အခန်း ၂၅၄ - ယွင်မြို့
'စောင့်ကြရအောင်…'
နောက်ဆုံးတွင် အဘိုးအိုဆီမှ အသံထွက်လာ၏။
"တကယ်လို့ အခြေအနေက အဲဒီလောက်ထိ ဆိုးသွားမယ်ဆိုရင် မင်းတို့ ဝင်မပါနဲ့... ယီတောင်း... မင်းက သူတို့ကို ကာကွယ်ပြီး လွတ်အောင် ခေါ်သွားပေးရမယ်..."
"မင်းက ဒီသတ္တဝါတွေရဲ့ အန္တရာယ် ဘယ်လောက် ကြီးတယ် ဆိုတာကို အပြည့်အဝ နားမလည်လောက်ဘူး... လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက မင်းက ငယ်သေးတယ်လေ... ဒီလောကကြီး အကြောင်း သိပ်မသိသေးဘူး..."
"အဲဒီတုန်းက လူတချို့သာ ကိုယ့်အသက်ကို စတေးပြီး မကာကွယ်ခဲ့ဘူးဆိုရင် အခု ကမ္ဘာကြီးက ဒီလိုပုံစံမျိုး ဖြစ်နေမှာ မဟုတ်ဘူး..."
အဘိုးအို၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်လေးများ တွယ်ကပ်နေလျက်။
သူတို့ထဲမှ တစ်ကောင်တည်း လွတ်မြောက်သွားမည်ကိုပင် သူ လုံးဝ လက်မခံနိုင်ပေ။ ထို့ကြောင့် ဤဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။
ယွင်မြို့မှ လူများ စစ်ကူပေးရန်အတွက် အမြန်ဆုံး ရောက်မည်ဟု သူ ယုံကြည်ထား၏။
သို့သော် လီယီတောင်းကတော့ စနစ်၏ အသိပေးချက်များကိုသာ ယုံကြည်နေဆဲပင်။
ထို့ပြင် သူတို့ ပိုင်ဆိုင်ထားသည့် စွမ်းအားများနှင့်... အထူးသဖြင့် အဘိုးအို ကိုယ်တိုင် ဦးဆောင်နေသည်မို့... ပြိုင်ဘက်ကို အနိုင်မရလျှင်ပင် အသက်ရှင်လျက်တော့ ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။
ထိုအချက်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ဤအထိ တွေးမိသောအခါ လီယီတောင်း ဆက်မတွေးတော့ပေ။
ကိစ္စမရှိပါဘူး၊ ဒီလိုဆိုတော့လည်း ဒီလိုပေါ့လေ။ ပြဿနာရှိရင် ဖြေရှင်းနည်း ရှိတယ် မဟုတ်လား။ …………….
ယွင်မြို့မှာ သစ်သားအိမ် အရွယ်အစားစုံ စုဝေးနေသည့် မြို့လေး တစ်မြို့ ဖြစ်၏။
မကြာသေးမီ နှစ်များအတွင်းကမှ အုတ်နှင့် အုတ်ကြွပ်ဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံများ တိုးပွားလာခြင်း ဖြစ်၏။
သို့သော် ယွင်မြို့ ပုံစံက ခေတ်ဟောင်းဆန်ဆန် လှပနေဆဲပင်။
တန်းစီ ဆက်သွယ်ထားသည့် သစ်သားအိမ်လေးများ။
ထိုသစ်သားအိမ်လေးများ အောက်တွင် စီးဆင်းနေသည့် ချောင်းလေး တစ်ချောင်း။
၎င်းမှာ ထူးခြားသည့် အနုပညာဆန်ဆန် ပုံရိပ်တစ်ခုပင်။
ယွင်မြို့၏ ထူးခြားသည့် အင်္ဂါရပ်တစ်ခုဆိုလည်း ဟုတ်ပေသည်။
ယွင်မြို့၏ အလယ်ဗဟိုတွင် အကြီးဆုံး အဆောက်အအုံကြီး တစ်ခု ရှိနေပြီး အုတ်၊ အုတ်ကြွပ်များနှင့် ဝါး၊ သစ်သားတို့ကို ပေါင်းစပ် တည်ဆောက်ထားသည့် ထူးခြားသော တည်ဆောက်ပုံ ရှိပြီး အထပ်ပေါင်း ၃၂ ထပ် ပါဝင်လေသည်။
၎င်းမှာ အံ့ဖွယ်တစ်ခုပင်။
ထိပ်ဆုံးထပ်ရှိ အစည်းအဝေးခန်း တစ်ခုထဲသို့ လူအချို့ စိုးရိမ်တကြီး ဝင်ရောက်လာကြသည်။
အစည်းအဝေးခန်းထဲတွင် ခေတ်မီ စက်ကိရိယာ မျိုးစုံကို တပ်ဆင်ထား၏။
လွန်ခဲ့သော ခဏလေးကမှ တောင်တန်းများဆီမှ အချက်ပြတစ်ခုကို လက်ခံရရှိခဲ့၍ သူတို့အားလုံး စိုးရိမ်တုန်လှုပ်နေကြ၏။
အစည်းအဝေးခန်းထဲ လူများ တဖြည်းဖြည်း စုံလင်လာသည်နှင့်အမျှ အဘိုးအို တစ်ဦးက အပြင်ဘက်မှ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။
အဘိုးအို ဝင်လာသည်နှင့် အစည်းအဝေးခန်း တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွား၏။
ဤအဘိုးအိုက အတော်လေး အသက်ကြီးနေလေပြီ။
သို့သော် ဤသို့သော အခြေအနေမျိုးတွင်ပင် သူ့ခွန်အားများ ပြည့်ဝနေဆဲပင်။
သူ၏ တောက်ပသော မျက်လုံးများက စူးရှလွန်း၏။
"ဘာလို့ ပြာယာခတ်နေကြတာလဲ... ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကြစမ်း။"
သူက ခန့်ညားထည်ဝါသော ဟန်ပန်ဖြင့် စားပွဲထိပ်တွင် ဝင်ထိုင်လိုက်သည်။ တဆက်တည်းမှာပင် သူ၏အေးစက်စက် သက်ပြင်းချသံကြောင့် အားလုံး အလိုလို ခေါင်းငုံ့သွားကြ၏။
သူတို့၏ မျက်လုံးများထဲတွင် စိုးရွံ့မှုတို့က အထင်းသား။
လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုခန့်ကလည်း ဤသို့သော ပြဿနာမျိုးကို သူတို့ ရင်ဆိုင်ခဲ့ရဖူးပေသည်။ ထိုစဉ်က အထူးအခြေအနေ အချို့ကြောင့်သာ မဟုတ်လျှင် သူတို့အားလုံး မျိုးသုဉ်းခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့် ဤအခြေအနေမျိုးကို နောက်တဖန် ပြန်လည် ကြုံတွေ့ရချိန်တွင် သူတို့ စိုးရိမ်ထိတ်လန့်နေသည်မှာ မထူးဆန်းလှ။
သို့သော် ဤနှစ်များအတွင်း သူတို့၏ ခုခံကာကွယ်ရေး ဗျူဟာများကလည်း ပိုမိုတိုးတက်လာခဲ့သည်ကို လျစ်လျူရှု၍တော့ မရပေ။
"ကဲ... အားလုံး စိတ်ဓာတ်ကျနေတဲ့ ပုံစံတွေ မလုပ်ကြပါနဲ့... ဒီကိစ္စက ငါတို့အတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာ အားလုံး သိပြီးသားပါ... "
"ငါ ကြိုတင် စီစဉ်ထားပြီးပြီ... တကယ်လို့ တစ်ယောက်ယောက်က ဒီတာဝန်ကို မထမ်းဆောင်နိုင်ဘူး ဒါမှမဟုတ် မသွားချင်ဘူးလို့ ထင်ရင် အခု ပြောပါ..."
"ဘယ်သူမှ မပြောဘူး ဆိုရင်တော့ အားလုံး သဘောတူတယ်လို့ မှတ်လိုက်မယ်... ဒါဆိုရင် မင်းတို့က မင်းတို့ရဲ့ စခန်းနဲ့ မျိုးနွယ်စု တစ်ခုလုံးရဲ့ အသက်ကို လောင်းကြေးထပ်ပြီး တာဝန်ကို ပြီးဆုံးအောင် ထမ်းဆောင်ရမယ်... နားလည်လား..."
"နားလည်ပါတယ်…"
လူတိုင်းက တစ်သံတည်း ပြန်လည် ဖြေကြားလိုက်ကြသည်။
၎င်းမှာ အမိန့် တစ်ခုပင်။
အချိန်များ ကုန်လွန်သွား၏။
ဤအဘိုးအိုက အမိန့်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်လေသည်။
အမိန့်များ အားလုံးက တစ်ခုနှင့်တစ်ခု အချိတ်အဆက် မိနေ၏။
ထိုမျှမကသေး၊ မအောင်မြင်ပါက အသုံးပြုရန်အတွက် အရန် အစီအစဉ်များကိုလည်း သူတို့ ရေးဆွဲထားကြသည်။
ဤသို့ဖြင့် သူတို် စစ်ဆင်ရေးကို အလျင်အမြန် စတင်လိုက်ကြလေပြီ။
သူတို့အတွက် ယခု အရေးအကြီးဆုံးနှင့် အလိုအပ်ဆုံး ကိစ္စမှာ ဤပြဿနာကို ဖြေရှင်းရန်ပင်။
ကြီးမားသည့် ပေးဆပ်မှုများ ကြုံရမည် ဆိုလျှင်တောင် ဤပြဿနာကို မဖြစ်မနေ ဖြေရှင်းရပေမည်။
သူတို့ကို စောင့်ကြိုနေသည့် အရာက ရိုးရှင်းမည် မဟုတ်ပေ..။