လူပေါင် အံ့အားသင့်သွားသည်။ ဤမျိုးစိတ်မှာ ခြင်္သေ့နှင့် ကျားတို့ကို မျိုးစပ်ထားခြင်းဖြစ်ပြီး အလွန်ရှားပါးလှသည်။သို့သော် ရှေ့တွင်မြင်နေရသော အသွင်ပြောင်းကျားမှာ သူစိတ်ကူးထားသည်နှင့် လုံးဝကွဲပြားနေပြီး ၎င်း၏ ရုပ်သွင်ပြင်မှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။
၎င်း၏ အေးစက်လှသော မျက်လုံးအစုံနှင့်တစ်ချက်ကြည့်ရုံဖြင့် သူတို့အားလုံး ကျောချမ်းသွားကြလေသည်။တောအုပ်ထဲမှ ၎င်း၏ ကိုယ်ခန္ဓာတစ်ခုလုံး ထွက်လာသောအခါ သင်္ချိုင်းသူခိုးအဖွဲ့သား အများအပြားမှာ မသိစိတ်ဖြင့် နောက်သို့ ဆုတ်လိုက်ကြသည်။
“သူ တော်တော်ဗိုက်ဆာနေပုံပဲ...”
တစ်စုံတစ်ယောက်၏ အသံမှာ တုန်ရီနေသည်။အသွင်ပြောင်းကျားမှာ သတ္တဝါအကြီးကြီး ဖြစ်သော်လည်း ၎င်း၏ ဝမ်းဗိုက်မှာ ချောင်ကျနေပြီး အချိန်အတော်ကြာ အစာမစားရသေးပုံရသည်။
အဘိုးကြီးက ချက်ချင်းဆိုသလို
“အားလုံး လူစုခွဲလိုက်ကြ။ငါတို့ သူ့ကို နှိုးလိုက်မိပြီ။ စောစောက ယမ်းဖောက်တာက သူအိပ်နေတဲ့ ဂူနဲ့ အရမ်းနီးနေပုံရတယ် ဒါမှမဟုတ်ရင် ဒါက သင်္ချိုင်းစောင့်သားရဲတစ်ကောင်ဖြစ်နိုင်တယ်။”
သူ့ခန့်မှန်းချက် မှန်ပါသည်။အသွင်ပြောင်းကျားမှာ သူတို့၏ ယမ်းပေါက်ကွဲသံကြောင့် နိုးလာခြင်း ဖြစ်သည်။
“ဂျွတ် ဂျွတ်”
အသွင်ပြောင်းကျား၏ ခြေသည်းများအောက်ရှိ ချုံပုတ်များမှာ ချက်ချင်းပင် ကြေမွသွားသည်။ထိုအချိန်မှာပင် ၎င်း၏ အကြည့်မှာ သေနတ်ကိုင်ကာ အနီးဆုံးတွင် ရှိနေသော သင်္ချိုင်းသူခိုး ဆီသို့ ကျရောက်သွားသည်။
“ဟေ့ကောင် ဒီကိုလာခဲ့။”
ခွမ်းဟူက လက်ထဲက လေးဂွကို မြှောက်တင်လိုက်သည်။ကြောက်လန့်နေသောကြောင့် သူ၏ နဖူးတွင် ချွေးစေးများ ထွက်နေပြီဖြစ်သည်။
တောတောင်ထဲသို့ မကြာခဏ သွားလာပြီး တောကောင်များနှင့် ရင်ဆိုင်ဖူးသူများသာ သိကြသည်မှာ ကျားများသည် စာအုပ်ထဲတွင် ဖော်ပြထားသကဲ့သို့ သတ်ဖြတ်ရန် သို့မဟုတ် ကိုင်တွယ်ရန် မလွယ်ကူကြောင်းပင်။
ထို့အပြင်ရှေ့တွင်ရှိနေသော သတ္တဝါမှာ မယုံနိုင်လောက်အောင် ကြီးမားနေသည်။
“ဟေး...ဟေးးး”
လုပေါင်က ရုတ်တရက် ထအော်လိုက်သည်။
အသွင်ပြောင်းကျားသည် လှုပ်ရှားမှုကို မရပ်တန့်သော်လည်း ခေါင်းလှည့်ကာ လုပေါင်ကို ကြည့်လိုက်သည်။လုပေါင်ကို မြင်သောအခါ ၎င်း၏ အေးစက်ရက်စက်သော အကြည့်မှာ အနည်းငယ် ပြောင်းလဲသွားပြီး ခေတ္တမျှ ရပ်တန့်သွားသည်။
‘ငါ့ရဲ့ စွမ်းအားက သိပ်မထိရောက်တာလား။’
လူပေါင်သည် သူ၏ တိရစ္ဆာန်များနှင့် ရင်းနှီးနိုင်စွမ်း မှာ ဤသတ္တဝါအပေါ်တွင် မျောက်ဘုရင်နှင့် တွေ့စဉ်ကလောက်ပင် အာနိသင်မရှိသည်ကို ပထမဆုံးအကြိမ် သတိပြုမိလိုက်သည်။
“ဝေါင်းးး”
သင်္ချိုင်းသူခိုးက လွတ်မြောက်ရန် နောက်ဆုတ်လိုက်စဉ်မှာပင် အသွင်ပြောင်းကျားက စတင်ခုန်အုပ်တော့သည်။ ၎င်း၏ ကြီးမားသော ကိုယ်ထည်မှာ မယုံနိုင်လောက်အောင် ဖျတ်လတ်လှပြီး လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။
“အမလေးးးး”
သင်္ချိုင်းသူခိုးကအလန့်တကြား အော်လိုက်မိသည်။ သူ့ရှေ့တည့်တည့်သို့ ရောက်လာသော အသွင်ပြောင်းကျားကို ကြည့်ကာ လက်ထဲမှ သေနတ်ဖြင့် ဒိုင်း ခနဲ ပစ်လိုက်တော့သည်။
သို့သော် ပို၍ အံ့ဩစရာကောင်းသည်မှာ ယအသွင်ပြောင်းကျား၏ ဖျတ်လတ်မှုပင်ဖြစ်သည်။၎င်းက ဘေးသို့ ဝဲခနဲ ခုန်ရှောင်လိုက်သဖြင့် ကျည်ဆန်မှာ လွဲချော်သွားတော့သည်။
“ဝုန်းးး”
“ဒိုင်းးးး”
“အားလုံး ဝိုင်းတိုက်ကြ။”
မြားများ ကျည်ဆန်များနှင့် ဒုန်းများပင် ပါဝင်လာသည်။ ခြင်္သေ့ကျားမှာ ပြေးလွှားခုန်ပေါက် ရှောင်တိမ်းနေပြီး ၎င်း၏ ထူးကဲလှသော ဖျတ်လတ်မှုမှာ လူတိုင်းကို ကျောချမ်းစေသည်။
“ဆရာ... ယမ်းတွေ။”
မြားနှင့် လေးများကို ရှောင်နိုင်သည်မှာ လက်ခံနိုင်သော်လည်း ကျည်ဆန်ကို ရှောင်နိုင်ခြင်းက သူတို့၏ အကြောက်တရားကို ထိတ်လန့်မှုဖြင့် ပြည့်နှက်စေသည်။
အထူးသဖြင့်အသွင်ပြောင်းကျား၏ အေးစက်သော အကြည့်ဖြင့် ပေါင်လုံးခန့်ရှိသော သစ်ပင်တစ်ပင်ကို လက်သည်းဖြင့် ခြစ်ထုတ်လိုက်သောအခါ သူတို့ အလွန်ကြောက်လန့်သွားကြတော့သည်။
၎င်းနှင့် ထိတွေ့မိသည်နှင့် သေဖို့သာ ရှိတော့သည်။
Live ကြည့်နေသော ပရိသတ်များမှာလည်း ရူးမတတ် ဖြစ်နေကြသည်။ ဤမျှ ရက်စက်ကြမ်းကြုတ်သော သတ္တဝါမျိုးကို မည်သူက မြင်ဖူးပါမည်နည်း။
နောက်ဆုံးတွင် သူတို့သည် တောရဲတိရစ္ဆာန်များ၏ ဘုရင် ဆိုသည်မှာ အဘယ်နည်း။ကျားနှင့် ခြင်္သေ့တို့သည် အဘယ်ကြောင့် အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရှိနေသနည်းဆိုသည်ကိုပါ နားလည်သွားကြသည်။ သူတို့သည် တိရစ္ဆာန်ဥယျာဉ်ထဲက ကျားများ ခြင်္သေ့များကို ကြည့်ကာ အထင်မှားခဲ့ကြခြင်း ဖြစ်သည်။
“ဘုရားရေ...”
အန်နာဘဲလ်သည်ပြန်လှည့်ရန် လမ်းမရှိတော့သလို ခံစားနေရသည်။ သူတို့သည် လုပေါင်၏ Live ထဲတွင် လုံးဝ နစ်မျောနေပြီး ကြည့်ရှုသူ ၉ သန်းနီးပါး ရှိနေခြင်းက သူမကို တုန်လှုပ်စေသည်။
တရုတ်ပြည်မှ Streamer တစ်ယောက်ကို မည်သူနှင့် ယှဉ်နိုင်ပါမည်နည်း။ အခြားနိုင်ငံများမှ ထိပ်တန်း Streamer အများအပြားမှာ လုပေါင်၏ Live နှင့် ယှဉ်လျှင် အရောင်မှိန်ကုန်ကြသည်။
“ဒီလို Live လွှင့်တာက အရမ်းအန္တရာယ်များတယ်...”
လုလင်းဟွာသည်လုပေါင်၏ ဘေးကင်းရေးသာမက Live ၏ ဘေးကင်းရေးအတွက်ပါ စိုးရိမ်လာသည်။ အကယ်၍ အခြား Streamer သာဆိုလျှင် ၎င်းကို ပိတ်ပင်ထားသည်မှာ ကြာပြီဖြစ်သည်။
သင်္ချိုင်းသူခိုးများ သေနတ်များ ယခု ဤသတ္တဝါကြီး သူ စိုးရိမ်သော်လည်း တစ်ဖက်တွင်လည်း စိတ်လှုပ်ရှားနေသည်။
အဘယ်ကြောင့်ဆိုသော်Ocean Live Stream ၏ အသုံးပြုသူအသစ်များမှာ အရှိန်အဟုန်ဖြင့် တိုးပွားနေသောကြောင့်ပင်။
“ကဲ... ရတနာနတ်ဘုရားနဲ့အတူ အမဲလိုက်ကြစို့။”
လုပေါင်သည်သူ၏ ခြေထောက်ကို ဖက်ထားသော ဟေးမီကို ဆွဲထုတ်ကာ တောအုပ်ဘက်သို့ ညွှန်ပြလိုက်သည်။
“ဝုတ် ဝုတ်”
ဟေးမီမှာအလွန်ကြောက်နေသဖြင့် နောက်သို့ အတင်းဆုတ်နေသည်။
“ဒီမှာနေတာ မလုံခြုံဘူး။ မြန်မြန်သွားပြီး တစ်ခုခု ဖမ်းခဲ့စမ်းပါ။ သူ ဗိုက်ဆာနေတာ ဗိုက်ဝသွားရင် အဆင်ပြေသွားလိမ့်မယ်။”
လုပေါင်ကဟေးမီ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
ဟေးမီ သတိဝင်လာပြီး အမြီးကို လိမ်ကာ တောနက်ထဲသို့ ပျောက်ကွယ်သွားသည်။
“ဝေါင်းးးး”
ကျယ်လောင်သော ဟိန်းသံကြီး ထပ်မံထွက်ပေါ်လာပြန်သည်။ လုပေါင်သည် နွယ်ပင်များနှင့် မှိုများ ဖုံးလွှမ်းနေသော ကျောက်တုံးကြီးပေါ်သို့ ခုန်တက်သွားသော အသွင်ပြောင်းကျားကြီးကို အံ့ဩတကြီး ကြည့်နေမိသည်။ ယမ်းပေါက်ကွဲမှုက ၎င်းကို မည်သည့် ထိခိုက်မှုမျှ မပေးနိုင်ခဲ့ပေ။
“မကောင်းတော့ဘူး သူက အရမ်းမြန်လွန်းတယ်။”
အဘိုးကြီး၏ မျက်နှာမှာ အလွန်တင်းမာနေသည်။ထို့နောက် သူ တစ်ခုခုကို သတိရသွားကာ ခွမ်းဟူ ကို မျက်ရိပ်ပြလိုက်သည်။ ခွမ်းဟူက ချက်ချင်း နားလည်သွားပြီး အခြားသူများနှင့်အတူ လုပေါင်ရှိရာသို့ ပြေးလာကြသည်။
“တောက်... ခင်ဗျားတို့ကတော့ တော်တော်လည်တာပဲ။”
လုပေါင်ကထိုမြင်ကွင်းကို ကြည့်ကာ မျက်စောင်းထိုးလိုက်သော်လည်း ထွက်မပြေးဘဲ ထိုလူများကို သူ့နောက်တွင် ခိုလှုံခွင့် ပေးလိုက်သည်။
Live လွှင့်နေစဉ်အတွင်း လူသေလျှင် မကောင်းပေ။ ထို့အပြင် သူသည် မျောက်ကန်ချက်ကို တတ်မြောက်ထားသဖြင့် ခြင်္သေ့ကျားနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ယုံကြည်မှု ရှိနေသည်။
“ညီလေး... ငါတို့အသက်ကို ကယ်ပေးပါကွာ ငါတို့တွေ ညီလေးကို အများကြီး ဆုချပါ့မယ်။”
ခွမ်းဟူကလုပေါင် ထွက်မပြေးသည်ကို မြင်သောအခါ ချက်ချင်းပင် ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ဘာဆုလဲဗျာ မကြာခင် ရဲတွေ လာဝိုင်းတော့မှာ။ ခင်ဗျားတို့ ဥပဒေချိုးဖောက်နေတာကို သိရဲ့လား။”
လုပေါင်ကမျက်စောင်းထိုးရင်း လေးကိုချကာ သစ်ပင်နောက်မှ ထွက်လာသည်။
ထောင်ကျရမည့် ရာဇဝတ်သားတစ်စုက သူ့ကို ဆုချချင်နေသည်တဲ့လား။
“ငါတို့တွေက ဒီကို ဂျင်ဆင်း လာတူးကြတာပါ ဒါက ဥပဒေမချိုးဖောက်ပါဘူး။ ဒီလက်နက်တွေကလည်း သေနတ်ဟောင်းတွေပါ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၈ အရဆိုရင် ဒီအခြေအနေက မပြင်းထန်တာကြောင့် ကျုပ်တို့ ညီအစ်ကိုတွေဟာ ထောင်ဒဏ် ၃ နှစ်အောက် သို့မဟုတ် ထိန်းသိမ်းရုံလောက်ပဲ ကျခံရမှာပါ။”
ခွမ်းဟူကသူ၏ ဖြူဖွေးသော သွားများကို ဖြဲပြရင်း ရယ်မောလိုက်သည်။
‘ဥပဒေကို အလွတ်ကျက်ထားတာလား။တကယ့်ကို ဥပဒေပြင်ပကလူသားတွေလိုပဲအထင်ကြီးစရာပဲ။’
လုပေါင်တွေးလိုက်သည်။ အကယ်၍ ဤလူများသည် ဥပဒေပါရဂူ ကျန်းစန် ကဲ့သို့သော ရှေ့နေမျိုးကိုသာ ငှားလိုက်လျှင် တစ်ဖက်က ရှေ့နေကိုပင် ထောင်ချပစ်နိုင်လိမ့်မည်။
“အသွင်ပြောင်းကျားကြီး လာနေပြီ။”
ပြင်းထန်သော လေပြင်းတစ်ခုနှင့်အတူ အသွင်ပြောင်းကျားကြီး ချဉ်းကပ်လာရာ လုပေါင်က မဆိုင်းမတွဘဲ ရှေ့မှ ကာကွယ်လိုက်သည်။
အသံမှာ နားကွဲမတတ် ကျယ်လောင်လှသည်။ သူ မျှော်လင့်ထားသည့်အတိုင်း အသွင်ပြောင်းကျားကြီး ရပ်သွားသည်။၎င်းက ဒေါသတကြီး ဟိန်းဟောက်နေသော်လည်း သူ့ကို တိုက်ရိုက် တိုက်ခိုက်ခြင်း မပြုပေ။
ဟိန်းသံအဆုံးတွင် တောအုပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။လုပေါင်က လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်ကာ အချက်ပြလိုက်သည်။ဤစွမ်းအားကို ရရှိပြီးနောက်ပိုင်း ယခုကဲ့သို့ ရန်လိုပြီး သူ့ကို အချိန်မရွေး ဆွဲဖြဲပစ်တော့မည့် သတ္တဝါမျိုးနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။
ရုတ်တရက် ခြင်္သေ့ကျားကြီး၏ လည်ပင်းတွင် သံချေးတက်နေသော ကြေးခေါင်းလောင်းတစ်ခု ဆွဲထားသည်ကို မြင်လိုက်ရသဖြင့် လုပေါင်၏ နှလုံးခုန်သံ ခေတ္တရပ်သွားသည်။
ဒါကို တစ်စုံတစ်ယောက်က ဆွဲပေးထားတာလား။
“စိတ်အေးအေးထားပါ ရတနာလေးရဲ့။ ဗိုက်ဆာနေတာလား။ငါက ဝံပုလွေဂူ ကျားဂူနဲ့ မျောက်ဘုရင်ဂူတွေမှာ အိပ်ခဲ့ဖူးတဲ့ Streamer အကြီးစားလေ။အခု ငါ Live လွှင့်နေတာမို့လို့ မျက်နှာသာပေးပြီး ပူးပေါင်းပေးပါဦး။ သိပ်ပြီး ရိုင်းစိုင်းမနေပါနဲ့။ ဘာစားချင်လဲ ပြော ငါ ဖမ်းပေးမယ်။”
လုပေါင်က ဖြည်းဖြည်းချင်း ချဉ်းကပ်ကာ ဖျောင်းဖျလိုက်သည်။
အသွင်ပြောင်းကျားကြီးမှာ အလွန်စိတ်လှုပ်ရှားနေပြီး ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း တိုးတိုးလေး ဟိန်းဟောက်နေသည်။ ၎င်း၏ အေးစက်သော မျက်လုံးများတွင် သွေးဆာနေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
“ဟိုမှာ ဆိတ်ရှိသေးတယ်။”
ချန်ဂျွန်ဂျွန်ကတောင်လေးကို လှမ်းကြည့်လိုက်သည်။
“ဟင် အော်... ဟိုမှာ ဆိတ် ဆိတ်။”
တောင်လေးကသတိဝင်လာပြီး အဝေးက ကျောက်တုံးပေါ်တွင် သေနေသော တောဆိတ်တစ်ကောင်ကို ညွှန်ပြလိုက်သည်။၎င်းမှာ သူတို့ အမဲလိုက်ထားပြီး ညစာအတွက် ဖုတ်စားရန် ပြင်ထားသော ဆိတ်ဖြစ်သည်။
“ဆိတ်က ဟိုမှာ။”
ချန်ဂျွန်ဂျွန်ကလုပေါင်ကို အချက်ပြလိုက်သည်။
လုပေါင်လည်းဆိတ်ကို မြင်သွားသည်။ သူက နောက်သို့ လှည့်ကြည့်ကာ လက်နှစ်ဖက်ကို ခါယမ်းရင်း
“ဒါက တောဆိတ်လေဗျာ နိုင်ငံတော်က ကာကွယ်ထားတဲ့ သတ္တဝါ ကျွန်တော် ဒါကို ကျွေးလို့ မဖြစ်ဘူး။”
‘ငါက အကောင်းမြင်စိတ်တွေ ဖြန့်ဝေနေတဲ့ Streamer ပါဆိုမှ ငါ့ကို ဒုက္ခပေးချင်နေကြတာလား။’
“ဘယ်က ကာကွယ်ထားတဲ့ သတ္တဝါလဲဗျ။ ဒါ တောဆိတ်မဟုတ်ပါဘူး။ ရွာသားတွေဆီက ဝယ်လာတဲ့ အိမ်မွေးဆိတ်ပါ။ ဒီလို လူသူမရှိတဲ့နေရာမှာ ဘယ်က တောဆိတ်ကို သွားဖမ်းမလဲ။စိတ်မပူပါနဲ့ ညီလေးရာ တို့တွေက ဥပဒေကို လေးစားတဲ့ နိုင်ငံသားကောင်းတွေပါ။”
ခွမ်းဟူသည် လုပေါင်၏ Live မှာ တကယ်ဖြစ်လိမ့်မည်ဟု ယုံကြည်သွားသည်။ မဟုတ်လျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက ဤမျှ အသေးစိတ်များကို ဂရုစိုက်နေပါမည်နည်း။
‘ခင်ဗျားတို့က တကယ်ပဲ အေးဆေးနေနိုင်တာလား။ရှေ့မှာ အသွင်ပြောင်းကျားကြီး ရှိနေတာကို။”
..
လူပေါင်က ထိုလူများ၏ ပြစ်မှုမှာ သိပ်မပြင်းထန်ဟု တွေးမိသည်။
‘ရှေ့နေတွေကဒီလောက်အထိ ဘဝင်မြင့်နေတာ မဆန်းပါဘူးလေ။’
***