အိပ်ပျော်နေရင်း အနှိုးခံရသဖြင့် စိတ်တိုနေသည့်အပြင် ဗိုက်ကလည်း ဆာ အပြင်ထွက်လာတော့လည်း တိုက်ခိုက်ခံရပြန်သဖြင့် အသွင်ပြောင်းကျား ၏ လက်ရှိအခြေအနေမှာ အလွန်ပင် မတည်မငြိမ် ဖြစ်နေသည်။
ဒါပေါင်သည် ယုန်တစ်ကောင်ကို ပါးစပ်ဖြင့်ခဲကာ ပြေးလာရင်း ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်တန့်သွားသည်။ သူ မော့ကြည့်လိုက်သောအခါ အသွင်ပြောင်းကျား၏ အရှိန်အဝါကြောင့် ကြောက်လန့်တကြား အမြီးလေးကုပ်သွားတော့သည်။
“ဂူး...ဂူး”
နှင်းလုံးလေးသည် အတောင်ပံကို ခတ်ကာ အနားသို့ တိုးကပ်လာသည်။သူသည် ပျံသန်းနိုင်သည်ဟု မိမိကိုယ်ကိုယ် ယုံကြည်မှုရှိ၍လားမသိ ထိုသတ္တဝါကြီးကို အနီးကပ်ကြည့်ရန် ငုံ့ကြည့်လိုက်သည်။
“ဝေါင်းးး”
ခြင်္သေ့ကျားသည် ဂနာမငြိမ်စွာ ရှေ့တိုးနောက်ဆုတ် လမ်းလျှောက်နေသည်။ နှင်းလုံးလေး အနားသို့ ရောက်လာသောအခါ ၎င်းက ကျောက်တုံးများကိုပင် ကွဲအက်စေနိုင်လောက်သည့် ဟိန်းသံကြီးဖြင့် အော်ဟစ်လိုက်ရာ လုပေါင်ပင်လျှင် နားထဲတွင် ခေတ္တမျှ အူသွားရသည်။
အဝေးက နားထောင်စဉ်ကမူ အားကောင်းမောင်းသန်ပြီး ခန့်ညားသည်ဟု ထင်ရသော်လည်း အနီးကပ်တွင်မူ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့် အစွမ်းရှိပုံရသည်။
ရုတ်တရက် လုပေါင်၏ မျက်မှောင် ကျုံ့သွားသည်။နှင်းလုံးလေး ခေတ္တမျှ သတိလစ်သွားသကဲ့သို့ ဖြစ်ကာ မြက်ခင်းပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားသည်။သူသည် အတောင်ပံများကို အတင်းခတ်နေသော်လည်း ပြန်လည်ပျံသန်းနိုင်ခြင်း မရှိတော့ပေ။
၎င်းမှာ အသွင်ပြောင်းကျားနှင့် အလွန်နီးကပ်နေသည်။အသွင်ပြောင်းကျားသည် စနိုးဘောကို တိုက်ခိုက်ရန် စတင်လှုပ်ရှားတော့သည်။
“ဖယ်စမ်းးးးး”
လုပေါင်သည် ခြင်္သေ့ကျားနှင့် ဖြည်းဖြည်းချင်း နားလည်မှုယူရန် ကြိုးစားချင်သော်လည်း ယခုတော့ ရှေ့သို့ ခုန်ဝင်လိုက်ရတော့သည်။အသွင်ပြောင်းကျားသာ နှင်းလုံးလေးကို တိုက်ခိုက်လိုက်လျှင် ထိုငှက်ကလေး သေမှာ သေချာသည်။
“ဝေါင်းးးး”
ထိုအချိန်တွင် လုပေါင်သည် မိမိကိုယ်ကိုယ် လျှပ်စီးကဲ့သို့ မြန်ဆန်နေသည်ဟု ခံစားလိုက်ရသည်။လေတိုက်နှုန်းမှာ နှေးကွေးသွားသလို လှုပ်ခါနေသော မြက်ပင်များမှာလည်း ရပ်တန့်နေသလိုပင်။အသွင်ပြောင်းကျား၏ လှုပ်ရှားမှုများပင်လျှင် အလွန်နှေးကွေးသွားသည်။
အမှန်တကယ် နှေးသွားသည်လော။မဟုတ်ပါ။လူပေါင်ကိုယ်တိုင်က မြန်သွားခြင်းပင်ဖြစ်သည်။
“ဘုတ်”
အားလုံး၏ အံ့ဩနေသော အကြည့်များရှေ့တွင် ခန္ဓာကိုယ်ချင်း တိုက်မိသံ ထွက်ပေါ်လာပြီး လုပေါင်နှင့် အသွင်ပြောင်းကျားတို့ မြေပြင်ပေါ်သို့ဘ လူးလိမ့်သွားကျတော့သည်။အသွင်ပြောင်းကျားမှာ အလွန်ကြီးမားသော်လည်း လုပေါင်က ၎င်း၏လည်ပင်းကို အသေအလဲ ဖက်ထားကာ ခြေထောက်များဖြင့်လည်း ၎င်း၏ကိုယ်လုံးကို ပတ်ထားလိုက်သည်။
“ဒါပေါင် နှင်းလုံးလေးကို ခေါ်သွားစမ်းးးး”
လုပေါင်က သတ်ဖြတ်တော့မည့်မျက်နှာဖြင့် ဒါပေါင်ကို အော်ပြောလိုက်သည်။အသွင်ပြောင်းကျား၏ အားမှာ အလွန်ကြီးမားလှသည်။ ၎င်း၏ ကြွက်သားများ ရုန်းကန်လိုက်တိုင်း လုပေါင်ဝတ်ထားသော ကျပ်နေသည့် အင်္ကျီများမှာ စတင် စုတ်ပြတ်လာသည်။
ဒါပေါင်သည် ချက်ချင်း တုံ့ပြန်လိုက်သည်။ သူသည် နှင်းလုံးလေးကို တစ်ချက်ကြည့်ကာ လုပေါင် ဖိထားသော ခြင်္သေ့ကျားကို ဝိုင်းဝန်းတိုက်ခိုက်တော့သည်။
“မင်းကိုငါသွားတော့လို့ပြောနေတယ်လေ။”
သတ္တိရှိလှသော ဒါပေါင်ကို ကြည့်ကာ လုပေါင် ဒါသထွက်မိသလို စိတ်လည်းပူမိ သွားသည်။ ယခုအချိန်တွင် သူသည် အသွင်ပြောင်းကျား၏ အားအစစ်အမှန်နှင့် တိုက်ခိုက်ခြင်းခံ နေရပြီ ဖြစ်သည်။လုပေါင်သည် လက်မောင်းများကို အားပြုကာ အသွင်ပြောင်းကျားကိုဆွဲချကာ ဘေးသို့ လူးလိမ့်ရှောင်ထွက်လိုက်သည်။
ဒါပေါင်၏ တိုက်ခိုက်မှု လွဲချော်သွားပြီးနောက် သူသည် အားမလိုအားမရ အော်ဟစ်ကာ ရှေ့သို့ ထပ်မံ ခုန်ဝင်ပြန်သည်။
ဟေးမီသည်လည်း တောအုပ်ထဲမှ ခုန်ထွက်လာပြီး လူကြီးလက်မောင်းခန့် တုတ်ခိုင်သော ခြင်္သေ့ကျား၏ အမြီးကို ကိုက်ကာ ဒေါသတကြီး ဆွဲယမ်းနေတော့သည်။
“ထွက်သွားကြစမ်းးးးအသုံးမကျတဲ့ကောင်တွေ။”
“ဟဲဟဲ”
အသွင်ပြောင်းကျား၏ ဟိန်းသံမှာ နာကျင်သံအဖြစ် ပြောင်းလဲသွားသည်။ လုပေါင်၏ ခွန်အားမှာ ကြီးမားလှသဖြင့် ၎င်း၏လည်ပင်းကို ချုပ်ကာ ကျောပေါ်တွင် ကပ်နေသောအခါ လူနှင့် တိရစ္ဆာန်မှာ မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး ခွေးနှစ်ကောင်ကလည်း အတင်းလိုက်ကိုက်နေကြသည်။
နှင်းလုံးလေးသည် တဖြည်းဖြည်း သတိပြန်ဝင်လာကာ အတောင်ပံကို ယိုင်တိုင်တိုင်ခတ်ရင်း အထက်သို့ ပျံတက်သွားသည်။
“ဂူး... မင်းတို့ကိုလည်း ကောင်းကောင်းကြီး ဆဲသတ်ပြစ်မယ် ဂူး...”
လုပေါင်မှာ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်နေရသည်။နှင်းလုံးလေးသည် ယိုင်တိယိုင်တိုင်ဖြင့် ဆဲဆိုရင်း တောထဲသို့ ပြန်ဝင်သွားသည်။
“ဖယ်ကြစမ်း ဖယ်ကြစမ်း အားလုံး ဖယ်ကြစမ်းးး”
‘သခင်လေး မကြောက်ပါနဲ့၊ ကျွန်တော်တို့ ကာကွယ်ပေးပါ့မယ်’
ဟေးမီသည် ကိုက်လေလေ အားတက်လေလေဖြစ်နေကာ မရပ်မနား လိုက်ကိုက်နေတော့သည်။
“တို့တွေ ဝိုင်းကူသင့်လား...ဂလု”
သင်္ချိုင်းသူခိုးတစ်ဦးကတံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း တုန်ရီသောအသံဖြင့် မေးလိုက်သည်။
မစ္စတာဟွမ်မှာမူ ထွက်သွားပြီဖြစ်သည်။ သက်တော်စောင့်တစ်ဦးက သူ့ကို ထမ်းသွားပြီး တောနက်ထဲတွင် ပျောက်ကွယ်သွားကြသည်။ ကျန်ရှိသော သက်တော်စောင့် သုံးဦးမှာလည်း ရှာဖွေရေးကို လက်လျှော့ကာ သူတို့နောက်သို့ သတိဖြင့် လိုက်သွားကြသည်။
“ခေါင်းဆောင်။”
“သူတို့ကို လွှတ်ထားလိုက်။”
ခွမ်းဟူသည် မစ္စတာဟွမ်တို့ သွားရာလမ်းကို ကြည့်ပြိးနောက် လုပေါင်နှင့် ခြင်္သေ့ကျားဆီသို့ ပြန်လှည့်ကြည့်ရင်း
“ဆရာ... တို့တွေလည်း အခု ထွက်သွားသင့်ပြီလား။”
အဘိုးကြီး၏ မျက်လုံးများမှာ အသွင်ပြောင်းကျား၏ လည်ပင်းရှိ ကြေးခေါင်းလောင်း ပေါ်တွင် ရပ်တန့်နေသည်။ သူသည် ခွမ်းဟူကို ဆွဲကာ တစ်စုံတစ်ခုကုိ တိုးတိုးလေး ပြောလိုက်သည်။
ခွမ်းဟူမှာ အံ့ဩသွားပြီးနောက် အသွင်ပြောင်းကျားလည်ပင်းမှ ကြေးခေါင်းလောင်းကို ကြည့်ကာ ဝမ်းသာအားရ ဖြစ်သွားသည်။
သူတို့သည် တစ်နှစ်ပတ်လုံး ဤအရာများနှင့် ထိတွေ့နေရသူများ ဖြစ်သဖြင့် တစ်ချက်ကြည့်ရုံနှင့် သိသည်။ဤနေရာရှိ ဂူသင်္ချိုင်းမှာ မစ္စတာဟွမ်ပြောသကဲ့သို့ ရိုးရိုးရှင်းရှင်း မဟုတ်ပေ သို့မဟုတ် မစ္စတာဟွမ်က အမှန်အတိုင်း မပြောခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
“ထွက်သွားကြစမ်းးး”
လုပေါင်မှာဒေါသတကြီး အော်ဟစ်နေပြီး အသွင်ပြောင်းကျား ပြန်ထမလာနိုင်အောင် အတင်းချုပ်ထားရသည်။
“အသုံးမကျတဲ့ကောင်တွေ သူ တစ်ချက်ကိုက်လိုက်ရင် မင်းတို့ကိုဟိုကစားတော့မယ် ခွေးသားတွေရဲ့။”
အလွန်တင်းမာနေသော Live မြင်ကွင်းမှာ ရုတ်တရက် ရယ်စရာမြင်ကွင်းအဖြစ် ပြောင်းလဲသွားသည်။လူနှင့် ကျားက လူးလိမ့်နေပြီး ခွေးနှစ်ကောင်က လိုက်ကိုက် ငှက်က ဆဲဆိုနေသည့် မြင်ကွင်းမှာ ပရိသတ်ကို ရယ်မောစေသည်။
“ငါ အရမ်းရင်ခုန်နေတာပဲ ဒါပေမဲ့ ဘာလို့ ရယ်ချင်နေတာလဲ မသိဘူး။”
“ ‘သခင့်အားကိုးနဲ့ မောက်မာတဲ့ခွေး’ ဆိုတဲ့ စကားပုံက ဒီခွေးနှစ်ကောင်နဲ့ တကယ့်ကို ကွက်တိပဲ။”
“ရတနာနတ်ဘုရား တကယ့်ကို မိုက်တယ်။ သူသာ အသွင်ပြောင်းကျားကို တကယ်နှိမ်နင်းချင်ရင် အဲဒီအကောင် ပြန်ခုခံနိုင်ပါ့မလား။”
“ငါ အသွင်ပြောင်းကျား အကြောင်း ရှာကြည့်ဖူးတယ် သူတို့က ရုပ်ဆိုးတယ်လေ။ ဒါပေမဲ့ ဒီအကောင်က အရမ်းလှတယ်။ပြီးတော့တကယ့်ကို ကြမ်းတမ်းတာပဲ။”
“သင်္ချိုင်းသူခိုးအဖွဲ့တောင် အံ့ဩနေကြပြီ။”
အလေးအနက်ထားရမည့် အခြေအနေ ဖြစ်သော်လည်း အကြိမ်တစ်ရာမက လူးလိမ့်နေကြသည်ကို ကြည့်ပြီးနောက် မည်သူမျှ တည်ငြိမ်မနေနိုင်တော့ပေ။
“ဒီနေ့ ကြည့်ရှုသူ ဆယ်သန်းကျော်သွားနိုင်တယ်။”
ထိုအချိန်တွင်လုလင်းဟွာ၏ နဖူးတွင် ချွေးစေးများ ထွက်နေပြီး စိတ်လှုပ်ရှားလွန်း၍ လက်များပင် တုန်နေသည်။ Ocean Live တွင် မကြုံစဖူးသော Streamer အကျော်အမော်တစ်ဦး ပေါ်ထွက်လာတော့မည် ဖြစ်သည်။ ၎င်းမှာ အကောင့်တုများဖြင့် ဆယ်သန်းပြည့်ခြင်းမျိုး မဟုတ်ဘဲ စစ်မှန်သော ဆယ်သန်းပင် ဖြစ်သည်။
သူသည် လူပေါင် ထိခိုက်မှာကိုလည်း စိုးရိမ်နေသလို အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းခြင်း ခံရမှာကိုလည်း ကြောက်နေသည်။ သူ၏ ခံစားချက်မှာ အံ့ဩခြင်းနှင့် ဝမ်းသာခြင်းတို့ ရောပြွမ်းနေသည်။
မိနစ် ၂၀ အကြာတွင်... ဒါပေါင်မှာ ရပ်ကြည့်နေပြီး ဟေးမီမှာမူ မြေပြင်ပေါ်တွင် လဲလျောင်းကာ အမောဖြေနေသည်။ နှင်းလုံးလေးကတော့ သစ်ပင်ပေါ်တွင် အမွေးအတောင်များကို ပြုပြင်နေသည်။ လုပေါင်တစ်ယောက်သာ ခြင်္သေ့ကျားနှင့် နပန်းလုံးနေဆဲ ဖြစ်သည်။
“တို့တွေ တိုက်တာ ရပ်လို့ရမလား ငါအရမ်းမောနေပြီ။”
လုပေါင်မှာချွေးရွှဲနေသော်လည်း သူ၏ ခွန်အားမှာ တဖြည်းဖြည်း တိုးလာနေပုံရသည်။
အခြားတစ်ဖက်တွင်မူ အသွင်ပြောင်းကျားမှာ အားအင်ကုန်ခမ်းနေပုံရသည်။
“ဝေါင်း”
၎င်းက တိုးတိုးလေး ဟိန်းဟောက်လိုက်ရာ လုပေါင်က နားလည်လိုက်သည်။
လုပေါင် လက်လွှတ်လိုက်သောအခါ အသွင်ပြောင်းကျားသည် အမောတကောဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေတော့သည်။
၎င်း၏ ကြီးမားသော ကိုယ်ထည်မှာ အနည်းငယ် တုန်ခါနေပြီး မျက်လုံးထဲမှ အေးစက်ဒေါသထွက်မှုများ ပျောက်ကွယ်ကာ ဝေဝါးသောအကြည့်များဖြင့် အစားထိုးဝင်ရောက်လာသည်။
လုပေါင် ပြန်လှည့်ကြည့်လိုက်သောအခါ ထိုလူအုပ်မှာ မည်သို့သော လူစားမျိုးလဲဆိုသည်ကို သူ နားမလည်နိုင်တော့ပေ။သူသည် သူ၏ အပေါ်အင်္ကျီကို ချွတ်၍ ဘေးသို့ ပစ်လိုက်ပြီးနောက် ဆိတ်ကို သွားယူလိုက်သည်။ တစ်ချက်ကြည့်ရုံနှင့် ၎င်းမှာ တောဆိတ်မှန်း သူသိသည်။
‘လူရမ်းကားတစ်စုကရွာသားဆီက ဝယ်လာတာတဲ့။ တောက်’
“ခေါင်းဆောင်... ကျုပ်တို့ ဘာလို့ ဒီမှာ ဆက်နေနေတာလဲ။”
တောင်လေး က ခွမ်းဟူကို ဆွဲကာ မေးလိုက်သည်။
“သူသာ တကယ် Live လွှင့်နေတာဆိုရင် ကျုပ်တို့ ပြေးလို့မလွတ်ဘူး။ဒီမှာပဲနေပြီး အဖမ်းခံဖို့ စောင့်နေတာ အကောင်းဆုံးပဲ။”
ခွမ်းဟူသည် လုပေါင် Live လွှင့်သည်ဖြစ်စေ မလွှင့်သည်ဖြစ်စေ ဤနေရာတွင် ဆက်နေခြင်းက အကောင်းဆုံးဖြစ်ကြောင်း နားလည်သွားသည်
“ဖျောက်သင့်တာ အကုန်ဖျောက်ပြီးပြီ၊ယ မီးရှို့သင့်တာ အကုန်ရှို့ပြီးပြီ။”
“ဂျွန်ဂျွန်... နောက်မှ ရှေ့နေကို ဆက်သွယ်လိုက်။”
“ဟုတ်ကဲ့”
နှစ်ပေါင်းများစွာ ဤအလုပ်ကို လုပ်လာကြသူများဖြစ်သဖြင့် အရာရာကို မည်သို့ စနစ်တကျ ကိုင်တွယ်ရမည်ကို သူတို့ ကောင်းကောင်းသိကြသည်။
အသွင်ပြောင်းကျားသည် ဆိတ်သားများကို စတင်စားသုံးနေပြီဖြစ်သည်။ ဟေးမီသည် လူစွမ်းကောင်း ဟန်ဆောင်ချင်သဖြင့် မျက်လုံးပြူးကာ ကြည့်နေသော်လည်း အနားသို့ မကပ်ရဲဘဲ ရှက်ကိုးရှက်ကန်းနှင့် နောက်ဆုတ်သွားသည်။ဒါပေါင်နှင့် နှင်းလုံးလေးတို့လည်း ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်နေကြသည်။
လူပေါင်သည် ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရသည်။၎င်းမှာ သူနှင့် ရင်းနှီးသော အသံဖြစ်သည်။သူ၏ ထူးကဲသော အကြားအာရုံဖြင့် ခွဲခြားကြည့်ပြီးနောက် သူ သေချာသွသိားသည်မှာ ၎င်းမှာ ရဟတ်ယာဉ် အသံပင် ဖြစ်သည်။
‘ငါ ထင်တဲ့အတိုင်းပဲ... ကိစ္စတွေက တော်တော်ကြီးသွားပြီ။ ဒီလောက် လူတွေအများကြီး ကြည့်နေမှတော့ အာဏာပိုင်တွေ ချက်ချင်း တုန့်ပြန်မှာပေါ့။”
“ဟေး... ခင်ဗျားတို့ တစ်ယောက်မှ ဒီကနေ ထွက်မသွားနဲ့နော်။ ကျွန်တော်က အကောင်းမြင်စိတ်တွေ ဖြန့်ဝေနေတဲ့ Streamer တစ်ယောက်အနေနဲ့ ပြောမယ်တစ်ယောက်ယောက်သာ ထွက်ပြေးဖို့ ကြိုးစားရင်...”
“ဘုန်းးး”
လေးကြိုးသံမှာ မိုးကြိုးပစ်သကဲ့သို့ထွက်ပေါ်လာသည်။လုပေါင်၏ လှုပ်ရှားမှုမှာ အလွန်မြန်ဆန်လှသည်။သံသစ်သားမြား မှာ ခွမ်းဟူ၏ ဘေးနားရှိ သစ်ပင်ကြီးထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားပြီး မြားအမြီးပိုင်းမှာ တုန်ခါနေတော့သည်။
ခွမ်းဟူနှင့် အဖွဲ့သားများမှာ ထိတ်လန့်သွားကြသည်။ ဤမြား၏ အရှိန်နှင့်ဆိုလျှင် လူကိုသာ ပစ်လိုက်ပါက တစ်ဖက်သို့ ဖောက်ထွက်သွားမည် မဟုတ်ပါလား။
“ညီလေးရာ... တို့တွေကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး မင်းကလည်း...”
ခွမ်းဟူကသူတို့မှာ ရန်သူမဟုတ်ကြောင်း ပြသရန် လက်ကို အမြန်မြှောက်ပြလိုက်သည်။
“ဘာ ဘယ်သူက ခင်ဗျားညီလေးလဲ လာနောက်မနေနဲ့။ ကျွန်တော်လို အကောင်းမြင်စိတ်ရှိတဲ့ Streamer က ခင်ဗျားတို့လို လူတွေနဲ့ တန်းတူလား။ခင်ဗျားတို့ ဥပဒေချိုးဖောက်နေတာကို မေ့နေကြတာလား။”
ရဟတ်ယာဉ်သံမှာ လုပေါင်၏ နားထဲတွင် ပို၍ ကျယ်လောင်လာသည်။ မကြာခင် အားလုံး ကြားကြရတော့မည်။ သူသည် ဤလူများနှင့် မည်သို့သော ပတ်သက်မှုမျှ မရှိစေရပေ။
“ဟားဟား... ညီလေးကလည်း စနောက်နေပြန်ပြီ။ တို့တွေက ဂျင်ဆင်းရှာတဲ့သူတွေ ပါ ဘယ်လိုလုပ် ဥပဒေချိုးဖောက်မှာလဲ။ ကျုပ်တို့မှာ ဘိုးဘွားပိုင် တားမြစ်ပစ္စည်းလေးတွေ ရှိရုံပါ ဥပဒေနဲ့ စည်းကမ်းကို ဖောက်ဖျက်မယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး။”
ခွမ်းဟူကမျက်နှာချိုသွေးကာ ပြောလိုက်သည်။
“ခင်ဗျားက ငါ့ကို အရေးမပါတဲ့ဥပဒေတွေနဲ့ လာပတ်ချင်တာလား။”
လုပေါင်က မျက်စောင်းထိုးလိုက်သည်။
“ဟင်”
ခွမ်းဟူသည်ရုတ်တရက် ခေါင်းလှည့်ကာ ကောင်းကင်ကို ကြည့်လိုက်သည်။
သူ့ဘေးက အဘိုးကြီးလည်း မော့ကြည့်လိုက်သည်။ အခြားသူများမှာမူ ခေတ္တမျှ ကြောင်နေပြီးနောက်မှ ရဟတ်ယာဉ်သံကို ကြားလိုက်ရသည်ာ
“လူတွေ လာနေပြီ။”
ထိုအချိန်တွင် ခွမ်းဟူနှင့် အခြားသူများမှာ လုပေါင် ဘာကြောင့် ရုတ်တရက် သူစိမ်းဆန်သွားသည်ကို နားလည်သွားကြတော့သည်။
***