ခုန်းထျန်းယွီက ကျင်းယန်၏ ရန်လိုမှုကို ခံစားမိသောကြောင့် မျက်လုံးလှန်ပြလိုက်၍ ပြောလေ၏။
“ငါ့ကို သုတေသနဌာနက လူတွေလိုမျိုး မထင်နဲ့၊ ငါသာ လူသားတွေအပေါ် ကိုသုတေသနလုပ်ဖို့ စိတ်ပါဝင်စားတယ်ဆိုရင် ဒီလိုမျိုး စုတ်ပြတ်သတ်နေတဲ့ အလုပ်ရုံလေးထဲမှာ အောင်းနေမှာ မဟုတ်ဘူး”
“ဟေး.. မင်းက စကားကို ဘယ်လိုပြောတာလဲ!”
အထူးတပ်ဖွဲ့စခန်းကို အလုပ်ရုံလေးနှင့် နှိုင်းယှဉ်လိုက်သောကြောင့် ရှန်ကျစ်ဟူက မကျေမနပ် ဖြစ်သွားရ၏။
ခုန်းထျန်းယွီက သူ့ကို လျစ်လျူရှုထားပြီး ယင်ရိလျိုကိုသာ ဆက်ကြည့်၍ ပြောလိုက်ပေသည်။
“အရိုးသက်တမ်းအရဆိုရင် သူမရဲ့ တကယ့်အသက်က အနှစ်နှစ်ဆယ် ရှိနေပြီ၊
သူမက အခု အသက် (၁၈) နှစ်ဝန်းကျင် မိန်းကလေးတစ်ယောက်ရဲ့ ပုံစံမျိုး ဖြစ်နေပြီး ငါ့ရဲ့ တွက်ချက်မှုတွေအရ သူမရဲ့ လက်ရှိ ကြီးထွားနှုန်းက သာမန်လူထက် အနည်းဆုံး သုံးဆလောက် ပိုမြန်နေတယ်၊
ဒါက သူမက အချိန်တိုအတွင်းမှာပဲ အရှိန်အဟုန်နဲ့ ဆက်ပြီး ကြီးထွားလာမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ”
ယခုအချိန်အထိပင် ခုန်းထျန်းယွီက ဤကဲ့သို့ အံ့ဩဖွယ်ရာ အဖြစ်အပျက်မျိုးက ဖြစ်ပျက်နိုင်သည်ကို ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်၏။
သို့သော် ဤရူးသွပ်နေသော ကမ္ဘာကြီးတွင် မည်သည့်အရာကမဆို ဖြစ်နိုင်သည်။
ဆင့်ကဲပြောင်းလဲမှုဆိုသည်က အဆုံးအစမရှိသကဲ့သို့ မျိုးစိတ်အမျိုးမျိုးကလည်း ပုံစံအဖုံဖုံ ရှိနေကြသည် မဟုတ်ပါလား။
သူကိုယ်တိုင်က သုတေသနပညာရှင်တစ်ဦး ဖြစ်သောကြောင့် ဤကဲ့သို့သော ဇီဝဗေဒဆိုင်ရာ ပြောင်းလဲမှုများကို ကောင်းစွာ လက်ခံနိုင်လေသည်။
“မင်းကို ငါကပြောချင်တာကတော့ ဒီလိုအခြေအနေမျိုးကို ငါကတစ်ခေါက်မှ မတွေ့ဖူးဘူး၊
နောက်နောင် ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကိုလည်း ငါ မသိဘူး၊
သူမရဲ့ အရိုးသက်တမ်းက ဒီလောက်ရှိနေပေမဲ့ ကြီးထွားနှုန်းက အရမ်းမြန်နေတာကြောင့် အရပ်အမောင်းက လိုက်မမှီတာမျိုး၊
ဒါမှမဟုတ် အရိုးပုံစံ ပျက်ယွင်းတာမျိုးတွေ ဖြစ်လာနိုင်တယ်၊
နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကတော့ သူမရဲ့ အရိုးသက်တမ်းက ရပ်တန့်မသွားဘဲ ဆက်ပြီး တိုးနေမယ်ဆိုရင်တော့ သူမရဲ့ သက်တမ်းက သုံးပုံနှစ်ပုံလောက်အထိ တိုတောင်းသွားလိမ့်မယ်၊ မင်း နားလည်ရဲ့လား”
ခုန်းထျန်းယွီက အဓိပ္ပာယ်အပြည့်ဖြင့် ဆက်ပြော၏။
“ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ၊ ဒါကို လက်ခံဖို့ကတော့ လွယ်ကူမှာ မဟုတ်ဘူး”
ကျင်းယန်က တိတ်ဆိတ်နေခဲ့လေသည်။ သူက မည်သည့်ခံစားချက်မျှ မရှိသကဲ့သို့ ထင်ရသော်လည်း ယင်ရိလျိုက သူ၏ တည်ငြိမ်မှုအောက်တွင် ဖုံးကွယ်ထားသော လှုပ်ခတ်မှုများကို ခံစားမိနေသည်။
သူ၏ လက်သီးများကို တင်းကြပ်စွာဆုပ်ထားပုံအရ ခုန်းထျန်းယွီ၏ စကားများကြောင့် အလွန်ပင် ထိတ်လန့်သွားပုံရ၏။
ယင်ရိလျိုက ကျင်းယန်၏ လက်သီးကို သူမ၏ နူးညံ့သော လက်ကလေးများဖြင့် အသာအယာ ဆုပ်ကိုင်လိုက်မိသည်။
သူမ၏ လက်ဖဝါးထဲရှိ ကြီးမားသော လက်တစ်စုံက အနည်းငယ် တုန်ယင်နေသည်ကို ခံစားရ၏။
ကျင်းယန်က သူမ၏အတွက် စိုးရိမ်နေခြင်းပင်။
အမှန်စင်စစ် သူမက ထိုမျှအထိ မထိတ်လန့်သကဲ့သို့ မကြောက်ရွံ့ပေ။
သူမ၏ အရိုးသက်တမ်းက အနှစ်နှစ်ဆယ် ရှိနေပြီဟု ကြားရသောအချိန်တွင် သူမ၏ ယခင်ဘဝက အသက်နှင့် တွက်ကြည့်လျှင် အမှန်တကယ်ပင် အနှစ်နှစ်ဆယ်ဝန်းကျင် ရှိနေပြီဖြစ်သောကြောင့် ပျော်ရွှင်သကဲ့သို့ပင် ဖြစ်နေမိသေးသည်။
ထို့အပြင် သူမ၏ မူလပုံစံက ယုန်တစ်ကောင် ဖြစ်သောကြောင့် တိရစ္ဆာန်များ၏ သက်တမ်းက လူသားများထက် သိသာစွာ တိုတောင်းလွန်းသည် မဟုတ်ပါလား။
သူမက ဤယုန်ခန္ဓာကိုယ်ထဲတွင် နေထိုင်လာသည်က နှစ်နှစ်၊ သုံးနှစ် ရှိနေပြီဖြစ်၍ ယုန်၏သက်တမ်းနှင့် တွက်လျှင် အသက်နှစ်ဆယ် ဖြစ်နေခြင်းက သဘာဝကျပေသည်။
ကျင်းယန်နှင့်အတူ ဤအခက်အခဲများကို ဖြတ်ကျော်နိုင်ခဲ့ပြီး သူ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ခဲ့သည်ကပင် သူမအတွက် အလွန် ကျေနပ်စရာ ကောင်းလွန်းပေသည်။
ဤကဲ့သို့ ဆန်းကြယ်ပြီး စွန့်စားခန်းဆန်သော ကမ္ဘာမျိုးတွင် လူအများစုက အိပ်မက်ပင် မမက်ရဲသော အရာဖြစ်၍ သူမက ဤသည်ကို ကိုယ်တိုင်တွေ့ကြုံနေရသောကြောင့် အကျိုးရှိသည်ဟုပင် ပြောရမည်။
ယင်ရိလျိုက သူမ၏ ရင်ထဲရှိ ထိတ်လန့်မှု အနည်းငယ်ကို လျစ်လျူရှုရန် ကြိုးစားရင်း ကျင်းယန်ကိုရော သူမကိုယ်သူမပါ တစ်ပြိုင်နက်တည်း နှစ်သိမ့်နေမိ၏။
သူတို့နှစ်ဦး၏ စိတ်ပျက်အားလျော့နေသော မျက်နှာအမူအရာများကို မြင်ချိန်တွင် ခုန်းထျန်းယွီက လက်အိတ်ကို ချွတ်လိုက်ပြီး ပြောလေ၏။
“အရမ်းကြီးလည်း စိတ်မပူပါနဲ့ဦး၊ အကောင်းဆုံး ဖြစ်နိုင်ခြေကတော့ သူမက သူမရဲ့ အရိုးသက်တမ်းရှိရာအထိ ကြီးထွားသွားပြီးတဲ့နောက်မှာ ကြီးထွားနှုန်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်တာပဲ၊
သူမက ကလေးဘဝ အချိန်ကာလတစ်ခုကို ဆုံးရှုံးသွားတယ်ဆိုပေမဲ့ ဒီမိန်းကလေးက ငိုယိုဖို့ပဲ သိတဲ့ တခြားကလေးတွေနဲ့ မတူဘူးလေ၊
သူမကို ပြုစုစောင့်ရှောက်ရတာက အတော်လေး လွယ်ကူမှာပါ”
သူက ပရင်တာဆီသို့ လျှောက်သွား၍ စီစဉ်ထားသော စာရွက်စာတမ်းများကို ယူကာ ကျင်းယန်ထံသို့ လှမ်းပေးလိုက်ပြီး ဆိုသည်။
“နောက်ပိုင်း ကျန်းမာရေး ပြဿနာ တစ်ခုခုရှိလာရင် မင်း ငါ့ဆီကို ခေါ်လာခဲ့လို့ ရတယ်၊ ဘယ်လို ပြဿနာမျိုးလဲဆိုတာကို ငါ ထပ်ပြီး ခွဲခြမ်းစိတ်ဖြာပေးမယ်၊
အဲဒီအချိန်အထိတော့ သူမကို အာဟာရ ပြည့်ပြည့်ဝဝ ကျွေးထားဖို့ပဲ လိုတယ်”
ကျင်းယန်က သူ၏ ရင်ထဲရှိ လှုပ်ခတ်မှုများကို ထိန်းချုပ်လိုက်ပြီး အက်ရှသော အသံဖြင့်ပြောလေသည်။
“ကျေးဇူးတင်ပါတယ်”
သူက ခေါင်းကို စောင်းကြည့်လိုက်ချိန်တွင် သူ၏ရှေ့တွင် လိမ်မာစွာ ရပ်နေသော ယုန်လေးကို မြင်လိုက်ရသည်။
ယုန်လေး၏ သက်တမ်းက သူ၏ သက်တမ်းထက် တိုတောင်းသွားခဲ့လျှင် မည်သို့ဖြစ်မည်နည်းဟု ကျင်းယန်က တွေးတောမိဖူးသည်။
သို့သော် သူက ဤကိစ္စကို အလေးအနက် မစဉ်းစားဖူးခဲ့ပေ။ သို့မဟုတ် မစဥ်းစားရဲ၍ လွှဲဖယ်ထားခဲ့သည်ဟု ပြောရပေမည်။
သူ၏ ရင်ထဲတွင် ယင်ရိလျိုက ဤကမ္ဘာပျက်ကပ်ကြီး အဆုံးတိုင်အောင် သူနှင့်အတူ အမြဲရှိနေမည်ဟုသာ မှတ်ယူထားခဲ့လေသည်။
မပြန်မီမှာပင် ကျင်းယန်က ယင်ရိလျို၏ တိုက်တွန်းမှုကြောင့် သွေးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။
သူ့အတွက် ဝမ်းသာစရာသတင်းမှာ ထိုကျောက်တုံးနီမှ ထွက်သော အရည်များက သူ၏ ဆင့်ကဲပြောင်းလဲမှုကို မြှင့်တင်ပေးရာတွင် အလွန်ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိနေခြင်းပင်။
ရုတ်တရက် ပေါက်ထွက်လာသော အမြီးမှလွဲ၍ သူ၏ ခြေထောက်များက လုံးဝ ပျောက်ကင်းသွားခဲ့သည်။
မြို့တော် Z အခြေစိုက်စခန်းမှ သယ်ဆောင်လာသော ဘီးတပ်ကုလားထိုင်က ယခုအချိန်တွင် ယင်ရိလျို၏ နေရာလွတ်ထဲတွင် ဖုန်တက်နေရန်သာ လိုတော့သည်။
ခုန်းထျန်းယွီက ကျောက်တုံးနီကို စမ်းသပ်ပြွန်ထဲမှ ထုတ်ယူလိုက်လေ၏။ ဤအချိန်တွင် အထဲဘက်ရှိ အရည်က အနီရောင်ဖျော့ဖျော့လေး သန်းနေခဲ့သည်။
ရှန်ကျစ်ဟူက အနည်းငယ် စပ်စုလိုသောကြောင့် စမ်းသပ်ပြွန်အနားသို့ တိုး၍ ကြည့်ရင်း မေးလိုက်လေ၏။
“ဒါက အရောင်လွင့်သွားတာလား ”
“ဒါကို အနှစ်ထုတ်ဖော်တဲ့အရည်ထဲမှာ ခဏလောက် စိမ်ကြည့်လိုက်တာ၊
ကျောက်တုံးထဲက တချို့ ဒြပ်စင်တွေကို ထုတ်ယူနိုင်ခဲ့တယ်၊
ဒါက ထင်သလောက် မရိုးရှင်းဘူးလို့ ကျွန်တော် ခံစားရတယ်၊ ပြောရရင် အဆင့်မြင့်လွန်းတဲ့ ကွန်တိန်နာတစ်ခုလိုမျိုးပဲ၊
အထဲမှာ သိပ်သည်းဆများတဲ့ ဒြပ်စင်တချို့ ပါဝင်နေနိုင်ပြီး အဲဒီအရာတွေကပဲ ဧရာမသစ်ပင်တွေနဲ့ ယင်ရိလျိုကို ဆင့်ကဲပြောင်းလဲစေခဲ့တဲ့ အဓိက အချက်တွေ ဖြစ်နိုင်တယ်”
သူက ပြောရင်းနှင့် လက်ထဲမှ စမ်းသပ်ပြွန်ကို အသာအယာ လှုပ်ယမ်းလိုက်လေ၏။
ယင်ရိလျိုက စမ်းသပ်ပြွန်ထဲရှိ ကြည်လင်ပြီး ပန်းရောင်ဖျော့ဖျော့ သန်းနေသော အရည်ကို မြင်လိုက်ရသည်။
ဤသည်မှာ ထိုနေ့က မြေအောက်တွင် မြင်ခဲ့ရသော အရည်လုံးကြီးနှင့် ဆင်တူသော်လည်း အရောင်က ပို၍ ဖျော့တော့နေလေ၏။
“ကျွန်တော့်ရဲ့ ခန့်မှန်းချက်ကသာ မှန်မယ်ဆိုရင် ဒီအရာက တကယ်ကို တန်ဖိုးဖြတ်လို့ မရနိုင်ဘူး၊
အခုရှိနေတဲ့ သိပ္ပံနည်းပညာနဲ့ဆိုရင် ဒီလိုမျိုး ထူးဆန်းတဲ့ ကွန်တိန်နာကို ဖန်တီးဖို့ မဖြစ်နိုင်ဘူး၊
ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ စိတ်ကူးသက်သက်ပဲ ဖြစ်နိုင်သလို၊ တကယ့်ကို ရှားပါးပြီး အဖိုးတန်တဲ့ ရတနာတစ်ခုလည်း ဖြစ်နေနိုင်တယ်”
ခုန်းထျန်းယွီက ပခုံးတွန့်လျက် ပြော၍ စမ်းသပ်ပြွန်ကို သေတ္တာထဲသို့ ပြန်ထည့်လိုက်လေသည်။
ရှန်ကျစ်ဟူက သူ့ကို ကြည့်၍ မေးလိုက်လေ၏။
“ရှားပါးပြီးတော့ အဖိုးတန်တဲ့ ဆေးဖက်ဝင် အပင်တွေလား”
ဒေါက်တာခုန်းက နှုတ်ခမ်းစူလိုက်သည်။
“ဒါက နိုဗယ်တွေထဲမှာ ပါတဲ့ ရတနာတွေလိုမျိုးပဲ၊ ခင်ဗျားကို ပြောပြလည်း နားလည်မှာ မဟုတ်ဘူး၊ကျွန်တော်တို့ရဲ့ကြားမှာ မျိုးဆက်ကွာဟချက် ရှိနေတာကိုး”
ရိုးသားဖြောင့်မတ်ပုံရသော လူကြီးတစ်ယောက်နှင့် မောက်မာပြီး စောင်းမြောင်းတတ်သော လူငယ်တစ်ဦးကို ကြည့်ရင်း ယင်ရိလျို၏ လေးလံနေသော စိတ်က အတော်လေး ကြည်လင်သွားခဲ့၏။
ခုန်းထျန်းယွီက အမှန်တကယ့်ကို ဒေါင်းဘုရင်တစ်ကောင်ကဲ့သို့ လူဖြစ်ပြီး လူများကို လှောင်ပြောင်နေချိန်တွင် သူ၏ နောက်ကျော၌ အမွေးအတောင်များဖြင့် ယပ်တောင်ကြီး တစ်ခုကို စိုက်ထားသကဲ့သို့ ခံစားရလေသည်။
သူမ၏ ဘေးတွင် ရပ်နေသော ကျင်းယန်က မိန်းကလေး၏ မျက်နှာတွင် အပြုံးများ ပြန်လည်၍ ပေါ်ပေါက်လာသည်ကို ကြည့်၍ သက်ပြင်းအသာချလိုက်မိ၏။
သူ ရုတ်တရက် စီးကရက်တစ်လိပ်လောက်ကို မီးညှိပြီး ဖွာလိုက်ချင်စိတ်များ အပြင်းအထန် ဖြစ်ပေါ်လာသည်။
သူ့အနေဖြင့် ငယ်စဉ်က မိဘနှစ်ပါးလုံး ကွယ်လွန်သွားခဲ့ပြီးနောက် ပြိုကွဲတော့မည့် မိသားစုကြီးနှင့် ဒေဝါလီခံတော့မည့် ကုမ္ပဏီကို သူက အရွယ်ရောက်သည်နှင့် တာဝန်ယူခဲ့ရ၏။
ထိုအချိန်က သူ ဆေးလိပ်နှင့် အရက်ကို အများဆုံး သောက်ခဲ့ရသော အချိန်လည်း ဖြစ်သည်။
နောက်ပိုင်းတွင် ကုမ္ပဏီက လမ်းကြောင်းမှန်ပေါ် ရောက်လာပြီး အခြေအနေများက ကောင်းမွန်လာချိန်တွင် ထိုအရာများကို သူ တဖြည်းဖြည်း စွန့်လွှတ်ခဲ့လေသည်။
သို့သော် ယခုအချိန်တွင်တော့ သူက အလွန်အမင်းစိုးရိမ်ပူပန်မှုကို ခံစားနေရ၏။
စတော့ဈေးကွက် ပျက်စီးသွားသော ညက အိမ်ပြန်ရောက်ချိန်တွင် ခံစားရသော ခံစားချက်မျိုးကဲ့သို့ပင် ဖြစ်ပြီး၊ စိတ်တည်ငြိမ်သွားစေရန်အတွက် ဆေးလိပ်တစ်လိပ်လောက်ကို အလွန်ပင်တောင့်တနေမိခဲ့သည်။
“ကောင်းပြီ၊ ဒါကို ငါ ယူသွားမယ်၊ မင်း တစ်ခုခုကို ထပ်ပြီး ရှာဖွေတွေ့ရှိတာရှိရင် ငါ့ကို အသိပေးဖို့ မမေ့နဲ့ဦး”
ရှန်ကျစ်ဟူက ပြောဆိုလိုက်လေသည်။
ရှန်ကျစ်ဟူက ကျောက်တုံးကို သေချာစွာ ပြန်ထုပ်ပိုး၍ သေတ္တာထဲသို့ ထည့်လိုက်ပြီးနောက် လှည့်ထွက်လာခဲ့၏။
သူက အနည်းငယ် မှိုင်တွေနေသော ကျင်းယန်ကို တစ်ချက်ကြည့်၍ ပခုံးကို ပုတ်လျက်နှစ်သိမ့်လေသည်။
“အရမ်းကြီး စိတ်မပူပါနဲ့၊ ရှောင်ခုန်းရဲ့စွမ်းရည်က အတော်လေး စိတ်ချရတယ်”
စကားပြောနေရင်း သူက ခေါင်းငုံ့လိုက်ကာ ယင်ရိလျို၏ နူးညံ့သော ဆံပင်များကို ထိတွေ့ရင်း ပြောလိုက်ပေ၏။
“ကလေးမလေး မကြောက်နဲ့နော်၊ ဒါနဲ့ မြို့တော် B မှာ ဗဟိုကျောင်းတစ်ခုကို တည်ထောင်ထားတယ်၊
တကယ်လို့ မင်းသာ ကျောင်းတက်ချင်တယ်ဆိုရင် ငါ တစ်ယောက်ယောက်ကို အပ်ပြီး ကျောင်းအပ်ဖို့ စီစဉ်ပေးလို့ရတယ်”
***