"သတင်း စိတ်ချရရဲ့လား" ချင်ဟန်က သူ့ရှေ့ရှိ အစေခံကို ကြည့်ကာ တိုးညှင်းစွာ မေးတော့သည်။
အတည်ပြုသည့် အဖြေရပြီးနောက် ခေါင်းညိတ်ကာ အစေခံကို လွှတ်ပေးလိုက်၏။
မြို့စားကိုင်ဆန်၏ နယ်မြေသို့ ပြန်ရောက်သည်မှာ လေးလ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ထိုကာလအတွင်း မိမိ၏ အစီအစဉ်များကို ဖြည်းဖြည်းချင်း အကောင်အထည်ဖော်ရင်း အလုပ်များနေခဲ့သည်။
ထိုအချိန်ကာလ အတွင်း ကူတူး တော်ဝင်မြို့တော်မှာလည်း မငြိမ်မသက် ဖြစ်နေလေပြီ။
ချင်ဟန် ရရှိထားသည့် သတင်းအရ ဒုတိယမင်းသား ဂရစ်မှာ ကူတူး တော်ဝင်မြို့တော်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
သူ့ မိခင်မှာ အခြားနိုင်ငံမှ မင်းသမီးတစ်ပါး ဖြစ်သဖြင့် ထိုနိုင်ငံနှင့် နီးစပ်သည့် ဆက်ဆံရေး ရှိထားသူပင်။ နှစ်ပေါင်းများစွာက ဘုရင်မင်းမြတ် ကျန်းမာရေး ချို့ယွင်းလာချိန်တွင် ဂရစ်မှာ ကူတူးနယ်မြေမှ မိခင်၏ မူလဇာတိဖြစ်သော အိုလစ်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။
မိခင်၏ နောက်ခံအပြင် ကူတူးနယ်မြေမှ ယူဆောင်လာသော အင်အားကြောင့် ဂရစ်မှာ ထိုနိုင်ငံတွင် အတော်လေး အခြေကျလာပြီး ကူတူးနယ်မြေတွင်လည်း ထောက်ခံသူများစွာ ရှိနေဆဲ ဖြစ်သည်။ မည်သို့ဆိုစေ ကူတူး ဘုရင်မင်းမြတ်အတွက် သူမှာ တစ်ဦးတည်းသော သားတော် မဟုတ်လော။ ရိုးရာကို လိုက်နာသည့် မူးမတ်အများစု အတွက်မူ အမျိုးသမီးတစ်ဦးထက် မင်းသားတစ်ပါး နန်းတက်ခြင်းက ပို၍ နှစ်သက်စရာ ကောင်းနေသည်။
ပုံမှန်အားဖြင့် ဂရစ်မှာ အိုလစ်နိုင်ငံတွင်သာ နေထိုင်တတ်ပြီး ပြန်လာလျှင်လည်း ခဏတာမျှသာ ဖြစ်၏။ သို့သော် ဤတစ်ကြိမ်တွင်မူ တော်ဝင်မြို့တော်၌ နှစ်လခန့် ကြာအောင် နေထိုင်သွားခဲ့သည်။
ထိုနှစ်လတာ ကာလအတွင်း တော်ဝင်မြို့တော်မှာ အနည်းငယ် မငြိမ်မသက် ဖြစ်သွားရသည်။ ချင်ဟန် မရှိသော်လည်း ရရှိထားသော သတင်းများအရ အချို့အရာများကို ခန့်မှန်းနိုင်ခဲ့သည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း မင်းသမီး အိုလီဗီယာကို ထောက်ခံသူများနှင့် မင်းသား ဂရစ်ကို ထောက်ခံသူများ တော်ဝင်မြို့တော်တွင် အကြိမ်ကြိမ် ထိပ်တိုက်တွေ့ခဲ့ကြသည်။ သူရဲကောင်း အဆင့်ရှိသူများပင် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရသည်အထိ ဖြစ်သည်။ အခြေအနေမှာ အတော်လေး အန္တရာယ်ကြီးမားပြီး ကြားညပ်မိသည့် သာမန်လူများဆိုလျှင် အသက်ဆုံးရှုံးရနိုင်လောက်သည်။
သို့သော် ဂရစ် ထွက်ခွာသွားပြီ ဖြစ်သဖြင့် မြို့တော်အတွင်း ပဋိပက္ခများမှာ ငြိမ်သက်သွားတော့မည့် အရိပ်အယောင် ပေါ်လာသည်။
ထိုင်ခုံပေါ်တွင် ထိုင်ရင်း အတွေးပေါင်းစုံ ဝင်ရောက်လာကာ ချင်ဟန်လည်း တိတ်တဆိတ် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။
တောင်ပိုင်းတွင် အချိန်အတော်ကြာ နေထိုင်ပြီးနောက် မိမိ လိုချင်သည့် အရာများကို အတိုင်းအတာ တစ်ခုအထိ ရယူပြီး ဖြစ်သည်။ ကုန်သွယ်ရေး လမ်းကြောင်းကို တည်ထောင်ပြီး ပတ်ဝန်းကျင် အုပ်ချုပ်သူများအားလုံး သဘောတူညီမှု ရယူထားပြီး ဖြစ်သဖြင့် ဤနေရာတွင် ဆက်လုပ်စရာ သိပ်မကျန်တော့ပေ။ ထို့ကြောင့် တော်ဝင်မြို့တော် ကူတူးသို့ ပြန်ချိန်တန်ပြီ ဖြစ်သည်။
တောင်ပိုင်းမှာ ပိုနွေးထွေးပြီး အန္တရာယ် ကင်းသည်ဆိုသော်လည်း ဤနိုင်ငံ၏ အချက်အချာ မဟုတ်ပေ။ ဤနေရာမှ အကျိုးအမြတ်နှင့် ထောက်ခံမှု ရနိုင်သော်လည်း ရှေ့ဆက်တိုးလိုလျှင် တော်ဝင်မြို့တော်သို့ မဖြစ်မနေ ပြန်သွားရမည်သာ။
ထို့ကြောင့် စီစဉ်စရာ ရှိသည်များ ပြင်ဆင်ပြီးနောက် တော်ဝင်မြို့တော် ကူတူးသို့ ပြန်လာခဲ့ပြီး မိမိ၏ နေအိမ်တွင် အခြေချလိုက်သည်။ ပြန်ရောက်သည်နှင့် မိတ်ဆွေများကို စတင် သွားရောက်တွေ့ဆုံ၏။
"ကိုင်လင်း... နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့" ချင်ဟန်ကို မြင်သည်နှင့် ကယ်လီ၏ မျက်နှာပေါ် ဝမ်းသာသည့် အမူအရာ ပေါ်လာပြီး ဆွဲခေါ်သွားသည်။
"လတွေတောင် ကြာပြီပဲ... ဘာတွေ လုပ်နေတာလဲ" ချင်ဟန်ကို စူးစမ်းစွာ ကြည့်ရင်း မေးလိုက်သည်။
"ဘာလုပ်ရမလဲ... အသေးအမွဲ ကိစ္စလေးတွေပါပဲ... မင်းရော... အရင်ကထက် ပိုပင်ပန်းနေသလိုပဲ"
လွန်ခဲ့သော လများထက် ကယ်လီမှာ ပိုပင်ပန်းနွမ်းနယ်နေပုံ ပေါက်ပြီး မျက်ကွင်းညိုနေသည်မှာ ကြာရှည်စွာ အနားမယူထားရကြောင်း သိသာနေသည်။
"ဒါကို မပြောနဲ့တော့"
ကယ်လီက ခါးသီးစွာ ပြုံး၍ သက်ပြင်းချကာ ရှင်းပြလာသည်။
"မင်းရဲ့ နေအိမ်နားမှာ လူတွေ ပုန်းအောင်းနေတာလား" ကယ်လီ၏ စကားကို ကြားပြီးနောက် ချင်ဟန် မျက်မှောင်ကြုတ်မိသွားသည်။ "အရင်က လုပ်ကြံသတ်ဖြတ်သူတွေလား"
"ဟုတ်တယ်" ကယ်လီက ခါးသီးစွာ ခေါင်းညိတ်သည်။ "အဲ့ဒီ လုပ်ကြံသူတွေက အိုလစ်နိုင်ငံက ဖြစ်ပုံပဲ... ငါ့အိမ်နားမှာ ပုန်းအောင်းနေတာ... ငါလည်း အိပ်ရေးကောင်းကောင်း မအိပ်ရတာ ကြာပြီ"
"အိုလစ်နိုင်ငံ..." ချင်ဟန် မျက်မှောင်ကြုတ်ကာ "ဘယ်သူက ခိုင်းတာလဲ ဆိုတာ မင်း သိလား"
ကယ်လီက တိုတုတ်စွာ ရယ်လိုက်သော်လည်း ဘာမှ ပြန်မဖြေပေ။
အိုလစ်နိုင်ငံမှ လာပြီး သူ့ကို သတ်လိုသူမှာ မည်သူ ဖြစ်နိုင်မည်နည်း။ ဂရစ်ပင် ဖြစ်ရပေမည်။ ကယ်လီ၏ မိသားစုမှာ မင်းသမီး အိုလီဗီယာ၏ အခိုင်အမာဆုံး ထောက်ခံသူများထဲမှ တစ်ခု ဖြစ်သဖြင့် ဂရစ်က လုပ်ကြံသူများ စေလွှတ်ပြီး ထောက်ခံသူများအား ခြိမ်းခြောက်သည်မှာ အံ့ဩစရာ မဟုတ်ပေ။
ထို့နောက် ကယ်လီက မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှ အားလုံး ချင်ဟန်အား ပြောပြလိုက်သည်။
"တကယ်ပဲ အသက်စွန့် တိုက်ပွဲတွေ ဖြစ်ခဲ့တာလား" ကယ်လီ၏ စကားအပြီး ချင်ဟန် အတော်လေး အံ့ဩသွားသည်။
"ဟုတ်တယ်" ကယ်လီက ခေါင်းညိတ်သည်။ "နှစ်ယောက်လုံး သူရဲကောင်းတွေပဲ... ပြီးတော့ သူတို့ထဲက တစ်ယောက်ကို မင်းသိပါတယ်... မေဒါလေ။ မင်းသမီး အိုလီဗီယာနဲ့ မင်းသား ဂရစ်တို့ စီစဉ်မှုနဲ့ သူနဲ့ အခြားသူရဲကောင်း တစ်ယောက် လူသိရှင်ကြား တိုက်ခိုက်ကြတာ..."
"ရလဒ်ကရော ဘယ်လိုလဲ" ချင်ဟန် မေးလိုက်သည်။
ကယ်လီက ခဏမျှ တိတ်ဆိတ်သွားပြီးမှ...
"ဂရစ်ရဲ့ သူရဲကောင်းက မေဒါ လက်ချက်နဲ့ သေသွားတယ်... ဒါပေမဲ့ မေဒါက အသက်မီးလျှံကို မီးညှိသုံးစွဲလိုက်ရလို့ လက်တစ်ဖက် ဆုံးရှုံးသွားရပြီ။ အခု လှုပ်တောင် မလှုပ်နိုင်တော့ဘူး... ပြန်ကောင်းလာရင်တောင် အရင်လို အင်အားမျိုး ရှိတော့မှာ မဟုတ်ဘူး..."
ချင်ဟန် တိတ်ဆိတ်သွားတော့သည်။
အသက်မီးလျှံ လောင်ကျွမ်းစေခြင်းမှာ သူရဲကောင်းများ အသက်စွမ်းအင်ကို နိုးထစေပြီးမှ ရရှိသည့် စွမ်းအင် ဖြစ်သော်လည်း အလွန်အမင်း သုံးစွဲမိပါက ခန္ဓာကိုယ်ကို အမြဲတမ်း ပျက်စီးစေတတ်သည်။ ကယ်လီ၏ ဖော်ပြချက်အရ တိုက်ပွဲမှာ အလွန်ပြင်းထန်သဖြင့် မေဒါ အစွမ်းကုန် သုံးစွဲသွားရကာ ပြန်လည် မကုစားနိုင်တော့သည်အထိ ဖြစ်သွားရ၏။ ထိုအချက်တင် မကသေး လက်တစ်ဖက်ပါ ဆုံးရှုံးရသည်မှာ ဘေးဆိုးကြီးတစ်ခုပင်။ ကယ်လီပြောသည့် အတိုင်း ပြန်တိုက်နိုင်လျှင်တောင် အရင်လို စွမ်းအားမျိုး ရနိုင်တော့မည် မဟုတ်ပေ။
ထိုအချက်ကို တွေးမိသည်နှင့် ချင်ဟန် သက်ပြင်းချမိရင်း ထိုအချိန်က တောင်ပိုင်းသို့ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့ခြင်းအတွက် အလွန် ကျေးဇူးတင်သွားမိသည်။ ကူတူးမြို့တော် အခြေအနေမှာ အလွန် ကြောက်မိတ်ဖွယ် ကောင်းနေပြီ ဖြစ်၏။ သူရဲကောင်း တစ်ဦး သေဆုံးကာ နောက်တစ်ဦးမှာလည်း မသန်မစွမ်း ဖြစ်သွားရသည်။
ချင်ဟန်သာ ကူတူးမြို့တော်၌ ဆက်နေပြီး သတိမထားမိခဲ့ပါက အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ် ရှိသည်။ ထို့ကြောင့် အခြေအနေ ပြင်းထန်ချိန်၌ ခေတ္တ ရှောင်ထွက်သွားရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ကန်သည့် အရာတစ်ခု ဖြစ်နေပေပြီ။
"မေဒါ အခု ဘယ်မှာလဲ" ချင်ဟန်က စိတ်တည်ငြိမ်အောင် ထိန်းကာ ကယ်လီကို မေးလိုက်ပြီးမှ... "ကျန်တာတွေ ထားလိုက်ပါ... သူက ငါ လေးစားတဲ့ သူရဲကောင်း တစ်ဦးပဲလေ။ အခွင့်အရေး ရရင် သူ့ကို သွားရောက် ဂါရဝပြုချင်တယ်"
End
***