ထိုအဖွဲ့မှာ ငါးယောက်၊ ခြောက်ယောက်ခန့်သာ ရှိ၏။ သို့သော် သူတို့၏ အင်အားမှာ အတော်လေး တောင့်တင်းလှကြောင်း လီယီတောင်း ရိပ်မိလိုက်သည်။
သူတို့ အနားသို့ မရောက်မီကပင် စစ်မြေပြင်တွင် နှစ်ရှည်လများ လေ့ကျင့်ပျိုးထောင်ထားသည့် သတ်ဖြတ်လိုသော အရှိန်အဝါများ၊ အေးစက်ခက်ထန်သော အားအင်များကို လှမ်း၍ ခံစားနေရသည်။ ၎င်းမှာ အကြွင်းမဲ့ အင်အားကြီးမားသူတို့၏ လက္ခဏာပင် ဖြစ်၏။
"ဟမ့်… မင်းတို့ မလာလို့ ယွင်မြို့တော် တစ်ခုခုဖြစ်ရင်… မင်းတို့လည်း အနေအစားချောင်မယ် မကြံနဲ့…"
အဘိုးအို အသံက အေးတိအေးစက်။
ယွင်မြို့တော်မှ အကြီးအကဲများမှာလည်း ဒေါသထွက်နေကြပြီး ထိုသူများကို ရန်စသူများအဖြစ် မြင်နေကြ၏။ သူတို့အကြား ပုံမှန်ဆက်ဆံရေးမှာ အလွန်ဆိုးရွားပုံရပေသည်။ မဟုတ်လျှင် လက်ရှိအခြေအနေမျိုးတွင် ယွင်မြို့တော်သားများက ဤကဲ့သို့ ရန်လိုသည့် အမူအရာမျိုး ပြသမည် မဟုတ်ပေ။
"ဟဲဟဲ… အမှိုက်တွေတောင် ရောက်နေပါလား… ဒီအမှိုက်တွေက ဘာလုပ်နိုင်မှာလဲလို့ ငါက တွေးနေတာ…"
"ဟုတ်တယ်… နှစ်ပေါင်းဘယ်လောက်တောင် မြေမြှုပ်ခံထားရမှန်း မသိတဲ့ ပိုးကောင်လေးတွေကို မြင်ပြီး ဒီလောက်တောင် ကြောက်နေကြတာလား… နောက်ဆုံးတော့ ကျုပ်တို့ကပဲ ဝင်ရှင်းပေးရတော့မှာပေါ့…"
ထိုသူအနည်းငယ်က ယွင်မြို့တော်သားများ၏ မျက်လုံးထဲမှ ဒေါသရိပ်များကို သတိထားမိလိုက်ကြသော်လည်း လေသံမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေဆဲပင်။ လီယီတောင်းမှာလည်း ထိုသူတို့၏ ရိုင်းစိုင်းသော စကားများကို ကြားရသည့်အခါ အလိုလို မျက်မှောင်ကြုတ်မိသွားသည်။
'ဒီလူတွေက လူကောင်းပုံစံတော့ မဟုတ်ဘူးပဲ... ရည်ရွယ်ချက်ရှိရှိ ပြဿနာရှာချင်နေတာလား...'
ထိုလှောင်ပြောင်သံများကြောင့် ယွင်မြို့တော်သားများမှာ စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကြ၏။ တစ်ဦးချင်းစီ ယှဉ်လျှင် မယှဉ်နိုင်သော်လည်း လူအင်အားချင်း ယှဉ်မည်ဆိုပါက ရလဒ်မှာ မသေချာလှပေ။
"ဘာဖြစ်နေကြတာလဲ…"
"မင်းတို့ ဘာလုပ်နေကြတာလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြဦး… ကလေးတွေလို ရန်ဖြစ်နေကြတာလား… ဒါမှမဟုတ် နယ်မြေလုနေကြတာလား…"
"အခု ဘာလုပ်ရမလဲဆိုတာ မင်းတို့ မသိကြဘူးလား…"
အကြီးအကဲဖူ ဒေါသတကြီး အော်ဟစ်လိုက်လေပြီ။ လီယီတောင်းကတော့ အဘိုးအို၏ ဒေါသထွက်နေသော မျက်နှာကို ကြည့်ကာ ဘာမှဝင်မပြောဘဲ ငြိမ်နေလိုက်၏။
"စကားတွေ အများကြီး ပြောမနေတော့နဲ့… ငါ အရင် လှုပ်ရှားမယ်… ယွင်မြို့သားတွေက ကျန်တဲ့ ပိုးကောင်တွေကို ဝိုင်းထားပြီး ရှင်းလင်းရေးလုပ်ဖို့ တာဝန်ယူ…"
"မင်းတို့က ငါနဲ့အတူ တိုက်ခိုက်ရေးမှာ ပါဝင်… တစ်ယောက်ယောက် ခိုနေတာကို ငါမိရင်တော့ ငါ့အကြောင်း သိစေရမယ်…"
အဘိုးအိုက စစ်ဆင်ရေး အစီအစဉ်ကို လျင်မြန်စွာ ချမှတ်လိုက်သည်။ သူက လီယီတောင်းကို ဘာတာဝန်မှ မပေးခဲ့သည့်အပြင် လုံးဝ လျစ်လျူရှုထားလိုက်၏။
အဘိုးအိုက လီယီတောင်း၏ စွမ်းရည်ကို မသိ၍လား။ မဟုတ်ပေ၊ သူ သိသည်။ သို့သော် လီယီတောင်း လှုပ်ရှားတိုင်း အင်အား အလွန်အကျွံ ကုန်ဆုံးရသည်ကို သူ သိထားသဖြင့် ယခုတိုက်ပွဲတွင် မလိုအပ်ဘဲ ဝင်မပါစေချင်ခြင်း ဖြစ်ပေသည်။
လီယီတောင်းကလည်း ဘာမှဝင်မပြောပေ။ အမှန်အတိုင်းဆိုရလျှင် လက်ရှိအခြေအနေမှာ အရာအားလုံး အဆင်ပြေနေပုံရ၏။ အဘိုးအို၏ စီစဉ်မှုက မှန်ကန်ပြီး ဧရာမ ပိုးကောင်ကြီးမှာလည်း အင်အား အပြည့်အဝ ပြန်မရသေးပေ။ ထို့ကြောင့် ၎င်းကို တိုက်ရိုက်သတ်ဖြတ်ရန်မှာ ဖြစ်နိုင်သည့် ကိစ္စပင်။ ထို့ကြောင့် လောလောဆယ်တွင် လီယီတောင်း အနေဖြင့် အများကြီး တွေးမနေတော့ပေ။
အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် အဘိုးအိုက ရှေ့သို့ ဆက်လက်တိုးသွားသည်။ ၎င်းနှင့် နီးကပ်လာသောအခါ သူက တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ အသစ်ရောက်လာသော အဖွဲ့မှ သုံးဦးကလည်း အဘိုးအို၏ အနောက်တွင် လိုက်ထိုင်ကြသည်။ ကျန်ရှိသော နှစ်ဦးမှာမူ ရှည်လျားသော သုံးဂွလှံကဲ့သို့ လက်နက်များကို ထုတ်ယူလိုက်ကြ၏
ထိုလက်နက် တစ်ခုလုံးမှာ စွဲမက်ဖွယ်ကောင်းသော အဖြူရောင်အလင်းများ ဖြာထွက်နေသဖြင့် ဖြည်းညှင်းစွာ လှုပ်ရှားနေသော ဧရာမ ပိုးကောင်ကြီး၏ အာရုံကိုပင် ဖမ်းစားသွားတော့သည်။
အဘိုးအို၏ ကြုံးဝါးသံနှင့်အတူ ပိုးကောင်ကြီးရှိရာ နေရာတွင် တောက်ပသော အလင်းတန်းများ လက်ကနဲ ဖြစ်သွား၏။ မြေပြင်မှ ထိုးထွက်လာသော ဆူးချွန်များ၊ ကောင်းကင်မှ ကျရောက်လာသော မိုးကြိုးများ နှင့် နို့နှစ်ရောင် အလင်းတန်းများဖြင့် တိုက်ခိုက်မှုမျိုးစုံမှာ ပိုးကောင်ကြီးပေါ်သို့ တရစပ် ကျရောက်ကုန်သည်။
ဤမြင်ကွင်းမှာ လီယီတောင်းအတွက် အမှန်တကယ် မျက်လုံးပြူးစရာပင်။ လက်နက်ကိုင်ထားသော နှစ်ဦးမှာလည်း စူပါမန်းကဲ့သို့ ခုန်တက်သွားပြီး သုံးဂွလှံများဖြင့် ပိုးကောင်ကြီး ခန္ဓာကိုယ်ကို ထိုးစိုက်လိုက်ကြတော့သည်။
ဗြိ... ဗြိ...
အသားကို လက်နက် ဖောက်ဝင်သွားသံများ ပဲ့တင်ထပ်သွား၏။ သုံးဂွလှံ နှစ်စင်းစလုံးမှာ ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ထဲသို့ နစ်နစ်နဲနဲ စိုက်ဝင်သွားလေပြီ။
ဝေါ….
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။ အဘိုးအိုတို့၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ရန်သူမှာ ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း သက်သေတစ်ခုပင်။
"ဆက်တိုက် သူ အခုမှ နိုးထစမို့ အားနည်းဆုံး အချိန်ပဲ အားလုံး ဝင်တိုက်ကြ…"
ရုတ်တရက်ဆိုသလို ငြိမ်သက်နေသော အနက်ရောင် ပိုးကောင်များမှာ ပြန်လည် လှုပ်ရှားလာကြ၏။ အချို့က ကျန်ရှိနေသော အနီရောင် ပိုးကောင်များကို ပစ်မှတ်ထားသော်လည်း အများစုမှာမူ ဧရာမ ပိုးကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်သို့ အုံနှင့်ကျင်းနှင့် တက်သွားကြတော့သည်။
ဒဏ်ရာရထားသည့် နေရာများမှတဆင့် ပိုးကောင်ကြီး၏ ခန္ဓာကိုယ်အတွင်းထဲသို့ အသည်းအသန် တိုးဝင်ကာ အတွင်းမှနေ၍ ဝါးမြိုရန် ကြိုးစားကြလေသည်။
ဝေါ… ဝေါ…
ပိုးကောင်ကြီးအသံကုန် အော်ဟစ်နေသော်လည်း တိုက်ခိုက်မှုများမှာ ရပ်တန့်သွားခြင်း မရှိပေ။
တရားထိုင်သလို ထိုင်နေသည့် အဘိုးအိုက မည်သို့ တိုက်ခိုက်နေသည်ကို လီယီတောင်း မသိသော်လည်း တိုက်ခိုက်မှုများ ထိရောက်မှု ရှိနေသည်ကို အထင်အရှား မြင်နေရသည်။ ထိုတိုက်ခိုက်မှုများကြောင့် ရန်သူမှာ သည်းမခံနိုင်လောက်အောင် နာကျင်နေရပြီး အသည်းအသန် ရုန်းကန် အော်ဟစ်နေ၏။
သို့သော်လည်း ယွင်မြို့သားများမှာ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ အားနည်းစွာ လဲကျကုန်ကြသည်။ သူတို့ ထိန်းချုပ်ထားသော ပိုးကောင်များမှာ ရန်သူ့အတွင်းပိုင်းသို့ ဝင်ရောက် တိုက်ခိုက်ရင်း ပြင်းထန်စွာ ထိခိုက်ကုန်သဖြင့် ပိုင်ရှင်များပါ လိုက်လံ ခံစားရခြင်း ဖြစ်၏။
အမှန်တော့ လီယီတောင်း အနေဖြင့် အဆောင်လက်ဖွဲ့များကို ယခုပင် အသုံးပြုနိုင်သော်လည်း အဘိုးအိုက ဘာမှမပြောသေးသဖြင့် သူ ငြိမ်နေလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူ့အကူအညီ လိုအပ်လာပါက အဘိုးအိုက ပြောလိမ့်မည်ဟု သူ ယုံကြည်ထား၏။
သို့ဖြင့် တိုက်ပွဲမှာ အပြန်အလှန် အင်အားချွေတာသည့် အဆင့်သို့ ရောက်ရှိလာသည်။ အနီရောင် ပိုးကောင်လေးများမှာ အကုန်နီးပါး အရှင်းလင်းခံလိုက်ရပြီ ဖြစ်သဖြင့် ၎င်းတို့ကို အကုန်ရှင်းလင်းရန်မှာ ခဏမျှသာ။
ဧရာမ အနီရောင် ပိုးကောင်ကြီးမှာမူ ရူးသွပ်စွာ သောင်းကျန်းနေဆဲပင်။ သုံးဂွလှံ ကိုင်ထားသူ နှစ်ဦးအနက် တစ်ဦးမှာ နှာမောင်းတံနှင့် ရိုက်မိကာ လွင့်ထွက်သွားပြီး အသက်ရှင်၊ မရှင်ကို မသိရတော့ပေ။ ကျန်တစ်ဦးတည်းသာ ဆက်လက် တိုက်ခိုက်နေတော့သည်။
ဖွီး...
ရုတ်တရက်ဆိုသလို အဘိုးအိုနှင့် အခြားသူများမှာ သွေးများ တပြိုင်နက်တည်း အန်ထုတ်လိုက်ကြသည်ကို လီယီတောင်း မြင်လိုက်ရ၏
သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွား၏။ ထို့ကြောင့် အဘိုးအို၏ အမိန့်ကို စောင့်မနေတော့ဘဲ အဆောင်လက်ဖွဲ့ တစ်ခုကို ချက်ချင်းပင် လှမ်းပစ်လိုက်လေတော့သည်။
သူ့တွင် ကျန်ရှိသော အသက်တမ်းမှာ တစ်သောင်းအောက်သာ ရှိတော့သဖြင့် ဤအဆောင်လက်ဖွဲ့၏ တိုက်ခိုက်မှုက ရန်သူကို အသေသတ်နိုင်မည် မဟုတ်မှန်း သူ သိပေသည်။ သို့သော် အနည်းဆုံးတော့ အဘိုးအိုတို့ အသက်ရှူနိုင်အောင် အချိန်ဆွဲပေးနိုင်မည်မှာ အသေအချာပင်။