အခန်း ၂၅၉ - အဘိုးအို၏ တောင်းဆိုချက်
လီယီတောင်း တိုက်ခိုက်လိုက်သည့် အခိုက်အတန့်တွင် လူတိုင်းမှာ သူ့ကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်ကြ၏။
ထိုတိုက်ခိုက်မှုမှာ ရန်သူကို အသေသတ်နိုင်စွမ်း မရှိခဲ့သည်မှာ အမှန်ပင်။ သို့သော် ရန်သူ့အတွက်မူ တော်တော်လေးကို နေရခက်သွားစေသည်။ လက်ရှိ အခြေအနေတွင် လီယီတောင်း၏ ထိုးနှက်ချက်မှာ ဒဏ်ရာပေါ် ဆားပက်လိုက်သလို ဖြစ်သွားပြီး ဒဏ်ရာရရှိထားပြီးသား ခန္ဓာကိုယ်ကို ချက်ချင်းပင် ပိုမိုဆိုးရွားသွားစေခဲ့၏။ ရန်သူ၏ ရုန်းကန်နေမှုများက အခြေအနေ မည်မျှ ပြင်းထန်နေသည်ကို အထင်အရှား ပြသနေပေသည်။
"ဟူး... သူ့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မလွယ်ဘူး... ပိုးကောင်တွေ အကုန်လုံးကို ပြန်ခေါ်လိုက်ကြ... ဒီအတိုင်း ဆက်သွားရင် သေရုံပဲ ရှိတော့မယ်... သူတို့ကို အားကိုးပြီး တိုက်ခိုက်ဖို့က လက်တွေ့မကျတော့ဘူး..."
ယွင်မြို့သားများ တစ်ယောက်ပြီးတစ်ယောက် လဲကျနေသ်ညကို ကြည့်ပြီး အဘိုးအိုက အမိန့်ပေးလိုက်လေသည်။
အခြေအနေ ပိုမိုဆိုးရွားလာသည်ကို မြင်သောအခါ အဘိုးအိုက ပိုးကောင်အားလုံးကို ဆုတ်ခွာခိုင်းလိုက်ခြင်း ဖြစ်၏။ လက်ရှိ အခြေအနေအရ ပိုးကောင်များကို ဆက်လက် အသုံးပြုနေခြင်းမှာ သတ်သေရန် ကြိုးပမ်းနေခြင်းနှင့် အတူတူပင်။ အဓိက ပြဿနာမှာ ပိုးကောင်များက ရန်သူ့ခန္ဓာကိုယ်ကို ပေးနိုင်သည့် ထိခိုက်မှုမှာ အကန့်အသတ် ရှိနေပြီး အတွင်းကလီစာများအထိ မရောက်နိုင်ဘဲ အပြင်ဘက် အရေပြားနှင့် တစ်သျှူးများကိုသာ ထိခိုက်စေနိုင်ခြင်း ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ပိုးကောင်များကို အသုံးပြုနေခြင်းမှာ အဓိပ္ပာယ် မရှိတော့ပေ။
ယွင်မြို့တော်မှ အကြီးအကဲများမှာလည်း ဤပြဿနာကို ရိပ်မိကြသဖြင့် ခရာသံကဲ့သို့ အသံမျိုးကို အသုံးပြုကာ တိုက်ရိုက် အမိန့်ပေးလိုက်ကြ၏။ ထို့နောက်တွင်တော့ နေရာအနှံ့ ပျံ့နှံ့နေသော အနက်ရောင် လှိုင်းလုံးကြီးမှာ ဖြည်းညှင်းစွာ ဆုတ်ခွာသွားပြီး ရန်သူ့ပတ်လည်တွင် အနီရောင် ပိုးကောင် အနည်းငယ်သာ ကျန်ရစ်တော့သည်။ သူတို့သည် လက်ရှိ စစ်မြေပြင်မှ တဖြည်းဖြည်း ခွာလိုက်ကြပြီး ရန်သူကို အချိန်ဆွဲကာ တဖြည်းဖြည်း အားနည်းသွားအောင် လုပ်ဆောင်ရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။
လီယီတောင်းမှာလည်း 'သေမင်းဓားသွား' သို့မဟုတ် 'ဝိညာဉ်နှုတ်ယူခြင်း' တို့ကို အသုံးပြုကာ တိုက်ခိုက်ရန် ကြိုးစားကြည့်သေး၏။ သို့သော် ကံမကောင်းစွာဖြင့်... သူ ထင်သလို ဖြစ်မလာခဲ့ပေ။ တစ်စုံတစ်ရာသော အကြောင်းကြောင့် သော်လည်းကောင်း၊ သို့မဟုတ် ဤအနီရောင် ပိုးကောင်များသည် ထူးခြားသော မျိုးစိတ်ဖြစ်နေ၍ သော်လည်းကောင်း 'သေမင်းဓားသွား' နှင့် 'ဝိညာဉ်နှုတ်ယူခြင်း' စွမ်းရည် နှစ်ခုစလုံးမှာ သက်ရောက်မှု မရှိခဲ့ပေ။
ထို့ကြောင့် သူ လုပ်နိုင်သည်မှာ အဆောင်လက်ဖွဲ့များကို အသုံးပြုရန်သာ ရှိတော့သည်။ အချိန်အလုံအလောက် ရပြီး အဆောင်လက်ဖွဲ့ အရေအတွက် အမြောက်အမြား အသုံးပြုနိုင်မည် ဆိုပါက ရန်သူကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ ယုံကြည်သော်လည်း လွယ်တော့ မလွယ်ကူလှပေ။
‘ ဒါပေမဲ့ အဆောင်လက်ဖွဲ့ ဘယ်လောက်ကုန်မှာလဲ.... အဆောင်လက်ဖွဲ့ ကုန်ရင် ကုန်သလောက် ငါ့အသက်လည်း ကုန်မှာပဲ... ပြီးတော့ ဟိုကောင်က ငါတိုက်ခိုက်တာကို သတိထားမိသွားပြီး... ငါ့ဘက် လှည့်လာရင် ဘယ်လိုလုပ်မလဲ... အဲဒီအခါကျ သေမင်းအကာအကွယ်က အလိုလို ပွင့်သွားရင် နေရင်းထိုင်ရင်း သက်တမ်းက ထပ်ကုန်မှာ... အခန့်မသင့်ရင် ငါသေသွားနိုင်တယ်... ‘
သို့သော် အဘိုးအိုနှင့် အခြားသူများမှာ အင်အား အပြည့်အဝ မထုတ်ရသေးသည်ကို သူ မြင်နေရသည်။ သူတို့က တိုက်ခိုက်မှုကို တဖြည်းဖြည်း မြှင့်တင်နေသလိုမျိုး ဖြစ်နေ၏။ မဟုတ်လျှင် အစွမ်းထက်လှသော တိုက်ခိုက်မှုများကို တိုက်ရိုက် အသုံးပြုလိုက်မည် ဆိုပါက ရန်သူမှာ ချက်ချင်း ပြိုလဲသွားနိုင်သည် မဟုတ်ပါလား။
သူတို့က ရန်သူ့အင်အားကို တတ်နိုင်သမျှ ချွေတာပြီး ရန်သူ့ကို သေမင်းခံတွင်ဝသို့ တဖြည်းဖြည်း တွန်းပို့ရန် ကြိုးစားနေကြခြင်း ဖြစ်၏။ ရန်သူ့အင်အား ကုန်ဆုံးခါနီး နောက်ဆုံး အချိန်ရောက်မှသာ အကုန်အစင် သုတ်သင်ရန် သူတို့ ပြင်ဆင်ထားကြသည်။ ဤစစ်ဗျူဟာမှာ အတော်လေးကို ပညာသားပါပြီး ဘေးကင်းလှသည်ဟု ဆိုရပေမည်။
ဒါပေမဲ့... မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်နေရင်တောင် မမျှော်လင့်ထားတဲ့ အခြေအနေတွေက ပေါ်လာတတ်စမြဲပဲလေ...။ တိုက်ပွဲ ဖြစ်စဉ်က ဘယ်လို ပြောင်းလဲသွားမလဲ ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ...။
"မင်းလည်း နောက်ဆုတ်လိုက်တော့... ငါတို့ ထိန်းနိုင်တယ်…"
ရုတ်တရက် အဘိုးအိုက ဆို၏။ ဧရာမ ပိုးကောင်ကြီးက လီယီတောင်းအပေါ် ရန်လိုနေသည်ကို သူ သတိထားမိပေသည်။ ထို့ကြောင့် လီယီတောင်း ဘေးကင်းစေရန်အတွက် သူ့ကို နောက်ဆုတ်ခိုင်းလိုက်ခြင်း ဖြစ်၏။
သို့သော် နောက်ကျသွားလေပြီ။ အဘိုးအို စကားပင် မဆုံးသေးမီမှာပင် ရန်သူ၏ ရှည်လျားသော နှာမောင်းကြီးမှာ ရုတ်တရက် ဆန့်ထွက်လာပြီး လီယီတောင်း ရှိရာ ပြေးဝင်လာတော့သည်။
မြန်လည်းမြန်၊ တိလည်းတိကျ၊ ရက်လည်းရက်စက်လှ၏။ တကယ်လို့သာ လီယီတောင်း၌ အန္တရာယ်ကို ကြိုတင် သိမြင်နိုင်သော အာရုံစွမ်းခံစားမှု မရှိ၍ ရှောင်တိမ်းလိုက်ခြင်း မရှိခဲ့ပါက ဤတိုက်ခိုက်မှုမှာ သူ့နှလုံးသားကို တိုက်ရိုက် ထိမှန်သွားပေလိမ့်မည်။
သို့သော်… သေမင်း အကာအကွယ်က အသက်ဝင်မလာခဲ့ပေ။
သူ အသက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်၏။ ယခုအချိန်တွင် သူ၏ တစ်ခုတည်းသော အားကိုးရာမှာ လက်ကောက်သေးလာ ရှိတော့သည်။ ၎င်းကသာ အပြည့်အဝ ကာကွယ်ပေးနိုင်မည် မဟုတ်ပါလား။ သို့သော် ၎င်းကလည်း တစ်ကြိမ် တစ်ခါတည်းသာ။ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်မည် ဆိုပါက…။
"ဟမ့်... တိရစ္ဆာန်စုတ်..."
လီယီတောင်း တိုက်ခိုက်ခံရသည်ကို မြင်သောအခါ ဧရာမ ပိုးကောင်ကြီးကို ဝိုင်းရံထားသည့် အဖွဲ့ ဒေါသထွက်သွားကြသည်။ အဘိုးအိုကတော့ ဘာမှမပြောဘဲ ငြိမ်နေ၏။ သို့သော် သူ့တကိုယ်လုံးမှ အရှိန်အဝါများ ရုတ်တရက် မြင့်တက်လာလေတော့သည်။ ကျန်ရှိသူများကလည်း အလားတူပင် လိုက်ပါ လုပ်ဆောင်ကြသည်။ ထိုအခိုက်အတန့်တွင် သူတို့၏ တိုက်ခိုက်မှုများမှာ ပိုမို ပြင်းထန်လာသဖြင့် ဧရာမ ပိုးကောင်ကြီးမှာလည်း ခေတ္တမျှ နောက်ဆုတ်သွားရ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် လီယီတောင်း အသက် ခပ်ပြင်းပြင်း ရှူလိုက်မိသည်။ စကားတစ်ခွန်းမှ မဆိုဘဲ အဆောင်လက်ဖွဲ့ သုံးခုကို ထုတ်ယူလိုက်ပြီး ရန်သူ အသက်ရှူနိုင်မည့် ဟာကွက်လေး ပေါ်လာတိုင်း ချက်ချင်းပင် တစ်ခုကို လှမ်းပစ်လိုက်သည်။ ရန်သူကို ပြန်လည် မတိုက်ခိုက်နိုင်အောင် သူ တားဆီးပေးနေခြင်း ဖြစ်၏။ ထို့ကြောင့် ရန်သူမှာ တရစပ် ကျရောက်နေသော တိုက်ခိုက်မှုများကိုသာ ခေါင်းငုံ့ ခံနေရတော့သည်။
သူတို့၏ ပြင်းထန်လှသော တိုက်ခိုက်မှုများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မူလက မီတာအနည်းငယ် မြင့်မားသော ရန်သူမှာ အရွယ်အစား သိသိသာသာ သေးငယ်သွားလေတော့သည်။ အင်အား အလွန်အကျွံ ကုန်ဆုံးသွားသဖြင့် မိမိကိုယ်ကို ထိန်းသိမ်းရန် ခန္ဓာကိုယ် အရွယ်အစားကို လျှော့ချလိုက်ရခြင်းမှာ ထင်ရှားလှပေသည်။