပြင်ကို ထိထားလိုက်ပြီး အသာတကြည်ပင် ငြိမ်နေခဲ့၏။
နောက်တစ်စက္ကန့်တွင် သူမ၏ ဦးရေပြားပေါ်သို့ နွေးထွေးသော ရေများက ဖြာကျလာပြီး ကျင်းယန်က သူမ၏ ဆံပင်များကို နူးညံ့စွာ စိုစွတ်စေသည်။
နံရံပေါ်ရှိ သေတ္တာထဲတွင် ခေါင်းလျှော်ရည်ရှိသော်လည်း ကျင်းယန်က မသုံးရဲခဲ့ပေ။ သူက နူးညံ့သောလေသံဖြင့် ဆို၏။
“ဒီနေ့တော့ ရေနဲ့ပဲ ဆေးချလိုက်ရအောင်၊ မနက်ဖြန်ကျမှ သေသေချာချာ လျှော်ပေးမယ်၊ ဟုတ်ပြီလား”
ယင်ရိလျိုက အသံတိုးတိုးပြု၍ သဘောတူလိုက်လေသည်။
ကြီးမားသော လက်တစ်စုံက သူမ၏ ဦးရေပြားကို အသာအယာ နှိပ်နယ်ပေးနေပြီး ဆံပင်အမြစ်များတွင် လက်ချောင်းထိပ်များဖြင့် ဝိုင်း၍ နှိပ်ပေးနေခဲ့၏။
သူမက အလွန်ပင် သက်သောင့်သက်သာရှိလွန်းသောကြောင့် သူမ၏မျက်လုံးများကိုပင် မှိတ်ထားလိုက်မိသည်။
သူမ၏ အောက်ဘက်ရှိ ရေချိုးကန်က အနည်းငယ် သေးငယ်နေပြီး လည်ပင်းနောက်ဘက်ရှိ ကန်ပေါင်ကလည်း မာကျောပြီး ကျဉ်းမြောင်းနေသောကြောင့် ယင်ရိလျိုတစ်ယောက် လည်ပင်း၏အနောက်ဘက်မှ အနည်းငယ် နာကျင်လာသည်ဟု ခံစားရ၏။
သူမက ဦးခေါင်းကို မလှုပ်ဘဲ မနေနိုင်တော့ပေ။
သူမက နာကျင်နေသော လည်ပင်းကို အကြောလျှော့ရန်အတွက် ဦးခေါင်းကို အနည်းငယ် ကြွလိုက်ချိန်မှာပင် ကြီးမားသော လက်တစ်ဖက်က သူမ၏လည်ပင်းအနောက်ဘက်ရှိ ဗလာဖြစ်နေသော နေရာထဲသို့ တိုးဝင်လာပြီး သူ၏ လက်ဖဝါးဖြင့် သူမ၏ လည်ပင်းကို အကာအကွယ်ပေးကာ သူ၏လက်ကို ကူရှင်အဖြစ် အသုံးပြုလိုက်လေသည်။
“ဒီလိုဆိုရင် ပိုပြီး နေလို့ကောင်းသွားပြီလား”
ကျင်းယန်၏မျက်နှာက ယင်ရိလျို၏ ခေါင်းပေါ် တည့်တည့်တွင် ရှိနေသောကြောင့် သူမနှင့် အလွန်နီးကပ်နေခဲ့လေ၏။ တစ်ဖက်လူ၏ စကားသံကြောင့် သူမ မျက်လုံးဖွင့်လိုက်သည်နှင့် သူ၏ ချောမောသော မျက်နှာကို မြင်လိုက်ရသည်။
သူမ၏ လည်ပင်းအနောက်ဘက်ရှိ နူးညံ့ပြီး နွေးထွေးသော လက်တစ်ဖက်ကို ခံစားရချိန်တွင် သူမ၏ နှလုံးခုန်သံက အနည်းငယ် မြန်ဆန်လာခဲ့သည်။
သူမ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန်အတွက် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး နှာသံခပ်တိုးတိုးဖြင့်သာ ပြန်တုံ့ပြန်လိုက်လေ၏။
အစပိုင်းတွင် ယင်ရိလျိုက ကျင်းယန်၏ လက်ဖဝါးကို ထုံကျဥ်သွားမည်ကို စိုးသောကြောင့် လည်ပင်းကို တင်းထားပြီး အားမပြုရဲပေ။
သို့သော် ညင်သာစွာ စီးကျလာသော ရေများနှင့် အလွန်နူးညံ့သော နှိပ်နယ်မှုများက အဆက်မပြတ် ရောက်ရှိလာချိန်တွင်တော့ သူမက အလွန်အမင်း သက်သောင့်သက်သာရှိလွန်းသောကြောင့် အိပ်ပျော်ချင်လာရကာ ခေါင်းကို စောင်း၍ ကျင်းယန်၏ လက်ဖဝါးကြီးပေါ်တွင် မှီထားလိုက်တော့သည်။
ကျင်းယန်က ငိုက်မြည်းနေသော မိန်းကလေးကို ငုံ့ကြည့်လိုက်ပြီး သူကိုယ်တိုင်ပင် သတိမထားမိသော နူးညံ့ကြင်နာမှုများက သူ၏ မျက်ဝန်းတွင် ပြည့်နှက်လာခဲ့၏။
ယင်ရိလျို၏ ဖြူဖွေးနူးညံ့သော မျက်နှာလေးက အပေါ်သို့ မော့နေပြီး နားရွက်များကို ဖုံးအုပ်ထားသော သူမ၏ လက်ကလေးများက အလိုအလျောက် လျော့ရဲသွားခဲ့သောကြောင့် ပါးပြင်နှစ်ဖက်ရှိ ယုန်နားရွက်လေးများက အနည်းငယ် ထောင်လာခဲ့သည်။
ရေကိုပိတ်လိုက်မှသာ သူမက ပြီးဆုံးသွားပြီဖြစ်ကြောင်းကို သတိပြုမိပြီး မျက်လုံးများကို ဝေဝါးစွာ ဖွင့်ကြည့်လိုက်လေ၏။
ကျင်းယန်က သူမက နိုးလာသည်ကို မြင်လျှင် လေသံခပ်တိုးတိုးဖြင့် တစ်စုံတစ်ခုကို ပြောလိုက်ပြီးနောက် အခန်းထဲမှ တဘက်ကို သွားယူကာ ယင်ရိလျို၏ စိုစွတ်နေသော ဆံပင်များကို ရစ်ပတ်ပေးလိုက်သည်။
ယင်ရိလျိုက ခုတင်ပေါ်တွင် လိမ်မာစွာ ထိုင်နေခဲ့ပြီး ကျင်းယန်က သူမ၏ ဆံပင်များနှင့် စိုစွတ်နေသော နားရွက်များကို ညင်သာစွာ သုတ်ပေးနေသည်ကို ခံစားနေရသည်။
ထိုအချိန်တွင် အသေးစိတ်ကျလွန်းသော ဖခင်ကဲ့သို့ ဂရုစိုက်မှုများက ပြန်လည်၍ရောက်ရှိလာပြန်ပြီဟု သူမက ခံစားလိုက်ရလေ၏။
ဆံပင်အခြောက်ခံစက် မရှိသောကြောင့် သူမ၏ ဆံပင်များက ချက်ချင်း ခြောက်မသွားခဲ့ပေ။
ကျင်းယန်က အလွန်ပင် စိတ်ရှည်လွန်းပြီး ယင်ရိလျို၏ နူးညံ့သော ဆံပင်များကို ထပ်ခါတလဲလဲ သုတ်ပေး၍ လက်ချောင်းများဖြင့် ဖြီးသင်ပေးခဲ့သည်။
သူတို့နှစ်ဦးက စကားမပြောကြသော်လည်း အနေရခက်သည်ဟု မခံစားရဘဲ သူတို့၏ကြားတွင် နွေးထွေးသော လေထုတစ်ခုကသာ ဖြည်းညှင်းစွာ စီးဆင်းနေ၏။
သူ၏ ခန့်မှန်းချက်က မှန်ကန်ပေသည်။ ဤနေရာက သုတေသနဌာန၏ ခြံဝန်းထဲ၌ ဖြစ်သောကြောင့် စောင့်ကြည့်ကင်မရာများ သေချာပေါက် ရှိနေခဲ့သည်။
ဤနေရာမှာ ယခင်က စမ်းသပ်ခံပုဂ္ဂိုလ်များကို ထိန်းသိမ်းစောင့်ကြည့်ရန်နှင့် သုတေသနပြုကိုလုပ်ရန် ပြင်ဆင်ထားသည့် အခန်းများသာ ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် အဖြစ်အပျက်တချို့ကြောင့် စမ်းသပ်ခံပုဂ္ဂိုလ် အရေအတွက်က လျော့နည်းသွားသောကြောင့် ကျန်ရှိနေသော အခန်းများကို သာမန်တည်းခိုခန်းများအဖြစ်သို့ ပြောင်းလဲကာ ဤကဲ့သို့ ယာယီဧည့်သည်များကို တည်းခိုရန် နေရာပေးထားခြင်း ဖြစ်၏။
ကျင်းယန်က ယင်ရိလျို၏ ဆံပင်များကို လျှော်ပေးပြီး ခြောက်အောင်သုတ်ပေးနေချိန်တွင်ပင် အပ်ပေါက်အရွယ်အစားရှိသော ဝှက်ထားသည့် ကင်မရာနှစ်လုံးက အလုပ်လုပ်နေခဲ့သည်။
မြို့ထဲမှ လူငယ်နှစ်ဦးက စခရင်ပေါ်မှ ထိုမြင်ကွင်းကို ကြည့်ကာ သမ်းဝေနေခဲ့ကြ၏။
ကျောင်းမောင်နှမဘက်တွင်လည်း အခန်းတစ်ခန်းတည်းတွင် အတူနေကြလေ၏။ ကျောင်းစီဟွေ့က သူမ၏ မောင်ရှိနေသောကြောင့် မျက်နှာကိုသာ အမြန်သစ်ပြီး အိပ်စက်လိုက်ရသည်။
လင်းကျားမှာတော့ ဟုန်ယင်အသင်းမှ တခြား ဆင့်ကဲပြောင်းလဲသူ အမျိုးသမီးတစ်ဦးနှင့် အခန်းအတူနေ၏။
ဤအမျိုးသမီးက အင်းဆက်များအဖြင့် သန္ဓေပြောင်းလဲသူ ဖြစ်သည်။
သန္ဓေပြောင်းလဲသူများ၏ လက္ခဏာများကြောင့် သူမက ရေစိုခြင်းကို မနှစ်သက်သောကြောင့် တန်း၍ အိပ်စက်လိုက်လေသည်။
တခြားတစ်ဖက်တွင် ဟုန်ယင်အသင်းမှ အမျိုးသမီးကတော့ သူ့ကိုယ်သူ ညစ်ပတ်နေသည်ဟု ခံစားရသောကြောင့် ရေချိုးလိုက်သည်။
“ဒီမိန်းမက ရင်သားက အတော်ထွားတာပဲ! သေစမ်း.. သေစမ်း! တကယ်ကို မထင်ရဘူး”
“ဘယ်သူက ငြင်းနိုင်မှာလဲ၊ ကြည့်ရတာကတော့ အနေအေးတဲ့ မိန်းမပုံစံမျိုးပဲဆိုပေမဲ့ အဲဒီလိုပုံစံမျိုးကို ကြည့်ရုံနဲ့ သူ့မရဲ့စိတ်ထဲမှာ ဘာတွေရှိနေသလဲဆိုတာကို သိနိုင်တယ်”
ယုတ်ညံ့သောအမူအရာရှိသည့် အမျိုးသားနှစ်ဦးက မော်နီတာရှေ့တွင် ထိုင်ကာ မြင်ကွင်းများကို မှတ်ချက်ပေးနေကြ၏။
ထို့နောက် ကင်မရာက ကျင်းယန်နှင့် ယင်ရိလျိုတို့၏ အခန်းဆီသို့ ကူးပြောင်းသွားသော်လည်း အချိန်အတော်ကြာအောင် ကြည့်ရှုပြီးသည့်တိုင် သူတို့က မျှော်လင့်ထားသည့် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းမျိုးကို မတွေ့ရပေ။
တစ်ယောက်က မကျေမနပ်ဖြင့် ပြောလေ၏။
“ဒါက ပျင်းစရာပဲ”
ဘေးမှ အမျိုးသားက သူ့ကို လက်သီးဖြင့် အသာထိုး၍ ပြုံးရယ်ကာ ပြောလိုက်၏။
“မင်းက ဒီလောက်ငယ်သေးတဲ့ မိန်းကလေးအပေါ်မှာတောင် ယုတ်ညံ့တဲ့ စိတ်ကူးတွေ ရှိနေတာလား၊ တကယ့် သားရဲကောင်ပဲ”
မြို့တော် B သုတေသနဌာနတွင် ကုန်လွန်ခဲ့သော ပထမဆုံး မနက်ခင်း၌ ယင်ရိလျိုက ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်ပြီးသောအချိန်တွင် ကျင်းယန်က သူ၏ အနည်းငယ်သော ပစ္စည်းများကို ထုပ်ပိုးပြီး တံခါးဝတွင် စောင့်နေခဲ့သည်။
ယနေ့တွင် သူတို့က တခြားသူများနှင့်အတူ အာဏာရှိသော အထက်လူကြီးများနှင့် သွားရောက်တွေ့ဆုံကြရမည်ပင်။
အပေါ်ယံအားဖြင့် မှတ်တမ်းတင်ရန်နှင့် ဆွေးနွေးရန်ဟု ပြောနေသော်လည်း လက်တွေ့တွင် စစ်ဆေးမေးမြန်းခြင်းနှင့် မခြားပေ။
သူတို့ကို လာရောက်ခေါ်ဆောင်သူက ကျန်းယွီချန် ဖြစ်ပေ၏။ သူက စစ်ဘက်သုံး ကာမိုဖလပ် ဝတ်စုံအသစ်ကို လဲလှယ်ဝတ်ဆင်ထားပြီး တည်တံ့စွာ ရှိနေချိန်တွင် အတော်ပင် ချောမောခန့်ညားနေခဲ့၏။
သူက ကျင်းယန်နှင့် ယင်ရိလျိုကို မြင်သောအချိန်တွင် လက်ကိုမြှောက်၍ သူ သယ်ဆောင်လာသော ပစ္စည်းကို ကျင်းယန်၏ ရှေ့သို့ လှမ်းပေးလိုက်လေသည်။
ကျင်းယန် ဖမ်းယူလိုက်လျှင် နွေးနေဆဲဖြစ်သော အစားအသောက်အိတ်တစ်ခု ဖြစ်နေသည်ကို တွေ့ရ၏။
သူက ယင်ရိလျို၏ အနားသို့လည်း လျှောက်သွားကာ အနည်းငယ် ကိုင်းညွတ်လျက် အိတ်တစ်ခုကို လှမ်းပေးပြီး အပြုံးနှင့် ပြောလေသည်။
“ဒါက ငါတို့ အခြေစိုက်စခန်းထဲက ဆိုင်မှာ ရောင်းတာလေ၊ မိန်းကလေးတွေကြားမှာတော့ အတော် ရေပန်းစားတယ်လို့ ကြားလို့.. မြည်းကြည့်လိုက်ဦး”
ယင်ရိလျိုက မုန့်ကို လှမ်းယူလိုက်လျှင် လက်သီးဆုပ်ခန့်ရှိသော နူးညံ့သည့် မုန့်နှစ်ခု ဖြစ်နေသည်ကို တွေ့ရ၏။
သူမက ချက်ချင်းပင် သူမ၏ အမှတ်အသားဖြစ်သော ချိုသာသည့် အပြုံးလေးကို ပြသလျက် ကျန်းယွီချန်ကို ကျေးဇူးတင်ကာ မုန့်များကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်ပေသည်။
ကမ္ဘာပျက်ကပ်ပြီးနောက်တွင် စားဝတ်နေရေးကပင် အခက်အခဲဖြစ်လာသည်ကို နားလည်ထားရမည်။
လူတိုင်းက စား၍ရသမျှကိုသာ စားသောက်နေကြရ၏။ သူမ၏ နေရာလွတ်ထဲရှိ အစားအစာ အများစုကလည်း လေစုပ်ထုတ်ထားသော အသင့်စား အစားအစာများသာ ဖြစ်သောကြောင့် ဤသည်ကပင် အတော်လ ကောင်းမွန်သော လူနေမှုအဆင့်အတန်းဟု ပြောနိုင်သည်။
ပူနွေးနေသော အစားအသောက်တစ်နပ်က ဇိမ်ခံပစ္စည်းတစ်ခုပင် ဖြစ်လာခဲ့သည်။
ယင်ရိလျိုက မုန့်ကို ကိုင်ကာ အနည်းငယ်စီ ကိုက်စားလိုက်လျှင် ချိုမြိန်သော အနံ့အရသာက သူမ၏ လျှာဖျားထက်တွင် ချက်ချင်းပင် ပျံ့နှံ့သွားတော့၏။
သူမက တစ်ခုကိုသာ စားလိုက်ပြီး ဗိုက်မဝခဲ့သော်လည်း ကျန်ရှိနေသော တစ်ခုကိုတော့ ပြန်ရောက်လျှင် ကျောင်းစီဟွေ့နှင့် လင်းကျားတို့ကို ပေးရန်အတွက် အိတ်ငယ်လေးထဲသို့ ထည့်သိမ်းထားလိုက်လေသည်။
ကျန်းယွီချန်က ဤမျှ ရက်ရောစွာ ဧည့်ခံကျွေးမွေးသော်လည်း သူကိုယ်တိုင်ကပင် အခြေစိုက်စခန်းရှိ ဆိုင်များ၌ မနက်စာကို သိပ်ပြီး မစားနိုင်ပါချေ။
ဈေးနှုန်းက အလွန်ပင် ကြီးမြင့်လွန်းသောကြောင့် ဖြစ်ပေသည်။
ဤမုန့်များက စစ်ဘက်နှင့် နိုင်ငံရေးဌာနများမှ သခင်လေးများနှင့် သခင်မလေးများအတွက် သီးသန့် အစားအစာများသာ ဖြစ်သည်။
သာမန်လူများက ဝယ်ယူရန်အတွက် ရမှတ် ရာနှင့်ချီ၍ လိုအပ်သည်။
သူတို့က စောစီးစွာ ထွက်လာကြသောကြောင့် သုတေသနဌာနတစ်ခုလုံးတွင် လူသူကင်းမဲ့နေလေ၏။
ငွေဖြူရောင် ဗဟိုအဆောက်အအုံထဲ၌ လျှောက်လှမ်းနေရသည်က ပတ်ဝန်းကျင်တစ်ခုလုံးက ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့ ခံစားရသည်။
ယင်ရိလျိုက အနည်းငယ် ချမ်းလာသောကြောင့် ကျင်းယန်၏ အနားသို့ တိုးကပ်လိုက်ပေ၏။
ကျန်းယွီချန်က တစ်လမ်းလုံး မျက်မှောင်ကြုတ်နေပြီး ဤနေရာကို ရှောင်ရှားချင်နေပုံရလေသည်။
သူက ဘေးပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာအောင် လှည့်ပတ်ကြည့်ပြီးနောက် လေသံခပ်တိုးတိုးဖြင့် မေးလိုက်လေ၏။
“မနေ့ညက အိပ်လို့ အဆင်ပြေရဲ့လား”
သူ၏ စပ်စုချင်နေသော မျက်နှာအမူအရာကို ကြည့်၍ ထိုလူတွင် ပြောစရာ စကားများက ရှိနေသည်ကို ကျင်းယန် သိလိုက်လေသည်။
သူသည်လည်း မြို့တော် B အခြေစိုက်စခန်း၏ ကျော်ကြားလွန်းသော သုတေသနဌာနအကြောင်းကို သိရှိလိုသောကြောင့် စကားလမ်းကြောင်းအတိုင်းပင် လိုက်၍ ဖြေလိုက်ပေ၏။
“အဆင်ပြေပါတယ်၊ ဘာဖြစ်လို့လဲ၊ ဒီနေရာမှာ တစ်ခုခုက မှားယွင်းနေလို့လား”
ကျန်းယွီချန်က ခဏမျှ စိတ်ရှုပ်ထွေးနေသော်လည်း နောက်ဆုံးတွင် သူ၏ စပ်စုတတ်သော သဘာဝကို မအောင့်နိုင်တော့ဘဲ ဖွင့်ပြောလိုက်လေသည်။
“ဒါကတော့..”
“မင်းတို့က ဒီတစ်ခေါက် တကယ်ကို အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ၊
ငါ့ရဲ့အထင်တော့ အထက်လူကြီးတွေက ရှူးယန်အသင်းကို အထူးတပ်ဖွဲ့ထဲကို ခေါ်ယူလိမ့်မယ်လို့ ထင်တယ်၊
မမျှော်လင့်တာတွေက မဖြစ်လာဘူးဆိုရင်တော့ ငါတို့တွေက အမြဲတမ်း တွေ့နေကြရတော့မှာပေါ့၊
ဒါကြောင့် တချို့အရာတွေကို မင်းတို့က ကြိုသိထားတာက ပိုကောင်းလိမ့်မယ်လို့ ငါထင်တယ်”
***