အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားပြီး သတိမထားမိလိုက်ခင်မှာပင် ချင်ဟန် ကူတူး တော်ဝင်မြို့တော်သို့ ပြန်ရောက်လာခဲ့သည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။
လွန်ခဲ့သော လအနည်းငယ်အတွင်း မင်းသမီး အိုလီဗီယာနှင့် မင်းသား ဂရစ်တို့ ထိပ်တိုက် တွေ့ဆုံပြီးနောက် များစွာသော ကိစ္စရပ်များ ဖြစ်ပျက်ခဲ့၏။
လူအများစု အာရုံစိုက်နေကြသည့် ကိစ္စမှာ မင်းသမီး ဗာနာနှင့် နာဒိုမိသားစုမှ သူရဲကောင်း ကိုင်လင်းတို့၏ လက်ထပ်ပွဲပင်။
ထိုကိစ္စက လူအများအပြားကို စိတ်လှုပ်ရှားစေခဲ့သည်မှာ ယုံမှား သံသယ ဝင်စရာ မလိုပေ။
တော်ဝင် မိသားစုဝင် တစ်ဦး အနေဖြင့် မင်းသမီး ဗာနာမှာ လူလုံးထွက်ပြသမှု သိပ်မရှိသလို သူမ၏ အစ်ကို၊ အစ်မများနှင့် မယှဉ်နိုင်သော်ငြား မင်းသမီး တစ်ပါး ဖြစ်နေဆဲပင်။ ပြောရလျှင် မြင့်မြတ်သော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသူ မဟုတ်ပါလား။
အတိတ်က ဤမင်းသမီးနှင့် လက်ထပ်ချင်သူ အများအပြား ရှိခဲ့သော်လည်း အိုလီဗီယာက ထိုသူများ အားလုံးကို တားဆီး ပိတ်ပင်ခဲ့သည်။
သို့သော် ယခုအခါ မင်းသမီး၏ လက်ထပ်ပွဲ သတင်းက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ခင်ပွန်းလောင်းမှာ အဆင့်နိမ့် မှူးမတ် မိသားစုငယ် တစ်ခုမှ ဖြစ်နေချေသည်။
ချက်ချင်းဆိုသလိုပင် နာဒို မိသားစုမှာ ကူတူး တော်ဝင်မြို့တော် အတွင်း နာမည်ကျော်ကြား လာတော့၏။
ထိုသတင်း ပျံ့နှံ့သွားသည်နှင့်အမျှ ချင်ဟန်၏ နောက်ခံ အချက်အလက်များကိုလည်း လူအများအပြား သိသွားကြလေပြီ။
သူက မှူးမတ် မိသားစုငယ် တစ်ခုမှ ဆင်းသက်လာပြီး လက်ရှိတွင် တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်သည်။ သူ့ ဆရာမှာ ကော်ရီပို ဖြစ်ပြီး သူကိုယ်တိုင်ကလည်း သက်စောင့်မျိုးစေ့ကို မကြာမီ နှိုးဆွနိုင်တော့မည့် အစွမ်းထက် သူရဲကောင်း တစ်ဦးပင်။
သူ့ အချက်အလက်များ ပျံ့နှံ့သွားသည်နှင့်အမျှ ဤလက်ထပ်ပွဲ အပေါ် မကျေနပ်မှုများလည်း တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။
ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ချင်ဟန်၏ အဆင့်အတန်းမှာ သိပ်မမြင့်မားပေ။ ကူတူး တော်ဝင်မြို့တော်ရှိ မှူးမတ် အများစု အတွက် မြို့စား တစ်ဦး၏ အဆင့်အတန်းမှာ အတော်လေး နိမ့်ကျသည်။
သို့တိုင် ချင်ဟန်၏ မိသားစုတွင် ကိုယ်ပိုင် နယ်မြေ ရှိပြီး ထိုနယ်မြေမှာလည်း အတော်လေး စည်ပင် ဝပြောသည်။
ဤသို့သော အခြေအနေများအောက်တွင် မိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူ ဖြစ်နေခြင်းက ချင်ဟန်အား ကောင်းမွန်သော အနေအထား တစ်ခုသို့ ရောက်ရှိသွားစေသည်။
ထို့အပြင် ပညာသင် သူရဲကောင်း တစ်ဦး အနေဖြင့် သူက တချို့လူများထက် ပိုသာလွန်နေဆဲပင်။
သက်စောင့်မျိုးစေ့ကို နှိုးဆွလုနီးပါး ဖြစ်နေသည့် ပါရမီရှင် သူရဲကောင်း တစ်ဦး... ဤဂုဏ်ပုဒ်မှာ ကြီးမားသော မှူးမတ် မိသားစုများမှ ဆင်းသက်လာသူများနှင့် ယှဉ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျမနေပေ။
ထိုမျှမက ကော်ရီပို၏ တပည့် ဖြစ်နေခြင်းက ကျန်ရှိနေသော လိုအပ်ချက်များ အားလုံးကို အပြည့်အဝ ဖြည့်ဆည်းပေးလိုက်လေပြီ။
ကူတူးတိုင်းပြည် အစောင့်အရှောက် သူရဲကောင်း တစ်ဦး အနေဖြင့် ကော်ရီပို၏ နေရာမှာ ဘုရင်အောက် တစ်ဆင့်သာ နိမ့်ကျသည်။ သူ့ ရှေ့မှောက်တွင် မည်သည့် ဂုဏ်ပုဒ်များကမှ အဓိပ္ပာယ် သိပ်မရှိချေ။
ကော်ရီပို၏ တပည့် ဖြစ်နေသောကြောင့် ချင်ဟန်၏ နောက်ခံမှာလည်း ရိုးရှင်းမနေတော့ပေ။
ချင်ဟန်နှင့် ဗာနာတို့ လက်ထပ်ပွဲမှာ တော်ဝင် မိသားစုများ၏ လက်ထပ်ပွဲ အများစုလောက် ခမ်းနား ကြီးကျယ်မှု မရှိသော်လည်း ထင်ထားသလောက်လည်း တိတ်တဆိတ် ပြီးဆုံးမသွားခဲ့ချေ။
အနည်းဆုံးတော့ သိသင့် သိထိုက်သူ အားလုံး သိသွားခဲ့ကြသည်။
လက်ထပ်ပွဲ ကျင်းပသည့်နေ့တွင် မြို့စား ကိုင်ဆန်က သူ့ လူများကို ခေါ်ဆောင်လာခဲ့ပြီး သက်သေ အဖြစ် ပါဝင်ပေးခဲ့၏။
ချင်ဟန်က ဤလက်ထပ်ပွဲ အကြောင်း ပြောပြချိန်တွင် သူ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ပြီး အိပ်မက် မက်နေခြင်းလောဟု တွေးကာ အိပ်ပင် မအိပ်နိုင်ခဲ့ပေ။
လက်ထပ်ပွဲနေ့တွင် မင်းသမီး အိုလီဗီယာ ကိုယ်တိုင် တက်ရောက်ခဲ့ပြီး သူတို့ နှစ်ဦးအား ဂုဏ်ပြု စကားများ ဆိုခဲ့သည်။
ဤလက်ထပ်ပွဲက ဂယက် အကြီးအကျယ် ထစေခဲ့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ လက်ထပ်ပွဲ၏ သက်ရောက်မှုများလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့တော့သည်။
ယခုအခါ ချင်ဟန်တွင် တော်ဝင် သူရဲကောင်းဟူသော ဂုဏ်ပုဒ် တစ်ခု တိုးလာခြင်းသာ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွား၏။
နံနက်ခင်း စောစော တိတ်ဆိတ်သော ခြံဝင်း တစ်ခုထဲတွင် ချင်ဟန် တစ်ယောက် ဓားသိုင်း လေ့ကျင့်နေသည်။
အချိန် အလွန် စောနေသေးပြီး အခြားလူ အများစုမှာ အိပ်ရာမှ မနိုးကြသေးပေ။ သူတစ်ယောက်တည်းသာ ဤနေရာ၌ တစ်ကိုယ်တော် လေ့ကျင့်နေခြင်း ဖြစ်သည်။
အချိန်အနည်းငယ် အကြာတွင် အစေခံမလေး တစ်ဦး လျှောက်လှမ်းလာ၏။
"သခင်လေး... သခင်လေး ဖရူဒို ရောက်နေပါတယ်" အစေခံမလေးက ချင်ဟန်အား ကြည့်၍ ညင်သာစွာ သတင်းပို့သည်။
"ကောင်းပြီလေ"
ထိုစကား ကြားလျှင် ချင်ဟန် အနည်းငယ် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူက အပြင်ဘက် ခြံဝင်းဆီ လျှောက်ထွက်လာခဲ့၏။
ဗာနာနှင့် လက်ထပ်ပြီးနောက် သူ့ နေထိုင်ရာ အိမ်တော်မှာလည်း ပြောင်းလဲသွားခဲ့လေပြီ။ မူလက ခပ်လှမ်းလှမ်း နေရာတစ်ခုတွင် နေထိုင်ခဲ့သော်လည်း ယခုအခါ ဇိမ်ခံ ရပ်ကွက်ကြီးထဲ၌ နေထိုင်ရပြီ ဖြစ်သည်။
သို့သော် မင်းသမီး ဗာနာနှင့် လက်ထပ်ခဲ့ခြင်းကြောင့် အချို့သော စည်းမျဉ်း စည်းကမ်းများမှာလည်း ပြောင်းလဲသွားခဲ့၏။
ယခင်က ဖရူဒို အလည်လာလျှင် တိုက်ရိုက် ဝင်လာ၍ ရသော်လည်း ယခုတွင်မူ ကြိုတင် သတင်းပို့ရတော့သည်။ ချင်ဟန် ဧည့်ခန်းမဆောင်ထဲ ဝင်လာသည်နှင့် ကြွက်သားအမြွှာမြွှာနှင့် လူကြီးက သူ့အားမြင်ပြီး အနည်းငယ် ပြုံးပြလာသည်။
"ကိုင်လင်း... ငါ့မိတ်ဆွေ" သူက လျင်မြန်စွာ လျှောက်လာပြီး ချင်ဟန်အား ပွေ့ဖက် နှုတ်ဆက်တော့သည်။
"ငါ မကြာသေးခင်ကမှ မြောက်ပိုင်းကို ပြန်သွားခဲ့တာ... မင်းရဲ့ လက်ထပ်ပွဲ သတင်းကိုလည်း အခုလေးတင် ကြားရတာပဲ" ချင်ဟန်အား လွှတ်ပေးပြီးနောက် သူက သွားဖြီး၍ မေးလိုက်သည်။ "ငါ မင်းကို အနှောင့်အယှက် ပေးသလို များဖြစ်သွားလား"
"အနှောင့်အယှက် ဖြစ်စရာ ဘာမှမရှိပါဘူး" ချင်ဟန်က ပြုံး၍ ပြန်ဖြေသည်။ "စောလည်း စောသေးသလို ဗာနာလည်း အိပ်နေတုန်းပဲ... ငါက ကိုယ်ခံပညာ လေ့ကျင့်နေရုံပါ... မင်းကို ပြန်တွေ့ရတာ ဝမ်းသာပါတယ်"
"ဟုတ်လား" ဖရူဒိုက ရယ်မောရင်း ဆက်မေးလာ၏။ "ဒါနဲ့ ဆရာ့ဆီက သတင်းတစ်ခုခုများ ရသေးလား"
"ရတယ်" ချင်ဟန်က ခေါင်းညိတ်ပြလိုက်သည်။ "ဆရာက ရက်အနည်းငယ် အတွင်း ပြန်လာမယ်လို့ လူကြုံ ပါးလိုက်တယ်... အချိန်တန်ရင် သူကိုယ်တိုင် ငါတို့ကို လာရှာလိမ့်မယ်"
"ဒါဆိုလည်း ကောင်းတာပေါ့… ဆရာ့ကို မတွေ့ရတာတောင် အတော်လေး ကြာနေပြီပဲ"
"အမှန်ပဲ"
ကော်ရီပို၏ မူလ အစီအစဉ် အရဆိုလျှင် လွန်ခဲ့သော နှစ်ဝက်ခန့် ကတည်းက သူ ပြန်ရောက်နေသင့်သည်။
သို့သော် အစီအစဉ် အချို့ အပြောင်းအလဲ ဖြစ်သွားသောကြောင့် ကော်ရီပိုမှာ အကြိမ်ကြိမ် ကြန့်ကြာနေခဲ့ပြီး ယခုမှသာ ပြန်လာနိုင်တော့မည်ဟု သေချာသွားခြင်း ဖြစ်သည်။
"ဆရာ ပြန်လာပြီး ငါတို့ကို မြင်ရင် အံ့သြသွားမလား မသိဘူး" ချင်ဟန်က ဖရူဒိုအား ကြည့်၍ သွားဖြီးပြလိုက်သည်။
"သေချာပေါက် အံ့သြသွားမှာပေါ့" ဖရူဒိုမှာလည်း မျှော်လင့်တကြီး ရှိနေသည့်ဟန်ဖြင့် ပြုံး၍ ပြန်ဖြေသည်။ သူတို့ နှစ်ယောက် ယခင်ကကဲ့သို့ပင် အချိန်အတော်ကြာ စကားစမြည် ပြောဆိုပြီး အတူတကွ လေ့ကျင့်ကြ၏။
ထို့နောက်တွင်တော့ ဖရူဒိုက သူ ယူဆောင်လာခဲ့သော လက်ဆောင်များကို ထားရစ်ခဲ့ပြီး ပြန်လည် ထွက်ခွာသွားတော့သည်။
နောက်ထပ် ရက်အနည်းငယ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားလေပြီ။
သုံးရက် အကြာတွင် ချင်ဟန် တစ်ယောက် ကော်ရီပို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်းရရှိခဲ့ပြီး ဖရူဒိုနှင့်အတူ သွားရောက် တွေ့ဆုံသည်။
"နှစ်ဝက်လေး အတွင်းမှာ ဒီလောက်ကြီးတဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ" ကော်ရီပိုက ရင်းနှီးကျွမ်းဝင်နေသော လေ့ကျင့်ရေး ကွင်းပြင်၌ ရပ်၍ ချင်ဟန်နှင့် ဖရူဒိုအား ကြည့်ကာ အပြုံးဖြင့် မှတ်ချက်ချလိုက်သည်။
နှစ်ဝက်ခန့် ကြာပြီးနောက် ကော်ရီပို၏ ရုပ်သွင်မှာ သိပ်မပြောင်းလဲသွားသော်ငြား အနည်းငယ် ပို၍ ခက်ထန်နေပြီး ပင်ပန်းနွမ်းနယ်နေပုံ ပေါ်သည်။
"မင်းအတွက်ဆို ပိုတောင် ဆိုးသေးတယ် ကိုင်လင်းရ" သူက ချင်ဟန်အား ကြည့်၍ ခပ်ရေးရေး ပြုံးကာ ဆက်ပြောသည်။
"နှစ်ဝက်လေး အတွင်းမှာ မင်း လက်ထပ်သွားလိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး... ပြီးတော့ ငါက မင်းရဲ့ လက်ထပ်ပွဲကိုတောင် လွတ်သွားသေးတယ်"
"အခုမှ မင်္ဂလာ လက်ဆောင် ပေးလည်း နောက်မကျသေးပါဘူး" ချင်ဟန်က နောက်ပြောင်ဟန်ဖြင့် လက်ဖြန့်တောင်းရင်း ပြုံး၍ ပြန်ပြောလိုက်၏။
"မင်းက တော်တော် ပွင့်လင်းတာပဲ… စိတ်မပူပါနဲ့... လက်ဆောင်က ရမှာပါ... တကယ်တော့ ငါ ဒီတစ်ခေါက် ထွက်သွားတာ မင်းတို့ နှစ်ယောက်အတွက်ပဲ"
"ကျွန်တော်တို့ နှစ်ယောက်အတွက် ဟုတ်လား" ချင်ဟန်နှင့် ဖရူဒို နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။
"မင်းတို့ရဲ့ သက်စောင့်မျိုးစေ့တွေ နှိုးဆွဖို့ အချိန်ကျလောက်ပြီ" ကော်ရီပိုက သူတို့ နှစ်ယောက်အား ကြည့်၍ ရှင်းပြလာ၏။ "အဲ့ဒါကြောင့် ငါ ထွက်သွားခဲ့တာပဲ"
"သက်စောင့်မျိုးစေ့ နှိုးဆွတာလား" ထိုစကား ကြားလျှင် ချင်ဟန် အတော်လေး အံ့အားသင့်သွားသည်။ "ဒါက ကျွန်တော်တို့ရဲ့ သက်စောင့်မျိုးစေ့တွေနဲ့ ပတ်သက်နေတာလား"
ကော်ရီပိုက ခေါင်းညိတ်လိုက်ပြီးနောက် တစ်စုံတစ်ရာကို ထုတ်ယူ၍ လက်ကမ်းပေးလာတော့သည်။
End
***