"လက်မှတ် ဟုတ်လား" ကော်ရီပို၏ စကားများကို ကြားပြီးနောက် ချင်ဟန် အတော်လေး စူးစမ်းသိချင်သွားလေပြီ။ "ဒီလိုအရာမျိုးကို ဘယ်လိုများ ရယူနိုင်မှာလဲ"
"ငါလည်း သေချာတော့ မသိဘူး... ဒါပေမဲ့ တစ်ခုတော့ ငါ သိတယ်... အစွမ်းထက်တဲ့ မျိုးဆက်သွေး ပိုင်ဆိုင်ထားတဲ့ အစစ်အမှန် တော်ဝင်မျိုးနွယ်တွေကပဲ လက်မှတ် ရနိုင်မှာ... သာမန် လူတွေကတော့ ဒီလို လက်မှတ်မျိုး ပိုင်ဆိုင်နိုင်တဲ့ အရည်အချင်း မရှိကြဘူး" ကော်ရီပိုက သူ့အား ကြည့်၍ ခေါင်းခါယမ်းကာ ပြန်ဖြေလာ၏။
"ဒီလိုကိုး..." ချင်ဟန် မျက်မှောင်ကြုတ်သွားပြီး… "ဒါဆို အစွမ်းထက်တဲ့ မျိုးဆက်သွေး ရှိတဲ့ အစစ်အမှန် တော်ဝင်မျိုးနွယ်တွေပဲ သင်္ဘောပေါ် တက်ပြီး ထွက်သွားနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်လား"
"ပုံမှန် အခြေအနေတွေ အရဆိုရင်တော့ အဲ့ဒီလိုပဲ" ကော်ရီပို ခေါင်းညိတ်လိုက်သည်။ "ဒါပေမဲ့ ချွင်းချက်တွေတော့ ရှိတာပေါ့... တကယ်လို့ မင်းက နယ်ပယ် တစ်ခုခုမှာ ကြီးမားတဲ့ ပါရမီ ရှိပြီး အစစ်အမှန် တော်ဝင်မျိုးနွယ် တစ်ယောက်ရဲ့ နောက်လိုက် အဖြစ် အသိအမှတ်ပြု ခံရမယ် ဆိုရင်တော့ အဲ့ဒီလူနဲ့အတူ သင်္ဘောပေါ် တက်နိုင်လိမ့်မယ်"
"သဘောပေါက်ပြီ" ချင်ဟန်က ခေါင်းညိတ်ပြပြီးနောက် မေးခွန်းများ ဆက်လက် မေးမြန်းနေတော့သည်။
သူတို့ နှစ်ယောက်မှာ တစ်ယောက်က မေး၊ တစ်ယောက်က ဖြေဖြင့် ဤအတိုင်း ဆက်လက် ပြောဆိုနေကြပြီး ဖရူဒိုမှာမူ ဘေးတွင် ရပ်၍ တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။
သူက အတော်လေး အာရုံစိုက် နားထောင်နေခဲ့သော်ငြား ထိုသင်္ဘော လက်မှတ် အပေါ်တွင်မူ သိပ်ပြီး စိတ်ဝင်စားမှု မရှိပေ။
မည်သို့ပင်ဖြစ်စေ သူ့ စိတ်ထဲတွင် ဤတိုက်ကြီးမှ ထွက်ခွာသွားရန် မည်သည့် အတွေးမှ မရှိခဲ့ချေ။
ထွက်မသွားချင်သူမို့ သဘာဝကျစွာပင် သင်္ဘော လက်မှတ် အကြောင်းကိုလည်း ဂရုစိုက်မနေတော့ခြင်း ဖြစ်သည်။
တကယ်တမ်း ချင်ဟန် ကိုယ်တိုင်လည်း ထိုနည်းတူပင်။
ဤလောက အကြောင်းကို ပိုနားလည် သဘောပေါက်နိုင်ရန် အတွက်သာ သူက ကော်ရီပိုအား ဤမေးခွန်းများ မေးမြန်းနေခဲ့ခြင်း ဖြစ်ပြီး ဤတိုက်ကြီးမှ အမှန်တကယ် ထွက်ခွာသွားလိုခြင်း မဟုတ်ချေ။
ဤတိုက်ကြီးတွင် သူ အကြိတ်အနယ် ကြိုးစားခဲ့ပြီး အခြေခံ အုတ်မြစ် တစ်ခု တည်ဆောက်ထားခဲ့လေပြီ။ သူသာ ဆက်လက် တောင့်ခံထားနိုင်သရွေ့ ရေရှည်တွင် သူ့ ကြိုးပမ်းအားထုတ်မှုများ အတွက် အသီးအပွင့်များ ခံစားရမည်မှာ သေချာလှ၏။
အကယ်၍ သူသာ ဤတိုက်ကြီးမှ စဉ်းစားဆင်ခြင်မှု မရှိဘဲ ထွက်ခွာသွားခဲ့ပါက သူ ကြိုးပမ်းခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
ကုန်းမြေတိုက်ကြီး အသစ်တစ်ခုဆီ သွားရောက်ရမည် ဆိုပါက အရာအားလုံးကို အစမှ ပြန်လည် စတင်ရမည် ဖြစ်ပြီး အချိန်များစွာ အလဟဿ ကုန်ဆုံးသွားလိမ့်မည် မဟုတ်ပါလား။
ကော်ရီပိုနှင့် စကားစမြည် ပြောဆိုပြီးနောက် ချင်ဟန်၏ အမြင် အာရုံများမှာ များစွာ ကျယ်ပြန့်သွားခဲ့ပြီး ဤလောက အကြောင်းကိုလည်း ပိုသိလာခဲ့လေပြီ။
ဤလောကကြီးမှာ အပေါ်ယံ မြင်တွေ့နေရသလောက် မရိုးရှင်းကြောင်း အထင်အရှားပင်။ သူ စိတ်ကူးထားခဲ့သည်ထက်ပင် ပိုခမ်းနား ကြီးကျယ်နေသည်ဟု ဆိုရပေမည်။
ချင်ဟန် အနေဖြင့် အရာများစွာနှင့် ထိတွေ့ခွင့် မရသေးခြင်းသာ ဖြစ်၏။
သို့တိုင် ဤအရာများ အားလုံးက ကိစ္စ မရှိပေ။
သူက အခွင့်အရေး တစ်ကြိမ်သာ ရရှိမည့် သာမန် လူတစ်ယောက် မဟုတ်ချေ။
ချင်ဟန် အတွက်တော့ ဤတစ်ကြိမ်တွင် ထိုအရာများနှင့် မထိတွေ့နိုင်ခဲ့လျှင်ပင် နောက်တစ်ကြိမ် ရှိနေသေးသည်။
သရုပ်ဖန်တီးမှု အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် တစ်နေ့နေ့တွင် သူ ဤလောကကြီး၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များနှင့် ထိတွေ့ခွင့် ရလာမည် ဖြစ်ပြီး အမှန်တရားကို ရယူနိုင်မည်သာ။
ထိုအချိန် မတိုင်မီ အတွင်း သူ အကောင်းဆုံး ဖြစ်လာစေရန်သာ အာရုံစိုက်ဖို့ လိုအပ်သည်။
ကော်ရီပိုနှင့် စကားပြောဆိုပြီးနောက် ချင်ဟန် တစ်ယောက် တောင်းဆိုမှု တစ်ခု ပြုလုပ်လာခဲ့၏။
"မင်း ဝံပုလွေနက် သွေးကို အခုချက်ချင်း သောက်ချင်တာ သေချာလို့လား" ချင်ဟန်အား ကြည့်ရင်း ကော်ရီပို၏ မျက်နှာ အမူအရာမှာ အတော်လေး အံ့အားသင့်နေဟန်ဖြင့် မေးလာသည်။
"မင်း ထပ်မစောင့်ချင်တော့ဘူးလား... မင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ထူးခြားသလို တိုးတက်နိုင်မယ့် နေရာလွတ်တွေလည်း ရှိနေသေးတယ်... အခုချက်ချင်း နှိုးဆွဖို့ ကြိုးစားစရာ မလိုသေးပါဘူး"
"မလိုတော့ပါဘူး" ချင်ဟန်က ပြုံး၍ ပြန်ပြောလိုက်၏။ "ကျွန်တော့်ရဲ့ တိုးတက်မှု အတော်လေး နှေးကွေးလာတာကို ခံစားမိနေပြီ... တကယ်လို့ ဆက်စောင့်နေမယ် ဆိုရင် အချိန်ဖြုန်းနေရုံပဲ ရှိမှာမလို့ ဘာအဓိပ္ပာယ်မှ မရှိဘူး"
သူက ကျောက်ဆောင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်၏ ဒုတိယ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကျောက်ဆောင် ခန္ဓာကိုယ် တစ်ခုကို ပုံဖော် စုစည်းလုနီးပါး ဖြစ်နေလေပြီ။
ယခု ဤအဆင့်သို့ ရောက်ရှိလာချိန်တွင် သူ့ တိုးတက်မှု နှုန်းထားမှာ များစွာ နှေးကွေးသွားခဲ့ပြီး ယခင်ကကဲ့သို့ လျင်မြန် ထိရောက်စွာ ရှေ့ဆက်နိုင်ခြင်း မရှိတော့ပေ။
ဤကဲ့သို့ နှေးကွေးစွာဖြင့် ဆက်လက် တိုးတက်နေမည့်အစား သက်စောင့်မျိုးစေ့ကို နှိုးဆွရန် ကြိုးစားခြင်းက ပိုကောင်းမွန်ပေလိမ့်မည်။
ထိုစကား ကြားလျှင် ကော်ရီပိုလည်း ခေါင်းညိတ် သဘောတူလိုက်တော့သည်။
ထို့နောက် ချင်ဟန်က သူ့ ခန္ဓာကိုယ် အထက်ပိုင်းမှ အဝတ်အစားများ ချွတ်ချပြီး အထူး ဖော်စပ်ထားသော ဆေးနှစ် တစ်မျိုးအား ကိုယ်ပေါ်တွင် သုတ်လိမ်းသည်။ ပြီးနောက် ဝံပုလွေနက် သွေးကို မော့သောက်လိုက်၏။
ချဉ်ဖြည်းဖြည်းနှင့် ချိုမြမြ အရသာ တစ်ခုက ချင်ဟန်၏ ပါးစပ်ထဲမှ တစ်ဆင့် ဦးနှောက်ဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေပြီ။ မကြာမီမှာပင် သူ့ ဦးနှောက် တစ်ခုလုံး မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ် အနှံ့ မီးတောက်များ လောင်ကျွမ်းနေသည့်အလား အလွန်အမင်း နေရထိုင်ရ ခက်လာတော့သည်။
ဤခံစားချက်မှာ သက်စောင့်စွမ်းအင် လောင်ကျွမ်းစဉ်ကထက်ပင် ပိုပြင်းထန်သည်။ မီးခြစ်ဆံ တစ်ချောင်းနှင့် မီးပုံကြီး တစ်ပုံကို နှိုင်းယှဉ်နေရသကဲ့သို့ပင်။
အလွန်အမင်း ပြင်းထန်သော နာကျင်မှုက ချင်ဟန်၏ ခန္ဓာကိုယ် အနှံ့အပြားမှ ပျံ့နှံ့လာကာ အော်ဟစ်လိုက်ချင်စိတ်များပင် ပေါ်ပေါက်လာစေသည်။
သို့သော် ချင်ဟန်က ထိုနာကျင်မှုကို ကြိတ်မှိတ် သည်းခံလိုက်ပြီး မည်သည့် အသံမှ ထွက်မလာခဲ့ချေ။
သူ့ခန္ဓာကိုယ်ပေါ်မှ ချွေးများ စီးကျလာပြီး ခပ်မှိန်မှိန် သွေးနီရောင် တစ်ခုက တစ်ကိုယ်လုံး အနှံ့ လွှမ်းခြုံသွားသည်အား မြင်တွေ့ရ၏။ ပူလောင်သော အငွေ့အသက်များက အဆက်မပြတ် ပျံ့နှံ့ထွက်ပေါ်နေသဖြင့် ချင်ဟန် တစ်ယောက် ကြီးမားသော အပူရှိန်များ ထုတ်လွှတ်နေသည့် မီးဖိုကြီး တစ်ခုနှင့်ပင် တူနေတော့သည်။
ဤသည်မှာ အလွန် နာကျင်ရသော အတွေ့အကြုံ တစ်ခုမှန်း ယုံမှား သံသယ ဝင်စရာ မလိုသော်ငြား မယုံကြည်နိုင်လောက်အောင် ခိုင်မာသော စိတ်စွမ်းအားကို အသုံးပြု၍ နောက်ဆုံးတွင် သည်းခံနိုင်ခဲ့လေပြီ။
ထိုမြင်ကွင်းအား ကြည့်ရင်း ကော်ရီပို၏ နှုတ်ခမ်းထက်တွင် ခပ်ရေးရေး အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဝံပုလွေနက် သွေးထံမှ နာကျင်မှုကို သည်းခံနိုင်ခြင်းမှာ ချင်ဟန်အတွက် အခြေခံအားဖြင့် ပထမ အဆင့်အား အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်းပင်။
အကယ်၍ သူသာ ဤပထမ အဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ပါက အလွန် ပြင်းထန်သော နာကျင်မှုကြောင့် သူ့ စိတ်ဝိညာဉ်မှာ ပုံပျက်သွားမည် ဖြစ်ပြီး သက်စောင့်မျိုးစေ့ နှိုးဆွခြင်းလည်း ကျရှုံးသွားပေလိမ့်မည်။
ဝံပုလွေနက် သွေးကို အသုံးပြုပြီးနောက် သက်စောင့်မျိုးစေ့ နှိုးဆွရန် ကျရှုံးခဲ့ပါက ထိုသူရဲကောင်းမှာ သေဆုံးရမည်သာ။
သို့တိုင် ချင်ဟန်ကမူ ဤအဆင့်ကို လွယ်ကူစွာပင် ကျော်ဖြတ်နိုင်ခဲ့သည်မှာ အသေအချာပင်။
ကော်ရီပို တစ်ယောက် အနည်းငယ်မျှပင် အံ့အားသင့် မနေခဲ့ပေ။
ချင်ဟန်၏ ဆရာ တစ်ယောက် အနေဖြင့် ချင်ဟန် အကြောင်းကို သူ အတော်လေး သိကျွမ်းနားလည်ထားသည် မဟုတ်ပါလား။
သူ့ အမြင်အရ ဆိုရလျှင် ချင်ဟန် ဤအဆင့်ကို သည်းမခံနိုင်ခဲ့မှသာ ထူးဆန်းနေပေလိမ့်မည်။
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွား၏။
သတိမထားမိလိုက်ခင်မှာပင် ချင်ဟန် ခံစားနေရသော ပြင်းထန်သည့် နာကျင်မှုများမှာ တဖြည်းဖြည်း လျော့ကျသွားခဲ့လေပြီ။
ချွေးပေါက်များ အဆက်မပြတ် ကျဆင်းနေဆဲ ဖြစ်သော်လည်း ၎င်းတို့မှာ အနီရောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေ၏။
ချင်ဟန်၏ အရေပြားများထဲမှ သွေးစက်များ အဆက်မပြတ် ယိုစိမ့်ထွက်လာသဖြင့် သူ့ရုပ်သွင်မှာ အတော်လေး ကြက်သီးမွေးညင်း ထစရာ ကောင်းနေတော့သည်။
တစ်ချိန်တည်းမှာပင် ချင်ဟန်၏ ခန္ဓာကိုယ် အတွင်း၌ အပြောင်းအလဲ အသစ်များ ဖြစ်ပေါ်လာခဲ့သည်။
ဒုန်း... ဒုန်း... ဒုန်း...
ကျယ်လောင်သော အသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး နှလုံးခုန်သံ သို့မဟုတ် စစ်စည်တီးသံများနှင့်ပင် တူနေတော့သည်။
ဖရူဒို တစ်ယောက် ချင်ဟန်၏ ညည်းတွားသံကို ကြားရသလို ထင်မှတ်လိုက်ပြီးနောက် သူ့ ပတ်ပတ်လည်ရှိ အငွေ့အသက်များမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေပြီ။
ပူပြင်းလောင်ကျွမ်းနေသော အပူလှိုင်းများက အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားပြီး သူနှင့် ကော်ရီပိုတို့အား လွှမ်းခြုံသွား၏။
ထိုခံစားချက်ကို သတိပြုမိလိုက်သဖြင့် သူ မျက်လုံးဖွင့်၍ ရှေ့သို့ မကြည့်ဘဲ မနေနိုင်တော့ချေ။
"ဒါက..."
ဘုန်း...
ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အရှေ့ဘက်တွင်တော့ ချင်ဟန်က သူ့ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လာ၏။
သက်စောင့်စွမ်းအင်များက သူ့ခန္ဓာကိုယ် အတွင်းမှ အဆက်မပြတ် ပျံ့နှံ့ထွက်ပေါ်လာပြီး သူ့ ပတ်ပတ်လည်တွင် အဖြူရောင် အလင်းတန်း မျက်နှာပြင် တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ရှိသော်ငြား လျင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
ထိုဖြစ်စဉ်မှာ အလွန် မြန်ဆန်လွန်းသဖြင့် ဖရူဒို တစ်ယောက် မျက်စိများပင် ပြာသွားလေသလား ထင်မှတ်လိုက်ရ၏။
"ကြည့်ရတာ အာနိသင်က အတော်လေး ကောင်းမွန်တဲ့ပုံပဲ"
ချင်ဟန်၏ အပြောင်းအလဲများအား ကြည့်ရင်း ကော်ရီပိုက ခပ်ရေးရေး ပြုံးလိုက်သည်။
ဝံပုလွေနက် သွေး သောက်သုံးပြီးနောက် ချင်ဟန် အပေါ် သက်ရောက်သွားသည့် အာနိသင်များမှာ သူ ထင်ထားခဲ့သည်ထက်ပင် ပိုကောင်းမွန်နေခဲ့လေပြီ။
သက်စောင့်မျိုးစေ့ နှိုးဆွသည့် လုပ်ငန်းစဉ် အတွင်း သူရဲကောင်းများ၏ ခန္ဓာကိုယ်မှာ သက်စောင့်စွမ်းအင် လှုံ့ဆော်မှုကို ခံရမည် ဖြစ်ပြီး သူတို့ ခွန်အားများ တိုးပွားလာကာ ခန္ဓာကိုယ်မှာလည်း ပိုသန်မာလာမည် ဖြစ်သည်။
ဝံပုလွေနက် သွေးကို သောက်သုံးပြီးနောက်တွင်မူ ဤဖြစ်စဉ်က ပို၍ အားကောင်းလာမည်သာ။
ဤအချက်အပြင် ချင်ဟန် ကိုယ်တိုင်က သာမန် ပညာသင် သူရဲကောင်း တစ်ယောက်ထက် များစွာ ပို၍ သန်မာနေခဲ့သည် မဟုတ်ပါလား။
သက်စောင့်မျိုးစေ့ကို မနှိုးဆွမီကပင် ချင်ဟန်၏ ခွန်အားမှာ အစစ်အမှန် သူရဲကောင်း အများအပြားနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခဲ့ပြီဟု ဆိုရလျှင်လည်း ချဲ့ကားရာ ရောက်မည် မဟုတ်ပေ။
ယခုအခါ ဝံပုလွေနက် သွေး၏ အာနိသင်များ အောက်တွင် သက်စောင့်မျိုးစေ့ကို နှိုးဆွနိုင်ခဲ့ပြီ ဖြစ်ရာ သူ့ ခွန်အားများမှာ မယုံကြည်နိုင်လောက်အောင် တဟုန်ထိုး တက်လာခဲ့ပြီး ကော်ရီပို ကိုယ်တိုင်ပင် အံ့အားသင့်သွားရသည် အထိ ဖြစ်လာခဲ့သည်။
ကော်ရီပို၏ အကြည့်များ အောက်တွင် ချင်ဟန် တစ်ယောက် မောဟိုက်စွာ အသက်ရှူရင်း ရပ်နေ၏။
ဝံပုလွေနက် သွေး၏ အာနိသင်များ ပျောက်ကွယ်သွားသည်နှင့် သူ့ ခန္ဓာကိုယ်မှ ပြင်းထန်သော အပူရှိန်များလည်း တဖြည်းဖြည်း လွင့်စင်သွားခဲ့ပြီး ကြီးမားလှသော ပင်ပန်းနွမ်းနယ်မှုနှင့် ဆာလောင်မွတ်သိပ်မှုတို့သာ ကျန်ရစ်ခဲ့တော့သည်။
မသိလျှင် ရက်ပေါင်းများစွာ အိပ်မပျော်၊ အစာမစားခဲ့ရသူ တစ်ယောက်နှင့်ပင် တူနေပြီး သူရဲကောင်း တစ်ဦး၏ ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့်တိုင် သတိမလစ်စေရန် အနိုင်နိုင် တောင့်ခံထားရလေပြီ။
လတ်တလော အချိန်တွင် သူ လဲကျပြီး အိပ်ပျော်သွားဖို့သာ ဆန္ဒရှိတော့သည်။