“ဒါက ဘာကြီးလဲ။”
‘ဘယ်က ပုရွက်ဆိတ်က ဒီလောက်အထိ ကြီးနေရတာလဲ။ နျူကလီးယား ရောင်ခြည်သင့်ထားတာများလား။’
“ဒါပေါင် ဟေးမီ... ပြေးကြတော့ဟေ့။”
လုပေါင်ကလျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူသည် နှင်းလုံးလေးကို ဆွဲယူကာ နောက်လှည့်မကြည့်ဘဲ အပြင်ဘက်သို့ သုတ်ခြေတင်ပြေးတော့သည်။
သူ တကယ့် မိစ္ဆာကောင်ကြီးနဲ့ တွေ့ပြီဖြစ်သည်။ခွေးနှစ်ကောင်လည်း အပြင်ဘက်သို့ အလုအယက် ပြေးထွက်လာကြသည်။
“ဝီ...ဝီ...”
မီးပုရွက်ဆိတ်နီ ဘုရင်ကြီး၏ ခေါင်းပေါ်မှ အာရုံခံအစိတ်အပိုင်းများမှာ တုန်ခါသွားပြီး တိုက်ခိုက်ရန် အချက်ပေးလိုက်တော့သည်။
“ရှဲ... ရှဲ... ရှဲ...”
မရေမတွက်နိုင်သော မီးပုရွက်ဆိတ်နီများ လှုပ်ရှားလာကြရာ တောအုပ်တစ်ခုလုံးကို နီရဲသော မီးချပ်ကြီးများ ဖုံးလွှမ်းသွားသလိုပင်။
Live ကြည့်နေသူများမှာ ရုပ်ရှင်ထဲကထက် ပို၍ ထိတ်လန့်စရာကောင်းသော မြင်ကွင်းကို မြင်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ သန်းပေါင်းများစွာသော ကုဋေပေါင်းများစွာသော မီးပုရွက်ဆိတ်နီများသည် အစာကို အမဲလိုက်ရန်အတွက် ပုရွက်ဆိတ်ပင်လယ်ကြီးအသွင် ပြောင်းလဲသွားကြသည်။
၎င်းမှာ အလွန်ပင် တုန်လှုပ်စရာ ကောင်းလှသည်။
“ဘုရားရေ...”
“ဒါတွေသာ မြို့ထဲကို ကျူးကျော်လာရင် ဘာဖြစ်ကုန်မလဲ။”
“ရတနာနတ်ဘုရား ရှာတွေ့သွားတာ တော်တော်ကံကောင်းတာပဲ။ သူ တစ်ခုခု လုပ်လိမ့်မယ် ဒါမှမဟုတ် အမြစ်ပြတ်အောင် ဖျက်ဆီးပစ်လိမ့်မယ်။ မဟုတ်ရင် ဒီပုရွက်ဆိတ်တွေ ငါတို့နေတဲ့ မြို့တွေထဲ ရောက်လာရင်တော့ ဒုက္ခအကြီးအကျယ် ရောက်မှာ။”
“ဟိုအကောင်က ဘာကြီးလဲ ပုရွက်ဆိတ်ဘုရင်မလား ဘာလို့ ကလေးလက်မောင်းလောက် ရှည်နေရတာလဲ။”
“ကမ္ဘာကြီးမှာ စွမ်းအင်တွေ ပြန်နိုးထလာပြီး မိစ္ဆာတွေ ထွက်လာတာများလား။”
“စကားပြောတဲ့ မျောက်မင်း အကြားအမြင်ရတဲ့ လိပ်ကြီး ပင်လယ်မြွေဟောက်ကြီး ကြောက်စရာ အသွင်ပြောင်းကျား အခုတော့ ပုရွက်ဆိတ်သန်းပေါင်းများစွာကို ထိန်းချုပ်ထားတဲ့ ပုရွက်ဆိတ်ဘုရင်... ကမ္ဘာကြီး ဘာတွေ ဖြစ်နေတာလဲ။”
“မြန်မြန်ပြေးပါတော့။”
လုပေါင်၏ Live မှာ အလွန်ပင် ရင်ခုန်စရာ ကောင်းလှသည်။ သူတို့ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် မြက်ပင်တစ်ပင်ပင် ကျန်ရစ်မည်မဟုတ်ဟု ခံစားနေရသည်။ အကယ်၍ ၎င်းတို့မှာ လူသားစားပုရွက်ဆိတ်များသာဆိုလျှင် ပို၍ပင် ထိတ်လန့်စရာ ကောင်းပေလိမည်။
ခွေးနှစ်ကောင်၏ အရှိန်မှာ ပုရွက်ဆိတ်များထက် ပိုမြန်သော်လည်း အတောင်ပံပါသော ပုရွက်ဆိတ်နီ အကြီးစားအချို့မှာ နောက်ကပ်လျက် လိုက်ပါလာပြီး အုပ်စုကြီးကို လမ်းညွှန်ပေးနေကြသည်။
လုပေါင်၏ ကြက်သီးမွေးညင်းများ ထောင်သွားစေသည့် အသံမှာ နောက်ဘက်မှ ကပ်ပါလာသည်။ သူ လှည့်ကြည့်လိုက်သောအခါဒါပေါင်မှာ အမြီးလေးကုပ်ကာ အသက်လုပြေးနေသည်ကို တွေ့ရသည်။ ကြီးမားလှသော ပုရွက်ဆိတ်ဘုရင်ကြီးမှာ ဒါပေါင်နှင့် မီတာအနည်းငယ်အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။
“နှင်းလုံးလေး... အပေါ်ကို မြန်မြန်ပျံတက်တော့။”
လုပေါင်က သူကိုင်ထားသော နှင်းလုံးလေးကို ပစ်တင်လိုက်ရာ နှင်းလုံးလေးမှာ ကောင်းကင်သို့ ပျံတက်သွားသည်။ အပြင်းအထန် ပြေးနေသော ဒါပေါင်မှာ မျက်စိတစ်မှိတ်အတွင်း လူပေါင်က သူ့ကို ကျော်ဖြတ်သွားသည်ကို ခံစားလိုက်ရသည်။
“ဖြောင်းးးး”
အရမ်းမြန်လွန်းသည်။ လူပေါင်ကိုယ်တိုင်ပင်လျှင် အသက်အန္တရာယ်နှင့် ကြုံသောအခါ ဤမျှအထိ မြန်ဆန်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသည် ကြီးမားသော ပုရွက်ဆိတ်ဘုရင်ကို လက်တစ်ဖက်ဖြင့် ဖိချုပ်လိုက်သည်။ အံ့ဩစရာကောင်းသည်မှာ ပုရွက်ဆိတ်ဘုရင်၏ ခန္ဓာကိုယ်မှာ သတ္တုကဲ့သို့ မာကျောနေခြင်းပင်။
ပုရွက်ဆိတ်ဘုရင်မှာ ‘ကျိ... ကျိ...’ဟူသော အသံများပြုလုပ်ရင်း ရုန်းကန်နေပြီး ၎င်း၏ အာရုံခံအစိတ်အပိုင်းများမှာလည်း မရပ်မနား တုန်ခါနေသည်။ခွေးနှစ်ကောင်နောက်သို့ လိုက်နေသော ပုရွက်ဆိတ်နီများမှာ ချက်ချင်း လှည့်လာပြီး လုပေါင်ရှိရာသို့ ဦးတည်လာကြသည်။
“သူတို့ကို မလှုပ်နဲ့လို့ ပြောလိုက် မဟုတ်ရင် ငါ မင်းကို အသေဖိသတ်ပစ်မယ်။”
လုပေါင်သည်ယနေ့ သူ၏ ရင်းနှင်းမှုစွမ်းရည် မှာ ပြဿနာတက်နေသည်ဟု ခံစားရသည်။အသွင်ပြောင်း ကျားကလည်း သူ့အပေါ် စိတ်တိုနေသလို ယခု ပုရွက်ဆိတ်ဘုရင်ကလည်း ရန်လိုနေလေသည်။
ပုရွက်ဆိတ်ဘုရင်က သူ့စကားကို နားလည်ပါ့မလား မသိသော်လည်း သူကတော့ အော်ပြောလိုက်မိသည်။ သို့သော် နောက်ထပ်ဖြစ်ပျက်လာသောအရာက သူ့ကိုသာမက ကြည့်ရှုသူများကိုပါ မှင်သက်သွားစေသည်။
ပုရွက်ဆိတ်ဘုရင်သည် ၎င်း၏အစိတ်ပိုင်းများကို လျင်မြန်စွာ တုန်ခါစေပြီး အချက်ပြသံအသစ်တစ်ခု ပေးပို့လိုက်သည်။
ပျံသန်းနေသော ပုရွက်ဆိတ်နီများမှာ ကောင်းကင်တွင် ငြိမ်သွားကြပြီး အခြားပုရွက်ဆိတ်အုပ်ကြီးမှာလည်း တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြသည်။
အရာအားလုံးမှာ ရပ်တန့်သွားသလိုပင်။ နားထဲတွင် အတောင်ပံခတ်သံမှလွဲ၍ ကျန်ရှိသော အသံအားလုံး ပျောက်ကွယ်သွားသလို ခံစားရပြီး တစ်ကမ္ဘာလုံး တိတ်ဆိတ်သွားတော့သည်။
“ဘုရားရေ... မင်း ဉာဏ်ရည်က ဘယ်လောက်တောင် မြင့်နေတာလဲ။”
ဤနေရာတွင် မီးပုရွက်ဆိတ်နီများ ဘာကြောင့် ဤမျှအထိ စုဝေးနေကြသလဲဆိုသည်ကို လုပေါင် နားလည်သွားတော့သည်။ပုံမှန်အားဖြင့် ၎င်းတို့သည် မိတ်လိုက်ရန်အတွက် ကောင်းကင်သို့ ပျံတက်ကြပြီး လေတိုက်ရာအရပ်သို့ ပျံ့လွင့်ကာ ရောက်ရာအရပ်တွင် အသိုက်ဆောက်ကြရခြင်း ဖြစ်သည်။ သို့သော် ဤနေရာတွင်မူ မရေမတွက်နိုင်သော ပုရွက်ဆိတ်များ စုဝေးနေခြင်းမှာ ဤပုရွက်ဆိတ်ဘုရင်၏ တည်ရှိမှုကြောင့်ပင် ဖြစ်ပုံရသည်။
“ပရိတ်သက်တို့ရေ... တကယ်လို့ ကျွန်တော်က ဒီပုရွက်ဆိတ်ဘုရင်ကိုသာ နှိမ်နင်းနိုင်ရင် ဒီပုရွက်ဆိတ်အုပ်ကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်မှာ မဟုတ်လား။”
လုပေါင်ကသူ ကံထူးတော့မည်ဟု ခံစားလိုက်ရသည်။ အကယ်၍ သူသာထိန်းချုပ်နိုင်လျှင် သူသည် မီးပုရွက်ဆိတ်နီ စစ်တပ်ကြီးကို ပိုင်ဆိုင်နိုင်လိမ့်မည်။
‘ဒါဆိုရင် ငါ မကျေနပ်တဲ့နေရာကို တိုက်ခိုက်လို့ ရပြီပေါ့။’
ပုရွက်ဆိတ်ဘုရင်မှာ အလွန်လှပသည်။ ၎င်း၏ ကိုယ်ထည်မှာ ကျောက်နီကဲ့သို့ ကြည်လင်နေပြီး သတ္တုရောင်လည်း တောက်နေသည်။ ဤမျှ ကြီးမားသောအရာကြီးမှာ သက်ရှိတစ်ကောင် ဖြစ်လိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။
“ဝုတ် ဝုတ် ဝုတ်”
ဟေးမီနှင့် ဒါပေါင်တို့ ပြန်ပြေးလာကြသည်။ သိသာသည်မှာ သူတို့၏ ဉာဏ်ရည်နှင့် ဘာတွေ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ခြင်း ဖြစ်သည်။
“အရမ်းဝေးဝေး မသွားနဲ့ အနားမှာပဲ စောင့်နေကြ။”
လုပေါင်သည်၎င်းတို့သုံးကောင်လုံးကို စနစ်၏ လမ်းညွှန်အမှတ်အသားများ တပ်ဆင်ပေးထားသဖြင့် ပျောက်သွားမှာကို မစိုးရိမ်ပေ။
ပုရွက်ဆိတ်ဘုရင်ကို ကိုင်ကာ လူပေါင်သည် ပုရွက်ဆိတ်ပင်လယ်ကြီးထဲသို့ မကြောက်မရွံ့ လျှောက်ဝင်သွားသည်။
“ဝီ... ဝီ...”
အချက်ပြပေးလိုက်သည့်အလား လုပေါင် ချဉ်းကပ်သွားသောအခါ ပုရွက်ဆိတ်နီများမှာ ဘေးနှစ်ဖက်သို့ အလိုအလျောက် လမ်းဖယ်ပေးကြသည်။ ဤမြင်ကွင်းမှာ အလွန်ပင် ခမ်းနားလှသဖြင့် လူပေါင်က သူ့ကိုယ်သူ ဘုရင်တစ်ပါးဟု ခံစားနေရသည်။
Live ကြည့်ရှုသူဦးရေမှာလည်း ၁၁ သန်းအထိ ရောက်ရှိသွားသည်။။
“အရမ်း အန္တရာယ်များလွန်းတယ်။”
အယ်ဒရစ်ချ်သည်လည်းလုပေါင်၏ ပရိသတ် ဖြစ်သွားပြီ ဖြစ်သော်လည်း ဤမြင်ကွင်းကို ကြည့်ကာ ကြက်သီးထနေမိသည်။
လုလင်းဟွာမှာလည်းနှလုံးခုန်နှုန်းများ မြန်နေပြီး ဤအတိုင်းဆိုလျှင် နှလုံးရောဂါရမည်ကိုပင် စိုးရိမ်နေရသည်။
မီးပုရွက်ဆိတ်နီ တစ်ချက်အကိုက်ခံရရုံဖြင့် လူတစ်ယောက် သေဆုံးနိုင်သည်။အကြိမ်ပေါင်းများစွာ အကိုက်ခံရလျှင် အရေပြားများ ပျက်စီးသွားပေလိမ့်မည်။ ဤမျှ များပြားသော ပုရွက်ဆိတ်များကြားတွင် ဆင်တစ်ကောင်ပင် အရိုးပင်မကျန်အောင် အစားခံရနိုင်သည်။
“ဝူး...”
ဒါပေါင်မှာ စိုးရိမ်တကြီး အော်ဟစ်နေသော်လည်း ဟေးမီနှင့် သူတို့မှာ အနားမကပ်ရဲကြပေ။နှင်းလုံးလေးကလည်း သစ်ပင်ထိပ်ဖျားပေါ်ကနေ မဆင်းရဲပေ။အကယ်၍ ဟတ်စကီသာဆိုလျှင် အူကြောင်ကြောင်ဖြင့် လိုက်ဝင်သွားပြီး ပုရွက်ဆိတ်တွေကြား လူးလိမ့်ပြနေဦးမည် ဖြစ်သော်လည်း ဘော်ဒါကိုလီ နှင့် တောခွေးတို့၏ ဉာဏ်ရည်မှာ မနိမ့်လှပေ။
“ငါ့နောက် လိုက်မလာနဲ့။မင်းတို့ဘာသာ သွားဆော့ကြတော့။”
လုပေါင်က လက်မှတ်ထိုးဝင်ရန် သွားရမည်ဖြစ်သဖြင့် ၎င်းတို့ကို ဤမျှ အန္တရာယ်ရှိသော နေရာသို့ မခေါ်သွားနိုင်ပေ။
သူ တောင်ခြေသို့ ရောက်သောအခါ အသွင်ပြောင်းကျားကြီး ထွက်လာသည်။ ၎င်းက ဂူဝတွင် ခန့်ညားစွာ ရပ်နေပြီး လုပေါင်ကို ကြည့်နေသည်။ ပုရွက်ဆိတ်နီများမှာ ၎င်းနှင့် ဝေးဝေးတွင် နေကြသည်။
“ဝေါင်း”
လုပေါင် ချဉ်းကပ်လာသည်ကို မြင်သောအခါ အသွင်ပြောင်းကျားက တိုးတိုးလေး ဟိန်းဟောက်ရင်း လုပေါင်လက်ထဲက ပုရွက်ဆိတ်ဘုရင်ကို ကြည့်လိုက်သည်။
“သိပ်ပြီး ရန်မလိုပါနဲ့ဦး။ ငါ အရမ်းလှတဲ့ ကျားမလေးတစ်ကောင်ရှိတဲ့ နေရာကို သိထားတယ်။ သူမက ကိုယ်လုံးကိုယ်ပေါက်လည်း လှတယ် ပြီးတော့ ဝဝတုတ်တုတ်သားလေးနှစ်ယောက်တောင် ရှိသေးတယ်။ စိတ်ဝင်စားလား။”
အသွင်ပြောင်းကျားက သူ့အပေါ် ရန်လိုစိတ် မရှိတော့သည်ကို ခံစားရသဖြင့် လုပေါင် စိတ်အေးသွားရသည်။တောဆိတ်တစ်ကောင် စားပြီးဖြစ်သဖြင့် အသွင်ပြောင်းကျားမှာ ဗိုက်သိပ်မဆာတော့ပေ။
“ဝေါင်းး”
“ဝေါင်းမနေနဲ့ သူမက တကယ်လှတာ။ ငါ့မှာ ဓာတ်ပုံတောင် ပါတယ်။ဒီမှာ ကြည့်ဦး... မလှဘူးလား။ဒီကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ဦးဒီအမြီးကို ကြည့်ဦး... သူမက ကျားလောကရဲ့ အလှပဂေးပဲ။ ပြီးတော့ ဒါက သူမရဲ့ သားလေးနှစ်ယောက် နောင်ကျရင် မင်းရဲ့ သားလေးတွေ ဖြစ်လာမှာပေါ့။ ဘယ်လိုလဲ စဉ်းစားကြည့်ဦးမလား။”
လုပေါင်က အသွင်ပြောင်းကျား၏ ခေါင်းကို ပုတ်ပေးလိုက်ရာ ကျားက နောက်သို့ တစ်လှမ်းဆုတ်သွားသည်။ ၎င်းက ဤလုပ်ရပ်အပေါ် အာရုံခံစားလွယ်ပုံရသည်။
Live ကြည့်နေသူများမှာမူ ဗိုက်အောင့်အောင် ရယ်နေကြရသည်။
“ရတနနတ်ဘုရားက ဒီလောက် အန္တရာယ်တွေကြားထဲမှာ အောင်သွယ် သွားလုပ်နေတာတဲ့လား။ ပြီးတော့ ဝဝတုတ်တုတ်သားလေးတွေပါတဲ့။”
“ဟားဟားဟားဟား”
“ရတနာနတ်ဘုရားရဲ့ Live တွေကတော့ အမြဲတမ်း မျှော်လင့်မထားတာတွေပဲဖြစ်လာတယ်။ရယ်ရလွန်းလို့ သေတော့မယ်။”
“ကလေးနှစ်ယောက်တောင် ရှိနေတဲ့သူနဲ့ မိတ်ဆက်ပေးတယ်တဲ့လား။”
“ဒီအသွင််ပြောင်းကျားက ရုပ်ဖြောင့်တယ်လေကျားမအပျိုလေးနဲ့ မိတ်ဆက်ပေးရမှာကို။ ဒါပေမဲ့ အသွင်ပြောင်းကျားတွေက မျိုးမပွားနိုင်တော့ ကလေးနှစ်ယောက် အလကားရတာလည်း မဆိုးပါဘူး။”
“အသွင်ပြောင်းကျားအတွက် မိန်းမရှာပေးဖို့ ဒီလောက် အန္တရာယ်ရှိတဲ့ နေရာကို သွားရသလား။”
“ကဲ... မင်းအိမ် ဘယ်လိုနေလဲ ကြည့်ရအောင်။ ငါ နည်းနည်းပင်ပန်းနေလို့ မင်းဆီမှာ တစ်ရေးလောက် အိပ်လိုက်ဦးမယ်။”
လုပေါင်သည် အသွင်ပြောင်းကျားကို ဂူထဲသို့ အတင်းဆွဲခေါ်သွားသည်။ တောင်စောင့်နတ်ကျောင်းက ဘာလို့ ဒီထဲမှာ ရှိနေရသလဲဆိုသည်ကို သူလည်း နားမလည်နိုင်ပေ။
“ဘာလို့ ဟိန်းနေတာလဲ။ငါ မင်းမိန်းမရဲ့ အိပ်ရာပေါ်မှာတောင် အိပ်ခဲ့ပြီးပြီ။မင်းရဲ့သားတွေကိုလည်း ရိုက်ခဲ့ပြီးပြီ။မင်းအိမ်ကို လာကြည့်တာ ဘာဖြစ်လို့လဲ”
***