"ပြီးတော့ ဘာဆက်ဖြစ်မလဲ" အိုလီဗီယာက ချင်ဟန်အား လေးနက်သော အမူအရာဖြင့် စိုက်ကြည့်ရင်း မေးခွန်းထုတ်လာ၏။
မြောက်ပိုင်းနှင့် တောင်ပိုင်း ကုန်သွယ်ရေး မည်မျှ အရေးပါကြောင်းကို သူမ သဘောပေါက်ထားခဲ့သည်မှာ ကြာလှလေပြီ။
သို့သော် ယခင်ကမူ ထိုအရာနောက်ကွယ်တွင် ဖုံးကွယ်နေသော ကြီးမားသည့် အကျိုးအမြတ်များကိုသာ သူမ ပို၍ အာရုံစိုက်ခဲ့ခြင်းပင်။
ယခု ချင်ဟန်၏ ရှင်းပြချက်ကို ကြားနာပြီးနောက်မှသာ ဤကုန်သွယ်ရေး လမ်းကြောင်းမှာ မြောက်ပိုင်း နယ်စားများအတွက် မည်မျှ အရေးပါလှကြောင်း သူမ အပြည့်အဝ နားလည်သွားတော့သည်။
"နောက်တစ်ချက်က တိုင်းပြည် အနေနဲ့ တိုက်ပွဲတွေမှာ စစ်ရေး အောင်မြင်မှု ရရှိတဲ့ နယ်စားတွေကို ဆုလာဘ်တွေ ပေးသနားပြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးအပ်ဖို့ လိုအပ်ပါတယ်" ချင်ဟန်က ဆက်လက် ရှင်းပြသည်။
"ယခင်ကဆို တခြား နယ်စား အများစုက လူရိုင်းတွေနဲ့ တိုက်ခိုက်နေရတဲ့ မြောက်ပိုင်း နယ်စားတွေကို လျစ်လျူရှုထားခဲ့ကြတယ်လေ… ဒါတွေကို မြောက်ပိုင်း နယ်စားတွေရဲ့ ကိုယ်ပိုင် ပြဿနာလို့သာ သတ်မှတ်ထားခဲ့ကြတာ..."
"ဒါပေမဲ့ သဲကန္တာရဘက်က ကျရောက်လာတဲ့ ဖိအားတွေကို မြောက်ပိုင်းကသာ ဝင်ရောက် မကာကွယ်ပေးထားဘူး ဆိုရင် တိုင်းပြည် တစ်ခုလုံး ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို အဲ့ဒီ မှူးမတ်တွေလည်း အေးအေးချမ်းချမ်း နေနိုင်ကြမှာ မဟုတ်ဘူး"
မင်းသမီး အိုလီဗီယာက တိတ်ဆိတ်စွာပင် ခေါင်းညိတ် ထောက်ခံလိုက်၏။
အမှန်တကယ်လည်း ယခင်က လူနည်းစုမှလွဲ၍ မြောက်ပိုင်း နယ်စားများ၏ အတိဒုက္ခကို မည်သူကမျှ ဂရုမစိုက်ခဲ့ကြချေ။
သဲကန္တာရမှ လူရိုင်းများကို ခုခံကာကွယ်ခြင်းမှာ ထိုသူများ၏ တာဝန်သာ ဖြစ်သည်ဟု လူတိုင်းက သတ်မှတ်ထားခဲ့ကြသည် မဟုတ်လော။
တစ်ဖက်မှကြည့်လျှင် သူတို့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဖြစ်သော်ငြား အခြား တစ်ဖက်တွင်လည်း ဤခေတ်ကာလ၏ ထုံးတမ်းစဉ်လာများအရ နယ်မြေ တစ်ခုရှိ ပြဿနာမှာ သက်ဆိုင်ရာ နယ်စားနှင့်သာ သက်ဆိုင်ခြင်းကြောင့်ပင်။
နယ်စားများ အနေဖြင့် မိမိတို့ ပိုင်ဆိုင်သော နယ်မြေ အတွင်း၌သာ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ ရှိကြသည်။
"သာမန် အခြေအနေမျိုးမှာ ဆိုရင်တော့ ဒီလို သတ်မှတ်တာက သဘာဝ ကျပါတယ်..." ချင်ဟန်က ဆက်ပြောသည်။ "ဒါပေမဲ့ မြောက်ပိုင်းရဲ့ အခြေအနေက သာမန် မဟုတ်ဘူးလေ... သဲကန္တာရဘက်က ဖိအားတွေကို ခုခံ ကာကွယ်ရတာ မြောက်ပိုင်း နယ်စားတွေ အတွက် လုံးဝ မလွယ်ကူဘူး... တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင်တော့ အခြေအနေက အတော်လေး ဆိုးရွားသွားလိမ့်မယ်"
"ဘာတွေများ ဖြစ်လာနိုင်လို့လဲ" အိုလီဗီယာက မသိမသာပင် လှမ်းမေးလိုက်၏။
"စစ်ပွဲ ဆိုတာ ရင်းနှီးမြှုပ်နှံမှု အမြဲ လိုအပ်တဲ့ အရာတစ်ခုပဲ... တကယ်လို့ မြောက်ပိုင်း နယ်စားတွေ အနေနဲ့ ဘာအကျိုးအမြတ်မှ မရရှိတဲ့အပြင် တိုင်းပြည်ဆီကနေလည်း ဘာထောက်ပံ့မှုမှ မရဘူး ဆိုရင်တော့ ဖြစ်လာနိုင်တဲ့ ရလဒ်က နှစ်ခုပဲ ရှိပါတယ်..." ချင်ဟန်က ဆက်လက် ရှင်းပြသည်။
"ပထမ တစ်ချက်က သူတို့တွေ ကြီးမားတဲ့ ဖိအားတွေအောက်မှာ ပြိုလဲသွားပြီး တိုင်းပြည် အနေနဲ့ မြောက်ပိုင်းက အကာအကွယ် ဒိုင်းလွှားကြီး ဆုံးရှုံးသွားတာမျိုး ဖြစ်နိုင်သလို ဒုတိယ တစ်ချက် အနေနဲ့ ဒီမြောက်ပိုင်း နယ်စားတွေ ကိုယ်တိုင် တခြား ထွက်ပေါက် တစ်ခုခုကို ရှာဖွေသွားကြတာမျိုးလည်း ဖြစ်နိုင်တယ်"
စစ်ပွဲတိုင်းမှာ ကြီးမားသော ကုန်ကျစရိတ်များ လိုအပ်သည် မဟုတ်ပါလား။
ရိက္ခာ၊ လက်နက်၊ စစ်လက်နက် ပစ္စည်းများနှင့် လူအင်အား စသည်တို့ အားလုံးမှာ ကြီးမားသော ကုန်ကျစရိတ်များပင်။
စစ်ပွဲမှ ရရှိသော အကျိုးအမြတ်များက ကုန်ကျစရိတ်ကို မကာမိတော့သည့် အချိန်တွင် မြောက်ပိုင်း နယ်စားများ အနေဖြင့် တစ်နေ့တခြား ပိုအားနည်းလာမည်မှာ ရှောင်လွှဲ၍ မရနိုင်သော အမှန်တရား တစ်ခု ဖြစ်လာတော့သည်။
ထိုအချိန်မျိုး ရောက်လာပါက သူတို့တွင် ရွေးချယ်စရာ လမ်းကြောင်း နှစ်ခုသာ ရှိပေလိမ့်မည်။
ဆက်လက်၍ အဆုံးထိ တိုက်ခိုက်ကာ နောက်ဆုံးတွင် ပြိုလဲသွားမည်ကို စောင့်ဆိုင်းနေခြင်း... သို့မဟုတ် အခြားသော ထွက်ပေါက် တစ်ခုကို ရှာဖွေခြင်းပင်။
"အဲ့ဒီလို အချိန်မျိုး ရောက်လာပြီ ဆိုရင်တော့ မြောက်ပိုင်း နယ်စား အများစုက တခြား ထွက်ပေါက်ကိုပဲ ရှာကြပါလိမ့်မယ်..." ချင်ဟန်က ညင်သာစွာ ပြောရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။ "သူတို့ ဘယ်လို လမ်းကြောင်းမျိုးကို ရွေးချယ်မယ်လို့ ထင်လဲ"
"ဘာများ ဖြစ်နိုင်မလဲ" အိုလီဗီယာက ချင်ဟန်၏ အတွေးများနောက် လိုက်ပါ စီးမျောရင်း ပြန်လည် မေးခွန်းထုတ်လာသည်။
အဖြေကား ရှင်းလင်း ထင်ရှားနေလေပြီ။
"သူတို့က ကိုယ်ပိုင် နယ်မြေကို စွန့်လွှတ်ပြီး သူတို့ရဲ့ တပ်ဖွဲ့တွေကို တောင်ဘက်ဆီ ဦးဆောင်လာကြလိမ့်မယ်..." ချင်ဟန်က ဆက်ပြောသည်။ "လူရိုင်းတွေနဲ့ တိုက်ခိုက်လို့ ဆုံးရှုံးသွားတဲ့ အရာတွေကို ပြန်လည် မဖြည့်တင်းနိုင်တော့တဲ့ အဆုံးမှာ တခြား နေရာတွေဆီကနေ ဝင်ရောက် လုယက် ခိုးယူကြတော့မှာပဲ..."
"အဲ့ဒီ အချိန်မျိုး ရောက်လာရင် မြောက်ပိုင်း နယ်စားတွေက တခြား ကူတူး နယ်စားတွေကိုပါ ဝင်ရောက် တိုက်ခိုက်ပြီး ကြီးမားတဲ့ မုန်တိုင်းကြီး တစ်ခုကို ဖန်တီးကြတော့မှာ သေချာတယ်"
ထိုစကား ကြားလျှင် အိုလီဗီယာ တစ်ယောက် မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။
မတရား ဖိနှိပ်ခံရမှုများကို ဆက်လက် သည်းမခံနိုင်တော့ဘဲ တောင်ပိုင်း နယ်စားများအား ပြန်လည် တိုက်ခိုက်လာမည့် မြောက်ပိုင်း နယ်စား တစ်စု... ဤသည်ကား ကူတူး တိုင်းပြည် တစ်ခုလုံးကို ပြိုကွဲသွားစေနိုင်သည့် အရာပင် မဟုတ်ပါလား။
အထူးသဖြင့် တောင်ပိုင်း နယ်စားများ၏ တပ်ဖွဲ့များမှာ သဲကန္တာရထဲရှိ လူရိုင်းများထက် ရင်ဆိုင်ရ ပိုလွယ်ကူနေကြောင်း သူတို့ သိသွားချိန်တွင် အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားပေလိမ့်မည်။
မြောက်ပိုင်း နယ်စားများမှာ ဆင်းရဲမွဲတေနေသည် မှန်သော်ငြား ထိုသည်မှာ အဆက်မပြတ် တိုက်ပွဲဝင်နေရခြင်းကြောင့်သာ ဖြစ်သည်။ သူတို့၏ စစ်ရေး စွမ်းရည်နှင့် တိုက်ခိုက်ရေး စွမ်းအားမှာ ကူတူး တိုင်းပြည် တစ်ခုလုံးတွင် အမြင့်မားဆုံး အဆင့်၌ ရှိနေဆဲပင်။
ထို့အပြင် မျှော်လင့်ချက် ကင်းမဲ့ကာ အခြား ရွေးချယ်စရာ လမ်းကြောင်း မရှိတော့သည့် အချိန်မျိုးတွင် သူတို့ထံမှ ပေါက်ကွဲထွက်လာမည့် စွမ်းအားမှာ သေချာပေါက် အလွန် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
ထိုအချိန်မျိုး ရောက်လာပါက ကူတူး တိုင်းပြည် တစ်ခုလုံးမှာ ကြီးမားသော မုန်တိုင်းကြီး တစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ထို့အပြင် မြောက်ပိုင်း နယ်စားများ၏ ခုခံ ကာကွယ်မှု မရှိတော့ချိန်တွင် သဲကန္တာရမှ လူရိုင်းများကလည်း ဤအခွင့်အရေးကို အသုံးချ၍ ဝင်ရောက် တိုက်ခိုက်လာကြမည် ဖြစ်ရာ ကူတူး တိုင်းပြည် အပေါ် ကျရောက်လာမည့် ဖိအားများမှာ ပိုကြီးမားလာပေမည်။
ဤကဲ့သို့သော ဆိုးရွားလှသည့် ရလဒ်ကို စဉ်းစားမိသည်နှင့် အိုလီဗီယာ တစ်ယောက် ကျောချမ်းသွားရတော့သည်။
"ဒါကြောင့်မလို့ ဒီလို ဆိုးရွားတဲ့ ရလဒ်ကို ရှောင်ရှားနိုင်ဖို့ ဆိုရင် ကူတူး တိုင်းပြည် အနေနဲ့ မြောက်ပိုင်း နယ်စားတွေ ဆက်လက် ရပ်တည်နိုင်အောင် မဖြစ်မနေ ထောက်ပံ့ပေးဖို့ လိုအပ်ပါတယ်" ချင်ဟန်က အိုလီဗီယာကို စိုက်ကြည့်ရင်း အကြံပြုလိုက်၏။
"ဒါပေမဲ့ တော်ဝင် မိသားစု အနေနဲ့ တိုက်ရိုက် ဝင်ရောက် ကူညီ ထောက်ပံ့ပေးဖို့ လိုအပ်လို့လား" အိုလီဗီယာက လေးနက်သော အမူအရာဖြင့် မေးခွန်းထုတ်လာသည်။
"သေချာပေါက် မလိုပါဘူး..." ချင်ဟန်က ခေါင်းခါယမ်း၍ ရှင်းပြသည်။ "အဲ့ဒီလို လုပ်မယ်ဆိုရင် ကုန်ကျစရိတ်က အတိုင်းအဆ မရှိ ကြီးမားသွားလိမ့်မယ်... တကယ်လို့ တော်ဝင် မိသားစုကသာ ကုန်ကျစရိတ် အားလုံးကို တာဝန်ယူလိုက်မယ် ဆိုရင် တော်ဝင် မိသားစု ကိုယ်တိုင် တဖြည်းဖြည်း အားနည်းလာပြီး တခြား နယ်စားတွေကို အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမှာပေါ့... ဒါကြောင့်မလို့ တခြား နယ်စား အသီးသီးကလည်း ဝင်ရောက် ထောက်ပံ့ပေးဖို့ လိုအပ်တာ"
"ဒါကို ဘယ်လိုမျိုး အကောင်အထည် ဖော်နိုင်မလဲ" အိုလီဗီယာ၏ မျက်နှာထက်တွင် မျှော်လင့်တကြီး ရှိနေသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး စိတ်အားထက်သန်စွာ မေးမြန်းလာသည်။
သူမ ကိုယ်တိုင် သတိမထားမိလိုက်ခင်မှာပင် ဤစကားဝိုင်းထဲသို့ အပြည့်အဝ နစ်မြောနေခဲ့လေပြီ။
ချင်ဟန်၏ စကားများက သူမ အမြင်များကို ပိုကျယ်ပြန့်သွားစေပြီး ပြဿနာ တစ်ခုလုံးကို လုံးဝ အသစ်အဆန်း ဖြစ်သော ရှုထောင့် တစ်ခုမှနေ၍ ကြည့်ရှု သုံးသပ်နိုင်စေခဲ့သည်။
ယခင်က ဤကဲ့သို့သော ခံစားချက်မျိုးကို သူမ တစ်ခါမျှ မခံစားခဲ့ဖူးချေ။
မသိမသာပင် သူမ သဘောထားမှာ ပေါ့ပေါ့ပါးပါး အခြေအနေမှနေ၍ လေးနက်တည်ကြည်လာကာ ယခုအခါ မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာခဲ့လေပြီ။
"လက်ရှိ အခြေအနေမျိုးမှာ ဆိုရင်တော့ ဒါက လုံးဝ မဖြစ်နိုင်တဲ့ အရာပါ..." ချင်ဟန်က ဆက်ပြောသည်။ "ဒါပေမဲ့ ချွင်းချက် တစ်ခုတော့ ရှိတယ်... အဲ့ဒါက နယ်မြေသစ် ရနိုင်မယ့် အခွင့်အရေးပဲ"
"သူတို့ရဲ့ တပ်ဖွဲ့တွေကို မြောက်ဘက်ဆီ ဦးဆောင်သွားမယ် ဆိုရင် သဲကန္တာရထဲမှာ အခြေချနိုင်ပြီး အဲ့ဒီဒေသကို အောင်မြင်စွာ ကာကွယ်နိုင်သရွေ့ သူတို့ကို အဲ့ဒီဒေသရဲ့ တရားဝင် နယ်စားတွေ အဖြစ် အသိအမှတ် ပြုပေးမယ်လို့ ကမ်းလှမ်းလို့ ရပါတယ်... ဒီလိုဆိုရင် မှူးမတ် မဟုတ်တဲ့ သာမန် လူတွေ အတွက်လည်း အစစ်အမှန် မှူးမတ် တစ်ယောက် ဖြစ်လာနိုင်မယ့် အခွင့်အရေး တစ်ခု ရသွားတာပေါ့"
"ဒါဆို ငါတို့ အနေနဲ့ ဒီလိုနည်းလမ်းမျိုး သုံးလို့ ရတာပေါ့..." အိုလီဗီယာက ခဏတာ တွေဝေသွားပြီးနောက်မှ အခြေအနေကို သဘောပေါက် နားလည်သွားတော့သည်။
အမှန်ပင် မှူးမတ်များ အနေဖြင့် သူတို့ မိသားစု၏ အင်အားနှင့် တောင့်တင်းမှုကို အလွန် အလေးထားလေ့ ရှိကြသည်။ သာမန် အခြေအနေမျိုးတွင် ဆိုပါက သူတို့ မိသားစု၏ အရင်းအမြစ်များကို အလဟဿ ဖြုန်းတီးပြီး မြောက်ပိုင်း နယ်စားများကို သွားရောက် ကူညီ ထောက်ပံ့ပေးရန် လုံးဝ ဆန္ဒရှိမည် မဟုတ်ချေ။
သို့သော် နယ်မြေ ပိုင်ဆိုင်ခွင့် ဆိုသည်မှာတော့ ချွင်းချက် တစ်ခု ဖြစ်လေသည်။
ဤလောကတွင် မည်သူပင် ဖြစ်စေကာမူ လူတိုင်းက ကိုယ်ပိုင် နယ်မြေ တစ်ခုကို ပိုင်ဆိုင်လိုကြသည်သာ။
အကယ်၍ ကိုယ်ပိုင် နယ်မြေ တစ်ခု ရရှိပြီး အစစ်အမှန် မှူးမတ် တစ်ယောက် ဖြစ်လာနိုင်မည့် အခွင့်အရေးမျိုးသာ ရှိမည် ဆိုပါက ကြီးမားသော တန်ဖိုးတစ်ခု ပေးဆပ်ရမည် ဆိုလျှင်ပင် စိတ်ဝင်စားမည့်သူများ အသေအချာ ရှိနေပေလိမ့်မည်။
အထူးသဖြင့် မိသားစု၏ နယ်မြေကို ဆက်ခံခွင့် မရဘဲ မှူးမတ် ဖြစ်ခွင့် မရှိသော ဒုတိယသားများ၊ သို့မဟုတ် အခြားသော သားသမီးများ အတွက် ပို၍ပင် ဆွဲဆောင်မှု ရှိနေမည် မဟုတ်လော။
နယ်မြေ ရရှိရေး အတွက် ထိုသူများက သူတို့၏ လူများကို ဦးဆောင်ကာ တိုက်ပွဲဝင်ပြီး ကိုယ်ပိုင် နယ်မြေတစ်ခု ရရှိအောင် ကြိုးပမ်းကြပေလိမ့်မည်။
ဤသည်က မြောက်ပိုင်း နယ်စားများ အပေါ် ကျရောက်နေသည့် ဖိအားများကို အများကြီး လျော့ကျသွားစေနိုင်သည်။
ထို့အပြင် တော်ဝင် မိသားစု အနေဖြင့်လည်း အရင်းအမြစ်များစွာ ထောက်ပံ့ပေးရန် မလိုအပ်တော့သလို အခြား ထွေထွေထူးထူး လုပ်ဆောင်ပေးစရာလည်း မလိုတော့ချေ။
သူတို့ လုပ်ဆောင်ရမည့် တစ်ခုတည်းသော အရာမှာ ဤနယ်စား အသစ်များနှင့် သူတို့၏ နယ်မြေများကို တရားဝင် အသိအမှတ် ပြုပေးရန်သာ။
ထိုအချက်ကို တွေးမိသည်နှင့် အိုလီဗီယာ၏ မျက်လုံးများမှာ အရောင်တလက်လက် တောက်ပလာတော့သည်။
End
***