"ဒါ့အပြင် တော်ဝင် မိသားစု အနေနဲ့ အမိန့်တစ်ရပ် ထုတ်ပြန်နိုင်သေးတယ်..." အိုလီဗီယာကို ကြည့်ရင်း ချင်ဟန်က ဖြည်းညှင်းစွာ စကားဆိုလာ၏။
"ကူတူး တိုင်းပြည်ရဲ့ နိုင်ငံသား ဘယ်သူမဆို သဲကန္တာရထဲမှာ ကိုယ်ပိုင် နယ်မြေတစ်ခု ထူထောင်နိုင်မယ် ဆိုရင် သူတို့ကို အဲ့ဒီနယ်မြေရဲ့ တရားဝင် နယ်စားအဖြစ် အသိအမှတ် ပြုပေးမယ်... ပြီးတော့ သူတို့က ကျေးကျွန်ပဲ ဖြစ်ဖြစ်၊ ကုန်သည်ပဲ ဖြစ်ဖြစ်၊ မှူးမတ်ပဲ ဖြစ်ဖြစ် သင့်လျော်တဲ့ ဘွဲ့ထူးခံ မှူးမတ် တစ်ယောက် ဖြစ်လာစေရမယ် ဆိုပြီးတော့ပေါ့"
"ဘယ်လို မျိုးရိုးကပဲ လာလာ ဘယ်သူမဆို မှူးမတ် တစ်ယောက် ဖြစ်လာနိုင်တယ်ပေါ့..."
ချင်ဟန်၏ စကားများကို ကြားပြီးနောက် အိုလီဗီယာ မျက်လုံးများမှာ တစ်စထက်တစ်စ ပိုတောက်ပလာတော့သည်။
ချင်ဟန် ပြောဆိုနေသည့် အဓိက အချက်ကို သူမ ချက်ချင်းပင် သဘောပေါက် နားလည်သွားလေပြီ။
ဤမူဝါဒကို ကြေညာလိုက်သည်နှင့် နယ်မြေနှင့် ဘွဲ့ထူးဂုဏ်ပုဒ်များကို ဆာလောင် မွတ်သိပ်နေသူ အားလုံးက မြောက်ပိုင်းဆီသို့ သေချာပေါက် အလုအယက် သွားရောက်ကြမည် ဖြစ်ရာ မြောက်ပိုင်း နယ်စားများ အပေါ် ကျရောက်နေသော ဖိအားများ လျော့ကျသွားစေရန် ကူညီပေးနိုင်ပေလိမ့်မည်။
ကိုယ်ပိုင် နယ်မြေတစ်ခု ရရှိရန်နှင့် ကာကွယ်နိုင်ရန် အတွက် ထိုသူများ အနေဖြင့် အစွမ်းကုန် ကြိုးပမ်းကြရမည် ဖြစ်ပြီး ဤသည်က သူတို့ ကိုယ်ပိုင် အင်အားကိုလည်း လျော့ကျသွားစေမည် မဟုတ်လော။
ဤအချက်မှာ အခြေခံအားဖြင့် ကူတူး တိုင်းပြည်ရှိ နယ်စပ် ဒေသများ ပိုတောင့်တင်း ခိုင်မာလာစေရန် အလို့ငှာ မှူးမတ် မိသားစုများ၏ အင်အားကို လျှော့ချလိုက်ခြင်းနှင့် အတူတူပင် ဖြစ်နေချေသည်။
အရေးအကြီးဆုံး အချက်မှာ ထိုသူများက သူတို့၏ ကိုယ်ပိုင် ဆန္ဒအလျောက် ဤအရာများကို လုပ်ဆောင်ကြမည် ဖြစ်ခြင်းပင်။
တော်ဝင် မိသားစု အနေဖြင့်လည်း မည်သည့် နာမည်ပျက်မှ ရရှိမည် မဟုတ်ဘဲ သူတို့ ရည်မှန်းချက် ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မည် ဖြစ်၏။
ချင်ဟန်အား ကြည့်နေသော အိုလီဗီယာ၏ အကြည့်တို့မှာ တောက်ပနေပြီး သူ့ အပေါ် ထားရှိသည့် သူမ သတ်မှတ်ချက်များမှာ လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။
ယခင်ကမူ သူမက ချင်ဟန်အား ကိုယ်ကျင့်တရား ကောင်းမွန်ပြီး စွမ်းအား ကြီးမားသော စစ်သည်တော် တစ်ယောက် အဖြစ်သာ မြင်တွေ့ခဲ့ခြင်း ဖြစ်သည်။
ယခုတော့ အရာအားလုံးက လုံးဝ ပြောင်းလဲသွားခဲ့ချေပြီ။
ဤလူငယ်မှာ အလွန်တရာ ကြီးမားသော ခွန်အားများ ပိုင်ဆိုင်ထားရုံသာမက မယုံကြည်နိုင်လောက်အောင်လည်း ထက်မြက်၏။ သာမန် လူများ ဘယ်သောအခါမှ သတိမထားမိနိုင်သော အရာများကို သူက ချက်ချင်းပင် ထိုးထွင်း သိမြင်နိုင်စွမ်း ရှိနေသည်။
မသိလျှင် သူက ပြဿနာတိုင်း အတွက် အဖြေရှာပေးနိုင်မည့်သူ တစ်ယောက် အလားပင်။
တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေသည့် ချင်ဟန်အား ကြည့်ရင်း အိုလီဗီယာ တစ်ယောက် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
သူ့ ကြီးမားသော ခွန်အားများကို ဘေးဖယ်ထားလျှင်ပင် ချင်ဟန်မှာ အလွန် ရှားပါးသည့် ပါရမီရှင် တစ်ယောက် ဖြစ်နေခဲ့သည် မဟုတ်ပါလား။
သူသာ ဤမျှ ထက်မြက်သော ဦးနှောက်မျိုး ပိုင်ဆိုင်ထားပါက စစ်သည်တော် တစ်ယောက် မဟုတ်ခဲ့လျှင်ပင် အိုလီဗီယာ အနေဖြင့် သူ့အား မိမိဘက် ပါလာစေရန် ကြိုးပမ်းဖို့ လုံလောက်နေလေပြီ။
ဤဆုံးဖြတ်ချက်ကို ချမှတ်ပြီးနောက် သူမက စကားဆက်ပြောလာ၏။
ထို့နောက်တွင်တော့ သူ့အား မေးခွန်း မျိုးစုံ စတင် မေးမြန်းတော့သည်။
သူမအား အံ့အားသင့်သွားစေသည်မှာ မည်သို့သော မေးခွန်းမျိုးကို မေးမြန်းသည်ဖြစ်စေ ချင်ဟန်က သူမ တွေးတောနေသည်များကို နားလည် သဘောပေါက်နိုင်စွမ်း ရှိပြီး သူမ ကျေနပ်စေမည့် အဖြေမျိုး ပေးစွမ်းနိုင်ခြင်းပင်။
တဖြည်းဖြည်းနှင့် အိုလီဗီယာ တစ်ယောက် အံ့အားသင့်လွန်းသဖြင့် သက်ပြင်း မချဘဲ မနေနိုင်တော့ချေ။
"တကယ်ကို နှမြောစရာပဲ..." ချင်ဟန်အား ကြည့်ရင်း သူမက လေးနက်သော လေသံဖြင့် ဆက်ပြောလာသည်။ "ရှင့်ကို ဒီထက်စောပြီး တွေ့ခဲ့ရရင် ကောင်းမှာ..."
"ဒါပေမဲ့ အခုလည်း အရမ်း နောက်ကျနေတာမျိုးတော့ မဟုတ်သေးပါဘူး..." သူမက ချင်ဟန်ကို ကြည့်၍ ပြုံးလိုက်ရင်း… "ရှင့်ကို ဒီကို ဖိတ်ခေါ်ပြီး ဒီကိစ္စတွေနဲ့ ပတ်သက်တဲ့ ရှင့်ရဲ့ အတွေးအခေါ်တွေကို နားထောင်ခွင့် ရလိုက်လို့ ကျွန်မ တကယ်ကို ဝမ်းသာမိပါတယ်"
"မင်းသမီးက ကျွန်တော့်ကို မြှောက်ပင့်လွန်းနေပါပြီ" ချင်ဟန်က ခေါင်းငုံ့လိုက်ပြီး အနည်းငယ်မျှ ကျေနပ်သွားဟန် မပြဘဲ ပြန်လည် တုံ့ပြန်လိုက်၏။
"ဒါတွေက ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမြင်တွေ သက်သက်ပါ... မင်းသမီးရဲ့ ဘေးနားမှာ ကူတူး တိုင်းပြည်ရဲ့ အထက်မြက်ဆုံး လူတွေ ရှိနေတာပဲ... ကျွန်တော့်ရဲ့ ဒီအကြံဉာဏ်တွေက မင်းသမီး အတွက်တော့ ထူးထူးခြားခြား ဖြစ်နေမှာ မဟုတ်ပါဘူး"
"သူတို့က ရှင့်လောက် မယှဉ်နိုင်ပါဘူး..." အိုလီဗီယာက သူမ၏ မေးခွန်းများကို ပြန်လည် စဉ်းစားမိရင်း ခေါင်းခါယမ်းလိုက်သည်။ "သူတို့က လူတချို့ကို ကျွန်မဘက် ပါလာအောင် အမြန်လုပ်ဖို့ပဲ ပြောတတ်ကြတာလေ..."
"တကယ် အသုံးဝင်မယ့် အကြံဉာဏ်မျိုး ပေးနိုင်တဲ့သူ သိပ်မရှိလှဘူး"
သူမက အထင်သေးသော အကြည့်တစ်ချက် မပြဘဲ လေးနက်စွာဖြင့် မေးခွန်းထုတ်လာတော့သည်။
"ကိုင်လင်း... ရှင် ကျွန်မရဲ့ လက်အောက်ခံ တစ်ယောက် ဖြစ်လာဖို့ စိတ်ဝင်စားလား"
ချင်ဟန် တစ်ယောက် လန့်ဖြန့်သွားပြီး စိုက်ကြည့်နေမိ၏။
ဒီလောက် တိုက်ရိုက်ကြီးလား။
သို့သော် သေချာ ပြန်စဉ်းစားကြည့်လျှင် ထင်ရှား ကျော်ကြားသော မင်းသမီး အိုလီဗီယာ အနေဖြင့် လူတစ်ယောက်ကို စည်းရုံးရာတွင် လှည့်ပတ် ပြောဆိုနေစရာ မလိုသည်က အမှန်ပင်။
"မင်းသမီးရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော် မငြင်းဆန်သင့်ပေမဲ့ ဒီကိစ္စကို ကျွန်တော့် ဖခင်နဲ့ အရင် တိုင်ပင်ခွင့် ရဖို့ မျှော်လင့်မိပါတယ်..." ချင်ဟန်က ဦးညွှတ်ကာ ခေါင်းငုံ့လိုက်ရင်း… "ဒါကြောင့် ကျွန်တော့်ကို အချိန်နည်းနည်းလောက် ပေးပါ"
သူ ဆုံးဖြတ်ချက် ချပြီးသား ဖြစ်နေလျှင်ပင် ယခုချက်ချင်း အဖြေပေးလိုက်ခြင်းက အလွန် တိုက်ရိုက်ကျလွန်းနေပြီး ချင်ဟန်၏ မြင့်မားသော ဂုဏ်သတင်း အတွက်ရော ဗာနာနှင့် သူ့ ဆက်ဆံရေး တိုးတက်မှု အတွက်ပါ ကောင်းမွန်မည် မဟုတ်ချေ။
ထို့ကြောင့် သင့်လျော်သော အချိန်များတွင် ဆွဲငင်လိုက်၊ တွန်းထုတ်လိုက် လုပ်ခြင်းက အလွန် အရေးကြီး၏။
"ဖခင်နဲ့ တိုင်ပင်ချင်တာ ပြဿနာ မရှိပါဘူး"
ချင်ဟန်၏ စကားများအပေါ် အိုလီဗီယာက အလွန် နားလည်ပေးနိုင်စွမ်း ရှိလေသည်။
ချင်ဟန်၏ လက်ရှိ အဆင့်အတန်းအရ သူက သူ့ မိသားစု တစ်ခုလုံးကို ကိုယ်စားပြုနေလေပြီ။
ဤခေတ်ကာလ ယဉ်ကျေးမှုအရ ချင်ဟန်သာ အိုလီဗီယာ၏ လက်အောက်ခံ တစ်ယောက် ဖြစ်လာခဲ့ပါက သူ့ မိသားစု တစ်ခုလုံးကလည်း သူမအား ထောက်ပံ့ပေးလာမည်ဟု ယူဆရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အော်မန်ဒို သေဆုံးသွားပြီးနောက် ချင်ဟန်မှာ အုပ်ချုပ်သူ ကိုင်ဆန်၏ တစ်ဦးတည်းသော သား ဖြစ်လာခဲ့သလို အနာဂတ် ဆက်ခံသူလည်း ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။
သူ အိုလီဗီယာအား ထောက်ခံလိုက်သည်နှင့် သူ့ မိသားစု တစ်ခုလုံးကပါ သူမအား ထောက်ခံလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သွားပေလိမ့်မည်။
သူ့ မိသားစု တစ်ခုလုံး အပေါ် သက်ရောက်မှု ရှိစေမည့် ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ချမှတ်ရာတွင် အချိန်ယူ စဉ်းစားရန် လိုအပ်သည်မှာ အလွန် ပုံမှန်ဆန်၏။
"ရှင့်ရဲ့ စဉ်းစားမှုတွေကို ကျွန်မ နားလည်ပါတယ်..." ချင်ဟန်အား ကြည့်ရင်း အိုလီဗီယာက ပြုံးလိုက်သည်။ "ဒါပေမဲ့ ဗာနာရဲ့ အစ်မ တစ်ယောက် အနေနဲ့ ရှင့်ကို သတိပေးချင်တာက ဗာနာက ရှင့်ကို စောင့်နေတာမလို့ သူမကို အရမ်း အကြာကြီး စောင့်ရအောင် မလုပ်ပါနဲ့"
"ဗာနာ..." ထိုစကား ကြားလျှင် ချင်ဟန်က အံ့အားသင့်သွားသော မျက်နှာထားဖြင့် ရုတ်တရက် မော့ကြည့်လာသည်။
"မင်းသမီးက... ဗာနာရဲ့ အစ်မ ဟုတ်လား"
"မှန်ပါတယ်"
ချင်ဟန် မျက်နှာပေါ်ရှိ တုန်လှုပ်နေသော အမူအရာကို ကြည့်ရင်း အိုလီဗီယာ တစ်ယောက် အတော်လေး ကျေနပ်သွားကာ ခေါင်းညိတ်ပြလိုက်၏။
"ဗာနာက ကျွန်မရဲ့ ညီမလေးပါ... ပြီးတော့ ကူတူး တိုင်းပြည်ရဲ့ တတိယ မင်းသမီးပေါ့... ဘာလဲ... ရှင် သူ့ကို သိခဲ့တာ ဒီလောက်ကြာနေပြီတောင် သူ ဘယ်သူလဲ ဆိုတာ မရိပ်မိဘူးလား"
အိုလီဗီယာ၏ မျက်နှာထက်တွင် စနောက်လိုသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"သူမ ဘယ်သူလဲ ဆိုတာ ခန့်မှန်းခဲ့မိပေမဲ့ ကယ်လီ မိသားစုထဲက လူတစ်ယောက်လို့ပဲ ထင်ခဲ့တာပါ..." ချင်ဟန်က ခါးသီးစွာ ပြုံးလိုက်ရင်း… "ကျွန်တော် တစ်ခါမှ မတွေးမိခဲ့တာက..."
"ဗာနာက အမြဲတမ်း သူစိမ်းတွေကို ကြောက်တတ်ပြီး အပြင်ထွက်လေ့ သိပ်မရှိဘူး... ရှင် မရိပ်မိတာလည်း သဘာဝ ကျပါတယ်လေ..." အိုလီဗီယာက ခေါင်းခါယမ်း၍ ဆက်ပြောသည်။ "ဒါပေမဲ့ သူမက ရှင့်ကို သိကျွမ်းလာပြီး ရှင်တို့ရဲ့ ခင်မင်မှုက ဒီလောက်ထိ တိုးတက်လာလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"
အိုလီဗီယာ၏ စကားများကို ကြားပြီးနောက် အိုလီဗီယာ ချပြလိုက်သည့် သတင်းအချက်အလက်များကို ခေါင်းထဲ၌ ချေဖျက်နေရသည့်အလား ချင်ဟန် တစ်ယောက် တိတ်ဆိတ်သွားတော့သည်။
ခဏအကြာမှသာ သူက သက်ပြင်းချပြီးနောက် မေးခွန်းထုတ်လာ၏။
"မင်းသမီး ဘာကို လိုချင်တာလဲ"
"ဒါက ကျွန်မ ဘာလိုချင်တာလဲ ဆိုတာထက် ရှင် ဘာလိုချင်တာလဲ ဆိုတာပါပဲ..." ချင်ဟန်အား လေးနက်စွာ စိုက်ကြည့်ရင်း အိုလီဗီယာက စကားဆိုလာသည်။ "ပြီးခဲ့တဲ့ တစ်ခေါက်က ရှင်တို့ နှစ်ယောက်ကြားက ဆက်ဆံရေးကို ကျွန်မ စောင့်ကြည့်ခဲ့တယ်... ဗာနာက ရှင့်ကို အရမ်း သဘောကျနေတယ် ဆိုတာ သံသယ ဝင်စရာ မလိုဘူး... ဒါဆို ရှင်ကကော"
ချင်ဟန်မှာ တိတ်ဆိတ်မှုထဲသို့ နစ်မြုပ်သွားတော့၏။
အခန်း အပြင်ဘက် သူ မသိနိုင်သော နေရာ တစ်ခုတွင်တော့ အက်ကွဲကြောင်း တစ်ခုမှနေ၍ သူတို့အား စူးစိုက် ကြည့်ရှုနေသော မျက်လုံးတစ်စုံ ရှိနေလေသည်။
ထိုနေရာတွင်တော့ ဗာနာ တစ်ယောက် အနက်ရောင် ဂါဝန်လေး ဝတ်ဆင်ထားပြီး သူမ၏ ဘေးတွင် အစေခံ မိန်းကလေးက မတ်တတ်ရပ်လို့။
ကြည့်ရသလောက် သူမ ထိုနေရာတွင် ရပ်နေခဲ့သည်မှာ အတော်လေး ကြာမြင့်နေပြီ ဖြစ်ကာ အိုလီဗီယာနှင့် ချင်ဟန်တို့၏ စကားဝိုင်းကို နားထောင်နေခဲ့ပုံပင်။
အိုလီဗီယာ မေးခွန်းကို ကြားလိုက်ရချိန်တွင် ဗာနာ၏ ရင်ခုန်သံများ မြန်ဆန်လာပြီး ချင်ဟန်၏ အဖြေကို စောင့်ဆိုင်းရင်း သူ့အား စူးစိုက် ကြည့်နေမိသည်။
သူကကော ငါ့ကို သဘောကျရဲ့လား။
သူ ငါနဲ့ အတူရှိချင်ပါ့မလား။
သူ ဘာတွေများ တွေးနေမလဲ။
သူမ၏ စိတ်ထဲတွင် အတွေးများက အဆက်မပြတ် ထွက်ပေါ်လာနေ၏။ အသက်ရှူသံများ မမှန်တော့ဘဲ သူမ၏ နှလုံးသားလေးမှာ ပေါက်ကွဲထွက်တော့မလိုပင် ခံစားနေရတော့သည်။
End
***