"မူလအစ တော်ဝင်မျိုးနွယ်တွေ ဟုတ်လား" ကော်ရီပို၏ စကားများကို ကြားပြီးနောက် ချင်ဟန်နှင့် ဖရူဒိုတို့ နှစ်ယောက်လုံး ထပ်မံ၍ အံ့အားသင့်သွားကြပြန်သည်။
"မင်းတို့ အခု မြင်တွေ့နေရတဲ့ တော်ဝင်မျိုးနွယ်တွေ အကုန်လုံးက စည်းစိမ်ချမ်းသာနဲ့ အာဏာကိုပဲ အမွေဆက်ခံထားကြတာ... ဒါပေမဲ့ သူတို့ အားလုံးက အခြေခံအားဖြင့် သာမန် လူတွေချည်းပဲ..." ကော်ရီပိုက ချင်ဟန်နှင့် ဖရူဒိုတို့အား ကြည့်ရင်း လေးနက်သော လေသံဖြင့် ဆက်ပြောလာသည်။
"တကယ်တော့ အစစ်အမှန် တော်ဝင်မျိုးနွယ်တွေမှာက မျိုးဆက်သွေး အမွေအနှစ် ရှိကြတယ်..."
"ဒီလောကကြီးက လူအများအပြားရဲ့ သွေးကြောတွေထဲမှာ ကြီးမားတဲ့ စွမ်းအားတွေ ကိန်းအောင်းနေတတ်တယ်... သူတို့ရဲ့ ဘိုးဘေးတွေက မယုံနိုင်လောက်အောင် အစွမ်းထက်ခဲ့ကြတာ ဒါမှမဟုတ် အစွမ်းထက်တဲ့ မျိုးဆက်သွေးတွေနဲ့ ပေါင်းစပ်ခဲ့ကြလို့ သူတို့ကို သာမန်လူတွေထက် သဘာဝအလျောက် ပိုပြီး သန်မာစေတာပဲ... လေ့ကျင့်မှု သိပ်မလုပ်ရင်တောင် သူတို့က ကြီးမားတဲ့ စွမ်းအားတွေကို အလွယ်တကူ ရနိုင်လိမ့်မယ်"
"ဒီလို လူမျိုးတွေကိုမှ အစစ်အမှန် တော်ဝင်မျိုးနွယ်တွေလို့ ခေါ်ဝေါ် သတ်မှတ်နိုင်တာပဲ"
"အစွမ်းထက်တဲ့ မျိုးဆက်သွေး ပိုင်ဆိုင်ထားသူတွေမှ အစစ်အမှန် တော်ဝင်မျိုးနွယ်တွေ ဟုတ်လား..." ကော်ရီပိုအား ကြည့်ရင်း ထိုစကားများ ကြားလိုက်ရချိန်တွင် ချင်ဟန် တစ်ယောက် ချက်ချင်းပင် တစ်စုံတစ်ရာကို တွေးတောမိသွားတော့သည်။
သူ သရုပ်ဖန်တီးမှု တစ်ခုစီ မစတင်မီတိုင်းတွင် နောက်ခံ အဆင့်အတန်း ရွေးချယ်မှု တစ်ခု ရှိခဲ့ပြီး ထိုရွေးချယ်စရာများထဲမှ တစ်ခုမှာ မှူးမတ် မိသားစု ရွေးချယ်ခြင်းပင်။
မှူးမတ် မိသားစုများ၏ ဖော်ပြချက်တွင် သူတို့၌ အစွမ်းထက်သော မျိုးဆက်သွေးများ ရှိကြောင်း ဖော်ပြထားခဲ့သည် မဟုတ်ပါလား။
ထိုစဉ်က ချင်ဟန် အနေဖြင့် ထိုအကြောင်းကို သိပ်ပြီး အလေးအနက် မတွေးခဲ့မိသော်ငြား ကော်ရီပို၏ စကားများကို ကြားပြီးနောက်တွင်တော့ အလင်းဝင်သွားသလို သဘောပေါက်သွားခဲ့လေပြီ။
"ဒီလိုကိုး" သူက ခေါင်းမော့ပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်၏။ "ကြည့်ရတာ သရုပ်ဖန်တီးမှုရဲ့ သတ်မှတ်ချက် အရဆိုရင် အစွမ်းထက်တဲ့ မျိုးဆက်သွေး ပိုင်ဆိုင်ထားတဲ့ လူတွေကိုမှ အစစ်အမှန် တော်ဝင်မျိုးနွယ်တွေ အဖြစ် သတ်မှတ်ထားတာ ဖြစ်ရမယ်"
"စည်းစိမ်ချမ်းသာနဲ့ အာဏာကိုပဲ အမွေဆက်ခံထားတဲ့ ငါ့လို နောက်ပေါက် မှူးမတ် မိသားစုမျိုး အတွက်ကတော့ သာမန် လူသားတွေ ဖြစ်နေတုန်းပဲမလို့ သရုပ်ဖန်တီးမှုက အစစ်အမှန် တော်ဝင်မျိုးနွယ်တွေ အဖြစ် သတ်မှတ်မထားတာပဲ"
ယခင်က ချင်ဟန် အနေဖြင့် အမြဲတမ်း စူးစမ်း သိချင်စိတ် ဖြစ်နေခဲ့ဖူး၏။
သူ စတင်ခဲ့စဉ်က သာမန် မိသားစု နောက်ခံကို ရွေးချယ်ခဲ့ပြီး အမှတ် သုံးဆယ်သာ အသုံးပြုခဲ့ရသည်။
အခြား တစ်ဖက်တွင်မူ မှူးမတ် မိသားစု တစ်ခု အတွက် လိုအပ်သော အမှတ်များမှာ အနည်းဆုံး အမှတ် တစ်ထောင်မှ စတင်သည်။
သို့တိုင် ချင်ဟန်မှာ အမှတ် သုံးဆယ်မျှဖြင့် မှူးမတ် မိသားစု တစ်ခုတွင် ဝင်စားခွင့် ရခဲ့၏။
ထိုစဉ်က သူ့ ကံတရားမှာ ထူးထူးခြားခြား ကောင်းမွန်နေသည်ဟုသာ ထင်မှတ်ခဲ့မိသည်။
ယခုတွင်မူ ထိုသည်မှာ ကံတရားကြောင့် မဟုတ်ဘဲ သရုပ်ဖန်တီးမှု စနစ်၌ မတူညီသော စံနှုန်းများ ရှိနေသောကြောင့် ဖြစ်ကြောင်း ထင်ရှားသွားလေပြီ။
သရုပ်ဖန်တီးမှု၏ အဆိုအရ အစွမ်းထက်သော မျိုးဆက်သွေး မရှိသူများမှာ အစစ်အမှန် တော်ဝင်မျိုးနွယ် စာရင်းထဲ မဝင်ပေ။
ချင်ဟန် တစ်ယောက် နောက်ဆုံးတွင်တော့ အပြည့်အဝ နားလည်သွားခဲ့ချေပြီ။
ကြည့်ရသည်မှာ သူက မှူးမတ် မိသားစုတွင် မွေးဖွားလာရန် ထီပေါက်ခဲ့ခြင်း မဟုတ်ဘဲ သရုပ်ဖန်တီးမှု၏ စံနှုန်းများ အရ သူ့ ဤနောက်ခံမှာ သာမန် မိသားစု အဖြစ်သာ သတ်မှတ်ခံထားရခြင်း ဖြစ်ပေမည်။
မည်သို့ပင်ဖြစ်စေ အမှတ် သုံးဆယ်မျှဖြင့် ဤကဲ့သို့သော နောက်ခံ အဆင့်အတန်းမျိုး ရရှိခဲ့ခြင်း အတွက် ချင်ဟန် အနေဖြင့် အတော်လေး ကျေနပ်နေဆဲပင်။
သူ မျှော်လင့်ထားသလောက် အလွန်အမင်း ထူးချွန်မနေခဲ့ခြင်းသာ ဖြစ်၏။
"ဒါကြောင့် ကိုင်လင်းရဲ့ အခြေအနေက သူ့ခန္ဓာကိုယ်ထဲမှာ ဘိုးဘေးတွေရဲ့ မျိုးဆက်သွေး တစ်စိတ်တစ်ပိုင်း ပါဝင်နေပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံက တခြားလူတွေနဲ့ ကွာခြားနေတာ ဖြစ်နိုင်တယ်" ချင်ဟန်အား ကြည့်ရင်း ကော်ရီပိုက မသေချာသော လေသံဖြင့် မှတ်ချက်ချလာသည်။
"မဟုတ်ရင် ပုံမှန် အခြေအနေတွေ အရဆို သက်စောင့်မျိုးစေ့ကို မနှိုးဆွရသေးဘဲနဲ့ သူ့ခန္ဓာကိုယ်က ဒီလောက် အတိုင်းအတာ အထိ သန်မာနေဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
"ဒီတော့ သူက အကုန်လုံးကို ဒီလိုမျိုး တွေးပြီး ရှင်းပြလိုက်တာပေါ့..." ချင်ဟန် တစ်ယောက် ကော်ရီပိုအား အံ့အားသင့်စွာ စိုက်ကြည့်နေမိ၏။
သေချာသည်မှာ နားလည်ရခက်သော ကိစ္စရပ်များ ဖြစ်ပေါ်လာသည့် အခါတွင် အခြားသူများ အနေဖြင့် သူတို့၏ အကန့်အသတ် ရှိသော အသိပညာများ အပေါ် အခြေခံ၍သာ ရှင်းပြလေ့ ရှိကြသည် မဟုတ်ပါလား။
"ဒီလိုကိုး" ချင်ဟန်၏ မျက်နှာပေါ်တွင် ကော်ရီပို ရှင်းပြချက်ကြောင့် အလင်းဝင်သွားသည့်အလား နားလည် သဘောပေါက်သွားသည့် အမူအရာ တစ်ခု ထွက်ပေါ်လာသည်။
"ဘိုးဘေးတွေဆီက မျိုးဆက်သွေး ဟုတ်လား..." ဘေးတွင် ရပ်နေသော ဖရူဒို တစ်ယောက် သူ့ဘာသာ တီးတိုး ရေရွတ်နေမိသည်။
ထိုအခိုက်အတန့်တွင် သူက ကော်ရီပိုအား ရုတ်တရက် မော့ကြည့်၍ မေးလာ၏။
"ဒါပေမဲ့ ဆရာ့ရဲ့ ရှင်းပြချက် အရဆို ရှေးဟောင်း မျိုးဆက်သွေး ရှိတဲ့ တော်ဝင်မျိုးနွယ်တွေက ဒီလောက်တောင် အစွမ်းထက်နေမှတော့ ဘာလို့ ကျွန်တော်တို့က အရင်က တစ်ယောက်မှ မမြင်ဖူးရတာလဲ"
"မင်း တစ်ခါမှ မမြင်ဖူးဘူးလို့ ဘယ်သူက ပြောလဲ" ကော်ရီပိုက သူ့အား အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်သည်။ "မင်းရှေ့မှာတင် တစ်ယောက် ရှိနေတယ် မဟုတ်လား"
သူတို့ ရှေ့မှာ တစ်ယောက် ရှိနေတယ် ဟုတ်လား။ ချင်ဟန် အံ့အားသင့်သွားပြီးနောက် ကော်ရီပိုအား ကြည့်ကာ စိတ်ထဲတွင် တွေးတောနေမိသည်။
"အစွမ်းထက်ပြီး ဒီကိစ္စတွေ အပေါ်မှာလည်း ဒီလောက် နားလည်မှု ရှိနေတယ်... ဒါဆို ဆရာ ကော်ရီပိုက..."
သူ တွေးလေလေ ဖြစ်နိုင်ချေ များလေလေပင်။ ကော်ရီပိုမှာ အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော နောက်ခံကို ပိုင်ဆိုင်ထားသလို ကျယ်ပြန့်သော အသိပညာနှင့် လေးစားခံရသည့် အဆင့်အတန်း တစ်ခုလည်း ရှိနေ၏။ ကြည့်ရသည်မှာ ကော်ရီပိုက အစစ်အမှန် တော်ဝင်မျိုးနွယ် တစ်ဦး၏ ဖော်ပြချက်များနှင့် အတော်လေး ကိုက်ညီနေလေပြီ။
"အမှန်ပဲ" ဘေးတွင် ရပ်နေသော ဖရူဒိုမှာမူ အများကြီး မတွေးတောဘဲ ကော်ရီပိုက ချင်ဟန်အား ရည်ညွှန်း ပြောဆိုနေသည်ဟု ထင်မှတ်ကာ သဘောတူသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ဒီတိုက်ကြီးမှာတော့ ရှေးဟောင်း မျိုးဆက်သွေးရှိတဲ့ လူတွေက တကယ်ကို ရှားပါးလွန်းတယ်" သူတို့ရှေ့တွင် ရပ်နေသော ကော်ရီပိုက ညင်သာစွာ သက်ပြင်းချရင်း ဆက်ပြောသည်။ "လောကကြီးက ပြောင်းလဲသွားခဲ့ပြီလေ"
"သာမန် လူတွေ အတွက်တော့ ဒါက ကိစ္စ မရှိပေမဲ့ ရှေးဟောင်း မိသားစုတွေ အတွက်တော့ ဒီတိုက်ကြီးက အလွန်အမင်း ခေါင်းပါးလွန်းလို့ ဒီမှာ ဆက်နေဖို့ အကြောင်းပြချက် သိပ်မရှိတော့ဘူး… ဒါကြောင့် သူတို့ထဲက အများစုက ဒီကနေ ထွက်ခွာသွားပြီး မထွက်ခွာနိုင်တဲ့ အားနည်းသူ တချို့ကိုပဲ ချန်ထားခဲ့ကြတယ်... တချို့ဆို အခုထက်ထိ ဒီမှာ ရှိနေဆဲဖြစ်ပြီး သူတို့ရဲ့ အကျိုးစီးပွား အတွက် တိုက်ခိုက်နေတုန်းပဲ"
"အစွမ်းထက်တဲ့ သူတွေက ထွက်သွားကြပြီ... ပြီးတော့ ဒီတိုက်ကြီးလား..." ချင်ဟန် စိတ်ထဲတွင် တိတ်တဆိတ် တွေးလိုက်၏။
ကော်ရီပို အနေဖြင့် ဤစကားများအပေါ် အများကြီး ရည်ရွယ်ချင်မှ ရည်ရွယ်မည် ဖြစ်သော်လည်း ချင်ဟန်မှာမူ အတွေးနက်သွားခဲ့လေပြီ။
ချင်ဟန် အမြင်အရ ကော်ရီပို၏ စကားများမှတစ်ဆင့် သတင်းအချက်အလက် အများအပြားကို ထုတ်ဖော် ပြောဆိုသွားခဲ့ခြင်းပင်။
အစွမ်းထက်သော မှူးမတ်များက ထွက်ခွာသွားကြပြီ... မည်သည့် အတိုင်းအတာကို အစွမ်းထက်သည်ဟု သတ်မှတ်သနည်း။
အနည်းဆုံးတော့ ကော်ရီပို ကိုယ်တိုင်နှင့် ယှဉ်လျှင် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ထွက်ခွာသွားသော လူများထဲတွင် အများစုမှာ ကော်ရီပိုထက် ပို၍ အစွမ်းထက်နေကြသည် ဟူသော အဓိပ္ပာယ်လော။
ထို့အပြင် ဒီတိုက်ကြီးဟု ပြောဆိုလိုက်ခြင်းက ဤလောက၏ ရေကြောင်း နည်းပညာများနှင့် ယဉ်ကျေးမှုမှာ သူထင်ထားသလောက် နောက်ကျမနေကြောင်း ဖော်ပြနေသည်။
အနည်းဆုံးတော့ ကော်ရီပို အနေဖြင့် တိုက်ကြီး တစ်ခု ဆိုသော သဘောတရားကို သိရှိ နားလည်ထားသည်။
ထိုမျှမက ထိုအစစ်အမှန် တော်ဝင်မျိုးနွယ်များ ဤတိုက်ကြီးမှ ထွက်ခွာသွားရခြင်း၏ အကြောင်းအရင်းမှာ ဤနေရာက ခေါင်းပါးလွန်းသောကြောင့် ဖြစ်သည်။
ထိုသို့ဆိုလျှင် ဤတိုက်ကြီးထက် ပို၍ စည်ပင်ဝပြောပြီး အစွမ်းထက်သော တိုက်ကြီးများ ရှိနေသေးသည်ပေါ့...
အချိန်တိုလေး အတွင်းမှာပင် ချင်ဟန် တစ်ယောက် ဤမျှလောက် များပြားသော အရာများကို စဉ်းစားတွေးတောနေမည်ဟု ကော်ရီပို မသိခဲ့ချေ။
"အခြား တိုက်ကြီးတွေ အကြောင်းနဲ့ ပတ်သက်ပြီးတော့..." ချင်ဟန်က ရုတ်တရက် ဝင်ပြောလိုက်သည်။ "အဲ့ဒီတုန်းက အဲ့ဒီလူတွေ အခြား တိုက်ကြီးတွေကို ဘယ်လိုများ သွားခဲ့ကြတာလဲ... ဘာလို့ ကျွန်တော်တို့က အခြား တိုက်ကြီးတွေ အကြောင်းကို အရင်က တစ်ခါမှ မကြားဖူးရတာလဲ"
ဖရူဒိုမှာလည်း ဤမေးခွန်း အပေါ် အတော်လေး စူးစမ်း သိချင်နေဟန်ဖြင့် ကော်ရီပိုအား လှည့်ကြည့်လာ၏။
"အခြား တိုက်ကြီးတွေကို ခရီးသွားဖို့ ဆိုတာ သင်္ဘော တစ်စင်း လိုအပ်တယ်" ကော်ရီပိုက ခဏတာ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောလာသည်။ "ငါ သိထားတဲ့ အချက်အလက်တွေ အရဆို နှစ်အနည်းငယ် ကြာတိုင်း သင်္ဘော တစ်စင်းက ဒီနေရာကို ဖြတ်သွားလေ့ ရှိတယ်"
"ဒါပေမဲ့ အဲ့ဒီ သင်္ဘောပေါ် တက်ဖို့က မလွယ်ကူသလို လက်မှတ် တစ်စောင်လည်း လိုအပ်တယ်"
End
***