ပျက်ကပ်၏ အစောပိုင်းကာလများတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များက ရှင်သန်ရန် အခက်ခဲဆုံးသူများ ဖြစ်ခဲ့ကြ၏။
လူသားတချို့က ဆင့်ကဲပြောင်းလဲသူများအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူတို့၏ မျိုးပွားနိုင်စွမ်းက အလွန်ပင် ကျဆင်းသွားကြောင်းကို တွေ့ရှိရသည်။
ဆင့်ကဲပြောင်းလဲသူများ၏ မျိုးဗီဇက အမြဲတမ်း ပြောင်းလဲနေပြီး မတည်မငြိမ် ဖြစ်နေခြင်းကြောင့် သန္ဓေတည်ရန် ခက်ခဲခြင်းဖြစ်ကြောင်းကို သုတေသနများက ဖော်ပြသည်။
တချို့သော အမျိုးသမီးများက ကိုယ်ဝန်ဆောင်၍ ကလေးမွေးဖွားနိုင်ခဲ့လျှင်ပင် ထိုကလေးများက မတည်ငြိမ်သော မျိုးဗီဇများဖြင့် မွေးဖွားလာနိုင်ခြေ ရှိနေသေး၏။
သာမန်လူများတွင် ကမ္ဘာပျက်ကပ်အတွင်း စားဝတ်နေရေးနှင့် ရှင်သန်ရေးအတွက်ကိုသာ လုံးပန်းနေရသောကြောင့် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရန် အချိန်နှင့် အင်အား မရှိကြပေ။
ထို့ကြောင့် ကမ္ဘာပျက်ကပ် ဆိုက်ရောက်ပြီး တစ်နှစ်နီးပါး ကြာမြင့်ချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှတ်ပုံတင်ထားသော မွေးကင်းစကလေး အရေအတွက်က တစ်သောင်းခန့်သာ ရှိပြီး သေဆုံးသူ အရေအတွက်နှင့် နှိုင်းယှဉ်ပါက အလွန်ပင် နည်းပါးလွန်းပေသည်။
ဤအတိုင်းသာ ဆက်သွားပါက သန္ဓေပြောင်းသတ္တဝါများက လူသားမြို့ပြများကို သိမ်းပိုက်နိုင်ရုံသာမက လူသားမျိုးနွယ်ကလည်း မွေးဖွားနှုန်း နည်းပါးမှုကြောင့် တဖြည်းဖြည်း မျိုးသုဉ်းသွားနိုင်ချေ ရှိသည်။
မြို့တော် B က မွေးကင်းစကလေးများကို အလွန်ပင် အလေးထားပြီး သူတို့ကို ထောက်ပံ့ရန်အတွက် လူအင်အားနှင့် အရင်းအမြစ်များကို ခွဲဝေချထားပေးသည်။
ကိုယ်ဝန်ဆောင် အမျိုးသမီးများက သန္ဓေတည်ချိန်မှစ၍ ကလေးမွေးပြီး တစ်နှစ်အထိ အထူးထောက်ပံ့ကြေးများကို ရရှိကြကာ မွေးကင်းစကလေးတိုင်းကလည်း သက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အစားအစာများကို ရရှိကြလေ၏။
အမှန်တကယ် ကိုယ်တိုင်မရပ်တည်နိုင်တော့သူ တချို့က ဤနည်းလမ်းကို အသုံးပြုလာကြသည်။
အသက်မွေးဝမ်းကျောင်းအတွက် အစိုးရထောက်ပံ့ကြေးကို ရရှိရန် ကိုယ်ဝန်ဆောင်၍ ကလေးမွေးဖွားခြင်းပင် ဖြစ်သည်။
ဤမူဝါဒကြောင့် မွေးဖွားနှုန်းက (၂၀) ရာခိုင်နှုန်းခန့် ပြန်လည်၍ တိုးတက်လာခဲ့သည်။
ရှန်ကျစ်ဟူ၏ အမြင်တွင် ယင်ရိလျိုက သူမ၏ အသက်အရွယ်နှင့် မလိုက်အောင် ပို၍ အသိဥာဏ်ရှိသည်ဟု ထင်မိသည်။
ကမ္ဘာပျက်ကပ်အတွင်း ဤကဲ့သို့ ရင့်ကျက်သော ကလေးများက မရှားပါးပေ။
သူတို့က ဤအသက်အရွယ်မှာပင် ရှင်သန်ရေး၏ ခက်ခဲမှုကို နားလည်နေကြပေသည်။
မြို့တော် B အခြေစိုက်စခန်းတွင် အသက်ဆယ်နှစ်ဝန်းကျင် ကလေးတချို့က လူကြီးများထက်ပင် ပို၍ လည်ပတ်တတ်ကြသည်။
သူတို့တွင် အပြစ်ကင်းစင်သော မျက်နှာလေးများ ရှိသော်လည်း အလုပ်လုပ်သည့်အချိန်တွင် အလွန်ပင် ရက်စက်တတ်ကြ၏။
ကလေးဟူသည်က မသိနားမလည်ခြင်း၏ သင်္ကေတ မဟုတ်တော့ပေ။
သို့သော်လည်း သူက လူသားတစ်ယောက်အနေဖြင့် အနည်းဆုံးတော့ လူသားတို့၏ ဗဟုသုတနှင့် ယဉ်ကျေးမှုအဆင့်အတန်းကို နားလည်သင့်သည်ဟု ယူဆသည်။
အကယ်၍ ရှင်သန်ရေးအတွက်သာ လူသားတို့ နှစ်ပေါင်းထောင်ချီ လက်ဆင့်ကမ်းလာသော အသိပညာများကို စွန့်ပယ်လိုက်ရမည်ဆိုလျှင် နောက်ပိုင်းမျိုးဆက်အနည်းငယ်အကြာတွင် အပြင်ဘက်ရှိ ရိုင်းစိုင်းသောတိရစ္ဆာန်များနှင့် အဘယ်မှာ ခြားနားပါတော့မည်နည်း။
ယင်ရိလျိုက အခြေစိုက်စခန်းရှိ ကျောင်းအကြောင်းကို ကြားလိုက်ရချိန်တွင် သူမ၏ ဘေးတွင် ကလေးအုပ်ကြီးက ဝိုင်းအုံ၍ ငိုယိုနေကြမည့် မြင်ကွင်းကို ပြေးမြင်လိုက်မိသည်။
ကျင်းယန်က သူမကို အမြှောက်ဇယားများကို အတင်းကျက်ခိုင်းသည်မှာပင် သူမအတွက် အတော်ပင် ပင်ပန်းလွန်းပေသည်။
ယခင်ဘဝက တက္ကသိုလ်ဝင်တန်း စာမေးပွဲဒဏ်ကို အလူးအလဲ ခံခဲ့ရပြီးမှ ဤဘဝတွင်လည်း ဤမျှ ပြင်းထန်စွာ ပြန်လည်၍ စာကျက်ရဦးမည်ဟု မည်သူက ထင်ပါမည်နည်း။
သူမက ချက်ချင်းပင် ကျင်းယန်၏ လက်ညှိုးကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ပြီး တောင်းပန်တိုးလျှိုးသော မျက်ဝန်းများဖြင့် သူ့ကို သနားစဖွယ် ကြည့်လိုက်မိ၏။
“မတက်တာပဲ ကောင်းပါလိမ့်မယ်၊ အခုချိန်မှာ သူမကို တစ်ယောက်တည်း အပြင်လွှတ်ဖို့ ကျွန်တော် စိတ်မချသေးဘူး”
ကျင်းယန်က ရှန်ကျစ်ဟူ၏ ကမ်းလှမ်းမှုကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်လေသည်။
ရှန်ကျစ်ဟူကလည်း စဉ်းစားကြည့်ပြီး သဘောတူလိုက်ပေ၏။
အကယ်၍ ယင်ရိလျိုက နောက်ပိုင်းတွင် အရှိန်အဟုန်နှင့် ဆက်လက် ကြီးထွားလာမည်ဆိုလျှင် ကလေးအုပ်ကြီးကြားတွင် သူမ ထိုင်နေရသည်က ထူးဆန်းနေပေလိမ့်မည်။
ထို့အပြင် သူမ၏ လက်ရှိ ခန္ဓာကိုယ်က မည်သည့်အချိန်တွင် ပေါက်ကွဲမည်သွားကို မသိသော ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေသောကြောင့် နောက်ပိုင်းတွင် မည်သို့ဖြစ်မည်ကို မည်သူကမျှ မသိနိုင်ပေ။
“ဒါဆိုရင်တော့ မင်း ပြန်သွားပြီး အသင်းသားတွေကို ပစ္စည်းတွေ သိမ်းခိုင်းထားလိုက်တော့၊
ငါ လွှဲပြောင်းမှုတွေ အားလုံးပြီးတာနဲ့ မင်းတို့ရဲ့ အထောက်အထား အသစ်တွေကို မှတ်ပုံတင်ပေးမယ်၊
အခုကစပြီး မင်းတို့အားလုံးက အသင်းဖော်တွေ ဖြစ်သွားကြပြီ၊
အထူးတပ်ဖွဲ့ဝင်တွေက အတော်များများ ရှိပေမဲ့ အများစုကတော့ မစ်ရှင်တွေနဲ့ အပြင်ရောက်နေကြတယ်၊
မင်းတို့ ဝင်လာပြီးရင်တော့ နေရာအနှံ့မှာ မစ်ရှင်တွေကို ဆောင်ရွက်ရလိမ့်မယ်၊
အန္တရာယ်က ပိုများပေမဲ့ ဒါက လွတ်လပ်မှု၊ ရမှတ်တွေနဲ့ ပစ္စည်းထောက်ပံ့မှုတွေကို ပိုရစေလိမ့်မယ်”
ကျင်းယန်က သူနှင့် လက်ဆွဲနှုတ်ဆက်လိုက်လေသည်။
“ခင်ဗျားနဲ့ လက်တွဲလုပ်ဆောင်ရတာကို ဝမ်းသာပါတယ်”
မပြန်မီမှာပင် ခုန်းထျန်းယွီက ယင်ရိလျိုအတွက် အာဟာရဖြည့်စွက်စာ စာရင်းတစ်ခုကို ပေးလိုက်၍ ပြောလေ၏။
“ငါ့ဆီမှာ ဆေးတွေပဲ ရှိတယ်၊ ခန္ဓာကိုယ်ကို တကယ့်ကို အားဖြစ်စေမယ့် အရာတော့ မရှိဘူး၊
အရိုးတွေက မြန်မြန် ကြီးထွားလာတဲ့အချိန် အရိုးပြဿနာတွေက လွယ်လွယ်ကူကူ ဖြစ်တတ်လို့ သူမကို ကယ်လ်ဆီယမ် အများကြီး ကျွေးဖို့ မမေ့နဲ့ဦး”
ကျင်းယန်က ခေါင်းကိုညိတ်ပြပြီး ကျေးဇူးတင်စကားကို ထပ်မံပြောကာ ယင်ရိလျို၏ လက်ကိုဆွဲလျက် ရှန်ကျစ်ဟူနှင့်အတူ ဝန်းထဲမှ ထွက်လာခဲ့သည်။
“မင်းတို့ရဲ့ အထောက်အထား ကတ်ပြားတွေ အသင့်ဖြစ်တာနဲ့ ငါက သုတေသနဌာနကို လှမ်းပို့ပေးလိုက်မယ်၊
အဲဒီထဲမှာ ဒီမစ်ရှင်ကနေ မင်းတို့ ရရှိတဲ့ ရမှတ်တွေနဲ့ မင်းတို့က အပ်နှံခဲ့တဲ့ ကျောက်တုံးအတွက် ရမှတ်တွေ ပါဝင်လိမ့်မယ်၊
ဒါက အတော်လေး များပြားတဲ့ ပမာဏ ဖြစ်မှာဆိုတော့ ကောင်းမွန်တဲ့ နေရာတစ်ခုကို ငှားဖို့အတွက် လုံလောက်တာထက်တောင် ပိုပါတယ်၊
အရာအားလုံးကို အဆင်သင့်ဖြစ်တာနဲ့ နောက်ထပ် ပြဿနာတွေကို မတက်ခင် အဲဒီနေရာကနေ အမြန်ဆုံး ပြောင်းရွှေ့လိုက်ကြတော့”
ရှန်ကျစ်ဟူက သုတေသနဌာနကို ကာလသားရောဂါကဲ့သို့ပင် ရှောင်ရှားပုံရပြီး ဤသည်၏အကြောင်းကို ပြောလိုက်တိုင်း မကျေမနပ် ဖြစ်တတ်သည်။
“အဲဒီလူတွေက သုတေသနနဲ့ ပတ်သက်လာရင် ဘာကိုမှ ဂရုမစိုက်ကြဘူး၊
ငါက မှတ်မိသလောက်ဆိုရင် လီကျွင်းက အာဏာပြင်းထန်နေတဲ့ အချိန်တုန်းက စမ်းသပ်ခံ ပုဂ္ဂိုလ်ပေါင်း တစ်ထောင်ကျော်ကို ဖန်တီးခဲ့ပြီး လူတိုင်းကို သုတေသနဌာနထဲမှာပဲ ထိန်းသိမ်းထားခဲ့တာ၊
နောက်ပိုင်း လူသားစမ်းသပ်မှုကို ပိတ်ပင်ခံရပြီးတဲ့နောက်မှာတော့ အဲဒီအခန်းတွေကို ဝန်ထမ်းအိမ်ရာတွေအဖြစ် ပြောင်းလဲလိုက်ကြတာပဲ”
ယင်ရိလျိုက မနေ့ညက သူတို့ တည်းခိုခဲ့သော အခန်းကို ပြေးမြင်လိုက်မိသည်။
တံခါးက ငွေဖြူရောင် သတ္တုတံခါးဖြစ်ပြီး ပြတင်းပေါက်ကလည်း ထောင်နန်းကဲ့သို့ သံတိုင်များက ရှိနေခဲ့သည် မဟုတ်ပါလား။
ထိုအချိန်က ပုံစံမှာ ထူးဆန်းနေသည်ဟု သူမက ထင်ခဲ့မိသည်။
သူတို့ကို ပေးထားသော ထိုအခန်းများက မူလက စမ်းသပ်ခံ ပုဂ္ဂိုလ်များကို ပိတ်လှောင်ထားသည့် အခန်းများပင် ဖြစ်နေမည်လား။
သူမက အိပ်ခဲ့သော ခုတင်ပေါ်တွင် ယခင်က စမ်းသပ်ခံ ပုဂ္ဂိုလ်တစ်ဦးက ပိတ်လှောင်ခံခဲ့ရဖူးသည်ဟူသော အတွေးကြောင့် ယင်ရိလျိုက ကျောရိုးထဲအထိ အေးစိမ့်သွား၍ တုန်ယင်သွားမိလေတော့သည်။
သုံးဦးသား လမ်းမပေါ်သို့ ရောက်သောအချိန်တွင် လမ်းခွဲလိုက်ကြ၏။
ရှန်ကျစ်ဟူက သူ၏ တာဝန်များကို လွှဲပြောင်းရန် စစ်ဌာနချုပ်သို့ တိုက်ရိုက်သွားပြီး ကျင်းယန်နှင့် ယင်ရိလျိုတို့က သုတေသနဌာနဆီသို့ သူတို့ဘာသာ လျှောက်လှမ်းလာခဲ့ကြသည်။
သုတေသနဌာက မြို့လယ်ခေါင်နှင့် နီးကပ်သော နေရာတွင် တည်ရှိသည်။
ငွေဖြူရောင် အဆောက်အအုံကြီးက မြို့တံခါးကဲ့သို့ပင် အလွန် ထင်ရှားလွန်း၏။ အဝေးမှပင် ယင်ရိလျိုက အဖြူရောင် စုချွန်ကြီးကို မြင်နေရသည်။
သူမက ထိုနေရာတွင် တစ်မျိုး ဖိအားများနေသည်ဟု ခံစားရသောကြောင့် ကျင်းယန်၏ လက်ညှိုးကိုဆွဲ၍ တခြားနေရာများသို့သာ ကြည့်နေလိုက်တော့သည်။
မြို့တော် Z အခြေစိုက်စခန်းက ဆူညံစည်ကားနေလျှင် မြို့တော် B က တည်ငြိမ်အေးဆေးလွန်းသည်။
လမ်းတစ်လျှောက်တွင် ဆိုင်ခန်းတချို့က ရှိနေပြီး လမ်းသွားလမ်းလာ အများအပြားက အလျင်စလို သွားလာနေကြ၏။
တချို့က စုတ်ပြတ်နေသော အဝတ်အစားများဖြင့် နွမ်းပါးသော ပုံစံရှိသော်လည်း၊ တချို့ကခါးတွင် သေနတ်များကို ချိတ်ဆွဲထားကြ၍ ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြောင်းကို သိသာလွန်းသည်။
လမ်းဘေးဝဲယာတွင် ဈေးသည်များက ဟစ်အော်ရောင်းချနေသည်ကလည်း မရှိသလောက်ပင်။
လူအများက သူတို့၏ ကိစ္စများကိုသာ တိတ်တဆိတ် ဆောင်ရွက်နေကြလေ၏။
ဤနေရာရှိ လူများက ပို၍ တည်ငြိမ်ကြသော်လည်း တစ်ပြိုင်နက်တည်းမှာပင် နက်ရှိုင်းသော ဖိအားများကို ခံစားရစေသည်။
ကျင်းယန်က ကျောင်းစီဟွေ့၏ အပေါ်အင်္ကျီကို ဝတ်ထားသော ယင်ရိလျိုကို ကြည့်၍ သူမ၏ ဟင်းလင်းပြင် ထဲတွင် သူမ၏ အသက်အရွယ်နှင့် သင့်တော်သော အဝတ်အစားများက အများအပြား ရှိလိမ့်မည်မဟုတ်ကြောင်းကို သိလိုက်လေသည်။
ကျင်းယန်က ယုန်လေး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အသားပေါ်နေလျှင်ပင် အအေးဒဏ်မခံစားရမည်ကို သိထားသော်လည်း၊ ယခုတွင် ဆောင်းဦးနှောင်းပိုင်းသို့ ရောက်နေပြီဖြစ်၍ ရာသီဥတုက တဖြည်းဖြည်း အေးစိမ့်လာခဲ့သည်။
ဤမျှ ပါးလွှာသော ဂါဝန်လေးတစ်ထည်တည်းဖြင့် သူမကို မည်သို့ကဲ့လျှင် လျှောက်သွားခွင့်ပြုပါမည်နည်း။
သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီး ဆိုင်ကြီးနှစ်ဆိုင်ကို မှတ်သားထားလိုက်ပေ၏။
မြို့တော် B ၏ ရမှတ်ကတ်ကို ရရှိသည်နှင့် ယင်ရိလျိုအတွက် လိုအပ်သော လူသုံးကုန်ပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများကို ဝယ်ယူရန် သူက စီစဉ်ထားလေသည်။
ယင်ရိလျိုက ကျင်းယန်က မည်သည်ကိုတွေးနေသည်ကို လုံးဝ မသိပေ။
အကယ်၍ သိခဲ့လျှင် သူမ၏ အစပြုဝတ်စုံ လေးက အလွန်ပင် ကောင်းမွန်ကြောင်းကို ရယ်မောပြောဆိုမိပေလိမ့်မည်။
ဤဝတ်စုံက ခန္ဓာကိုယ်အရွယ်အစားအလိုက် အလိုအလျောက် ပြောင်းလဲနိုင်သည့်အပြင်၊
အရေးကြီးဆုံးက မည်သည့်အချိန်မျှ ညစ်ပတ်ခြင်းမရှိဘဲ အမြဲတမ်း ဖြူစင်သန့်ရှင်းနေခြင်းပင်။
ထိုသို့ရှိပါမှတော့ အဝတ်အစားကိုဝယ်ရန် အဘယ်ကြောင့် ရမှတ်များကို အလဟဿ အကုန်ခံပါတော့မည်နည်း။
သူမက မြို့တော် B အခြေစိုက်စခန်း၏ အဆောက်အအုံများနှင့် အသုံးအဆောင်များကို ကြည့်၍ အံ့ဩမဆုံးပင် ဖြစ်နေမိ၏။
ဤနေရာက ကမ္ဘာပျက်ကပ် မတိုင်မီက မြို့ကြီးတစ်မြို့နှင့်ပင် တူပေသည်။
ဤနေရာရှိ လူများ၏ မျက်နှာတွင် သန္ဓေပြောင်းသတ္တဝါများကို ကြောက်လန့်သည့် အရိပ်အယောင်များက မရှိတော့ဘဲ ပင်ပန်းနွမ်းနယ်မှုနှင့် ထုံထိုင်းနေမှုများကိုသာ မြင်တွေ့ရလေသည်။
ထိုအချိန်တွင် ရှန်ကျစ်ဟူက စစ်ဌာနချုပ်၏ အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းမသို့ ရောက်ရှိနေပြီ ဖြစ်သည်။
***