အခန်း ၂၅၅ - စစ်ကူ ရောက်လာပြီ
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီး နေ့တစ်နေ့နှင့် ညတစ်ည ကြာညောင်းခဲ့လေပြီ။
တောင်ထိပ်ပေါ်တွင် စောင့်ဆိုင်းနေကြသည့် လီယီတောင်းတို့မှာ နိုးနိုးကြားကြား။
သူတို့ စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပေသည်။
သို့သော်...
သူတို့၏ အချိန်က ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။
လီယီတောင်း၏ ထူးခြားသည့် စွမ်းရည် သို့မဟုတ် ကျွမ်းကျင်မှုကို အသုံးမပြုဘဲနှင့်ပင် အောက်ဘက်တွင် စတင်နေပြီဖြစ်သော မီးတောက်များကဲ့သို့ အနီရောင်များ ပြောင်းလဲလာမှုကို မြင်တွေ့နေရပြီ ဖြစ်သည်။
၎င်းတို့က အဆက်မပြတ် ကျယ်ပြန့်လာနေလျက်။
ဟုတ်ပေသည်။
သူတို့က တဖြည်းဖြည်းချင်း အသက်ဝင်လာကြလေပြီ။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ယခုအချိန်၌ သူတို့ စတင် နိုးထနေကြပြီ ဖြစ်သည်။
ထို့ကြောင့် ယခု မလှုပ်ရှားလျှင်… သို့မဟုတ် ယခုမှ မတုံ့ပြန်လျှင်… မိမိတို့အတွက် ကိုယ်ကျိုးနည်းပေတော့မည်။
လီယီတောင်း မတ်တတ်ရပ်လိုက်ပြီး အဘိုးအိုကို တစ်ချက် ကြည့်လိုက်သည်။
"ကျွန်တော်တို့ အခု မလှုပ်ရှားသင့်သေးဘူးလား... တကယ်လို့ သူတို့ အချိန်မီ မရောက်လာနိုင်ရင်..."
"သူတို့ လုပ်နိုင်ပါတယ်... သူတို့ လာမယ်လို့ ငါ ယုံကြည်တယ်..."
အဘိုးအိုက လီယီတောင်း စကားမဆုံးခင်မှာပင် ဖြတ်ပြောလိုက်သည်။
လက်ရှိ အခြေအနေအရ တစ်ဖက်လူများ အချိန်မီ ရောက်လာနိုင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
သို့သော်... အဘိုးအိုက ဆက်လက် စောင့်ဆိုင်းချင်နေဆဲပင်။
သို့သော် ယခုထိ သူတို့ ရောက်မလာကြသေးပေ။
"ဆရာ... ကျွန်မတို့ အခု မလှုပ်ရှားဘူး ဆိုရင်... နောက်ကျသွားပြီနော်..."
နောက်ထပ် မိနစ်အနည်းငယ် အကြာတွင် ယန်ချင်းယွဲ့ ၏ အသံ ထွက်ပေါ်လာပြန်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ အကြည့်များတွင် အံ့သြထိတ်လန့်မှုနှင့် လေးနက်တည်ကြည်မှု အရိပ်အယောင်များ ပါဝင်နေလျက်။
သူမ၏ လက်များက စတင် လှုပ်ရှားနေပြီ ဖြစ်သည်။
မရေမတွက်နိုင်သော ရေစက်များက သူမ၏ လက်ဖဝါးထဲတွင် စတင် စုစည်းလာလေပြီ။
အချိန်မရွေး တိုက်ခိုက်ရန် သူမ အသင့်ဖြစ်နေလေပြီ။
အဘိုးအိုက ခေါင်းဆက်ခါနေဆဲပင်။
ရှေ့သို့ ကြည့်နေသည့် သူ့အကြည့်များက တည်ငြိမ်နေဆဲ။
မီးတောက်များကဲ့သို့ အနီရောင်များက သူတို့ မျက်စိရှေ့တွင်ပင် ဆက်လက် ကျယ်ပြန့်လာနေလေသည်။ ထို့ကြောင့် လီယီတောင်းလည်း မတ်တတ်ရပ်ကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။
လက်ရှိ အခြေအနေက သူတို့ မျှော်မှန်းထားသည်ထက် ကျော်လွန်နေပြီ ဖြစ်သည်။
လီယီတောင်း တိုက်ခိုက်ရန် ပြင်လိုက်စဉ်... ရုတ်တရက် မီးတောက်များကဲ့သို့ နီရဲနေသည့် ပတ်ဝန်းကျင်တွင် မီးခိုးများ အမြောက်အမြား စတင် ပြန့်နှံ့လာသည်။
ထိုမျှမကသေး။ မြေပြင်ပေါ်တွင်ဖြစ်စေ၊ ကောင်းကင်ပေါ်တွင်ဖြစ်စေ ပုံစံမျိုးစုံ၊ အရွယ်အစား မျိုးစုံရှိသည့် မရေမတွက်နိုင်သော ပိုးကောင်များက အနီရောင် ဗဟိုချက်ကို အရပ်မျက်နှာ အသီးသီးမှ ဝိုင်းရံလာကြသည်။
သူတို့၏ ရည်ရွယ်ချက်က အလွန် ရှင်းလင်းလှပေသည်။ အနီရောင် အစိတ်အပိုင်း အားလုံးကို အလယ်တွင် ဝိုင်းရံထားရန်ပင်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီယီတောင်း နေရာမှာပင် အေးခဲသွားသလို ရပ်တန့်သွား၏။
ငြိမ်သက်စွာ ထိုင်နေခဲ့သော အဘိုးအိုက ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။
"သူတို့ ရောက်လာပြီ... ကူညီပေးဖို့ အသင့်ပြင်ထား..."
အဘိုးအို သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ ထို့ပြင် လက်နှစ်ဖက်ကို နောက်ပစ်လိုက်သေး၏။ ဝင်ရောက်တိုက်ခိုက်ရန် လုံးဝ မရည်ရွယ်ထားသည့်ပုံပင်။
သို့သော်... တကယ့် အခြေအနေက ထိုသို့ မဟုတ်ပေ။
ယွင်မြို့မှ လူများ အချိန်မီ ရောက်လာနိုင်ခဲ့လျှင်ပင် ကိစ္စများမှာ သူတို့ စိတ်ကူးထားသလို ရိုးရှင်းမည် မဟုတ်ပေ။
အရာအားလုံးကို ဖြေရှင်းပြီး အန္တရာယ် အားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ရန် ဆိုသည်မှာ ထင်သလောက် မလွယ်ကူပေ။
ထိုစဉ်မှာပင်…
အနက်ရောင် ပိုးကောင်များနှင့် အနီရောင် ပိုးကောင်များ စတင် ထိတွေ့နေလေပြီ။
ဤမြင်ကွင်းကို ကြည့်ရင်း လီယီတောင်း သက်ပြင်း ချလိုက်မိ၏။ တိုက်ပွဲ၏ အလားအလာက မျှော်လင့်ချက် သိပ်မရှိလှ။
"ချင်းယွဲ့... သူတို့ကို ကူညီပေးလိုက်..."
ညွှန်ကြားချက်ကို ရရှိပြီးနောက် ယန်ချင်းယွဲ့ က သက်ပြင်း တစ်ချက်ချလိုက်ပြီး ရှေ့သို့ တက်သွားသည်။
သူတို့ရှေ့တွင် ယမန်နေ့က ယွင်မြို့မှ လူများ ဖန်တီးထားသည့် စမ်းရေများ ပြည့်နေသည့် တွင်းနက်လေး တစ်ခု ရှိနေ၏။
အနီးအနားရှိ စမ်းချောင်းမှ ရေကို ဤနေရာသို့ ရောက်အောင် တမင် သွယ်ယူထားခြင်း ဖြစ်ပေသည်။ ၎င်းမှာ ယန်ချင်းယွဲ့ကို အကူအညီပေးရန် သေချာ ဖန်တီးထားခြင်းပင်။
တွင်းရှေ့တွင် နေရာယူလိုက်ပြီးနောက် ယန်ချင်းယွဲ့ သက်ပြင်းချလိုက်ပြန်သည်။
တခဏအတွင်းမှာပင် တွင်းငယ်လေးထဲရှိ ရေများ အားလုံး စုပ်ယူခံလိုက်ရပြီး ကောင်းကင်သို့ ပျံတက်သွား၏။
ယန်ချင်းယွဲ့ က ရေစက်များ အားလုံးကို အောက်ဘက်ရှိ အနီရောင် မီးတောက်များဆီသို့ ဦးတည် တိုက်ခိုက်လိုက်သည်။
ယန်ချင်းယွဲ့မှာ ပိုးကောင်အားလုံးကို အမြစ်ပြတ် တိုက်ခိုက်ရန် ရည်ရွယ်မထားပေ။ အစွန်အဖျားရှိ ပိုးကောင် အုပ်စုများကိုသာ သူမ အရင်ဆုံး ချေမှုန်းမည်ဟု ရည်ရွယ်ထား၏။
ထို့ကြောင့် သူမ စတင် တိုက်ခိုက်လိုက်သည်နှင့် အစွန်အဖျားရှိ ပိုးကောင်အုပ်စုများ ဖရိုဖရဲ ဖြစ်သွားတော့သည်။