အစာစားနေသော အသွင်ပြောင်းကျား သည်လည်း သတိကြီးစွာဖြင့် ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ၎င်းက တိုးတိုးလေး ဟိန်းဟောက်ရင်း တောဆိတ်ကို ပါးစပ်ဖြင့်ခဲကာ လျှင်မြန်စွာ ခုန်ထွက်ပြေးသွားတော့သည်။
“ဒါ... တိုက်ပွဲသုံးရဟတ်ယာဉ်ပဲ။”
အဘိုးကြီး၏ အသံမှာ အနည်းငယ် လေးနက်နေပြီး မျက်နှာမှာလည်း တင်းမာနေသည်။ တကယ့်ကို စစ်ဘက်က ရဟတ်ယာဉ် ဖြစ်နေသည်။
“ကိစ္စကတော့ ပေါက်ကြားသွားပြီပဲ။”
လုပေါင်က ခပ်ရွဲ့ရွဲ့ ပြောလိုက်သည်။ Live ကြည့်ရှုသူ ဤမျှများပြားနေချိန်တွင် ယမ်းများ သေနတ်များဖြင့် သင်္ချိုင်းခိုးတူးသည့်ကိစ္စမှာ အထက်လူကြီးများ၏ အာရုံစိုက်မှုကို မလွဲမသွေ ရရှိသွားခြင်း ဖြစ်ပေသည်။
မဟုတ်လျှင်တိုက်ပွဲသုံးရဟတ်ယာဉ်များ ဤမျှ မြန်မြန်ဆန်ဆန် ရောက်လာစရာ အကြောင်းမရှိပေ။
တိုက်ပွဲသုံးရဟတ်ယာဉ် နှစ်စင်းမှာ ဝဲယာမှ ချဉ်းကပ်လာပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ရဲအရာရှိများသည် ကြိုးများဖြင့် လျင်မြန်စွာ ဆင်းသက်လာကာ ထိုနေရာကို ဝိုင်းလိုက်ကြတော့သည်။
ခွမ်းဟူ နှင့် အဖွဲ့သားများမှာ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း လက်ကို ခေါင်းပေါ်တင်ကာ မြေပြင်ပေါ်တွင် ဝပ်နေကြသည်။ကြည့်ရသည်မှာ အလွန်ပင် သူရဲဘောကြောင်သည့် ပုံစံမျိုး ဖြစ်နေသည်။
လုပေါင်သည် လက်ထဲမှ လေးကြီးကို ကြည့်ကာ ခေတ္တစဉ်းစားပြီးနောက် ၎င်းကိုလည်း မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
“အရာရှိကြီးခင်ဗျာ... ဟိုဘက်ကို လေးယောက် ထွက်ပြေးသွားပါတယ်။”
လုပေါင်ကအော်ပြောလိုက်ရင်း သူသည် ူူအပြစ်မရှိကြောင်း ပြသရန် လက်နှစ်ဖက်ကို မြှောက်ထားလိုက်သည်။
ရဲတပ်ဖွဲ့ဝင်တစ်စုမှာ ပတ်ဝန်းကျင်ကို လျင်မြန်စွာ စတင်ရှာဖွေကြသည်။ သူတို့က သူ့ကို အနှောင့်အယှက် မပေးသည်ကို မြင်ရသောအခါ လူပေါင် စိတ်အေးသွားသည်။ သူ ဘာမှမဖြစ်တော့တာ သေချာသွားပြီဖြစ်သည်။
ရဲများ၏ လုပ်ဆောင်ချက်မှာ အလွန်ပင် ထိရောက်လှသည်။သူ ရောက်ရှိလာသည်မှာ တစ်နာရီပင် မပြည့်သေးဘဲ ဤနေရာကို ရှာတွေ့ခြင်းမှာချီးကျူးစရာကောင်းလှသော စွမ်းဆောင်ရည်ပင် ဖြစ်သည်။
ခွမ်းဟူနှင့် အခြားသူများမှာမူ လက်ထိပ်ခတ်ခံရစဉ်တွင် တစ်ခွန်းမျှ မပြောကြပေ။သိသာသည်မှာ သူတို့သည် ရှေ့နေကို စောင့်နေကြခြင်း ဖြစ်သည်။ဤဝါရင့်လူဟောင်းများသည် ရှေ့နေနှင့် မတွေ့မချင်း မည်သည့်စကားမျှ ပြောကြမည် မဟုတ်ပေ။
“မင်္ဂလာပါ မိတ်ဆွေ ခင်ဗျားကို မေးခွန်းအချို့ မေးစရာရှိလို့ ခဏလောက် အချိန်ပေးလို့ ရမလား”
ရဲတပ်ဖွဲ့ဗိုလ်ကြီးက သူ့လူများနှင့်အတူ လျှောက်လာရင်း လုပေါင်ခေါင်းပေါ်မှ ထူးဆန်းသော Live လွှင့်စက်ကို ကြည့်ကာ မေးသည်
“ရပါတယ်ဗျာ ကျွန်တော်က ဥပဒေကို လေးစားတဲ့ အကောင်းမြင်စိတ်တွေ အပြည့်ရှိတဲ့ Streamer တစ်ယောက်ပါ။”
လုပေါင်က တက်ကြွစွာ ပြောလိုက်သည်။
“တကယ်တော့ ကျွန်တော်သိသမျှ အရာအားလုံးကို Live ထဲက ပရိသတ်တွေ အကုန်မြင်ပြီးသားပါ။ အစကနေ အဆုံးအထိ Live လွှင့်ထားတာလေ။”
“ဒါကို ကျွန်တော်တို့ သိပါတယ်။ ဒီနေရာကို ရှာတွေ့ဖို့နဲ့ ဒီလူတွေကို ဖမ်းမိဖို့အတွက် ခင်ဗျားရဲ့ Live က အများကြီး အထောက်အကူပြုလို့ ကျေးဇူးတင်ပါတယ်။ ဒါနဲ့... ဟို အသွင်ပြောင်းကျား ဘယ်ဘက်ကို ထွက်သွားလဲ သိလား။”
ထိုအသွင်ပြောင်းကျားမှာ အလွန်ပင် အန္တရာယ်များလွန်းသည်။
လူပေါင်က နောက်လှည့်ကြည့်ကာ ခေါင်းခါပြလိုက်သည်။
“ပုန်းနေလောက်ပြီ။ ခင်ဗျားတို့ သူ့ကို ဖမ်းမလို့လား။”
“မဟုတ်ပါဘူး သူ့ရဲ့ ကျက်စားရာနယ်မြေကို အတည်ပြုပြီး ထိရောက်တဲ့ ကာကွယ်မှုတွေ ပေးနိုင်ဖို့ပါ။”
ဗိုလ်ကြီးကခေါင်းခါရင်း ပြောလိုက်သည်။
အမှန်စင်စစ် သူတို့တွင် နောက်ထပ် တာဝန်တစ်ခု ရှိသေးသည်။ ၎င်းမှာ ထိုအသွင်ပြောင်းကျား၏ အမွေးအမှင် သို့မဟုတ် ဖြစ်နိုင်လျှင် သွေးနမူနာကို ရယူရန် ဖြစ်သည်။ တောနက်ရှိ အသွင်ပြောင်းကျားတစ်ကောင်မှာ မျိုးရိုးဗီဇသုတေသနနှင့် စီးပွားရေးအရ အလွန်ပင် တန်ဖိုးကြီးလှသည်။
အကယ်၍ ဤမတော်တဆမှုသာ မရှိခဲ့လျှင် ၎င်းမှာ ပထမဆုံးသော စစ်မှန်သည့် တောရိုင်းအသွင်ပြောင်းကျား ဖြစ်ပေလိမ့်မည်။ လူတွေ မျိုးစပ်ပေးထားသည့် အကောင်မျိုး မဟုတ်ပေ။
ထို့အပြင် ဤအသွင်ပြောင်းကျားမှာ ဆွတ်ဆွတ်ဖြူနေသော အမွေးများပေါ်တွင် ရွှေရောင်အစင်းများပါသဖြင့် အလွန်လှပသည်။၎င်းမှာ လှပသော ခြင်္သေ့ဖြူနှင့် ရွှေဝါရောင်ကျားတို့၏ သားဖောက် ဖြစ်နိုင်သည်။
နာရီဝက်ခန့်အကြာတွင် လုပေါင်တစ်ယောက်သာ ကျန်ရစ်ခဲ့သည်။သူသည် သူ၏ Live ကို ဆက်လက်လွှင့်လိုသဖြင့် ပြန်မလိုက်ခဲ့ခြင်း ဖြစ်သည်။ သူ့တွင် တာဝန်တစ်ခု ကျန်နေသေးသည်။
“ပရိတ်သက်တို့ရေ... ခြင်္သေ့ကျားကို ဆက်ရှာကြစို့။ ကျွန်တော့်မှာ အရမ်းလှတဲ့ ကျားမရွှေဝါလေးတစ်ကောင် ရှိတယ်လေ။ စောစောက ကြည့်ရသလောက် ဒီခြင်္သေ့ကျားက အထီးဗျ။”
လူပေါင်တွင် တောင်စောင့်နတ်ကျောင်း တွင် လက်မှတ်ထိုးဝင်ရန် တာဝန်ရှိသေးသည်။ ထိုအသွင်ပြောင်းကျားမှာလည်း တောင်စောင့်နတ်ကျောင်းနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေနိုင်ပေသည်။
ပရိသတ်များမှာ လုပေါင် ပြန်မလိုက်သွားသည့်အပြင် ခြင်္သေ့ကျားကို ဆက်ရှာနေသည်ကို မြင်ရသောအခါ အံ့အားသင့်ကုန်ကြသည်။ ဤမျှ သတ္တိရှိသော Streamer မျိုး သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။ Live ထဲတွင် ရတနာမြေပုံ လက်ဆောင်ပေါင်း တစ်ရာကျော် ရရှိနေပြီး ကြည့်ရှုသူ သန်းပေါင်းများစွာ ရှိနေသည်။
“ကြည့်စမ်း... ဒါမှ တကယ့် သတ္တခဲတကယ့် စွန့်စားရတဲ့ Streamer။”
“ရှေ့ဆက်လိုက်တော့ ရတနာနတ်ဘုရားအသွင်ပြောင်းကျားကို သွားဖက်ပြီး အိပ်လိုက်။ ကျားမကို ထားလိုက်တော့ မင်းပဲ သူ့ဘေးမှာ သွားအိပ်လိုက်တော့။”
“သူက အသွင်ပြောင်းကျား ဗိုက်မဝမှာ စိုးလို့ သူ့ကိုယ်သူ အစာကျွေးပြီး ငါတို့ကို ဖျော်ဖြေမလို့လား မသိဘူး။”
“ဒီလူက သင်္ချိုင်းခိုးတူးတာကိုပါ Live လွှင့်တော့မှာလား။”
“ခြင်္သေ့ကျားတွေက မျိုးမပွားနိုင်ဘူးလေ...။”
ပရိသတ်များမှာ အလွန်သဘောကျနေကြသည်။သူတို့ မြင်ချင်သမျှကို လုပ်ပေးသည့် Streamer တစ်ယောက် ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
အကယ်၍ တောင်စောင့်နတ်ကျောင်း လက်မှတ်ထိုးဝင်ရန်တာဝန်သာ မရှိခဲ့လျှင် လုပေါင် ဤနေရာတွင် ရှိနေမည်မဟုတ်သည်ကို သူတို့ မသိကြပေ။
စနစ် က လမ်းညွှန်သည့် လမ်းကြောင်းအတိုင်း လျှောက်လာရင်း လုပေါင်သည် တောင်စောင့်နတ်ကျောင်းနှင့် တဖြည်းဖြည်း နီးကပ်လာသည်။
“ဝုတ် ဝုတ်”
ရုတ်တရက် ဟေးမီ က မတည်မငြိမ်ဖြင့် အရှေ့ကိုကြည့်ကာ ဟောင်တော့သည်။
“မင်း ဘာမြင်လို့လဲ။”
ဟေးမီကြောက်နေသည်ကို မြင်ရသောအခါ လူပေါင်က စူးစမ်းစွာ ကြည့်လိုက်သည်။ သူသည် အသွင်ပြောင်းကျားထံတွင် စနစ်၏ လမ်းညွှန်အမှတ်အသား ထားခဲ့ရာ ၎င်းမှာ မီတာတစ်ထောင်ကျော် ဝေးသေးသည်။
ရှေ့ဆုံးက လျှောက်နေသော ဒါပေါင် လည်း ရပ်တန့်သွားသည်။သူ၏ အမြီးမှာ ယမ်းနေရာမှ ရပ်သွားပြီး ရှေ့တည့်တည့်ကို စိုက်ကြည့်ကာ အချိန်မရွေး ထွက်ပြေးရန် အသင့်ဖြစ်နေသည့် ပုံစံမျိုးဖြင့် ကိုယ်ကို အနည်းငယ် ကိုင်းထားသည်။
‘ဒါက ခြင်္သေ့ကျားရဲ့ နယ်မြေများလား။’
လုပေါင်က ထိုသို့ ခန့်မှန်းလိုက်သည်။ ထို့ကြောင့်လည်း ခွေးနှစ်ကောင်မှာ ဤမျှ ကြောက်နေကြခြင်း ဖြစ်ပေလိမ့်မည်။ခေတ္တမျှ စောင့်ကြည့်သော်လည်း မည်သည့် အန္တရာယ်မျှ မတွေ့ရသဖြင့် လုပေါင်သည် မျောက်တစ်ကောင်လို သစ်ပင်ပေါ်သို့ လျှင်မြန်စွာ တက်သွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ပုံမှန်အားဖြင့် အသွင်ပြောင်းကျား ရှိနေသည့်နေရာသို့ အခြားတောကောင်များ မချဉ်းကပ်ရဲကြပေ။
“ဟင်...”
လုပေါင်သည်အဝေးတွင် လက်ဆေးကန် အရွယ်အစားခန့်ရှိသော အနီရောင် အစုအဝေးကြီးတစ်ခုကို မြင်လိုက်ရသည်။ ၎င်းမှာ ဟေးမီနှင့် ဒါပေါင်တို့ ကြည့်နေသည့် အရာပင် ဖြစ်သည်။
“မင်းတို့ ဒီမှာ စောင့်နေ ငါ သွားကြည့်လိုက်ဦးမယ်။”
လုပေါင်ကသစ်ပင်ပေါ်မှ ခုန်ဆင်းကာ တောထဲသို့ လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။
ဒါပေါင်က အော်ဟစ်ကာ နောက်ကနေ အတင်းလိုက်လာသည်။ ဟေးမီက ခေါင်းလေးစောင်းကာ ခေတ္တစဉ်းစားပြီးနောက် သူလည်း ပြေးလိုက်သွားတော့သည်။
“ဂူး...”
နှင်းလုံးလေးမှာမူကောင်းကင်မှ ပျံဝဲ၍ လိုက်ပါလာသည်။
မီးခိုးရောင် ကျောက်တုံးတစ်ခုအောက်တွင် တစ်ပေခွဲခန့် ရှည်သော မြွေတစ်ကောင်သည် ဟိုဟိုဒီဒီ လူးလိမ့်နေသည်။ ၎င်း၏ ကိုယ်ပေါ်တွင် အနီရောင် ပုရွက်ဆိတ်များစွာ ဝိုင်းအုံနေပြီး အရပ်မျက်နှာအသီးသီးမှ ပုရွက်ဆိတ်နီများမှာလည်း အဆက်မပြတ် ရောက်ရှိလာနေကြသည်။
“မီးပုရွက်ဆိတ်နီတွေပဲ။”
လုပေါင် အံ့ဩသွားသည်။ဤကျူးကျော်မျိုးစိတ်ဖြစ်သော မီးပုရွက်ဆိတ်နီများကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် နောက်က လိုက်လာသော ခွေးနှစ်ကောင်ကို လှည့်ကြည့်လိုက်သည်။
မီးပုရွက်ဆိတ်နီ တစ်ကောင်ချင်းစီမှာ နီရဲသော ဖန်ကျောက်လေးများကဲ့သို့ လှပသော်လည်း ထိုလှပသောအရာများမှာ လူတစ်ယောက်ကို အဆိပ်တက်၍ သေစေနိုင်သည်အထိ ပြင်းထန်လှသည်။
အကယ်၍ မုဆိုးတစ်ဦးသာ မတော်တဆ သူတို့နယ်မြေထဲသို့ ခြေချမိလျှင် ပြန်လမ်း ရှိမည်မဟုတ်ပေ။
မြွေကြီးမှာ လူးလိမ့်နေသော်လည်း မီးပုရွက်ဆိတ်နီ အများအပြားမှာ ၎င်း၏ ကိုယ်ထဲသို့ပင် ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်သည်။
“ဒီဘက်က လာခဲ့ကြ။”
လုပေါင်က ဒါပေါင်တို့ကို အချက်ပြကာ မီးပုရွက်ဆိတ်များကို ရှောင်ကွင်းသွားရန် ပြောလိုက်သည်။
“ဝုတ်”
တာပေါင်ကမလုံမလဲဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ အမြီးလေးကုပ်ပြီး လုပေါင်အနားသို့ သတိဖြင့် ကပ်လာသည်။
၎င်းမှာ ပုရွက်ဆိတ်အုံတစ်ခုမျှသာ ဖြစ်သဖြင့် လုပေါင်က သိပ်အလေးမထားဘဲ ရှောင်သွားလျှင် ရသည်ဟု ထင်ခဲ့သည်။
သို့သော်သူသည် လက်မှတ်ထိုးဝင်ရမည့် နေရာအနားသို့ ရောက်သောအခါ သူ့ရှေ့က မြင်ကွင်းကြောင့် မှင်သက်သွားရသည်။၎င်းမှာ ပုရွက်ဆိတ်အုံတစ်ခုမျှသာ မဟုတ်ဘဲ မီးပုရွက်ဆိတ်နီတို့၏ နိုင်ငံတော်ကြီး ဖြစ်နေသည်။
တောင်အောက်က သစ်ပင်တွေပေါ်မှာ မြေပြင်ပေါ်မှာ ကျောက်တုံးတွေပေါ်မှာ တောအုပ်ထဲမှာ... အနီရောင်များဖြင့်အရာအားလုံးက နီရဲနေသည်။
ကြီးမားလှသော လိုဏ်ဂူကြီးတစ်ခုထဲတွင် မီးပုရွက်ဆိတ်နီများမှာ အုပ်စုလိုက်ကြီး အဝင်အထွက် လုပ်နေကြသည်။ ဤနေရာတွင် ဂေဟစနစ်ကို ဆိုးရွားစွာ ပျက်စီးစေနိုင်သော ပုရွက်ဆိတ် သန်းပေါင်းများစွာ ရှိနေသည်။
အသွင်ပြောင်းကျားကြီးမှာလည်း ဤလိုဏ်ဂူထဲတွင် ရှိနေခြင်း ဖြစ်သည်။
ထိုလိုဏ်ဂူမှာလည်း တောင်စောင့်နတ်ကျောင်းပင် ဖြစ်နေတော့သည်။ကြည့်ရှုသူများမှာလည်း မှင်သက်ကုန်ကြသည်။ မီးပုရွက်ဆိတ်နီများသည် ကြောက်မက်ဖွယ်ကောင်းသော ကျူးကျော်မျိုးစိတ် ဖြစ်ကြသည်။
ပတ်ဝန်းကျင်ကိုပျက်စီးစေရုံသာမက သက်ရှိများကိုပါ ကြီးမားသော အန္တရာယ် ပေးနိုင်သည်။ နွားကများ တိရစ္ဆာန်များနှင့် လူသားများပင်လျှင် ၎င်းတို့ ကိုက်ခြင်းခံရပါက ပြင်းထန်သော ဓာတ်မတည့်မှုဖြစ်ကာ သေဆုံးနိုင်သည်အထိ ပြင်းထန်လှသည်။
နိုင်ငံထဲတွင် အကောင်အရေအတွက် အနည်းငယ်သာ ရှိသည်ဟု ထင်ခဲ့သော်လည်း ဤနေရာတွင် ဤမျှအထိ များပြားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
ဒါပေါင်က ရုတ်တရက် ထခုန်လိုက်သည်။ သူ၏ ခြေထောက်အောက်တွင် မီးပုရွက်ဆိတ်နီ အချို့ ရောက်နေသောကြောင့် ဖြစ်သည်။ ဤခွေးသည် ပထမဆုံးအကြိမ် မြင်ဖူးသော်လည်း ၎င်းတို့မှာ အန္တရာယ်ရှိသည်ကို မည်သို့ ခွဲခြားနိုင်သလဲဆိုသည်ကို လုပေါင် မသိပေ။
သို့သော် ဆိုးသွမ်းသော ခွေးတစ်ကောင်ဖြစ်ခြင်းမှာလည်း ဗီဇတစ်ခုပင် ဖြစ်၍ ဒါပေါင်သည် ထိုမီးပုရွက်ဆိတ်နီ အချို့ကို ခြေထောက်ဖြင့် နင်းခြေပစ်လိုက်သည်။
“အကိုက်မခံနဲ့နော် သူတို့အဆိပ်က တော်တော်ပြင်းတာ။”
လုပေါင်ကဒါပေါင်ကို အမြန် ပုတ်ပေးလိုက်သည်။ တစ်ချက်အကိုက်ခံရရုံဖြင့် အသက်အန္တရာယ် ရှိနိုင်သောကြောင့်ပင်။
“ဝီ... ဝီ...”
အတောင်ပံခတ်သံများ ထွက်ပေါ်လာသဖြင့် လုပေါင်၏ ခေါင်းခွံများပင် စိမ့်သွားရသည်။ သူသည် အချက်နှစ်ချက်ကို သတိမထားမိခဲ့ပေ။ ပထမအချက်မှာ မီးပုရွက်ဆိတ်နီများသည် တိုက်ခိုက်ခံရလျှင် သို့မဟုတ် အစာတွေ့လျှင် အချက်ပြစနစ်များ ပေးပို့ကြခြင်းဖြစ်ပြီး ဒုတိယအချက်မှာ မီးပုရွက်ဆိတ်နီများတွင် အတောင်ပံများ ပါရှိခြင်း ဖြစ်သည်။
သူ လှည့်ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော မီးပုရွက်ဆိတ်နီများမှာ တစ်ကောင်ပြီးတစ်ကောင် ပျံတက်လာနေကြသည်ကို တွေ့လိုက်ရသည်။
ပို၍ပင် ထိတ်လန့်စရာကောင်းသည်မှာ လိုဏ်ဂူထဲမှ ၁၂ လက်မခန့် ရှည်လျားပြီး ကျောက်စိမ်းကဲ့သို့ နီရဲနေသော မီးပုရွက်ဆိတ်နီ ဘုရင်ကြီး တစ်ကောင် ထွက်လာခြင်းပင် ဖြစ်တော့သည်။
***