တိတ်ဆိတ်နေသော အခန်းအတွင်းရှိ လူတိုင်း၏ အကြည့်များက ချင်ဟန်အပေါ် ကျရောက်နေသည်။
မင်းသမီး အိုလီဗီယာ၏ အကြည့်များကို ခံစားမိသော်လည်း ချင်ဟန်က အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှသာ စကားစလာတော့သည်။
"ကျွန်တော့်အတွက်တော့ တစ်ယောက်ယောက်ကို သဘောကျတယ်၊ ဒါမှမဟုတ် သဘောမကျဘူး ဆိုတာက အတော်လေး ဝေဝါးတဲ့ အရာတစ်ခုပါ..." သူက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ရင်း ညင်သာစွာ ဆက်ပြောသည်။ "ဒါပေမဲ့ မိန်းကလေး ဗာနာနဲ့ အတူရှိနေရတဲ့ ခံစားချက်ကိုတော့ ကျွန်တော် သဘောကျတယ်..."
"အရင်တုန်းက တစ်စုံတစ်ယောက်ရဲ့ အသွင်အပြင် ဒါမှမဟုတ် တည်ရှိနေမှု အပေါ် ကျွန်တော် ဂရုစိုက်မိလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး... အရင်က လက်ထပ်ဖို့ ဆိုတာကိုလည်း မတွေးခဲ့ဖူးဘူး... ဒါပေမဲ့ အခုတော့..."
ချင်ဟန်က မော့ကြည့်လာပြီး လေးနက်သော အမူအရာဖြင့်...
"တကယ်လို့ အဲ့ဒီလူက သူမသာ ဆိုရင်တော့ ကျွန်တော် လိုလားပါတယ်... ဒီဘဝမှာ သူမနဲ့ လက်တွဲပြီး ဂရုတစိုက် စောင့်ရှောက်သွားဖို့ ဆန္ဒရှိပါတယ်... ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ နာမကျန်း ဖြစ်ချိန်မှာပဲ ဖြစ်ဖြစ်၊ ကျန်းမာနေချိန်မှာပဲ ဖြစ်ဖြစ်... ဘာတွေပဲ ဖြစ်လာပါစေ... သေချာပေါက် သေဆုံးတဲ့အထိ ကျွန်တော်တို့ ခွဲခွာသွားမှာ မဟုတ်ပါဘူး..."
ချင်ဟန်၏ တည်ငြိမ်သော စကားသံများက လွင့်ပျံလာ၏။ သူ့ လေသံမှာ အလွန် တည်ငြိမ်နေသော်ငြား မည်သူမဆို ခံစားသိရှိနိုင်လောက်အောင် ပြတ်သားမှုတို့ ပြည့်နှက်နေသည်။
ထိုစကားများကို ကြားနာပြီးနောက် အိုလီဗီယာ တစ်ယောက် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ချေ။
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ နာမကျန်း ဖြစ်ချိန်မှာပဲ ဖြစ်ဖြစ်၊ ကျန်းမာနေချိန်မှာပဲ ဖြစ်ဖြစ်... ဘာတွေပဲ ဖြစ်လာပါစေ... သေချာပေါက် သေဆုံးတဲ့အထိ ကျွန်တော်တို့ ခွဲခွာသွားမှာ မဟုတ်ပါဘူး...
သူမက ချင်ဟန်၏ တည်ငြိမ်သော်လည်း ပြတ်သားနေသော အကြည့်များကို စူးစိုက်ကြည့်ရင်း ရင်တွင်း၌ လှုပ်ခတ်သွားရတော့သည်။
အကယ်၍ တခြားသူ တစ်ယောက်ယောက်ကသာ ဤစကားများကို ပြောဆိုလာမည် ဆိုပါက သူတို့၏ ရိုးသားမှုကို သူမ အလိုအလျောက် သံသယ ဝင်မိမည်မှာ အသေအချာပင်။
ဤကဲ့သို့သော ကတိစကားမျိုး ပေးရန်မှာ လွယ်ကူသည် ဆိုသော်ငြား တစ်သက်တာလုံး တည်မြဲအောင် ထိန်းသိမ်းထားဖို့ ဆိုသည်မှာတော့ မယုံကြည်နိုင်လောက်အောင် ခက်ခဲသည် မဟုတ်လော။
တခြားသူ တစ်ယောက်ကသာ ဤစကားများ ပြောလာခဲ့မည် ဆိုလျှင် ထိုစကားများ နောက်ကွယ်ရှိ ခံစားချက်များကို သူမ ခံစားမိသည့်တိုင် အချိန်မည်မျှ ကြာကြာ တည်တံ့နိုင်မည်ကို သံသယ ဝင်မိပေလိမ့်မည်။
သို့သော် ယခုမူ သူမရှေ့ရှိ ဤစစ်သည်တော်က ပြောဆိုလာခြင်း ဖြစ်နေချေပြီ။
ချင်ဟန်အား ကြည့်ရင်း သူမက သူ မည်သူမည်ဝါ ဖြစ်ပြီး မည်သည့် အရာများ လုပ်ဆောင်ခဲ့သနည်း ဆိုသည်ကို ပြန်လည် တွေးတောနေမိ၏။
မှိန်ဖျော့ဖျော့ အလင်းရောင်အောက်တွင် ချင်ဟန်က မယုံကြည်နိုင်လောက်အောင် မားမားမတ်မတ် ထိုင်နေပြီး သူ့ ချောမောသော မျက်နှာထားမှာ အလွန် ဆွဲဆောင်မှု ရှိနေသည်။ သူ့ အကြည့်များထဲတွင် ဖော်ပြ၍မရနိုင်သော ပြတ်သားမှုတို့ ရှိနေသဖြင့် သူမ အနေဖြင့် သူ့အား ယုံကြည်ချင်စိတ်များ ဖြစ်ပေါ်လာတော့၏။
သူက ပြီးပြည့်စုံသော အပြင်ပန်း သွင်ပြင်ကို ပိုင်ဆိုင်ထားသလို အတိတ်က လုပ်ဆောင်ချက်များကလည်း သူ့အား ပြီးပြည့်စုံသူ တစ်ယောက် အဖြစ် ထင်မှတ်ရစေသည်။
သူက ကြင်နာတတ်သည်၊ ယုံကြည် စိတ်ချရသည်၊ သဘောထား ကြီးမြတ်သည်၊ ခွန်အား ကြီးမားသည်၊ လုံ့လဝီရိယ ရှိသည်၊ ဉာဏ်ပညာ ထက်မြက်ပြီး ပြတ်သား၏။
ဤမျှ ကောင်းမွန်လှသော ဂုဏ်ပုဒ်များ အားလုံးကို ဤစစ်သည်တော် အပေါ် အသုံးပြုမည် ဆိုလျှင်ပင် ချဲ့ကား ပြောဆိုရာ ကျမည် မဟုတ်ပေ။
အကယ်၍ ဒီလူသာ ဆိုရင်... ဒီစစ်သည်တော်သာ ဆိုရင်...
"ဖြစ်နိုင်တာက သူပြောတဲ့အတိုင်း တကယ် လက်တွေ့ လုပ်ပြနိုင်လောက်တယ်..."
အိုလီဗီယာ တစ်ယောက် ပြုံးလိုက်မိပြီး ဗာနာ အတွက်ပါ ရွှင်လန်း ဝမ်းမြောက်မိသွားတော့၏။
အကြောင်းရင်း တစ်ခုခုကြောင့် သူမ အနေဖြင့် အလွန် ပျော်ရွှင်နေသင့်သော်ငြား စိတ်ထဲတွင် မနာလို ဝန်တိုမှု အနည်းငယ်ကိုလည်း ခံစားနေရသေးသည်။
တကယ်လို့ ဒီလောက် ထူးချွန်တဲ့ အမျိုးသားကသာ တခြား တစ်ယောက်ယောက်ကို သဘောကျသွားခဲ့မယ် ဆိုရင်ကော။
သို့သော် ဗာနာ၏ ခံစားချက်များမှာမူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေပြီ။
ချင်ဟန်အား ကြည့်ရင်း သူ့ စကားများကို ကြားလိုက်ရချိန်တွင် ဗာနာ တစ်ယောက် ဝမ်းသာလွန်း၍ ခုန်ပေါက်လုနီးပါး ဖြစ်သွားပြီး သူမ၏ မျက်နှာထက်တွင် ပျော်ရွှင် စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်လာသည်။
"သူလည်း ငါ့ကို တကယ် သဘောကျတာပဲ..." အခန်းထဲတွင် ထိုင်နေသော ချင်ဟန်အား ကြည့်ရင်း သူမ၏ ပျော်ရွှင်မှုများကို မထိန်းချုပ်နိုင်သလောက်ပင် ဖြစ်နေရတော့သည်။
တကယ်တမ်း ဘေးရှိ အစေခံ မိန်းကလေးသာ သူမအား အသေအလဲ ဆွဲထားခြင်း မရှိပါက သူမကိုယ် သူမ ထိန်းချုပ်နိုင်တော့မည် မဟုတ်ဘဲ ချင်ဟန်၏ ရင်ခွင်ထဲ ပြေးဝင်သွားမိမည်မှာ အသေအချာပင်။
"အရမ်း ကောင်းတယ်" ချင်ဟန်၏ အဖြေကို ကြားပြီးနောက် အိုလီဗီယာက ခဏတာ တိတ်ဆိတ်သွားပြီး ပြုံး၍ စကားဆိုလာသည်။
"ဒီလိုဆိုမှတော့ ဘာပြဿနာမှ မရှိတော့ဘူးလေ... ပြန်ပြီးတော့ လိုအပ်တာတွေသာ ပြင်ဆင်ထားလိုက်တော့… နောက်ရက် အနည်းငယ် နေရင် ရှင်က ကျွန်မရဲ့ လက်အောက်ခံ တစ်ယောက် အဖြစ် တရားဝင် စာရင်းသွင်းခံရလိမ့်မယ်... ပြီးရင်တော့ ရှင်နဲ့ ဗာနာရဲ့ မင်္ဂလာပွဲ အတွက် ကျွန်မတို့ စတင် စီစဉ်ကြတာပေါ့"
အိုလီဗီယာအား ကြည့်ရင်း ချင်ဟန်က ခေါင်းမော့လာပြီး တစ်စုံတစ်ရာ ပြောချင်ဟန် ရှိသော်ငြား ရုတ်တရက် ရပ်တန့်သွားကာ ခေါင်းညိတ်ရုံသာ ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ"
ထိုသို့ ပြောပြီးနောက် အိုလီဗီယာက ချင်ဟန် အနေဖြင့် ထွက်ခွာသွားနိုင်ပြီ ဖြစ်ကြောင်း လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။
ချင်ဟန်လည်း သူ လာခဲ့သော လမ်းကြောင်းအတိုင်း ဖြည်းညှင်းစွာ ပြန်လည် ထွက်ခွာလာခဲ့တော့၏။
များမကြာမီ သူ လာခဲ့သည့် နေရာသို့ ပြန်ရောက်လာပြီး မြင်းလှည်းပေါ် တက်ရန် ပြင်ဆင်လိုက်သည်။
"သခင်လေး... ကျွန်တော်တို့ ထွက်ကြတော့မလား" ရထားထိန်းက ညင်သာစွာ မေးမြန်းလာသည်။
ချင်ဟန်က ခေါင်းညိတ်လိုက်သော်လည်း တစ်စုံတစ်ရာကို ခံစားမိသွားသကဲ့သို့ ထောင့်တစ်နေရာဆီ ဖြည်းညှင်းစွာ လှည့်ကြည့်မိတော့သည်။
ထိုထောင့်တွင်တော့ ဂါဝန်ရှည် ဝတ်ဆင်ထားသော မိန်းကလေး တစ်ယောက် ရှိနေပြီး အတော်လေး လှပ ချစ်စရာ ကောင်းနေ၏။ သူမက မျက်နှာထက်တွင် အပြုံးကြီး တစ်ခု ချိတ်ဆွဲထားလျက် သူ့အား လှမ်းကြည့်နေခြင်းပင်။
ချင်ဟန် လှည့်ကြည့်လာသည်ကို မြင်လျှင် သူမက စိတ်လှုပ်ရှားစွာဖြင့် လက်ဝှေ့ယမ်းပြပြီး ပြုံးရွှင်စွာ နှုတ်ဆက်လာတော့၏။
ချင်ဟန်ကလည်း ပြုံးပြကာ လက်ပြန်လွှဲ၍ နှုတ်ဆက်လိုက်သည်။
ထို့နောက်… သူတို့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အချိန်အတော်ကြာ ငေးကြည့်နေမိကြသည်။
...
အပြင်ဘက်မှ အသံအချို့ ထွက်ပေါ်လာပြီးနောက်မှသာ ချင်ဟန် တစ်ယောက် သတိပြန်ဝင်လာခဲ့လေပြီ။
ဗာနာအား ကြည့်ရင်း သူက တောင်းပန်လိုသော အပြုံးတစ်ချက် ပြုံးပြပြီးနောက် မြင်းလှည်းပေါ်သို့ တက်ကာ ထွက်ခွာလာခဲ့တော့သည်။
"မင်းသမီး... ကျွန်မတို့ ပြန်သင့်ပြီ ထင်တယ်" တဖြည်းဖြည်း ပျောက်ကွယ်သွားသော မြင်းလှည်းအား ကြည့်နေသည့် ဗာနာကို အစေခံ မိန်းကလေးက သတိပေးလာ၏။
"ကောင်းပြီလေ" ဗာနာမှာ ချင်ဟန်နှင့် ခွဲခွာရမည်ကို တွန့်ဆုတ်နေဆဲ ဖြစ်သော်ငြား ထွက်ခွာသွားသော မြင်းလှည်းကို ငေးကြည့်ရင်း ခေါင်းညိတ်ပြလိုက်သည်။
"သွားကြစို့"
အပြန်လမ်း မြင်းလှည်းပေါ်တွင် ထိုင်လိုက်ပါလာရင်း ချင်ဟန် တစ်ယောက် တိတ်ဆိတ်စွာ တွေးတောနေမိ၏။
ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာများ အပြီးတွင်တော့ ဗာနာနှင့် ပတ်သက်သော ကိစ္စရပ်များ အားလုံး ပြေလည်သွားခဲ့လေပြီ။
မင်းသမီး အိုလီဗီယာ၏ အဆင့်အတန်းအရ သူမ သဘောတူ လက်ခံပြီးသည် ဖြစ်ရာ ဤကိစ္စနှင့် ပတ်သက်၍ ဘာပြဿနာမှ ရှိလာတော့မည် မဟုတ်ချေ။ မင်းသမီး ဗာနာအား လက်ထပ်ခြင်းမှာ ချင်ဟန် အတွက်တော့ ပထမဆုံး ခြေလှမ်း တစ်ရပ် သက်သက်သာ။
သူ့အတွက် အရေးအကြီးဆုံး အရာမှာ ဗာနာ၏ အဆင့်အတန်းကို အသုံးချ၍ အကျိုးအမြတ်များ ရယူရန်ပင် ဖြစ်သည်။
"ဗာနာကို လက်ထပ်ပြီးသွားရင် ငါက ကူတူး တော်ဝင် မိသားစုရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာမယ့်အပြင် မင်းသမီး အိုလီဗီယာရဲ့ အရင်းနှီးဆုံး လက်အောက်ခံတွေထဲက တစ်ယောက် ဖြစ်လာမှာပဲ..."
မြင်းလှည်းပေါ်တွင် ထိုင်ရင်း ချင်ဟန်က ဆက်လက် တွေးတောနေမိ၏။
"ဒီအဆင့်အတန်းကို အသုံးချပြီး ငါ့အတွက် ကိုယ်ပိုင် နယ်မြေတစ်ခု ရယူလို့ ရပြီ... မယုံကြည်နိုင်လောက်အောင် ကြွယ်ဝ ချမ်းသာပြီး မြေဆီဩဇာ ထက်သန်တဲ့ နေရာမျိုး ရဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ သဲကန္တာရနဲ့ နီးစပ်တဲ့ မြောက်ပိုင်းက နယ်မြေ တစ်ခုခု ရဖို့ဆိုတာကတော့ ပြဿနာ မရှိနိုင်လောက်ဘူး..."
ဗာနာမှာ ကူတူး တိုင်းပြည်၏ တတိယ မင်းသမီး ဖြစ်ပြီး အိုလီဗီယာ၏ ညီမအရင်း ဖြစ်သောကြောင့် သူမတို့ နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ အလွန် ရင်းနှီး ကျွမ်းဝင်လှသည်။
ချင်ဟန်က ဗာနာအား လက်ထပ်ပြီးချိန်တွင် သူ ဆန္ဒမရှိလျှင်ပင် မင်းသမီး အိုလီဗီယာ၏ အင်အားစုထဲသို့ အလိုအလျောက် ပါဝင်သွားမည် မဟုတ်ပါလား။
အိုလီဗီယာ အနေဖြင့်လည်း သူမခဲအို ဖြစ်သူအား များစွာ တန်ဖိုးထားပေလိမ့်မည်။ သူမ၏ အာဏာနှင့် အဆက်အသွယ်များ အသုံးပြုကာ သူ့အတွက် သင့်လျော် ကောင်းမွန်သော နယ်မြေတစ်ခု ရရှိစေရန် ဖန်တီးပေးမည်မှာ အသေအချာပင်။
ဤသည်မှာ ချင်ဟန်အား ကူညီပေးခြင်း သက်သက် မဟုတ်ဘဲ သူမ ကိုယ်သူမ ပြန်လည် ကူညီပေးခြင်းလည်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤလောက၏ ယဉ်ကျေးမှုအရ ချင်ဟန်က ဗာနာအား လက်ထပ်ပြီးသည်နှင့် သူက သူမ လက်အောက်ခံ တစ်ယောက် ဖြစ်လာမည် ဖြစ်သည်။
ချင်ဟန် ပိုအင်အား ကြီးမားလာလေလေ သူမအား ပိုကူညီပေးနိုင်လေလေ ဖြစ်မည်သာ။
ဤအချက် တစ်ခုတည်းကြောင့် ဆိုလျှင်ပင် အိုလီဗီယာက ချင်ဟန်အား အရေးပါသော နေရာ တစ်ခုသို့ ရောက်ရှိသွားစေရန် စီစဉ်ပေးပေလိမ့်မည်။
အထူးသဖြင့် သူ့ စွမ်းအားများကို ထုတ်ဖော် ပြသခဲ့ပြီးနောက်တွင် ပို၍ပင် သေချာနေချေပြီ။
End
***