အခန်း ၂၅၇ - ထပ်ရောက်လာသော စစ်ကူများ
လီယီတောင်း တစ်ယောက်တည်း မဟုတ်ဘဲ ကျန်ရှိနေသူ အားလုံးမှာလည်း ထိုဧရာမ နှာမောင်းတံကြီးကို မြင်တွေ့သွားကြ၏။ လူအုပ်ကြီး တစ်ခုလုံး ဆိတ်ငြိမ်သွားလေတော့သည်။
အခြေအနေမှာ မကောင်းသည့်ဘက်သို့ ဦးတည်နေမှန်း အားလုံး ရိပ်မိလိုက်ကြသဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ကြပြီး မျက်နှာများမှာလည်း ပို၍ တည်တင်းလာကြ၏။
ရှေ့တွင် ယခင်ထက် ပိုမို အန္တရာယ်ကြီးမားသည့် တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ကို သူတို့ ကောင်းကောင်းကြီး သိထားကြသည်။
"ချင်းယွဲ့နဲ့ တခြားသူတွေကို ခေါ်ပြီး ဒီကနေ ထွက်သွားတော့... ငါ နောက်မှ မင်းတို့ဆီ လာခဲ့မယ်... "
အဘိုးအိုက လှမ်းပြောလိုက်၏။
သူကိုယ်တိုင် ရှေ့သို့ ဆက်လက် တိုးသွားသော်လည်း လီယီတောင်းတို့ အဖွဲ့ကိုမူ ထွက်ခွာသွားရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။
လက်ရှိ တိုက်ပွဲကို ရင်ဆိုင်ရန် သူကိုယ်တိုင်ပင် ယုံကြည်မှု အပြည့်အဝ မရှိကြောင်း သိသာလှ၏။ ယခု ပေါ်ထွက်လာသော ဧရာမ သတ္တဝါကြီးမှာ သူတို့နှင့် ရင်းနှီးကျွမ်းဝင်နေသည့် တစ်စုံတစ်ရာ ဖြစ်နိုင်ပေသည်။ အကယ်၍ ထိုသို့သာ ဆိုလျှင်တော့ စိန်ခေါ်မှုကြီးက အမှန်တကယ်ပင် ကြီးမားပေလိမ့်မည်။
သို့သော် အဘိုးအို၏ စကားကို ကြားရသည့်အခါ လီယီတောင်းမှာ ယခုတစ်ကြိမ်တွင် ငြိမ်မနေတော့ဘဲ ချင်းယွဲ့ နှင့် ကျိုးရှုရီဘက်သို့ လှည့်ကြည့်လိုက်သည်။
"အဘိုး စကားအတိုင်း နားထောင်ပြီး ဒီကနေ ထွက်သွားကြပါ... ငါ သွားပြီး အခြေအနေ ကြည့်လိုက်ဦးမယ်... "
ကျိုးရှုရီ နှင့် ယန်ချင်းယွဲ့ တို့က ကန့်ကွက်ရန် ပြင်လိုက်သော်လည်း လီယီတောင်းက ဆက်ပြော၏။
"ငါ့မှာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တဲ့ စွမ်းရည် လုံံလုံလောက်လောက် ရှိတယ်... ငါ့အတွက် စိတ်မပူကြနဲ့... "
ထိုအချိန်တွင် အဘိုးအိုက လီယီတောင်းကို တစ်ချက် ကြည့်လိုက်ပြီး သဘောတူသည့် အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
အမှန်တကယ်ပင် လီယီတောင်း၌ မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်း အပြည့်ရှိပေသည်။ ထို့ကြောင့် သူ လိုက်ပါလာပြီး အခြေအနေကို လေ့လာခြင်းမှာ ပြဿနာ မရှိနိုင်ပေ။
ထို့ပြင် သူ၏ စွမ်းရည်များမှာလည်း အတော်လေး ထူးခြားလှသည် မဟုတ်ပါလား။ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းရာတွင် သူ ကူညီပေးနိုင်ခဲ့လျှင် ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
အဘိုးအို၏ အမူအရာနှင့် လီယီတောင်း၏ စကားကြောင့် ကျိုးရှုရီ နှင့် ယန်ချင်းယွဲ့ တို့မှာလည်း အသာအယာ ခေါင်းငြိမ့်လိုက်ကြပြီး တောင်အောက်သို့ အခြားလမ်းကြောင်း တစ်ခုမှ ဆင်းသွားကြတော့သည်။
"အကြီးအကဲဖူ... "
ထိုစဉ်မှာပင် လူတစ်စု လီယီတောင်းတို့နှင့် မနီးမဝေးသို့ ရောက်ရှိလာကြသည်။
အဘိုးအိုက ရောက်ရှိလာသူများကို ကြည့်ကာ စကားတစ်ခွန်းမှ မဆိုဘဲ ခေါင်းငြိမ့်ပြလိုက်ပြီး အဝေးတစ်နေရာသို့သာ အကြည့်လွှဲလိုက်၏။ ရောက်ရှိလာသူများမှာ ယွင်မြို့တော်၏ အဓိက အဖွဲ့ဝင်များ ဖြစ်ကြသည်။
ယွင်မြို့တော်တွင် တာဝန်ရှိသည့် အခြား အကြီးအကဲများမှလွဲ၍ ကျန်ရှိသော တိုက်ခိုက်ရေး အင်အားစု အားလုံးမှာ အရပ်မျက်နှာ အသီးသီးမှ ရောက်ရှိလာကြခြင်း ဖြစ်၏။ သို့မဟုတ်ပါကလည်း ဤမျှ များပြားလှသော ပိုးကောင်များကို မြင်တွေ့ရမည် မဟုတ်ပေ။
"ဒါက သူတို့ရဲ့ ပိုးဘုရင်မ ဖြစ်ရမယ်... "
"ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက အဝေးကနေ တစ်ချက် လှမ်းမြင်လိုက်သေးတယ်... ဒါပေမဲ့ အဲဒီတုန်းက တစ်ကောင်က အခုကောင်ထက် အများကြီး ပိုကြီးတာ... "
"လောလောဆယ် တိုက်ခိုက်တာတွေ ရပ်ထားလိုက်ကြဦး... အဲဒီ ပိုးကောင်လေးတွေ အားလုံးကို ရှင်းပစ်လိုက်ရင်တောင် ဒီပိုးဘုရင်မ ရှိနေသရွေ့တော့ ဘာမှ ထူးမှာ မဟုတ်ဘူး... ဒီဘုရင်မက နိုးထစ အဆင့်မှာပဲ ရှိနေသေးပုံပဲ... သူ့အင်အားတွေ အပြည့်အဝ ပြန်မရသေးဘူး ဆိုပေမဲ့ ဒီအဆင့်မှာက သူ့ရဲ့ ခုခံမှု အားက အကောင်းဆုံးပဲ... "
အဘိုးအို၏ အသံမှာ ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားသည်။
အခု တိုက်ခိုက်မလား၊ စောင့်မလား ဆိုသည့် အဘိုးအို၏ မေးခွန်းကို ကြားရသည့်အခါ အခြား ခေါင်းဆောင်များမှာ တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြ၏။
ဘယ်လို ဆုံးဖြတ်ရမလဲ...။
လက်တွေ့တွင်တော့ ပိုးဘုရင်မ ပေါ်လာသည့် အချိန်ကတည်းက သူတို့မှာ အနည်းငယ် ကြောင်အသွားကြလေပြီ။ ဤပိုးဘုရင်မကို အနိုင်ယူရန်မှာ သူတို့၏ စွမ်းဆောင်ရည်ထက် ကျော်လွန်နေသည်မှာ အမှန်ပင်။ အကြီးအကဲဖူ ကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှသာ ဖြေရှင်းနိုင်မည့် ကိစ္စ ဖြစ်ပေသည်။
သို့သော် သူတို့ မသိသည်မှာ အဘိုးအိုမှာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အင်အား အပြည့်အဝ မထုတ်နိုင်ခြင်းပင်။ ခေတ္တမျှ ကြာပြီးနောက် သူတို့ အကြည့်များမှာ အဘိုးအိုထံသို့ ရောက်ရှိသွားကြသည်။
"ငါ့ ခန္ဓာကိုယ်မှာ ပြဿနာ တစ်ခုခု ရှိနေလို့ အင်အား အပြည့်အဝ မထုတ်နိုင်ဘူး ဖြစ်နေတယ်... ဒီတောင်ထဲကို လာခဲ့တာကလည်း အင်အား ပြန်ဖြည့်ဖို့ပဲ... ဒါပေမဲ့ မမျှော်လင့်ဘဲ ဒီကိစ္စနဲ့ တိုးသွားတာ... ယွင်မြို့တော်က ပြင်ဆင်ထားသမျှ နည်းလမ်းတွေ အကုန်ထုတ်သုံးကြတာပေါ့... "
အဘိုးအိုက ထိုလူများ၏ အတွေးကို ရိပ်မိသဖြင့် တည်ငြိမ်စွာပင် ပြောလိုက်၏။
အဘိုးအို ဒဏ်ရာရနေသည်ဟု သိလိုက်ရသည့်အခါ အားလုံး အံ့သြမှင်သက်သွားကြလေသည်။
သူတို့၏ မျက်နှာများ ပို၍ လေးနက်သွားကြပြီး အချို့မှာလည်း ပြတ်သားသည့် ဆုံးဖြတ်ချက်များ ချလိုက်ကြဟန် တူ၏။
သူတို့မှာ ဘာနည်းလမ်း ရှိဦးမှာလဲ...။
အသက်ကို ရင်းရုံမှလွဲ၍ အခြား မရှိပေ။
အကယ်၍ အသက်ကို ရင်းလိုက်ခြင်းဖြင့် ဤအန္တရာယ်ကို ကျော်လွှားနိုင်ပြီး ယွင်မြို့တော်ကို ဘေးကင်းအောင် လုပ်ဆောင်နိုင်မည် ဆိုလျှင်တော့ ပြဿနာ မရှိနိုင်ပေ။
အဘိုးအိုက သူတို့၏ အမူအရာများကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ နှစ်ပေါင်းများစွာအတွင်း သူတို့အနေဖြင့် ထူးခြားသည့် နည်းလမ်းသစ်များ ရှာဖွေတွေ့ရှိထားလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့မိ၏။
သို့သော် ယခု သူတို့၏ အခြေအနေကို ကြည့်ရသည်မှာ နောက်ဆုံး တိုက်ပွဲကို အသက်ရင်းပြီး ဆင်နွှဲမည့် ပုံစံမျိုးသာ ဖြစ်နေတော့သည်။
"ဟူး... မင်းတို့ဆီမှာ ဘာထူးခြားတဲ့ နည်းလမ်းမှ မရှိသေးဘူးပဲ... "
"ကျွန်တော် အကြောင်းကြားခိုင်းထားတဲ့ လူတွေရော ရောက်လာကြပြီလား... "
လီယီတောင်းက အဘိုးအိုကို လှမ်းကြည့်ကာ မေးလိုက်သည်။
အစပိုင်းတွင် အဘိုးအိုကို တစ်ယောက်ယောက် လွှတ်ပြီး အခြားသူများကို အကြောင်းကြားခိုင်းခဲ့သည်ကို သူ မှတ်မိ၏။ ထိုစဉ်က အဘိုးအိုကလည်း သူတို့ သဘောအလျောက် မလာလျှင် သူကိုယ်တိုင် အရောက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သေးသည် မဟုတ်ပါလား။
သို့သော် ယခု နေရာတွင် ယွင်မြို့တော်က လူများမှလွဲ၍ အခြားသူများကို မတွေ့ရပေ။
သူတို့ မလာကြတာလား...။
"အကြီးအကဲဖူ... ကျုပ်တို့ လူလွှတ်ပြီး အကြောင်းကြားပြီးပါပြီ... ဒါပေမဲ့ သူတို့က သိပြီလို့ပဲ ပြန်ပြောပြီး ပေါ်မလာကြဘူး... သူတို့ရဲ့ စရိုက်ကို အဘိုးလည်း သိတာပဲဆိုတော့ သူတို့ လာမလား၊ မလာဘူးလား ဆိုတာကတော့ ပြောရခက်တယ်... "
တစ်ဦးက ရှင်းပြလေသည်။
"ဟမ့်… "
အဘိုးအို နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
"ဒီတစ်ကြိမ်သာ ငါ ဘေးကင်းကင်းနဲ့ ပြန်သွားနိုင်ရင်တော့ သူတို့ဆီကို အရောက်သွားပြီး အသိပေးရတော့မယ် ထင်တယ်... ဒီလောက် အရေးကြီးတဲ့ ကိစ္စကို ဒီလို သဘောထားမျိုးနဲ့ ဆက်ဆံနေကြတာ... ငါက ဘာမှ မလုပ်ဘူးလို့ တကယ် ထင်နေကြတာလား... "
သတင်းရောက်သွားသော်လည်း လျစ်လျူရှုခံလိုက်ရသဖြင့် အဘိုးအို အမှန်တကယ်ပင် ဒေါသထွက်သွားလေသည်။ ဤကိစ္စမှာ ယွင်မြို့တော် တစ်ခုတည်းနှင့် သက်ဆိုင်သည် မဟုတ်ဘဲ ကိုင်တွယ်မှု မှားယွင်းသွားလျှင် တစ်နိုင်ငံလုံးကိုပင် အန္တရာယ် ပေးနိုင်သည် မဟုတ်ပါလား။
အချိန်ယူရမည် ဖြစ်သော်လည်း အကယ်၍ ထိုပိုးကောင်လေးများ ပြန့်နှံ့သွားခဲ့လျှင်တော့ ၎င်းတို့ကို နှိမ်နင်းရန်မှာ လွယ်ကူတော့မည် မဟုတ်ပေ။ ထို့ပြင် အဆိုးရွားဆုံး အချက်မှာ ထိုသတ္တဝါများ၏ ဆင့်ကဲပြောင်းလဲနိုင်စွမ်းပင်။
ဆင့်ကဲပြောင်းလဲပြီးနောက် ၎င်းတို့က မည်သို့သော စွမ်းရည်သစ်များ ရရှိလာမည်ကို မည်သူမှ မသိနိုင်ပေ။ ထိုအချိန်ကျမှ တစ်နိုင်ငံလုံးအပေါ် သက်ရောက်မှု ရှိလာလျှင်တော့ အကျိုးဆက်မှာ မတွေးဝံ့စရာပင်။
အဘိုးအို ဒေါသထွက်နေစဉ်မှာပင် အဝေးတစ်နေရာမှ လူအုပ်စု တစ်စု ထပ်မံ ချဉ်းကပ်လာကြသည်။
ထိုလူများသည် အညိုရင့်ရောင် ဝတ်စုံများကို ဆင်တူ ဝတ်ဆင်ထားကြ၏။ သူတို့ မရောက်မီမှာပင် ရှေ့ဆုံးမှ လာသူ၏ အသံက ပဲ့တင်ထပ်လာသည်။
"အကြီးအကဲဖူ ကိုယ်တိုင် မိန့်ကြားမှတော့ ကျုပ်တို့က မလာဘဲ နေရဲပါ့မလား... "