“မောင်လေး... မင်းက ဒီမှာ ဘာလုပ်နေတာလဲ။”
ချန်ဂျွန်ဂျွန် သည် ခွေးကိုပွေ့ချီထားသော လုပေါင် ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“ကျွန်တော် တောင်တစ်ပတ်ကို ကင်းလှည့်နေတာပါ။ ရွာစည်းကမ်းအရ တစ်လတစ်ခါ ကင်းလှည့်ရတယ် မလှည့်ရင် ကြိမ်ဒဏ်ပေး ခံရမှာ။ ဟော... အချိန်တောင် ရောက်ပြီပဲ။”
လုပေါင်သည် ကောင်းကင်ကို မော့ကြည့်ကာ လက်ထဲမှ ဟေးမီ ပစ်ချလိုက်ပြီး ဆေးခြင်းတောင်းထဲမှ နှဲ ပလွေ တစ်လက်ကို ထုတ်ယူလိုက်သည်။
“ဟဲဟဲ”
ဟေးမီသည် မြေပြင်ပေါ်မှ ပြန်ထကာ မကျေနပ်သလို အသံပြုသည်။
“ဒါက ပလွေ မဟုတ်လား။”
“ဘယ်အချိန်တုန်းက ရောက်တာလဲ။”
သူတို့အားလုံး စိတ်မသက်မသာ ဖြစ်သွားကြသည်။လုပေါင်၏ ပုံစံမှာ ထူးဆန်းလွန်းလှပြီး အန္တရာယ်တစ်ခုခု ကျရောက်တော့မည့် အငွေ့အသက်မျိုး ပေးစွမ်းနေသည်။
Live လွှင့်တာကို ကြည့်ရှုသူဦးရေမှာ ၅.၆ သန်းအထိ ရှိနေပြီဖြစ်သည်။တောတွင်းရှာဖွေရေးကို ရိုက်ကူးနေရင်း သင်္ချိုင်းသူခိုးတစ်စုနှင့် တိုးခြင်းမှာ အလွန်ကြီးမားသော တိုက်ဆိုင်မှုပင်ဖြစ်သည်။ပရိသတ်များကို ပို၍ အံ့အားသင့်စေသည်မှာ လုပေါင်သည် ထွက်မပြေးသည့်အပြင် သူတို့ကိုပါ လှည့်စားရန် ကြိုးစားနေခြင်းဖြစ်သည်။
“ဒီမိန်းကလေးက တော်တော်လေး ဆွဲဆောင်မှုရှိတာပဲနော်။”
“ကျွန်တော်တော့ ဒီမမကို သဘောကျမိပြီ။ အရမ်းလှတာပဲ ဒီလောက်လှတဲ့သူ ထောင်ကျရမယ်ဆိုတာ တွေးမိရင် ဝမ်းနည်းဖို့ကောင်းလိုက်တာ။”
“ဟားဟားဟား... ရတနာနတ်ဘုရားကို ဆက်ပြီ ဟန်ဆောင်ခိုင်းမနေနဲ့တော့ သူက သရုပ်ဆောင် ပီပြင်လွန်းတယ်။”
“သူက တကယ့်ရုပ်ရှင်မင်းသားအတိုင်း သရုပ်ဆောင်နေတာ။”
“သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ရဲတိုင်သင့်တယ်ထင်လား။ သူ့ကံကလည်း တော်တော်ဆိုးတာပဲ တောကောင်တွေနဲ့ မတိုးဘဲ ရက်စက်တဲ့ သင်္ချိုင်းသူခိုးတွေနဲ့မှ သွားတိုးရတယ်လို့။”
ပရိသတ်အားလုံးက ဒါဟာ ကြီးမားတဲ့ တိုက်ဆိုင်မှုကြီးတစ်ခုလို့ပဲ ထင်နေကြသည်။
လုပေါင်သည် ပလွေကို စတင်မှုတ်လိုက်တော့သည်။ ၎င်းမှာ ပျော်ရွှင်ခြင်း ဟူသော သီချင်းတစ်ပုဒ်ဖြစ်သည်။
တရုတ်ရိုးရာ တူရိယာများထဲတွင် ပလွေသည် ဘုရင်တစ်ပါးပင်ဖြစ်သည်။ ၎င်း၏အသံမှာ လူတစ်သောက်၏ ဝိညာဉ်အထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိသည်။
ဟေးမီ ချန်ဂျွန်ဂျွန်နှင့် သင်္ချိုင်းသူခိုးများပါ အံ့ဩမှင်သက်သွားကြသည်။ အဝေးမှ ချောင်းကြည့်နေသော ဒါပေါင် နှင့် သစ်ပင်ပေါ်မှ နှင်းလုံးလေးပင်လျှင် ခေါင်းလေးစောင်းကာ နားထောင်နေကြသည်။
“အစ်ကိုကြီး...”
သင်္ချိုင်းသူခိုးတစ်ဦးကအချက်ပေးကာ ပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်လိုက်သည်။
“လူအချို့ကို ခေါ်ပြီး ပတ်ပတ်လည်ကို သွားစစ်ဆေးလိုက်။ တစ်ခုခုဖြစ်ရင် ချက်ချင်း အချက်ပြမီးလွှတ်။”
အစ်ကိုကြီးကပြောလိုက်သည်။ သူသည် လုပေါင်ကို မတားမြစ်တော့ဘဲ လုပေါင်မှာ တကယ့်တောင်စောင့်ကင်းသမားတစ်ဦး ဖြစ်လိမ့်မည်ဟု စတင်ယုံကြည်လာသည်။ မဟုတ်လျှင် ယခုခေတ်တွင် မည်သူက ပလွေ မှုတ်တတ်ဦးမည်နည်း။
မကြာမီ လူအချို့မှာ အရပ်းလေးမျက်နှာသို့ လူစုခွဲထွက်သွားကြတော့သည်။လုပေါင်သည်သူတို့ကို တစ်ချက်ဝေ့ကြည့်ကာ ဆက်လက်မှုတ်နေသည်။
နာရီဝက်ခန့်အကြာတွင် ချန်ဂျွန်ဂျွန်သည် လုပေါင်အပေါ် အလွန်ရင်းနှီးစွာ ဆက်ဆံလာပြီး တောင်ဆိတ်ကင်များကိုပင် ကျွေးမွေးနေသည်။သူတို့ သူငယ်ချင်းတွေ ဖြစ်သွားကြပြီဟုပင် ထင်ရသည်။ကင်းထောက်များ ပြန်မလာသေးသဖြင့် လုပေါင်က ဒါပေါင်အတွက် အနည်းငယ် စိုးရိမ်နေသော်လည်း မည်သည့်အသံမျှ မကြားရသဖြင့် ခွေးမှာ ပုန်းနေလောက်ပြီဟု သူ ယူဆလိုက်သည်။
“မောင်လေး... မင်းပြောတဲ့ ပူဇော်သက္ကာတွေက ဘယ်မှာလဲ။ ဘယ်လိုမျိုးတွေလဲ။”
ချန်ဂျွန်ဂျွန်က သတင်းစတင်နှိုက်တော့သည်။ သင်္ချိုင်းသူခိုးအဖွဲ့ကလည်း နားစွင့်နေကြသည်။ သူတို့ တစ်ပတ်လုံးလုံး တူးနေသော်လည်း ဘာမှမတွေ့ရသေးပေ။
“သိပ်တော့ အသုံးမဝင်ပါဘူး အိုးဟောင်း အိုးပျက်တွေပါပဲ။”
လုပေါင်ကဆိတ်ခြေထောက်တစ်ဖက်ကို အားရပါးရ ကိုက်ရင်း ပြောလိုက်သည်။ သူ တကယ်ပဲ ဆာလောင်နေခဲ့ခြင်းဖြစ်သည်။ ဟေးမီမှာလည်း အမြီးတယမ်းယမ်းဖြင့် အားရပါးရ စားနေသည်။
အားလုံး၏ အာရုံမှာ လုပေါင်ဆီသို့ ရောက်ရှိနေပြီး သူပြောသမျှကို နားစွင့်နေကြသည်။
“အဲဒါတွေ ဘယ်မှာလဲ မမတို့ကို ပြကြည့်လို့ရမလား။”
ချန်ဂျွန်ဂျွန်ကနောက်ထပ် ဆိတ်ခြေထောက်တစ်ဖက်ကို ကမ်းပေးရင်း မေးသည်။
“သိပ်မဝေးပါဘူး ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီကို မသွားရဲဘူး။”
လုပေါင်ကဆိတ်ခြေထောက်တစ်ဖက်ဖြင့် အဝေးရှိ သစ်ပင်ကြီးများ ဖုံးလွှမ်းနေသော တောင်ကုန်းငယ်လေးကို ညွှန်ပြလိုက်သည်။
“မမ... ဒီပေါ်ကို ငရုတ်သီးမှုန့်လေး နည်းနည်း ထပ်ဖြူးပေးပါဦး။”
“အားထိုင်... ငရုတ်သီးမှုန့် ယူခဲ့လိုက်။”
ထိုသူများ အားလုံး ချက်ချင်းပင်စိတ်လှုပ်ရှားသွားကြသည်။သူတို့ ရှာနေသည့်နေရာမှာ လုပေါင်ညွှန်ပြသည့် ဧရိယာထဲတွင် ပါဝင်နေသော်လည်း သေချာ မရှာရသေးသည့် နေရာဖြစ်သည်။
“ဦးလေး... ဒီနေရာမှာ သစ်ပင်တွေက ပုံမှန်ထက် ထူထပ်နေတာဆိုတော့ ဂူသင်္ချိုင်းကြီး ရှိနိုင်တယ်လို့ ဦးလေးပြောခဲ့တာ မဟုတ်လား။ မစ္စတာဟွမ်ရဲ့ မြေပုံကလည်း မှန်ပုံရတယ်။”
အစ်ကိုကြီးက ဆံပင်အဖြူနှင့် အဘိုးကြီးအနားသို့ သွားကာ တိုးတိုးလေး ပြောလိုက်သည်။
“ရှောင်ဟူ... ဒီကောင်လေးက သာမန် မဟုတ်ဘူး။”
အဘိုးကြီးက လူပေါင်ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်ရင်း ပြောသည်။
“ဘယ်လိုဖြစ်လို့လဲ”
ခွမ်းဟူ က မျက်မှောင်ကြုတ်ကာ
“သူက တော်တော်ထူးဆန်းတယ်။ တောလိုက်သမားတစ်ယောက်ရဲ့ တုံ့ပြန်မှုမျိုးလည်း မရှိဘူး အပြုအမူကလည်း တောသားနဲ့ မတူဘူး။”
သူ ပြီးခဲ့သည့်တစ်ခေါက် မြားဖြင့် စမ်းသပ်စဉ်က လုပေါင်သည် လုံးဝ တုံ့ပြန်မှု မရှိခဲ့သည်ကို သူ သတိရလိုက်သည်။ တောင်ပေါ်မှာ တစ်နှစ်ပတ်လုံး နေထိုင်သော တောလိုက်သမားတစ်ဦးမှာ ဤမျှ တုံ့ပြန်မှု မရှိခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။
“သူ့ပလွေက အသစ်စက်စက်ပဲ။ဖိနပ်က ပေနေပေမဲ့ နာမည်ကြီးတံဆိပ်ဖြစ်နေတယ်။ အင်္ကျီက ဟောင်းနေပေမဲ့ သူ့အတွက် အရမ်းသေးနေတယ် ဒါ သူ့အင်္ကျီ မဟုတ်လောက်ဘူး။သူ ဘယ်လို သိနေလဲတော့ မသိပေမဲ့ ငါတို့ ဒုက္ခရောက်နိုင်တယ်။ တစ်စုံတစ်ယောက်က ငါတို့ကို ဒါမှမဟုတ် ဒီသင်္ချိုင်းကို စောင့်ကြည့်နေတာ ဖြစ်နိုင်တယ်။”
ဆယ်စုနှစ်ပေါင်းများစွာ သင်္ချိုင်းခိုးတူးလာသော အဘိုးကြီး၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင်များ ပေါ်လာသည်။ခွမ်းဟူ သည် အခြေအနေကို နားလည်သွားပြီး သူ၏ခါးကြားမှ စစ်သုံးဓားမြှောင်ကို တိတ်တဆိတ် ကိုင်လိုက်သည်။
ထိုစဉ် ကင်းထောက်သွားသော သင်္ချိုင်းသူခိုးတစ်ဦး ပြန်ရောက်လာပြီး ခွမ်းဟူ အနားသို့ တိုးကပ်သွားသည်။
“အနောက်ဘက် ချုံထဲမှာ ဘော်ဒါကိုလီခွေးတစ်ကောင် ပုန်းနေတာ တွေ့တယ်။ရဲခွေးတော့ မဟုတ်ပုံရဘူး၊ ဒါပေမဲ့ ဒီအနားမှာပဲ ပုန်းနေတာ။ တခြားလူတော့ မတွေ့ဘူး။”
“အင်း...”
လုပေါင်သည် သူ၏ စူးရှသော အကြားအာရုံကြောင့် သူတို့၏ နှလုံးခုန်သံကိုပင် ကြားနေရသဖြင့် သူတို့ပြောသမျှကို အကုန်ကြားနေနေသည်။သူကဟေးမီ ၏ ခေါင်းကို ရိုက်လိုက်သည်။
“ဝုတ်။”
ခွေးနက်ကြီးက ခေါင်းမော့ကြည့်သည်။
‘ငါ့ကိုဘာလို့ ရိုက်တာလဲ။’
ဒါပေါင်နှင့် ယှဉ်လျှင် ဤခွေးမှာ ဉာဏ်ရည် အနည်းငယ် နိမ့်ပါးနေဆဲ ဖြစ်သည်။
ပရိသတ်များက သူ အစားအသောက် အလကားစားရအောင် ဟန်ဆောင်နေသည်ကို ကြည့်ပြီး ရယ်မောနေစဉ်မှာပင် လုပေါင်သည် ရုတ်တရက် ထရပ်လိုက်ပြီး စားလက်စ ဆိတ်ခြေထောက်ကို ခြင်းတောင်းထဲ ပစ်ထည့်လိုက်သည်။
“မောင်လေး... ဗိုက်ဝပြီလား။”
ချန်ဂျွန်ဂျွန် အံ့ဩသွားသည်။
‘စောစောကမှငတ်ပြတ်နေသူတစ်ယောက်လို အားရပါးရ စားနေပြီးမှ အခု ဘာလို့ ရုတ်တရက် ထရပ်လိုက်တာလဲ။’
“ဗိုက်မဝသေးပါဘူး ဒါပေမဲ့ ဆက်စားလို့ မဖြစ်တော့ဘူး။”
လုပေါင်သည် ဟေးမီကို ဆွဲမလိုက်ပြီး မြားတောင့်ကို ကျောမှာလွယ်ကာ လေးကို ကောက်ကိုင်လိုက်သည်။ သူ၏ လှုပ်ရှားမှုမှာ အလွန်မြန်ဆန်သဖြင့် ချန်ဂျွန်ဂျွန်၏ မျက်နှာ ပျက်သွားတော့သည်။
အခြား သင်္ချိုင်းသူခိုးများလည်း စတင် စိုးရိမ်လာကြသည်။ သက်တော်စောင့်အချို့က မစ္စတာဟွမ်၏ ရှေ့တွင် ကာကွယ်လိုက်ကြသည်။
“ဘာပြဿနာ ရှိလို့လဲ”
“ဟဲဟဲ...”
ဟေးမီမှာလည်း ရုတ်တရက် အမ ခံလိုက်ရသဖြင့် ရုန်းကန်နေသော်လည်း သူ၏သခင်လေး၏ မျက်နှာမှာ ထူးထူးခြားခြား ဖြစ်နေသည်ကို သတိပြုမိသွားသည်။
“မောင်လေး.. မင်း ဘာလုပ်မလို့လဲ။”
ချန်ဂျွန်ဂျွန်သည်လည်းသူမ၏ခြေထောက်နားမှ ဓားမြှောင်ကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။
“ခင်ဗျားတို့နဲ့ ရင်ဆိုင်ရမယ်မှန်း သိရင် ကျွန်တော် ဒီထက်ပိုပြီး ပြင်ဆင်လာခဲ့မှာပါ။ ကျွန်တော်ရဲ့သရုပ်ဆောင်မှုက အားနည်းချက်တွ ပေါ်လွင်နေတော့ ခင်ဗျားတို့ကို လှည့်စားလို့ မရတော့ဘူးပဲ။”
လူပေါင်ကရယ်မောရင်းသူတို့ကို ဝေ့ကြည့်လိုက်သည်။
“ကျွန်တော့်ကို လွှတ်ပေးမှာလား။ဒါမှမဟုတ် တိုက်ခိုက်ကြမှာလား။”
“ရွှီ...”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် မြားတစ်စင်း ရုတ်တရက် လုပေါင်ဆီရာသို့ ပေါ်ထွက်လာသည်။လူပေါင်သည် လက်လှမ်းလိုက်ပြီး သတ္တုဖြင့်လုပ်ထားသော မြားခေါင်းကို လက်ညှိုးနှင့် လက်မကို သုံးကာ ဖမ်းလိုက်သည်။ မြား၏ အမြီးပိုင်းမှာ တုန်ခါနေဆဲ ဖြစ်သည်။
“သတိထားကြ သူက သိုင်းသမားပဲ။”
“ဘာကြီးလဲဟ။”
အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြသည်။ ရှေးဟောင်းသိုင်းပညာရှင်အချို့မှာ မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့ သိကြသည်။ မျက်နှာအမူအရာ မပျက်ဘဲ မြားကို လက်ဖြင့်ဖမ်းနိုင်ခြင်းမှာ မယုံနိုင်လောက်အောင် အားအင်ကြီးမားမှသာ ဖြစ်နိုင်သည်။
“ဒိုင်းးး”
သင်္ချိုင်းသူခိုးတစ်ဦးက သေနတ်ဖြင့် လှမ်းပစ်လိုက်သည်။လုပေါင်၏ ကိုယ်ခန္ဓာမှာ လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး သစ်ပင်ကြီးတစ်ပင်၏ နောက်သို့ ရှောင်ဝင်လိုက်သည်။ သစ်ခေါက်များ လွင့်စင်သွားပြီး မီးခိုးပြာများ ထွက်ပေါ်လာတော့သည်။
လုပေါင်သည် ခွေးကိုပွေ့လျက် သစ်ပင်နောက်မှ ထွက်လာသည်။ သူက သစ်ပင်ပင်စည်ကို အေးအေးဆေးဆေး ကြည့်ရင်း ပြောလိုက်သည်။
“ခင်ဗျားတို့က တော်တော်ရက်စက်တာပဲ။ ဘာမှတောင် မမေးဘဲ သတ်ဖို့ ကြိုးစားနေကြတာလား။”
“မင်း တကယ်ပဲ ဘယ်သူလဲ။”
ခွမ်းဟူ၏ မျက်နှာမှာ အတော်တင်းမာနေပြီဖြစ်သည်။ မြားကို လက်ဖြင့်ဖမ်းပြီး ကျည်ဆန်ကို ရှောင်နိုင်ခြင်းမှာ သာမန်လူတစ်ယောက် မလုပ်နိုင်သည့် ကိစ္စမျိုးဖြစ်သည်။
“အူး...”
ခွေးနက်ကြီးမှာမူ ထိတ်လန့်တကြား ဘေးဘီကို ကြည့်နေသည်။
‘ဒီလောက်ထိလုပ်ဖို့ လိုလို့လား ငါ သူတို့အသားလေး နည်းနည်းပဲ စားရသေးတာကို။’
***