အခန်းတစ်ခုအတွင်း၌ ဆေးဖက်ဝင် မြက်ပင် မျိုးစုံ ရောနှောနေသော ထူးဆန်းသည့် အနံ့တစ်နံ့က ပျံ့နှံ့နေ၏။
အခန်း အလယ်ဗဟိုရှိ ကုတင်ပေါ်တွင်တော့ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက်က အလွန် အားနည်းနေသည့်ဟန်ဖြင့် တိတ်ဆိတ်စွာ လဲလျောင်းလို့။
သူ့ ခန္ဓာကိုယ်မှာ တောင့်တင်း ခိုင်မာပုံရသော်လည်း ခေါင်းမှစ၍ ခြေဖျားအထိ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး တစ်ကိုယ်လုံး ဆေးရနံ့များ လွှမ်းခြုံနေလေပြီ။
သူ့ ညာဘက် လက်မောင်း ရှိသင့်သော နေရာမှာ ဟာလာဟင်းလင်း ဖြစ်နေ၏။
ချင်ဟန်က မာဒါ့ကို ကြည့်ရင်း ညင်သာစွာ သက်ပြင်းချလိုက်သည်။
ယခင်က မေဒါနှင့် တိုက်ခိုက်ခဲ့သည့် မြင်ကွင်းက သူ့ စိတ်ထဲတွင် ပြန်လည် ထင်ဟပ်လာသည်။ လအနည်းငယ် အတွင်း မေဒါ တစ်ယောက် ယခုလို အခြေအနေမျိုး ရောက်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
ဘဝတွင် မည်သည့်အရာမှ မြဲမြံ ခိုင်မာမှု မရှိကြောင်း ဆိုရပေမည်။
သို့သော် တစ်ဖက်မှ ကြည့်လျှင် ဤသည်မှာ စစ်သည်တော်များ၏ ကံကြမ္မာပင် မဟုတ်ပါလား။
စစ်သည်တော် တစ်ယောက် အနေဖြင့် မိမိ၏ သက်စောင့်မျိုးစေ့ကို နိုးကြားစေခဲ့သည့် အခိုက်အတန့်မှ စတင်ကာ အိုမင်းမစွမ်းဖြစ်၍ သေဆုံးသွားဖို့ဆိုသည်မှာ ဖြစ်နိုင်ချေ အလွန် နည်းပါးလှ၏။
စစ်သည်တော် အများစုမှာ တိုက်ပွဲများအတွင်း သို့မဟုတ် မတော်တဆမှုများကြောင့်သာ အသက်ဆုံးရှုံးလေ့ ရှိကြသည်။
ထို့ကြောင့် မေဒါ တစ်ယောက် ယခုလို အဆုံးသတ်သွားခြင်းမှာ အံ့အားသင့်စရာတော့ မဟုတ်ချေ။
ချင်ဟန် တစ်ယောက် မေဒါ၏ အခန်းထဲမှ ထွက်လာချိန်တွင် ကယ်လီမှာ ထိုနေရာ၌ စောင့်ဆိုင်းနေဆဲပင်။
ချင်ဟန်က ထွက်မသွားမီ ကယ်လီ၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး...
"သွားကြစို့"
သေချာသည်က သူ မထွက်ခွာမီ မေဒါ၏ အစေခံများထံ လက်ဆောင် တစ်ခု ချန်ထားရစ်ခဲ့လေပြီ။
အပြန်လမ်း မြင်းလှည်းပေါ်တွင် ထိုင်လိုက်ပါလာရင်း ချင်ဟန်လည်း တိတ်ဆိတ်စွာ တွေးတောနေမိသည်။
မင်းသမီး အိုလီဗီယာနှင့် မင်းသား ဂရစ်တို့ ကြားရှိ ပဋိပက္ခမှာ သူ ထင်ထားသည်ထက် ပိုပြင်းထန်နေ၏။
စစ်သည်တော် တစ်ယောက် အနေဖြင့် မေဒါမှာ ကူတူး နယ်စားပယ်စား တစ်ခုလုံးတွင် ထိပ်တန်း အဆင့်ရှိသူ တစ်ယောက် ဖြစ်သော်ငြား ယခုလို အခြေအနေမျိုး ကျရောက်သွားခဲ့သည်။
မင်းသား ဂရစ်၏ စစ်သည်တော်မှာမူ ပွဲချင်းပြီး သေဆုံးသွားခဲ့လေပြီ။
အခြား ရှုထောင့်တစ်ခုမှ ကြည့်လျှင် ဤကဲ့သို့သော ရလဒ်မျိုးက ချင်ဟန် အတွက်တော့ အတော်လေး အကျိုးရှိစေသည်။
သူ သိထားသလောက် မင်းသမီး အိုလီဗီယာတွင် မူလက စစ်သည်တော် သုံးယောက် ရှိပြီး ယခု မေဒါ တစ်ယောက် ဤသို့ ဖြစ်သွားချိန်တွင် သူမ အနေဖြင့် စစ်သည်တော် တစ်ယောက်ကို အပြီးတိုင် ဆုံးရှုံးလိုက်ရခြင်းပင်။
ဤအခြေအနေမျိုးအောက်တွင် ချင်ဟန်၏ တန်ဖိုးမှာ ပို၍ သိသာ ထင်ရှားလာတော့သည်။
အနည်းဆုံးတော့ သူက မင်းသမီး အိုလီဗီယာ အတွက် ပို၍ တန်ဖိုးရှိသူ တစ်ယောက် ဖြစ်လာခဲ့ပြီ မဟုတ်လော။
မေဒါနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် သူ့ တန်ဖိုးကို ပြသနိုင်ခဲ့ပြီး ဖြစ်သည်။ သူ့ ခွန်အားမှာ အံ့မခန်း ဖြစ်ပြီး မေဒါ ကိုယ်တိုင် သက်စောင့်စွမ်းအင် အသုံးမပြုပါက သူ့အား အလွယ်တကူ အနိုင်မယူနိုင်ခဲ့ချေ။
သူ့ လက်ရှိ ခွန်အားမျိုးနှင့်ဆိုလျှင် စစ်သည်တော်လောင်းလျာ တစ်ယောက်ဟု ခေါ်ဆိုနိုင်ပြီး အနာဂတ်တွင် အစစ်အမှန် စစ်သည်တော် တစ်ယောက် ဖြစ်လာရန် ဖြစ်နိုင်ချေ အလွန် များပြား၏။
ယခု သူမ အနေဖြင့် စစ်သည်တော် တစ်ယောက် ဆုံးရှုံးသွားပြီ ဖြစ်ရာ သူမ၏ အာရုံစိုက်မှုများက သူ့ထံ ကျရောက်လာပြီး ပိုအလေးအနက် ထားလာပေလိမ့်မည်။
"ငါ့ရဲ့ သက်စောင့်မျိုးစေ့ကို မနှိုးဆွနိုင်သေးတာ နှမြောစရာပဲ... မဟုတ်ရင် ငါ့အစီအစဉ်တွေ ဒီထက်ပိုပြီး ချောမွေ့သွားမှာ..."
မြင်းလှည်းပေါ်တွင် ထိုင်ရင်း ချင်ဟန်မှာ ထိုအချက်အတွက် အနည်းငယ် နှမြောတသ ဖြစ်နေမိသည်။
သက်စောင့်မျိုးစေ့ကို နိုးကြားစေပြီးသော စစ်သည်တော် တစ်ယောက်နှင့် မနိုးကြားသေးသော အလုပ်သင် စစ်သည်တော် တစ်ယောက်ကြားရှိ ကွာဟချက်မှာ ကြီးမား ကျယ်ပြန့်လှသည်။
ချင်ဟန် အနေဖြင့် မယုံကြည်နိုင်လောက်အောင် စွမ်းဆောင်နိုင်ခဲ့သော်ငြား သက်စောင့်မျိုးစေ့ မနိုးကြားသေးသဖြင့် အစစ်အမှန် စစ်သည်တော် တစ်ယောက်နှင့် နှိုင်းယှဉ်လျှင် အားနည်းချက်များ ရှိနေဆဲပင်။
အကယ်၍ သူသာ သက်စောင့်မျိုးစေ့ကို နိုးကြားစေပြီး အစစ်အမှန် စစ်သည်တော် တစ်ယောက် ဖြစ်နေခဲ့လျှင် ရရှိမည့် အခွင့်အရေးများမှာ လုံးဝ ကွဲပြားခြားနားသွားပေလိမ့်မည်။
ဤအချက်အတွက် ချင်ဟန် အတော်လေး စိတ်ပျက် ဒေါသထွက်နေမိ၏။
မေဒါနှင့် တိုက်ခိုက်ပြီးကတည်းက သူက ကျင့်ကြံခြင်းကို အပြင်းအထန် ကြိုးစားခဲ့သည်။ နေ့စဉ်ရက်ဆက် စစ်သည်တော် အသက်ရှူ ကျင့်စဉ်ကို ဖြစ်စေ၊ ကျောက်ဆောင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို ဖြစ်စေ တစ်လှည့်စီ ကျင့်ကြံခဲ့ပြီး တစ်ရက်မျှပင် ပျက်ကွက်ခဲ့ခြင်း မရှိချေ။
သူ့ ခွန်အားများ တကယ်ပင် တိုးတက်လာခဲ့ပြီး သက်စောင့်စွမ်းအင် အကူအညီဖြင့် ကျောက်ဆောင်ခန္ဓာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်၏ တိုးတက်မှုမှာလည်း အလွန် လျင်မြန်လှသည်။ သို့သော် သက်စောင့်မျိုးစေ့ နိုးကြားလာမည့် ခံစားချက်ကိုမူ ဆုပ်ကိုင်နိုင်ခြင်း မရှိသေးပေ။
ကြည့်ရသလောက် သူ တစ်စုံတစ်ခု လိုအပ်နေသေးပုံပင်။
ချင်ဟန်က တိတ်ဆိတ်စွာ တွေးတောနေမိသည်။
"အဲ့ဒီတုန်းက သက်စောင့်မျိုးစေ့ နိုးကြားဖို့ နီးစပ်လာတဲ့ အချိန်က မေဒါနဲ့ တိုက်ခိုက်နေတဲ့ အချိန်ပဲ... ကြည့်ရတာ သက်စောင့်မျိုးစေ့က တိုက်ပွဲဝင်နေတဲ့ အချိန်မှာ လှုံ့ဆော်ခံရဖို့ ပိုလွယ်ကူပုံရတယ်..."
လောလောဆယ်တွင်မူ သူ့ ခန့်မှန်းချက်များကို အတည်ပြုရန် အခွင့်အရေး မရှိသေးသဖြင့် ထိုအတွေးများ ဘေးဖယ်ထားလိုက်ရတော့သည်။
မြင်းလှည်းက ရှေ့သို့ ဆက်လက် ထွက်ခွာလာပြီးနောက် ချင်ဟန်လည်း သူ့ အိမ်တော်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။
မေဒါထံ သွားရောက် လည်ပတ်ပြီးနောက်ပိုင်း အချိန်ကာလများမှာ နေ့ရက် တစ်ရက်သို့ ရောက်လာသည် အထိ အတော်လေး တည်ငြိမ် ငြိမ်းချမ်းနေခဲ့သည်။
ချင်ဟန်က သူ့ရှေ့ရှိ အမျိုးသမီးအား ကြည့်ရင်း အနည်းငယ် အံ့အားသင့်ဟန်ဖြင့်...
"မင်းသမီး အိုလီဗီယာဆီက ဖိတ်စာ ဟုတ်လား"
အမျိုးသမီးက ပြုံး၍...
"မှန်ပါတယ်... နောက်ရက်အနည်းငယ် နေရင် မင်းသမီး အိုလီဗီယာ အားလပ်ချိန် ရမှာမလို့ သခင်လေး ကိုင်လင်းကို ညစာစားဖို့ ဖိတ်ခေါ်ချင်လို့ပါ... အချိန်များ ရနိုင်မလားရှင်"
ချင်ဟန်က ခေါင်းညိတ်လိုက်ပြီး အိုလီဗီယာ၏ ဖိတ်ကြားချက်ကို လက်ခံရန် အနည်းငယ်မျှ တွေဝေမနေဘဲ...
"မင်းသမီးရဲ့ ဖိတ်ကြားချက်အရ သေချာပေါက် လာရောက်ခဲ့ပါ့မယ်"
ထိုအဖြေကို ကြားလျှင် အမျိုးသမီးလည်း နှုတ်ဆက်၍ လှည့်ထွက်သွားတော့သည်။
အမျိုးသမီး ကျောပြင်အား ကြည့်နေသော ချင်ဟန်၏ အကြည့်တို့မှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ အတော်လေး ကျေနပ်နေမိသည်။
သူ မျှော်လင့်ထားသည့် အတိုင်းပင် မင်းသမီး အိုလီဗီယာက စတင် လှုပ်ရှားလာခဲ့လေပြီ။
ဤဖိတ်ကြားချက်မှာ ပထမဆုံး ခြေလှမ်းပင်။
ယခုတော့ သူ့ရည်မှန်းချက်များကို အောင်မြင်နိုင်မလား ဆိုသည်မှာ သူ့ စွမ်းဆောင်ရည် အပေါ်တွင်သာ မူတည်နေတော့သည်။
ထိုအကြောင်း တွေးမိသည်နှင့် သူလည်း လှည့်ထွက်ကာ ကြိုတင် ပြင်ဆင်မှုများ စတင် လုပ်ဆောင်လေပြီ။
ရက်အနည်းငယ် ကြာပြီးနောက် နန်းတော်၏ တံခါးကြီးများ ဖြည်းညှင်းစွာ ပွင့်ဟလာပြီး အတွင်းဘက်ရှိ မြင်ကွင်းများကို ဖော်ပြလာသည်။
အတွင်းသို့ ဝင်ရောက်လာပြီးနောက် ချင်ဟန်က ပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်သည်။
နန်းတော်အတွင်းရှိ အဆောက်အအုံများ အားလုံးမှာ ရှေးဟောင်းဆန်သော သွင်ပြင်ရှိသော်လည်း မယုံကြည်နိုင်လောက်အောင် ခမ်းနား ထည်ဝါ၏။
သူ့ဘေးပတ်လည် တစ်ဖက်တစ်ချက်စီတွင် သံချပ်ကာ ဝတ်ဆင်ထားသော အစောင့်အရှောက်များက မတ်မတ်ရပ်ကာ ဂရုတစိုက် စောင့်ကြပ်နေကြသည်။
ထိုသူများ၏ အကြည့်များ အောက်တွင်ပင် ချင်ဟန်က နန်းတော်၏ အတွင်းပိုင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားသည်။
ထိုနေရာတွင်တော့ အိုလီဗီယာက သူ့အား စောင့်ဆိုင်းနေလေပြီ။
သူမက အနီရောင် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး မယုံကြည်နိုင်လောက်အောင် ကျက်သရေရှိကာ လှပတင့်တယ်နေသည်။
သူမက ပြုံး၍ ညင်သာစွာ နှုတ်ဆက်လာသည်။
"မတွေ့ရတာ ကြာပြီနော်... သခင်လေး ကိုင်လင်း"
ချင်ဟန်က ရိုသေ လေးစားသော အမူအရာဖြင့် လှိုက်လှဲစွာ ဦးညွှတ်လိုက်ရင်း...
"မင်းသမီး အိုလီဗီယာကို ထပ်ပြီး ဆုံတွေ့ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ"
သူက နန်းတွင်း ကျင့်ဝတ်များကို အထူးတလည် ဂရုစိုက် လေ့လာခဲ့ခြင်း မရှိသော်ငြား အနည်းငယ်မျှ ချို့ယွင်းချက် မရှိဘဲ ယဉ်ကျေး သိမ်မွေ့ကာ အမူအကျင့် ကောင်းမွန်ပုံ ပေါ်နေသည်။
သို့သော် အခြားလူများနှင့် မတူညီသည်မှာ သူ့ ခန္ဓာကိုယ်က အချိန်တိုင်း မားမားမတ်မတ် ရှိနေပြီး သူ့ အကြည့်တို့မှာလည်း အလွန် စူးရှနေသဖြင့် တခြားသူများနှင့် မတူကွဲပြားသော ခံစားချက်မျိုးကို ပေးစွမ်းနေခြင်းပင်။
ယနေ့တွင် သူက ကိုယ်ကျပ် ဝတ်ရုံ တစ်ထည်ကို တကူးတက ဝတ်ဆင်လာခဲ့၏။ အလင်းရောင်အောက်တွင် သူ့ ခန္ဓာကိုယ်မှာ အလွန် အရပ်ရှည်ကာ မတ်မတ်ရပ်နေပုံ ပေါ်ပြီး ချောမောသော မျက်နှာထားက ထင်ရှား ပေါ်လွင်နေသည်။
သူ့ အကြည့်များမှာ တည်ငြိမ်သော်လည်း ပြတ်သားနေပြီး တစ်ချက်ကြည့်ရုံနှင့်ပင် ထူးချွန်သော စစ်သည်တော် တစ်ယောက်အလား ထင်မှတ်ရပေမည်။
ချင်ဟန်အား ကြည့်ရင်း အိုလီဗီယာ၏ မျက်လုံးများမှာ တောက်ပလာခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
ဗာနာ တစ်ယောက် သူ့အပေါ် အဘယ်ကြောင့် ဤမျှ စွဲလမ်းနေရသနည်း ဆိုသည်ကို ယခုမှသာ သူမ သဘောပေါက်သွားတော့သည်။
သူက ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် ထူးချွန်သော အရည်အချင်းများ ပိုင်ဆိုင်ထားရုံသာမက သူ့ ချောမောသော ရုပ်ရည်သွင်ပြင် တစ်ခုတည်းကပင် လူများကို ဆွဲဆောင်နိုင်ရန် လုံလောက်နေသည် မဟုတ်ပါလား။
သူက မြင့်မြတ်သော မိသားစုမှ ဆင်းသက်လာကာ စွမ်းအားကြီးမားပြီး ရုပ်ရည် ချောမောသည့်အပြင် အလွန် ကိုယ်ကျင့်တရား ကောင်းမွန်သည်။ ဤကဲ့သို့သော စစ်သည်တော်မျိုးမှာ လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်က အမှန်ပင်။ အထူးသဖြင့် အမျိုးသမီးငယ်လေးများ၏ အာရုံစိုက်မှုကို။
အိုလီဗီယာက ချင်ဟန်အား ခဏတာ စိုက်ကြည့်နေရင်း အတွေးလွန်သွားသကဲ့သို့ ရှိနေလေတော့သည်။
End
***