"ဒါက..." ကော်ရီပို၏ လက်ထဲရှိ အရာအား ကြည့်ရင်း ချင်ဟန်နှင့် ဖရူဒိုတို့ နှစ်ယောက်လုံး အတော်လေး အံ့အားသင့်သွားကြသည်။
ယင်းမှာ ဖန်ပုလင်းငယ် တစ်လုံးပင်။
ဖန်ပုလင်းမှာ သာမန် လူတစ်ယောက်၏ လက်ဝါးခန့် အရွယ်အစား ရှိပြီး အတွင်း၌ အနက်ရောင် အရည်အချို့ ပါဝင်သည်။ ကြည့်ရသည်မှာ အနက်ရောင် သွေးများနှင့် တူပြီး အတော်လေး ထူးခြားနေပုံရ၏။
ဤအနက်ရောင် အရည်ပုလင်းကို မြင်ယုံမျှဖြင့်ပင် အတွင်း၌ ကိန်းအောင်းနေသော ထူးခြားသည့် စွမ်းအင်များအား ခံစားသိရှိနိုင်သည်။ မသိလျှင် ထိုအရည်များမှာ အသက်ဝင်နေပြီး တစ်စုံတစ်ရာသော သက်စောင့်စွမ်းအင်များ ပါဝင်နေသကဲ့သို့ပင်။
"ဝံပုလွေနက် သွေး... ဒါက ဒီတိုက်ကြီးမှာ အခုဆို မြင်တွေ့ရဖို့ အလွန် ရှားပါးသွားပြီ ဖြစ်တဲ့ ဆေးတစ်မျိုးပဲ... အရမ်းလည်း တန်ဖိုးကြီးတယ်" ကော်ရီပိုက ထိုပုလင်းအား ကြည့်၍ သက်ပြင်းချကာ ရှင်းပြလာ၏။
"တကယ်လို့ မင်းတို့သာ ဒီဝံပုလွေနက် သွေးကို အသုံးပြုလိုက်မယ် ဆိုရင် ကိုယ့်ရဲ့ သက်စောင့်စွမ်းအင်တွေ ပိုပြီး လောင်ကျွမ်းစေနိုင်သလို သက်စောင့်မျိုးစေ့ကိုလည်း နှိုးဆွပေးနိုင်လိမ့်မယ်"
"ဒါပေမဲ့ သူ့ရဲ့ ဘေးထွက် ဆိုးကျိုးတွေကလည်း အတော်လေး ထင်ရှားတယ်" ကော်ရီပိုက ခေါင်းမော့၍ ချင်ဟန်နှင့် ဖရူဒိုတို့အား ကြည့်ကာ ဆက်ပြောသည်။ "ဝံပုလွေနက် သွေးကို သောက်သုံးပြီးသွားရင် မင်းတို့ရဲ့ သက်စောင့်စွမ်းအင်တွေ အကုန်လုံး အပြည့်အဝ လောင်ကျွမ်းသွားလိမ့်မယ်... ဒီလောင်ကျွမ်းမှုက သက်စောင့်မျိုးစေ့ကို နှိုးဆွနိုင်မှသာ ရပ်တန့်သွားမှာ... တကယ်လို့ သက်စောင့်မျိုးစေ့ကို မနှိုးဆွနိုင်ခဲ့ရင်တော့..."
"ဘာဖြစ်သွားမှာလဲ" ချင်ဟန် မျက်မှောင်ကြုတ်သွားပြီး အလိုအလျောက်ပင် မေးလိုက်မိ၏။
"ကိုယ့်ရဲ့ သက်စောင့်စွမ်းအင်တွေ အကုန်လုံး ကုန်ခန်းသွားပြီးရင် ဘာဆက်ဖြစ်မယ်လို့ မင်းထင်လဲ" ကော်ရီပိုက တည်ငြိမ်စွာပင် ပြန်မေးလာသည်။
"သာမန် အခြေအနေမျိုးမှာဆိုရင် သူရဲကောင်း တစ်ယောက်က သက်စောင့်မျိုးစေ့ နှိုးဆွဖို့ ကျရှုံးခဲ့ရင်တောင် အများအားဖြင့် အသက်ရှင် ကျန်ရစ်နိုင်တယ်... ဒါပေမဲ့ ဒီဝံပုလွေနက် သွေးကို သောက်သုံးပြီးမှ သက်စောင့်မျိုးစေ့ နှိုးဆွဖို့ ကျရှုံးခဲ့မယ် ဆိုရင်တော့ မင်းတို့ကို စောင့်ကြိုနေမယ့် တစ်ခုတည်းသော အရာက သေခြင်းတရားပဲ"
"ဘယ်လိုလဲ... မင်းတို့ ကြောက်သွားပြီလား" ကော်ရီပိုက ချင်ဟန်နှင့် ဖရူဒိုတို့အား ကြည့်ရင်း အေးစက်စက် မေးလိုက်တော့သည်။
သူတို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြ၏။
သေခြင်းတရား...
သူတို့၏ လက်ရှိ အသက်အရွယ်နှင့် ဤကဲ့သို့ အသက် သေဆုံးနိုင်သည့် ဆုံးဖြတ်ချက်မျိုးကို ရင်ဆိုင်ရခြင်းမှာ အနည်းငယ် စောလွန်းနေသေးသည် မဟုတ်ပါလား။
သို့သော် အချိန် သိပ်မကြာလိုက်။ ချင်ဟန်က ပြုံး၍ ပြောလာသည်။
"ဒီလောက် အန္တရာယ် ကြီးမားနေမှတော့ သေချာပေါက် ကောင်းကျိုးတွေလည်း ရှိနေမှာပဲ မဟုတ်လား... ဆရာက ကျွန်တော်တို့အတွက် ဒါကို ရဖို့ အချိန်အကြာကြီး အပြင်ထွက်ခဲ့တာပဲ... သေချာတာ ကျွန်တော်တို့ကို သတ်ဖို့ သက်သက်တော့ မဖြစ်နိုင်ဘူးလေ"
"ဒါပေါ့ကွ" ကော်ရီပိုက လိုက်လံ ရယ်မောလိုက်သဖြင့် လေးနက် တင်းမာနေသော လေထုမှာလည်း ချက်ချင်း လွင့်စင်သွားတော့သည်။
"အန္တရာယ် ကြီးမားပေမဲ့ သက်စောင့်မျိုးစေ့ နှိုးဆွနိုင်ခြေကိုတော့ အများကြီး မြင့်တက်သွားစေတယ်"
"ဝံပုလွေနက် သွေးကို အသုံးပြုပြီး သေဆုံးသွားတဲ့ သူတစ်ယောက် ဆိုရင် ပုံမှန် အခြေအနေမျိုးမှာ သက်စောင့်မျိုးစေ့ကို နှိုးဆွဖို့ ကြိုးစားရင်တောင် အောင်မြင်နိုင်မှာ မဟုတ်ဘူး" ကော်ရီပိုက တည်ငြိမ်စွာပင် မှတ်ချက်ချ၏။
"ဒီလိုကိုး" ချင်ဟန် တစ်ယောက် အလင်းဝင်သွားသလို ခံစားလိုက်ရပြီး ကော်ရီပို၏ ရည်ရွယ်ချက်အား သဘောပေါက်သွားလေပြီ။
ကြည့်ရသလောက် ဝံပုလွေနက် သွေးမှာ သက်စောင့်မျိုးစေ့ နှိုးဆွရန် မျှော်လင့်ချက် ရှိသူများ အတွက်သာ အသုံးဝင်ပုံ ရသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ သက်စောင့်မျိုးစေ့ နှိုးဆွနိုင်ရန် မူလကတည်းက မျှော်လင့်ချက် ကင်းမဲ့နေပြီး ဝံပုလွေနက် သွေးကို အသုံးပြု၍ အတင်းအဓမ္မ နှိုးဆွရန် ကြိုးစားပါက သူတို့၏ အဆုံးသတ်မှာ အတော်လေး ဆိုးရွားပေလိမ့်မည်။
ဝံပုလွေနက် သွေးမှာ လုံလောက်သော ပါရမီ ရှိပြီး သက်စောင့်မျိုးစေ့ နှိုးဆွရန် အရည်အချင်း ပြည့်မီသူများ အတွက်သာ အသုံးဝင်မည် ဖြစ်၏။ တစ်နည်းဆိုရသော် ဤကဲ့သို့သော အရာမျိုးမှာ အထောက်အကူပြု အာနိသင် တစ်ခုသာ ဖြစ်ပြီး လူတစ်ယောက်၏ ကံကြမ္မာကိုတော့ ပြောင်းလဲပေးနိုင်မည် မဟုတ်ချေ။
ချင်ဟန်နှင့် ဖရူဒိုတို့တွင်ကော သက်စောင့်မျိုးစေ့ နှိုးဆွနိုင်မည့် မျှော်လင့်ချက် ရှိနေသလော။
ထိုသည်မှာ မေးခွန်းထုတ်စရာပင် မလိုပေ။
ချင်ဟန် ဖြစ်စေ၊ ဖရူဒို ဖြစ်စေ သူတို့ နှစ်ယောက်လုံးတွင် သင့်တင့်သော ပါရမီ အသီးသီး ရှိကြသည်။ မဟုတ်ပါက အချိန်တိုအတွင်း ဤအဆင့်အထိ ရောက်လာနိုင်မည် မဟုတ်ချေ။
ချင်ဟန်၏ သူရဲကောင်း ပါရမီမှာ ဖရူဒိုနှင့် မယှဉ်နိုင်သော်ငြား ပျမ်းမျှထက်တော့ သေချာပေါက် သာလွန်နေသည်။ သူ့ ခွန်အားကြီးမားသော ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်လျှင် သက်စောင့်မျိုးစေ့ နှိုးဆွနိုင်မည့် ဖြစ်နိုင်ချေမှာ အလွန် မြင့်မားနေလေပြီ။
တကယ်တမ်း လွန်ခဲ့သော နှစ်ဝက်ခန့် မေဒါနှင့် တိုက်ခိုက်ခဲ့စဉ်ကပင် သူ့ သက်စောင့်မျိုးစေ့ နှိုးဆွနိုင်မည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ဖူး၏။ ပိုဘေးကင်းလုံခြုံသော အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းရန် အတွက်သာ သူက တမင်တကာ ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။
"အချိန် တွက်ကြည့်ရသလောက် ဆိုရင်တော့ မင်းတို့ ဒါကို အသုံးပြုဖို့ အချိန်ကိုက်ပဲ" ကော်ရီပိုက သူတို့ နှစ်ယောက်လုံးအား ကြည့်ရင်း ပြောလာသည်။
"ငါ ကြိုပြောထားမယ်... ဒါကို အသုံးပြုလို့ သေဆုံးနိုင်တဲ့ အန္တရာယ်က သိပ်မမြင့်မားဘူး ဆိုပေမဲ့ အန္တရာယ် ရှိနေဆဲပဲ"
"ဒါကြောင့် ဒါကို အသုံးပြုမလား၊ အသုံးမပြုဘူးလား ဆိုတာ မင်းတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရလိမ့်မယ်… အသုံးပြုဖို့ ဆုံးဖြတ်ပြီးသွားတဲ့ အခါကျရင် ငါ့ကို လာရှာကြပေါ့" ကော်ရီပိုက ပြောပြီးသည်နှင့် ချင်ဟန်နှင့် ဖရူဒိုတို့ထံသို့ ဖန်ပုလင်းငယ်အား ကမ်းပေးလိုက်တော့သည်။
သူတို့ နှစ်ယောက်လုံး နားလည် သဘောပေါက်ကြောင်း ခေါင်းညိတ် ပြလိုက်ကြသည်။
ပြီးနောက် သူတို့က ဆက်လက်၍ စကားစမြည် ပြောဆိုပြီးနောက် လက်နက် ကိုယ်စီ ထုတ်ယူကာ လေ့ကျင့်ရေး စတင်ကြလေပြီ။
ယခင်ကကဲ့သို့ပင် သူတို့ လက်နက်များ အသုံးပြု၍ ကော်ရီပိုနှင့် ယှဉ်ပြိုင် တိုက်ခိုက်ကြ၏။
ဤသည်မှာ သူတို့၏ တိုးတက်မှုကို ကော်ရီပို စစ်ဆေးသည့် နည်းလမ်းများထဲမှ တစ်ခုပင်။
မည်သို့ပင်ဖြစ်စေ သူတို့ တစ်ယောက်နှင့် တစ်ယောက် မတွေ့ရသည်မှာ နှစ်ဝက်ခန့် ရှိနေပြီ ဖြစ်သောကြောင့် သူတို့၏ လက်ရှိ စွမ်းရည်များကို အကဲခတ်နိုင်ရန် ဤသို့ ပြုလုပ်ရခြင်း ဖြစ်ပေမည်။
"မင်းရဲ့ ခွန်အားတွေက ဒီလောက် အတိုင်းအတာ အထိတောင် တိုးတက်လာတာလား"
လေ့ကျင့်နေစဉ် အတွင်း ချင်ဟန်၏ တိုးတက်မှု အပေါ် ကော်ရီပို အတော်လေး အံ့အားသင့်သွားခဲ့ရသည်။
"ဒါက တကယ်ကို အံ့ဩစရာပဲ... သက်စောင့်မျိုးစေ့ကို မနှိုးဆွရသေးဘဲနဲ့ မင်းရဲ့ ခွန်အားတွေကို ဒီလောက် အဆင့်အထိ ရောက်အောင် ဘယ်လိုများ မြှင့်တင်နိုင်ခဲ့တာလဲ" ကော်ရီပိုက ချင်ဟန်၏ ခန္ဓာကိုယ်အား အပေါ်အောက် အကဲခတ်ရင်း မယုံကြည်နိုင်သည့် မျက်နှာထားဖြင့် မေးလာသည်။
အကဲခတ် ခံနေရသည့်တိုင် ချင်ဟန်၏ အကြည့်တို့မှာ တည်ငြိမ်နေဆဲပင်။
လွန်ခဲ့သော နှစ်ဝက် ကာလအတွင်း သက်စောင့်စွမ်းအင်၏ အကူအညီဖြင့် သူက ကျောက်ဆောင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တွင် ကြီးမားသော တိုးတက်မှုများ ရရှိခဲ့လေပြီ။ သူက ပထမ အဆင့်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး ဒုတိယ အဆင့်သို့ ဝင်ရောက်လုနီးပါး ဖြစ်နေခြင်းပင်။
ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်၏ အကူအညီဖြင့် သူ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ ဖရူဒိုထက် ပိုသန်မာလာပြီး သာမန် သူရဲကောင်း တစ်ယောက်ထက်ပင် ပိုအစွမ်းထက်နေခဲ့သည်။
အကယ်၍ သာမန် သူရဲကောင်း တစ်ယောက်က သက်စောင့်မျိုးစေ့ကို နှိုးဆွခြင်း မရှိဘဲ ချင်ဟန်နှင့် ယှဉ်ပြိုင် တိုက်ခိုက်မည် ဆိုပါက မည်သူ ပိုအစွမ်းထက်မည်ကို ပြောရန် ခက်ခဲပေလိမ့်မည်။
ဤကဲ့သို့ ပုံမှန် မဟုတ်သော စွမ်းဆောင်ရည်က ကော်ရီပို၏ အာရုံကို ချက်ချင်း ဖမ်းစားသွားတော့သည်။
"မင်းက တကယ့် သူရဲကောင်း တစ်ယောက် မဖြစ်သေးပေမဲ့ တချို့ သူရဲကောင်းတွေထက်ကို ပိုပြီး သန်မာနေခဲ့ပြီပဲ"
သူက ချင်ဟန် ရှေ့တွင် ရပ်၍ ချင်ဟန်အား အဆက်မပြတ် အကဲခတ်နေ၏။
"ဒါက ဘာလို့များလဲ ဆရာ" ဖရူဒိုက အားကျသော လေသံဖြင့် ဝင်မေးလိုက်သည်။
လွန်ခဲ့သော နှစ်ဝက် အတွင်း သူ့ ခွန်အားများလည်း တိုးတက်လာခဲ့ပြီး သက်စောင့်မျိုးစေ့ကို နှိုးဆွနိုင်မည့် အမှတ်သို့ ရောက်လုနီးပါး ဖြစ်နေလေပြီ။
သို့သော် ဤအမှတ်ထိ ရောက်ပြီးနောက်ပိုင်း ဆက်လက် တိုးတက်ဖို့ရာ အလွန်အမင်း ခက်ခဲလာခဲ့၏။
သူနှင့် ယှဉ်လိုက်လျှင် ချင်ဟန်မှာ ဤအဆင့်သို့ လွန်ခဲ့သော နှစ်ဝက် ကတည်းက ရောက်ရှိနေခဲ့သော်ငြား ယခုထက်တိုင် လျင်မြန်စွာ တိုးတက်နေဆဲပင်။
ထို့ကြောင့် ချင်ဟန် အပေါ် သူ အားမကျဘဲ မနေနိုင်တော့ချေ။
"ဒါက... သူ့ရဲ့ သွေးကြောတွေနဲ့ ခန္ဓာကိုယ်ကြောင့် ဖြစ်နိုင်တယ်..." ချင်ဟန်အား အကဲခတ်ပြီးနောက် ကော်ရီပို တစ်ယောက် သတိပြန်ဝင်လာပြီး ပြန်ဖြေသည်။
"လူတိုင်းရဲ့ ခန္ဓာကိုယ်က တစ်ယောက်နဲ့ တစ်ယောက် မတူညီဘူး... ပြီးတော့ ဒီလောကကြီးထဲမှာ မွေးရာပါ ထူးခြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားသူတွေ အများကြီး ရှိတယ်... တကယ်တော့ သူတို့ကို လူသားတွေလို့တောင် ခေါ်လို့ ရမှာ မဟုတ်ဘူး"
"လူသားတွေလို့ ခေါ်လို့ မရဘူး ဟုတ်လား" ချင်ဟန်နှင့် ဖရူဒိုတို့ အတော်လေး ဇဝေဇဝါ ဖြစ်သွားကြ၏။
သူတို့ မျက်နှာ အမူအရာများကို ကြည့်ရင်း ကော်ရီပိုက ခေါင်းခါယမ်း၍ မေးလာသည်။
"မူလအစ… ပထမဆုံး တော်ဝင်မျိုးနွယ်တွေ ဆိုတာ ဘယ်လို ပေါ်ပေါက်လာခဲ့လဲ မင်းတို့ သိကြလား"
End
***