စာဖတ်သူများသို့ ပန်ကြားခြင်း “ လီယီတောင်း စာစဉ်ကို ရေးလာရင်း တဝက်လောက် အရောက်မှာပဲ MTL ဖြစ်နေတာ ကြုံခဲ့ရပါတယ်။ အဲဒီအပိုင်းတွေ ဇာတ်လမ်းကို စာဖတ်သူများ ချောချောမွေ့မွေ့ ဖတ်နိုင်အောင် လိုအပ်တာတွေ ပြင်ဆင်ဖြည့်စွက် ရေးသားခဲ့ပါတယ်။ အခု ဇာတ်သိမ်းဖို့ နီးလာတဲ့ အပိုင်းတွေ တလျှောက်မှာ MTL က ပိုဆိုးလာပါတယ်။ စာကြောင်း တဝက်တပျက်တွေ၊ အဆက်အစပ် မရှိတာတွေ ဖြစ်လာပါတယ်။ ပြီးတော့ ဇာတ်လမ်းက မြှုပ်ကွက်တွေနဲ့ ရှုပ်နေပါတယ်။ ဒီဟာတွေကို ကျနော် တတ်စွမ်းသလောက် ပြင်ဆင်ဖြည့်စွက်ထားပါတယ်။ တချို့နေရာတွေမှာ အရမ်းထောက်နေတဲ့အတွက် စကားပြော အသုံးပြုပြီး စာအသွားအလာ ချောအောင် ရေးသားထားပါတယ်။ စာဖတ်သူများ အဆင်ပြေပြေ ဖတ်ရှုနိုင်အောင် အတတ်နိုင်ဆုံး ရေးသားထားပါတယ်။ ဇာတ်လမ်း တချို့နေရာတွေမှာ အဆက်အစပ် မမိနေတာမျိုး၊ ဇာတ်လမ်း ရှုပ်ထွေးနေတာမျိုး ရှိရင် နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်အပ်ပါတယ်ခင်ဗျာ့။ “ ……………………………………………………………………………………………………………………………………………
အခန်း ၂၅၁ - တောင်တန်းနောက်ကွယ်မှ မီးတောက်
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ တင်းမာနေသည့် လေထုကလည်း ဖြည်းဖြည်းချင်း ပြေလျော့သွား၏။
ယွင်မြို့မှ အမျိုးသားတစ်ဦး အနားသို့ ချဉ်းကပ်လာပြီး အဘိုးအိုနှင့် လီယီတောင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများထဲတွင် တောင်းပန်မှုတို့ အပြည့်။
"အကြီးအကဲဖူ... ဒီတစ်ခေါက် အဘိုးကို လန့်သွားစေတဲ့အတွက် ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်ဗျာ..."
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ယွင်မြို့က အဘိုးကို သေချာ ရှင်းပြပါ့မယ်... ကျန်တဲ့ ခရီးစဉ်အတွက် ကျွန်တော်တို့ကိုပဲ ဆက်ပြီး လမ်းပြခွင့် ပြုပါလားဗျာ..."
ဤနေရာတွင်တော့ အဘိုးအိုအား မေးမြန်းရန် လိုအပ်လာပြီ ဖြစ်သည်။ အဓိကအားဖြင့် အဘိုးအိုက သူတို့ကို ယုံကြည်သေးသလား၊ လီယီတောင်းတို့ကို ဆက်လက် လမ်းပြခေါ်ဆောင်ခွင့် ပြုပါဦးမည်လား ဆိုသည်ကို သိချင်၍ပင်။
မည်သို့ပင်ဖြစ်စေ... နောက်ထပ် မမျှော်လင့်ထားသည့် ပြဿနာများ ထပ်ပေါ်လာပါက ကိစ္စများ ခက်ခဲကုန်တော့မည် မဟုတ်ပါလား။
ထို့ကြောင့် သူတို့ မေးမြန်းလိုက်ခြင်း ဖြစ်၏။
သို့သော် တကယ်တမ်းတွင်တော့... ထောင်ချောက်ထဲတွင် ထောင်ချောက် ထပ်ဆင်ထားရန် ဆိုသည်မှာ သိပ်တော့ မဖြစ်နိုင်လှပေ။
အနည်းဆုံးတော့ လက်ရှိ အခြေအနေအရ မဖြစ်နိုင်ဟု ဆိုရမည်။
မည်သို့ပင်ဖြစ်စေ ထောင်ချောက်တစ်ခု ဖြစ်စေ၊ လူတစ်ယောက်၏ သစ္စာဖောက်မှု ဖြစ်စေ... ၎င်းမှာ ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်နေလေပြီ။
အခြားသူတစ်ယောက်၏ ယုံကြည်မှုကို ရရန်အတွက် သစ္စာဖောက် တစ်ယောက်ကို စတေးလိုက်ပြီး၊ နောက်ဆုံးတွင် ထိုသူကပင် သူတို့ကို ပြန်သစ္စာဖောက်ရန်လော။
အကယ်၍များ ဤမျှအထိ အကွက်ချ စီစဉ်နိုင်ခဲ့သည် ဆိုလျှင်တော့... တကယ့်ကို အံ့မခန်းပင်။
သူတို့သာ ဤမျှအထိ စီစဉ်ထားနိုင်ခဲ့သည် ဆိုလျှင်တော့... လီယီတောင်းတို့ အနေဖြင့် မိမိကိုယ်ကို ကံဆိုးသည်ဟုသာ မှတ်ယူရတော့မည်။
ထိုသို့ ထူးဆန်းသည့် အတွေးအခေါ် ရှိသူများကိုမူ သတိထား ကာကွယ်ရန် တကယ် ခက်ခဲလှပေသည်။
သို့သော် လတ်တလော တိုက်ပွဲကို ကြည့်ရသလောက် တစ်ဖက်လူများတွင် ထိုသို့သော ပြဿနာမျိုး မရှိသည်မှာ သေချာပါသည်။
အဘိုးအိုက တစ်ဖက်လူကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီးနောက် ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်၏။
ဆိုလိုရင်းကတော့ ရှင်းလင်းနေလေပြီ။
ထိုအခါမှ တစ်ဖက်လူလည်း သက်ပြင်းချကာ စိတ်အေးသွားတော့သည်။
အဘိုးအိုသာ ခေါင်းမညိတ်ပါက သူတို့ အကြပ်ရိုက်သွားပေလိမ့်မည်။ ၎င်းမှာ သူတို့ မျိုးနွယ်စု တစ်ခုလုံးနှင့် ယွင်မြို့ တစ်မြို့လုံးအတွက်ပါ မကောင်းလှ။
ကံကောင်းသည်မှာ... အဘိုးအိုက သိပ်ပြီး အလေးအနက် မထားဘဲ သူတို့ကို ယုံကြည်နေဆဲပင်။
"အကြီးအကဲဖူ... ဒါဆို ခဏလောက် နားလိုက်ကြရအောင်ဗျာ... ဆယ်မိနစ်လောက်နေရင် ကျွန်တော်တို့ ထွက်ကြမယ်... ကျွန်တော်တို့လူတွေ ရှေ့ကနေ သွားပြီး လမ်းရှင်းပေးပါ့မယ်..."
ပြောပြီးသည်နှင့် သူ ထွက်သွားရန် ပြင်လိုက်စဉ် အဘိုးအိုက စကားစလိုက်၏။
"မင်းတို့ ချိုင့်ဝှမ်းကို ဖြတ်ပြီး သွားမကြည့်ကြတော့ဘူးလား..."
အဘိုးအို စကားကြောင့် တစ်ဖက်လူ ခေတ္တမျှ ကြောင်အသွားသည်။ ထို့နောက် အောင့်သက်သက် ပြုံးကာ ပြောလိုက်၏။ "သေချာပေါက် သွားကြည့်ရမှာပေါ့ဗျာ... ဒါပေမဲ့ အဘိုးတို့ကို သွားချင်တဲ့ နေရာ ရောက်အောင် အရင် ပို့ပေးပြီးမှပါ... ပြီးတာနဲ့ ကျွန်တော်တို့ ပြန်လာပြီး သွားကြည့်ပါ့မယ်..."
"ဒီကိစ္စကို ကျွန်တော်တို့ မျိုးနွယ်စုကို ရှင်းပြဖို့ လိုတယ်လေ... တကယ်လို့များ အဲဒီထဲမှာ ကျွန်တော်တို့ သေသွားခဲ့ရင်တောင်... အကြီးအကဲဖူက ကျွန်တော်တို့အတွက် စကားလေး တစ်ခွန်းလောက်တော့ ပြောပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ..."
"ကျွန်တော်တို့ မိသားစုတွေအတွက်တော့ မျိုးနွယ်စုက ထုံးစံအတိုင်းပဲ ထောက်ပံ့ပေးဖို့ တောင်းဆိုရမှာပေါ့..."
၎င်းက ယွင်မြို့၏ စည်းမျဉ်း တစ်ခု ဖြစ်ပေသည်။ သူတို့နှင့် ယခုလေးတင် သစ္စာဖောက်သွားသူတို့သည် သာမန် အဖွဲ့တစ်ခုသာ မဟုတ်ဘဲ... အမှန်တကယ်တော့ မျိုးနွယ်စုငယ် တစ်ခု (သို့မဟုတ်) မိသားစု တစ်ခု ဖြစ်ကြသည်။
သို့ဖြစ်ရာ သူတို့အနက်မှ တစ်ယောက်ယောက် ပြဿနာတက်ပါက တစ်ဖွဲ့လုံးကို ထိခိုက်စေမည်မှာ သဘာဝပင်။
ထို့ကြောင့်ပင် သစ္စာဖောက်ထံမှ ပြဿနာ အရိပ်အယောင် မြင်လိုက်သည်နှင့် တပြိုင်နက် သူတို့ တုံ့ဆိုင်းမနေဘဲ ချက်ချင်း အရေးယူခဲ့ကြခြင်း ဖြစ်သည်။
ဤသို့ လုပ်လိုက်မှသာ သူတို့ အမှားကို ပြင်ဆင်နိုင်မည့် အခွင့်အရေး ရနိုင်ပြီး သူတို့ မိသားစုများ၏ လုံခြုံရေးကိုလည်း အာမခံနိုင်မည် မဟုတ်ပါလား။
နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုမှာ ဤကိစ္စကို မည်သူမှ မသိလိုက်ခြင်းပင်။ အားလုံး သေကုန်ခြင်း ဖြစ်စေ၊ အားလုံး သစ္စာဖောက်သွားကြခြင်း ဖြစ်စေပေါ့။
တခြား နည်းလမ်း တစ်ခုလည်း ရှိသေးသည်။ သစ္စာဖောက်ရသည့် အကြောင်းရင်းကို ရှာဖွေပြီး မျိုးနွယ်စုကို ကြီးမားသည့် အန္တရာယ်မှ ကယ်တင်ရန်ပင်။
ထိုသို့ဆိုလျှင် သူတို့ အပြစ်ကင်းရုံသာမက ကုသိုလ်ပင် ရနိုင်သေး၏။
စုပေါင်း တာဝန်ယူရသည့် ပြစ်ဒဏ်က ရက်စက်လွန်းပေမယ့် လုံလောက်စွာ ပြန်လည် ပေးဆပ်နိုင်မည့် အခွင့်အရေးလည်း ရှိနေပါသေးသည်။ ၎င်းက သူတို့ မည်သို့ ရွေးချယ် ဖြေရှင်းမည် ဆိုသည့်အပေါ်တွင်သာ မူတည်နေ၏။
ထို့ကြောင့် သူတို့ ဤဆုံးဖြတ်ချက်ကို ချလိုက်ကြခြင်း ဖြစ်သည်။
လီယီတောင်းတို့ကို လိုက်ပို့ပြီးသည်နှင့် နောက်ကွယ်ရှိ ကိစ္စအားလုံးကို ဖော်ထုတ်ရန် သူတို့ ပြန်လာကြမည်။ သူတို့ အသက်ကို စတေးရမည် ဆိုလျှင်တောင် တုံ့ဆိုင်းနေမည် မဟုတ်ပေ။
သတင်းပြန်ပို့ပေးနိုင်မည့် သူ တစ်ယောက်ရှိနေသရွေ့ သူတို့ မိသားစုများအတွက် သင့်တင့်သည့် စောင့်ရှောက်မှုများ ရရှိနိုင်မည် မဟုတ်ပါလား။
၎င်းက သူတို့၏ အစီအစဉ်ပင် ဖြစ်သည်။
အဘိုးအိုက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
"ဒီလိုမှတော့ အတူတူ သွားကြည့်ကြတာပေါ့..."
အဘိုးအိုက အကြံပြုလိုက်သည်။
"အခု အကြီးအကဲလင်း ဘက်ကို သွားလည်း ဘာမှ ထူးမှာမှ မဟုတ်တာ..."
ပြောပြီးသည်နှင့် အဘိုးအိုက မတ်တတ်ရပ်လိုက်ပြီး ဘာစကားမှ ထပ်မပြောတော့ဘဲ တောင်တန်းရှိရာဘက်သို့ ဦးတည် လျှောက်သွားလေသည်။
အဘိုးအို၏ လှုပ်ရှားမှုကို ကြည့်ပြီး လီယီတောင်းလည်း တုံ့ဆိုင်းမနေတော့ဘဲ မတ်တတ်ရပ်လိုက်ကာ တောင်တန်းဆီသို့ သွက်သွက်လက်လက် လျှောက်သွားလိုက်သည်။
ယန်ချင်းယွဲ့ ကလည်း တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ နောက်မှ လိုက်သွားလေ၏။
ကျိုးရှုရီ မျက်လုံးထဲတွင်တော့ နားမလည်နိုင်သည့် အရိပ်အငွေ့တို့ အထင်းသား။
ထို့နောက် သူမ၏ မျက်နှာက ပြန်လည် တည်ငြိမ်သွားပြီး အပ်အိတ်ကို ဆွဲကာ နောက်မှ လိုက်သွားတော့သည်။
သူမ ဘာလုပ်မည် ဆိုသည်ကို လုပ်ရပ်ဖြင့် သက်သေပြလိုက်ခြင်းပင်။
ကျန်နေခဲ့သည့် ယွင်မြို့မှ လူများကတော့ အဘိုးအိုတို့၏ လုပ်ရပ်ကို မြင်ပြီးနောက် အားလုံး၏ မျက်လုံးထဲတွင် ကျေးဇူးတင်မှုများ အထင်းသား ပေါ်လွင်နေသည်ဟု ဆိုရပေမည်။
အဘိုးအိုတို့က သူတို့နှင့်အတူ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ပေးလိမ့်မည်ဟု တကယ်ကို ထင်မထားခဲ့ကြပေ။
၎င်းက အန္တရာယ် များနိုင်သည့် အလုပ်ဆိုတာ သိသာလွန်းနေသည် မဟုတ်ပါလား။
အစောက ပြောခဲ့သလို ထောင်ချောက်များ အဆင်သင့် ရှိနေမည်ဖြစ်ရာ ရှောင်လွှဲ၍မရသည့် အန္တရာယ်များ၊ ပြဿနာများ ရှိနေမည်မှာ အသေအချာပင်။
သို့သော်... အဘိုးအိုတို့ကတော့ ရှေ့ဆက်ရန် ရွေးချယ်ခဲ့ကြ၏။
ဤသို့သော အခြေအနေမျိုးတွင် သူတို့ မည်သို့လုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
မည်သူမှ စကားမပြောကြပေ။ တိတ်ဆိတ်စွာဖြင့် ရှေ့သို့ ထွက်လာကြသည်။ အချို့က ရှေ့ဆုံးမှ၊ အချို့က ကာကွယ်ရန် နောက်ချန်နေခဲ့ပြီး၊ အချို့က ဘယ်ညာ နေရာယူလိုက်ကြ၏။
အတိုချုပ် ပြောရလျှင် သူတို့က အလယ်တွင်ရှိသော အဘိုးအိုတို့ကို အကာအကွယ် ပေးထားခြင်း ဖြစ်သည်။
ထိုလူများ၏ လုပ်ရပ်ကို ကြည့်ပြီး လီယီတောင်းတို့လည်း ဘာမှ မလုပ်ဘဲ ငြိမ်နေလိုက်ကြသည်။
တစ်ဖက်လူက ဤသို့ လုပ်ရန် ရွေးချယ်လာမှတော့ သူတို့လည်း အလိုက်သင့် လိုက်ပါသွားရန် ဆုံးဖြတ်လိုက်ကြ၏။
မည်သို့ပင်ဖြစ်စေ အန္တရာယ်နှင့် တကယ် ကြုံလာရပါက တိုက်ပွဲတွင်း အခြေအနေကို အကဲခတ်ပြီးမှ လှုပ်ရှားရမည် မဟုတ်ပါလား။
တကယ့် တိုက်ပွဲက မည်သို့ အဆုံးသတ်သွားမည် ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွား၏။
မကြာမီမှာပင် တောင်ထိပ်သို့ ရောက်ရှိသွားကြသည်။
တောင်ထိပ်ပေါ်မှနေ၍ အောက်ဘက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ လီယီတောင်း တစ်ယောက်ပင် ခဏတာ မှင်သက်သွားလေသည်။
တောင်နောက်ဘက်ရှိ နေရာငယ်လေး တစ်ခုတွင် အခြားနေရာများနှင့် လုံးဝ ကွဲပြားခြားနားနေသည့် ပတ်ဝန်းကျင်တစ်ခု ရှိနေ၏။
အရာအားလုံးက သွေးရောင်ပမာ နီရဲနေသည့် ပင်လယ်ပြင်ကြီး တစ်ခုလိုပင်။
သေချာ ကြည့်လိုက်သည့်အခါမှ နီရဲနေသည့် မေပယ်တောအုပ်ကြီး ဖြစ်နေမှန်း သိလိုက်ရသည်။
အနီရောင် သစ်ပင်များနှင့် မြေပြင်ပေါ်ရှိ အနီရောင် မြက်ခင်းများက လီယီတောင်းတို့ကို အံ့သြမှင်သက်သွားစေသည်။
ဤသို့သော ပတ်ဝန်းကျင်မျိုးမှာ ထူးခြားဆန်းပြားသော အကြောင်းအရင်း တစ်ခုခု မရှိဘဲ လွယ်လွယ်ကူကူ ပေါ်ပေါက်လာမည်တော့ မဟုတ်ပေ။
"အကြီးအကဲဖူ... ကျွန်တော်တို့ကို ဒီကနေပဲ စောင့်ပေးပါ... တကယ်လို့ ကျွန်တော်တို့ အန္တရာယ်တစ်ခုခုနဲ့ ကြုံရရင် အကြီးအကဲလင်းတို့ကို သွားရှာပါနော်..."
အမျိုးသားတစ်ဦးက ပြောလိုက်သည်။
"ဟူချီ... မင်း နောက်မှာ ကျန်ခဲ့ရမယ်... ငါတို့ ပြန်မလာဘူးဆိုရင် အကြီးအကဲဖူကို အကြီးအကဲလင်းဆီ ခေါ်သွားပေး..."
ထိုလူက အဖွဲ့ထဲရှိ အငယ်ဆုံး အဖွဲ့ဝင်ကို လှည့်ပြောလိုက်၏။
ဟူချီ ဆိုသူ ခေတ္တမျှ တုံ့ဆိုင်းသွားသည်။
ထို့နောက် သူ့မျက်လုံးထဲတွင် မလိုလားသည့် အရိပ်အယောင်လေး ပေါ်လာသော်လည်း ခေါင်းညိတ်ပြလိုက်ရှာသည်။
သူ ကျန်ရစ်ခဲ့လျှင် ဖြစ်လာမည့် အကျိုးဆက်များနှင့် မနေခဲ့လျှင် ဖြစ်လာနိုင်သည့် ပြဿနာများကို သူ ကောင်းကောင်း သိနေသည်လေ။
သို့သော် အရာများစွာက ရှောင်လွှဲ၍ မရနိုင်ပေ။
အမှန်တော့ သူက အငယ်ဆုံးဖြစ်ပြီး မည်သည့် ရှုထောင့်က ကြည့်ကြည့် သူ ကျန်ခဲ့ရမည်က သဘာဝကျနေ၏။
ဤသို့သော အခြေအနေတွင် သူ ငြင်းဆန်စရာ အကြောင်းပြချက် မရှိတော့ပေ။
သူတို့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အဘိုးအိုက ကန့်ကွက်ခြင်း မရှိပေ။ ၎င်းက သူတို့ ဆုံးဖြတ်ချက်ပင်။ ဤသို့သော အခြေအနေမျိုးတွင် သူတို့၏ သဘောထားကို သူ လေးစားရမည်မှာ သဘာဝပင်။
သို့သော်...
သူတို့ အန္တရာယ်ကြုံရလျှင် ဒီတိုင်း ထားခဲ့ရန်ကိုတော့ အဘိုးအို တကယ် သဘောမတူနိုင်ပေ။ တကယ့် အန္တရာယ် ကြုံလာပြီဆိုလျှင်တော့ သူတို့ ဝင်ပါရပေလိမ့်မည်။
အဖွဲ့က ကုန်းဆင်းလေးအတိုင်း ဖြည်းဖြည်းချင်း ဆင်းသွားကြလေပြီ။
အထူးသဖြင့် သူတို့၏ ပိုးကောင်ငယ်လေးများက ယခုအချိန်တွင် မြေအောက်သို့ ရောက်နေကြပြီး သူတို့ ရှေ့ဆက်ရမည့် လမ်းကြောင်းအတွက် လမ်းပြပေးနေကြ၏။
သိပ်သည်းနေသည့် ပိုးကောင်အုပ်ကြီးက နေရာအနှံ့ ပြန့်ကျဲနေပြီး အချိန်မရွေး လှုပ်ရှားရန် အသင့်ဖြစ်နေလျက်။
သူတို့၏ အမြန်နှုန်းက တကယ့်ကို အံ့မခန်းပင်။
အန္တရာယ် တစ်ခုခုနှင့် သာ ကြုံတွေ့လိုက်ရပါက သူတို့က ချက်ချင်း တိုက်ခိုက်ကြမည်မှာ အသေအချာ။
သူတို့ ရှေ့ဆက်တော့မည့် အချိန်မှာပင် အဘိုးအိုက လီယီတောင်းကို ရုတ်တရက် လှမ်းကြည့်ပြီး မေးလိုက်သည်။
"မင်း သူတို့ရဲ့ ကံကြမ္မာကို မြင်နိုင်လား..."
အဘိုးအို၏ မေးခွန်းက လီယီတောင်းတွင် ထူးခြားသည့် စွမ်းရည်အချို့ ရှိနေသည်ကို သိနေကြောင်း သွယ်ဝိုက် ဖော်ပြနေ၏။
လီယီတောင်း တစ်ယောက် ခေတ္တမျှ မှင်သက်သွား၏။
'ဟုတ်သားပဲ... ငါသာ သူတို့ သေရမယ့် အကြောင်းရင်းကို စစ်ဆေးနိုင်ရင်... အခြေအနေကို အလိုက်သင့် ဖြေရှင်းလို့ ရနိုင်တယ် မဟုတ်လား...'
သူ တုံ့ဆိုင်းမနေတော့ဘဲ အဖွဲ့ကို ချက်ချင်း စိုက်ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင်။ ယွင်မြို့မှ လူများ အားလုံးတွင် သေဆုံးမည့် အသိပေးချက်များ ရှိနေလေပြီ။
သို့သော် သေဆုံးနိုင်ခြေက သိပ်တော့ မများလှပေ။
ခေါင်းဆောင်ဖြစ်သူ တစ်ယောက်တည်းတွင်သာ ၉၅% ရှိနေပြီး ကျန်သည့်သူများကတော့ ၆၀% ခန့်သာ ရှိသည်။
ပုံမှန် သေဆုံးနိုင်ခြေ ပျမ်းမျှထက် ကျော်လွန်နေသည် ဆိုသော်လည်း အနည်းငယ်မျှ သတိထားလိုက်ပါက အဆင်ပြေနိုင်လောက်ပါသည်။
သေဆုံးမည့် အသိပေးချက်များ ပေါ်လာသည်နှင့် တပြိုင်နက် လီယီတောင်းလည်း ထပ်မစဉ်းစားနေတော့ဘဲ သေဆုံးနိုင်ခြေ စစ်ဆေးခြင်း ကို ချက်ချင်း စတင်လိုက်တော့သည်။
စစ်ဆေးမှု ရလဒ်များ ထွက်လာသည့်အခါ လီယီတောင်း မျက်လုံးများ ပြူးကျယ်သွားတော့သည်။
'လခွမ်း... ဒါ... ဒါကြောင့်လားဟ...'
အောက်ဘက်ရှိ မီးတောက်များလို နီရဲနေသည့် တောအုပ်ကြီးကို သူ စူးစူးစိုက်စိုက် ကြည့်လိုက်မိ၏။
သက်ပြင်း တစ်ချက် ချလိုက်ပြီးနောက် သူ့မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားလေသည်။
အားလုံးက သံသယဖြစ်နေသည့် မျက်နှာများဖြင့် လီယီတောင်းကို ဝိုင်းကြည့်နေကြ၏။
လီယီတောင်းက လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့် သေဆုံးနိုင်ခြေ စစ်ဆေးခြင်း မှ ရလာသော အချက်အလက်များကို ဖြည်းဖြည်းချင်း ပြောပြလိုက်လေတော့သည်။