"မင်းသမီး..."
အိုလီဗီယာ တစ်ယောက် အတွေးလွန်နေသည်အား မြင်လျှင် ချင်ဟန်က ညင်သာစွာ ခေါ်လိုက်၏။
အိုလီဗီယာလည်း ထိုအခါမှ ရုတ်တရက် သတိပြန်ဝင်လာသည်။ ချင်ဟန်အား ကြည့်ရင်း သူမက သက်ပြင်းချကာ အခြေအနေကို ဖုံးကွယ်လိုဟန်ဖြင့်...
"တောင်းပန်ပါတယ်... ရှင့်ကို မြင်တော့ အတိတ်က ကိစ္စတချို့ကို သွားသတိရမိလို့ပါ..."
"နားလည်ပါတယ်" ချင်ဟန်က နားလည် သဘောပေါက်စွာ ခေါင်းညိတ်ပြလိုက်ပြီး ဆက်လက် စူးစမ်းမေးမြန်းခြင်း မပြုတော့ပေ။
"ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း ရှင် ကူတူး နန်းတော်မှာ မရှိဘူးနော်... ဘယ်တွေများ သွားနေခဲ့တာလဲ" အိုလီဗီယာက စကားစလိုက်၏။
ချင်ဟန် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို သူမ ကောင်းကောင်း သိထားသော်ငြား ဤသည်မှာ စကားလမ်းကြောင်း စတင်ရန် သက်သက်သာ မေးမြန်းလိုက်ခြင်းပင်။
"ကျွန်တော့် ဖခင်ရဲ့ နယ်မြေကို ပြန်သွားပြီး အဲ့ဒီမှာ အချိန်တချို့ ဖြတ်သန်းခဲ့ပါတယ်... အဲ့ဒီမှာ ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေလို့ပါ" ချင်ဟန်က ရိုးသားစွာပင် ပြန်ဖြေသည်။
"အို..." အိုလီဗီယာမှာ အတော်လေး စိတ်ဝင်စားသွားဟန်ဖြင့်... "ဘာကိစ္စလဲ ဆိုတာ ကျွန်မကို ပြောပြဖို့ အဆင်ပြေနိုင်မလား"
သူမက အတော်လေး စူးစမ်းချင်နေပုံ ပေါ်ပြီး လှပသော မျက်နှာထက်ရှိ အပြုံးလေးက မည်သူ့ နှလုံးသားကိုမဆို လှုပ်ခတ်သွားစေနိုင်စွမ်း ရှိလှ၏။
ယခုလို အမူအရာမျိုးကို မြင်တွေ့ရသူတိုင်း ခုခံငြင်းဆန်ရန် ခက်ခဲသွားပြီး အရာအားလုံးကို ဖွင့်ဟ ပြောပြမိပေလိမ့်မည်။
သို့သော် ချင်ဟန်မှာမူ တစ်စုံတစ်ရာ လှုပ်ခတ်သွားခြင်း မရှိဘဲ ခပ်ရေးရေး ပြုံး၍ သူ လုပ်ဆောင်ခဲ့သည်များကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။
သူ လုပ်ဆောင်ခဲ့သည့် အရာများမှာ အရေးကြီးသော်ငြား အလွန်တရာ လျှို့ဝှက်ထားရမည့် ကိစ္စမျိုးတော့ မဟုတ်ချေ။
အနည်းဆုံးတော့ မင်းသမီး အိုလီဗီယာ အနေဖြင့် စုံစမ်းချင်စိတ် ရှိပါက အရာအားလုံးကို သိရှိရန် အလွန် လွယ်ကူနေမည် မဟုတ်လော။
မည်သို့ပင်ဖြစ်စေ ဖုံးကွယ်ထား၍ မရနိုင်မှန်း သိသောကြောင့် ချင်ဟန်ကလည်း သူမအား မည်သည့်အရာမှ ဖုံးကွယ်ထားရန် မကြိုးစားတော့ပေ။
"မြောက်ပိုင်းနဲ့ တောင်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်းပေါ့..."
ချင်ဟန်၏ အဖြေကို ကြားလိုက်ရချိန်တွင် မင်းသမီး အိုလီဗီယာ မျက်နှာထက်၌ အံ့အားသင့်သွားသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူမ အမူအရာမှာ လေးစားမှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။
"တကယ်ကို အကြံဉာဏ်ကောင်းပဲ... ဒါကို ရှင် ဘယ်လိုများ စဉ်းစားမိခဲ့တာလဲ" သူမက စူးစမ်းလိုစိတ် အပြည့်ဖြင့် မေးလာ၏။
သူမက ဟန်ဆောင်နေခြင်း ဖြစ်သည့်တိုင် အတိုင်းအတာ တစ်ခုအထိတော့ ထိုခံစားချက်များကို အမှန်တကယ် ခံစားနေရခြင်းပင်။
ချင်ဟန်၏ လုပ်ဆောင်ချက်များ အပေါ် သူမ အမှန်တကယ် လေးစားမိပြီး ဤအကြောင်းနှင့် ပတ်သက်၍ ထပ်မံ ဆွေးနွေးလိုစိတ် ပြင်းပြနေလေပြီ။
ထို့ကြောင့် သူမ အမူအရာများမှာ လုံးဝကြီး ဟန်ဆောင်နေခြင်းတော့ မဟုတ်ချေ။
"ကျွန်တော့် မိတ်ဆွေ ဖရူဒိုက မြောက်ပိုင်း နယ်စား တစ်ယောက်ရဲ့ သားပါ... သူ့ဆီကနေ တစ်ဆင့် မြောက်ပိုင်း နယ်စားတွေရဲ့ အခက်အခဲတွေကို နားလည်ခဲ့ရသလို မြောက်ပိုင်းနဲ့ တောင်ပိုင်း ကြားက ကွာဟချက်ကိုလည်း အရမ်း အံ့ဩမိခဲ့ရတယ်... ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်ဖို့ အကြံဉာဏ်က အဲ့ဒီကနေ ရလာတာပါပဲ" ချင်ဟန်က ညင်သာစွာ ရှင်းပြလိုက်သည်။
"အို..." အိုလီဗီယာ ပို၍ စိတ်ဝင်စားသွားဟန်ဖြင့်... "ပြောပါဦး... ရှင် ဘာတွေ တွေ့ခဲ့လို့လဲ"
"ဒီကိစ္စက အတော်လေး ရှုပ်ထွေးပါတယ်..." ချင်ဟန်က ခပ်ဟဟ ပြုံးရင်း ဆက်ပြောလာ၏။ "ရာသီဥတု အခြေအနေ ပါသလို သီးနှံ ထုတ်လုပ်မှု အပိုင်းလည်း ပါဝင်နေတယ်... မင်းသမီး သိချင်မှ သိပါလိမ့်မယ်... မြောက်ပိုင်းနဲ့ တောင်ပိုင်း ကြားက ရာသီဥတု ကွာဟချက်က တကယ်ကို ကြီးမားလွန်းတယ်... ဒါက သီးနှံ ထုတ်လုပ်မှု အပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိစေသလို နယ်စားတွေရဲ့ ဝင်ငွေကိုပါ ထိခိုက်စေတာလေ"
"မြောက်ပိုင်းရဲ့ ရာသီဥတု ဆိုးရွားမှုကြောင့် သီးနှံ အထွက်နှုန်း မကောင်းတဲ့အပြင် တောင်ပိုင်းမှာ ရှိတဲ့ လယ်ယာမြေ ပမာဏရဲ့ လေးပုံတစ်ပုံလောက်သာ ရှိတယ်... ဒါ့အပြင် သဲကန္တာရ လူရိုင်းတွေနဲ့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေရတာကလည်း သူတို့ကို အများကြီး ထိခိုက် နစ်နာစေတယ်"
အိုလီဗီယာကို ကြည့်ရင်း ချင်ဟန်က ဆက်လက် ရှင်းပြသည်။
"တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေး ကဏ္ဍမှာ အသုံးပြုရမယ့် လုပ်သား အင်အားတွေက စစ်သည်တော်တွေ အဖြစ် ပြောင်းလဲသွားရတယ်... ဒီအချက်က သီးနှံ ထုတ်လုပ်မှုကို ထပ်မံ ကျဆင်းသွားစေတာပဲ... ဒီလို အခြေအနေတွေ အားလုံး ပေါင်းစပ်သွားတဲ့ အခါမှာတော့ မြောက်ပိုင်းက သီးနှံ ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာရတော့တာပေါ့"
"အမှန်ပဲ..." အိုလီဗီယာက ချင်ဟန်အား စိုက်ကြည့်ရင်း သူ့ စကားများကို ထောက်ခံလိုက်၏။
ချင်ဟန်၏ စကားများမှာ ရိုးရှင်းသည် ဆိုသော်ငြား ယခုကဲ့သို့ ခေတ်ကာလမျိုးတွင် ထိုအရာများကို နားလည် သဘောပေါက်ပြီး ထုတ်ဖော် ပြောဆိုနိုင်သူမှာ အလွန် ရှားပါးလှသည်။
ကူတူး မြို့တော်အတွင်း နေထိုင်ကြသော မှူးမတ် သခင်များ အဖို့ မြောက်ပိုင်း၏ အခြေအနေကို သိရှိဖို့ရန်ပင် ခဲယဉ်းလှရာ ယခုကဲ့သို့ ကောက်ချက်ချနိုင်ဖို့ ဆိုသည်မှာ ဝေလာဝေးပင်။
"ဒါဆိုရင် ဒီလို အခြေအနေမျိုးမှာ ဘယ်လိုများ လုပ်ဆောင်သင့်တယ် ထင်လဲ" အိုလီဗီယာက ချင်ဟန်အား စိတ်ဝင်တစား ကြည့်၍ မေးခွန်း ထုတ်လာသည်။
သူမက စကားစပ်မိ၍သာ မေးလိုက်ခြင်း ဖြစ်ပြီး ချင်ဟန်ထံမှ ပြည့်စုံသော အဖြေတစ်ခု ရလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ဤကိစ္စနှင့် ပတ်သက်၍ လူပေါင်းများစွာကို မေးမြန်းခဲ့ဖူးသော်လည်း မည်သူကမျှ တိကျ ရေရာသော အဖြေမျိုး ပေးစွမ်းနိုင်ခြင်း မရှိခဲ့ပေ။
မြောက်ပိုင်း ဒေသနှင့် အလွန် ရင်းနှီး ကျွမ်းဝင်သူများပင် ဖြေရှင်းနည်း မရှာနိုင်ခဲ့သောကြောင့် သူမ အနေဖြင့် ချင်ဟန်ထံမှ တစ်စုံတစ်ရာ မျှော်လင့်မထားသည်မှာ အဆန်းတော့ မဟုတ်။
သို့သော် သူမအား အံ့အားသင့်သွားစေသည်မှာ ချင်ဟန်က ခဏတာမျှသာ စဉ်းစားပြီးနောက် ချက်ချင်းပင် အဖြေပေးလာခြင်း ဖြစ်သည်။
"နည်းလမ်း နှစ်ခု ရှိပါတယ်..." ချင်ဟန်က တည်ငြိမ်စွာပင် စကားဆိုလာ၏။ "မြောက်ပိုင်း နယ်စားတွေရဲ့ အခက်အခဲက တကယ်တော့ သီးနှံ ထုတ်လုပ်မှု စွမ်းရည်ကြောင့် မဟုတ်ဘဲ အဆက်မပြတ် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့်ပါ"
သီးနှံ ထုတ်လုပ်မှု တစ်ခုတည်းက မြောက်ပိုင်း နယ်စားများအား ဤမျှ ကြီးမားသော အကျပ်အတည်းထဲ ဆွဲသွင်းနိုင်မည် မဟုတ်ပေ။ လယ်ယာမြေများမှ သီးနှံ အထွက်နှုန်း နည်းပါးလျှင်ပင် ဝင်ငွေ လျော့နည်းသွားရုံ၊ ယခင်လောက် မကြွယ်ဝတော့ရုံသာ ရှိမည် မဟုတ်လော။
အနည်းဆုံးတော့ ဆင်းရဲမွဲတေပြီး ပြိုလဲလုနီးပါး အခြေအနေမျိုးအထိ ရောက်သွားလိမ့်မည် မဟုတ်ချေ။
သူတို့ အကျပ်အတည်း၏ အဓိက အကြောင်းရင်းမှာ သီးနှံ အထွက်နှုန်း နည်းပါးခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ လူရိုင်း တပ်ဖွဲ့များ ရန်ကိုပါ အဆက်မပြတ် ရင်ဆိုင်နေရခြင်းကြောင့်ပင်။
မြောက်ပိုင်း နယ်စားများမှာ တိုက်ပွဲများနှင့် မပြတ်တမ်း ရင်ဆိုင်နေရပြီး စစ်ပွဲတိုင်းအတွက် ကြီးမားသော ကုန်ကျစရိတ်များ လိုအပ်၏။
ဤသည်ကပင် သူတို့အား ယခုကဲ့သို့ ဆိုးရွားသော အခြေအနေဆီ တွန်းပို့လိုက်ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ မြောက်ပိုင်း နယ်စားများ၏ အကျပ်အတည်းကို ဖြေရှင်းလိုပါက နည်းလမ်းမှာ တကယ်တော့ အလွန် ရိုးရှင်းနေလေပြီ။
"သဲကန္တာရဘက်က ဖိအားတွေ အပြီးတိုင် ပျောက်ကွယ်သွားဖို့ လိုအပ်တယ်... ဒါမှမဟုတ်ရင်လည်း မြောက်ပိုင်း နယ်စားတွေ အနေနဲ့ လူရိုင်းတွေနဲ့ တိုက်ပွဲဖြစ်တိုင်း အကျိုးအမြတ် တစ်ခုခု ရနေဖို့ လိုတယ်... ဒါမှသာ သူတို့ ရေရှည် ရပ်တည်နိုင်မှာပါ" ချင်ဟန်က အိုလီဗီယာအား စိုက်ကြည့်ရင်း ရှင်းပြလိုက်သည်။
"ဒါကို အကောင်အထည် ဖော်နိုင်ဖို့ ဘယ်လိုမျိုး လုပ်ဆောင်သင့်လဲ" အိုလီဗီယာက မသိမသာပင် ထပ်မံ မေးခွန်းထုတ်လာ၏။
သူမ လေသံမှာ ပေါ့ပေါ့ပါးပါး ရှိနေသေးသည့်တိုင် ချင်ဟန်၏ စကားများအောက်တွင် တဖြည်းဖြည်း နစ်မြောလာပြီး သူပြောသမျှကို အပြည့်အဝ အာရုံစိုက်လာတော့သည်။
ကူတူး တိုင်းပြည်၏ မင်းသမီး တစ်ပါး ဖြစ်သည့်အပြင် သူမ နယ်မြေမှာလည်း မြောက်ပိုင်း နယ်စားများ ဒေသနှင့် နီးကပ်နေသဖြင့် ဤပြဿနာများ အပေါ် သူမ အနေဖြင့် အလေးအနက် ထားရပေမည်။
ယခင်က လူပေါင်းများစွာ၏ အကြံပြုချက်များကို နားထောင်ခဲ့ဖူးသော်လည်း မည်သူကမျှ ပြဿနာ၏ အရင်းအမြစ်ကို ချင်ဟန်လောက် တိကျ သေချာစွာ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိခဲ့ပေ။
"အဖြေက တကယ်တော့ တော်တော်လေး ရိုးရှင်းပါတယ်" အိုလီဗီယာ တစ်ယောက် တဖြည်းဖြည်း စိတ်ဝင်စားမှု မြင့်တက်လာသည်ကို ကြည့်ရင်း ချင်ဟန်က ဆက်ပြောလိုက်သည်။
"မြောက်ပိုင်း နယ်စားတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးချင်ရင်တော့ ကုန်သွယ်ရေးကနေ စတင်တာ အကောင်းဆုံးပါပဲ"
"မြောက်ပိုင်းနဲ့ ဆန့်ကျင်ဘက် အနေနဲ့က တောင်ပိုင်းမှာ မျှတတဲ့ ရာသီဥတု ရှိတဲ့အတွက် သီးနှံ အထွက်နှုန်းက တော်တော် ကောင်းမွန်တယ်... တချို့ အချိန်တွေဆို သိုလှောင်ရုံတွေထဲ သီးနှံတွေ ပုပ်သိုး ပျက်စီးသွားတဲ့အထိ ပေါများနေပြီး အကုန် ရောင်းချနိုင်ဖို့တောင် မလွယ်ကူဘူး... ဒီအချက်က မြောက်ပိုင်းရဲ့ အခြေအနေနဲ့ လုံးဝ တခြားစီ ဖြစ်နေတာပါ"
"ကုန်သွယ်ရေး လမ်းကြောင်းကနေ တစ်ဆင့် တောင်ပိုင်းက ပိုလျှံနေတဲ့ သီးနှံတွေကို မြောက်ပိုင်းဆီ တင်ပို့နိုင်ပြီး မြောက်ပိုင်း နယ်စားတွေရဲ့ ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်တယ်..."
"တခြား တစ်ဖက်မှာလည်း မြောက်ပိုင်း နယ်စားတွေ အနေနဲ့ တိုက်ပွဲတွေကနေ ဖမ်းဆီး ရမိတဲ့ ကျေးကျွန်တွေကို ကုန်သွယ်ရေး လမ်းကြောင်းကနေ တစ်ဆင့် ပြန်လည် ရောင်းချနိုင်တယ်... ဒါဆိုရင် သူတို့ အနေနဲ့ စစ်ပွဲတွေကနေ အကျိုးအမြတ် ပြန်ရနိုင်ပြီလေ... ဒီလိုဆိုရင် လူရိုင်းတွေနဲ့ တိုက်ခိုက်ရတာက လုံးဝ အကျိုးအမြတ် မရှိတဲ့ အရာမျိုး ဖြစ်မနေတော့ဘူး... တကယ်လို့ ဒါကိုသာ အကောင်အထည် ဖော်နိုင်ခဲ့ရင် မြောက်ပိုင်း နယ်စားတွေ အပေါ် ကျရောက်နေတဲ့ ဖိအားတွေ အများကြီး လျော့ကျသွားပြီး သူတို့ရဲ့ အခြေအနေလည်း အရင်လောက် ဆိုးရွားနေတော့မှာ မဟုတ်ဘူး"
End
***