သူတို့လူစု နေထိုင်ရာ ခြံဝင်းအိမ်လေးအတွင်း၌ လော့ချန်သည် သူ၏ ထိုင်ခုံတွင် ထိုင်နေရင်း နဖူးပြင်ထက်မှ မည်းနက်သော သစ်သားတံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
သူ၏ အမူအရာမှာ တည်ကြည်လေးနက်နေပြီး တုံ့ဆိုင်းနေဟန်လည်း ရှိသည်။ နောက်ဆုံးတွင်မူ သူ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်တော့သည်။
“ဒီ အခြေခံတည်ဆောက်ခြင်း လမ်းစဉ်ကတော့.... တကယ့်ကို မလွှဲမရှောင်သာတဲ့ အခြေအနေမျိုး မဟုတ်ရင် ဘယ်တော့မှ အသုံးမပြုသင့်တဲ့ အရာပဲ”
ဤသစ်သားတံဆိပ်ပြားမှာ ကွယ်လွန်သူ ကောင်းထင်ယွမ် ချန်ထားရစ်ခဲ့သော အမွေအနှစ်တစ်ခု ဖြစ်သည်။ သို့သော် ၎င်း၏ မူလအရင်းအမြစ်မှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က ဝိညာဉ်ဇီဝိန်ချုပ်အရှင် ကူယွဲ့၏ ဂူဗိမာန်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုအတွင်း၌ စိတ်ချီသန့်စင် အမှန်တရားကျမ်းဟု ခေါ်ဆိုသော မပြည့်စုံသည့် ကျင့်စဉ်တစ်ခု ပါဝင်နေသည်။
ထင်သည့်အတိုင်း ထိုကျမ်းတွင် အချက်အလက် အကုန် မပြည့်စုံချေ။
အခြေခံတည်ဆောက်ခြင်းအဆင့်၏ အလယ်အလတ်ပိုင်းအထိသာ ဖော်ပြထားပြီး ကျန်ရှိသော အပိုင်းများမှာ ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။ အစောပိုင်း အပိုင်းများတွင်ပင် လွဲမှားမှုများနှင့် ရှေ့နောက်မညီမှုများစွာ ရှိနေသည်။ ထိုလွဲမှားမှုများကို ဖြေရှင်းနိုင်မည့် သော့ချက်မှာ ပျောက်ဆုံးနေသော အပိုင်းများတွင်သာ ရှိပေလိမ့်မည်။
လော့ချန်သည် ထိုကျင့်စဉ်ကို ကိုယ်တိုင်ကျင့်ကြံရန် စိတ်မဝင်စားသော်လည်း၊ ထိုအထဲ၌ ဖော်ပြထားသော ဝိညာဉ်လမ်းစဉ်ဖြင့် အခြေခံတည်ဆောက်ခြင်း နည်းလမ်းကိုမူ သတိပြုမိသွားသည်။ ထိုနည်းလမ်းတွင် ဖော်ပြထားသည်မှာ အကျဥ်းချုပ်လိုက်ပါက ဤအတိုင်းဖြစ်လေသည်။
ပထမအချက်အနေဖြင့် ကျင့်ကြံသူ ကိုးရာ့ကိုးဆယ်ကိုးယောက်ကို လိုက်လံသတ်ဖြတ်ကာ ထိုဝိညာဉ်များကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ပါက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိမည်။
ထိုမှတစ်ဖန် နောက်တစ်ဆင့် ထပ်တက်လိုပါက ဝိညာဉ်ပေါင်း ကိုးထောင့်ကိုးရာ့ကိုးဆယ်ကို ထပ်ရှာကာ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိပေမည်။
နောက်အချက်မှာမူ တုန်လှုပ်ခြောက်ခြားစရာ ကောင်းလှပေသည်။ အကြောင်းမှာ အသက်ပေါင်းများစွာ လိုက်လံဇီဝိန်ခြွေကာ စုစုပေါင်း ဝိညာဉ်ပေါင်း ကိုးသောင်းကိုးထောင့်ကိုးရာ့ကိုးဆယ်တိတိကို စုဆောင်းရမည်။ ထိုမျှ ကြောက်ခမန်းလိလိ သတ်ဖြတ်ပြီး ဝိညာဉ်များစုစည်းမှသာ ဝိညာဉ်သန္ဓေတည်အဆင့်သို့ ရောက်ရှိလိမ့်မည်ဟူ၍ ဖြစ်သည်။
နောက်ဆုံးအချက်မှာ မဖတ်ရဲလောက်အောင်ပင် ရှိလေသည်။ အကြောင်းမှာ နတ်ဘုရားအသွင်ပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိရန်မူ ဝိညာဉ်ပေါင်း တစ်သန်းတိတိ လိုအပ်ပေလိမ့်မည်ဟု ဆိုလေသည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းလှ၍ ဆိုးရွားလှသော မိစ္ဆာလမ်းစဉ် ကျင့်စဉ်တစ်ခုပင် ဖြစ်သည်။ အရေအတွက် အပြောင်းအလဲမှတစ်ဆင့် အရည်အသွေး အသွင်ပြောင်းလဲမှုကို အခြေခံထားသော နည်းလမ်းဖြစ်သည်။
သတ်ဖြတ်ခြင်းနှင့် ဝိညာဉ်များကို ဝါးမြိုခြင်းတို့မှာ တိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သော အဆင့်ဆင့်များ ဖြစ်သည်။
အပေါ်ယံကြည့်လျှင် တုန်လှုပ်ဖွယ် ကောင်းသော်လည်း၊ အသေးစိတ်ကို နားလည်သွားချိန်တွင်မူ ပို၍ပင် သွေးပျက်မတတ် ခြောက်ခြားစရာ ကောင်းလှပေသည်။ အကြောင်းမှာ ထိုလိုအပ်သော ဝိညာဉ်များသည် မိမိသည် လက်ရှိကျင့်ကြံဆင့်နှင့် တန်းတူရှိသော ကျင့်ကြံသူများ၏ ဝိညာဉ်များသာ ဖြစ်ရမည် ဆိုသောကြောင့်ပင်။
ချီသန့်စင်အဆင့် အထွတ်အထိပ်သို့ ရောက်ရန်အတွက် ချီသန့်စင် နှောင်းပိုင်း ကျင့်ကြံသူပေါင်း ကိုးရာကျော်၏ ဝိညာဉ်များ လိုအပ်သည်။ အခြေခံတည်ဆောက်ခြင်း အထွတ်အထိပ်သို့ ရောက်ရန်အတွက် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ ကိုးထောင်ကျော်၏ ဝိညာဉ်များ လိုအပ်သည်။ နောက်ပိုင်းအဆင့်များအတွက် လိုအပ်ချက်မှာလည်း ထိုပုံစံအတိုင်းပင် ဖြစ်သည်။
မည်သူကများ ဤမျှ ယုတ်မာကောက်ကျစ်လှသော ကျင့်စဉ်ကို ကျင့်ကြံရဲပါ့မည်နည်း။
လော့ချန်ကမူ မကျင့်ကြံရဲပေ။ မကျင့်ကြံရဲရုံတင်မကဘဲ မည်သည့် ဘေးထွက်ဆိုးကျိုးမှ မရှိပါစေဦး၊ သူ ထိုကျင့်စဉ်ကို လက်ဖျားနှင့်ပင် မထိလိုချေ။
ကျမ်းစာအကြွင်းအကျန်များတွင် ဝိညာဉ်ပေါင်းစပ်ခြင်း နည်းလမ်းကိုသာ ဖော်ပြထားပြီး ဝိညာဉ်ထောင်ပေါင်းများစွာကို ပေါင်းစပ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကို မည်သို့ကာကွယ်ရမည်ကိုမူ ဖော်ပြမထားချေ။
စဉ်းစားကြည့်ပါက မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်ထောင်သောင်းချီ၍ ရောထွေးနေလျှင် ဖြစ်ပေါ်လာမည့် သွေးပျက်စရာ ရူးသွပ်မှုမှာ မတွေးဝံ့စရာပင်။ မိုက်မဲလှသော တစ်ကိုယ်တော်ကျင့်ကြံသူ ကူယွဲ့သည်လည်း အခြားနည်းလမ်းမရှိတော့သည့် အဆုံးမှသာ ဤလမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူ အောင်မြင်ခဲ့ပြီး ဝိညာဉ်ဇီဝိန်ချုပ်အရှင်ဟု အမည်တွင်ကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ သို့သော် သူ၏ အဆုံးသတ်မှာမူ ကြေကွဲစရာပင်။
သူသည် အထက်လမ်း ဂိုဏ်းကြီးများ၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး၊ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်နှင့်အတူ သူသုတ်သင်စုဆောင်းခဲ့သော များပြား ကြီးမားလှသည့် ဝိညာဉ်ထုကြီးကိုပါ နိဂုံးချုပ် အဆုံးသတ်လိုက်ရတော့သည်။
သူ၏ ဝိညာဉ်အစအနလေးတစ်ခုသာ သူ့ဂူဗိမာန်သို့ ပြန်ရောက်နိုင်ခဲ့ရှာသည်။
ကူယွဲ့၏ ကိုယ်တိုင်ရေး မှတ်တမ်းများထဲမှ ရှုပ်ထွေးလှသော အရေးအသားများကို ကြည့်ခြင်းအားဖြင့် အခြေခံတည်ဆောက်ပြီးနောက်တွင် သူ၏ စိတ်မှာ ပုံမှန်မဟုတ်ပဲ ရူးသွပ်မှုအထိသို့ ကျရောက်သွားခဲ့ကြောင်း သိသာလှပေသည်။
ကောင်းထင်ယွမ်သည်လည်း အမှန်တကယ်ပင် မျှော်လင့်ချက် ကုန်ဆုံးခဲ့ရသူ ဖြစ်သည်။ သူ၏ အတွင်းအားမှာ လုံးလုံး ပျက်စီးသွားခဲ့သဖြင့် ပုံမှန် နည်းမှန်လမ်းမှန်ဖြင့် အခြေခံတည်ဆောက်ရန် မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် သူသည် ဤအန္တရာယ်များလှသော လမ်းစဉ်သို့ မိုက်မဲလှစွာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ၏ ရည်မှန်းချက်များ မအောင်မြင်ခင်မှာပင် ကလဲ့စားချေလိုစိတ်ကြောင့် လော့ချန်၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရပေသည်။
“ဒီလမ်းစဉ်က တားမြစ်ထားတာ မှန်ပေမဲ့၊ ဒီထဲမှာ ပါဝင်တဲ့ ဘေးကင်းတဲ့ အရန်နည်းစနစ်လေး အချို့ကတော့ ဗဟုသုတရအောင် လေ့လာကြည့်ရမှာပေါ့လေ”
ကျမ်းစာအုပ်ထဲမှ မှော်အတတ် နှစ်ခုသည် လော့ချန်၏ ဝိညာဉ်အာရုံတွင် ထင်ဟပ်လာတော့သည်။ ပထမမှော်အတတ်မှာ စိတ်ဝိညာဉ်ခြောက်ခြားခြင်းအတတ် ဖြစ်လေသည်။
ဤအတတ်မှာ အဆင့်အနည်းငယ် တတ်မြောက်ပါက ရန်သူများကို ထိတ်လန့်စေနိုင်ပြီး ဝိညာဉ်သားရဲများကို ကြောက်လန့်အောင် ဖိအားပေးနိုင်သည်။ ထို့ထက် ပိုအဆင့်မြင့်အောင် တတ်မြောက်ပါက ခြောက်လှန့်ရုံတင်မကဘဲ အားနည်းသော ဝိညာဉ်များကိုပါ ဖမ်းယူနိုင်မည်ဖြစ်သည်။ အကယ်၍ = ပြင်ပသို့ ထုတ်လွှတ်နိုင်ပါက ဤမှော်အတတ်၏ အစွမ်းမှာ ပို၍ပင် ကြီးမားပေလိမ့်မည်။
ဤသည်မှာ သူတပါးအား ဘေးတွေ့စေမည့် မိစ္ဆာကျင့်စဥ် စစ်စစ် မဟုတ်ပေ။ မိမိ၏ ဝိညာဉ်နှင့် ဝိညာဉ်အာရုံကို ထိန်းချုပ်ခြင်းအပေါ်တွင်သာ ပို၍ အာရုံစိုက်ထားခြင်း ဖြစ်သည်။
အကယ်၍ မိမိ၏ ဝိညာဉ်အခြေခံ ခိုင်မာပါက ကျင့်ကြံမှုအဆင့်တူသော ရန်သူများနှင့် ရင်ဆိုင်ရာတွင် အသာစီးရမည်မှာ သေချာလှသည်။ သို့သော် ဝိညာဉ်အခြေခံ မခိုင်မာပါက ဤကျင့်စဥ်ကို သုံးရာတွင် အလွန်သတိထားရပေမည်။
အဆိုးဆုံး အနေဖြင့် မိမိ၏ ဝိညာဉ်ကိုပင် ပြန်လည်ထိခိုက်စေပြီး ကုသမရနိုင်သော ဒဏ်ရာများကို ရရှိစေနိုင်မည်ကိုလဲ ကြိုတင်တွက်ဆထားရပေမည်။
နောက်ဆက်တွဲ ကောင်းကျိုးများနှင့် ပတ်သက်၍မူ လော့ချန် မျှော်လင့်ထားပြီးသား ဖြစ်သည်။ စိတ်ချီသန့်စင် အမှန်တရားကျမ်းကို သုံးပြီး အခြေခံတည်ဆောက်နိုင်သူတိုင်းသည် သာမန်ထက် ပိုထူးကဲသော ဝိညာဉ်အင်အားကို ပိုင်ဆိုင်ကြရမည်သာ ဖြစ်သည်။
ထိုကဲ့သို့သော သူများအတွက်မူ စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်မှာ ပိုးထည်ပေါ်တွင် ပန်းချယ်လိုက်သကဲ့သို့ သို့မဟုတ် ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ ထိုသူများအတွက် ပြန်လည်တိုက်ခိုက်ခံရမည့် ဘေးအန္တရာယ်မှာ အနှစ်မဲ့သော စကားလုံးများသာ ဖြစ်သည်။
လော့ချန် သူ၏ ကိုယ်ပိုင် ဝိညာဉ်အခြေခံကို ပြန်လည်ဆန်းစစ်ကြည့်ရာ အတော်လေး ကောင်းမွန်နေသည်ကို တွေ့ရသည်။ နှလုံးသားကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် သူ၏ ဝိညာဉ်မှာ သာမန်ကျင့်ကြံသူများထက် နှစ်ဆမျှ ပို၍ ခိုင်မာလာခဲ့သည်။
ထို့ကြောင့်ပင် သူ ဆေးဖော်စပ်ခြင်းကို အကြိမ်ရေ နှစ်ဆတိုး၍ လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ်ကို ကျင့်ကြံလာခဲ့ရာ ထိုကျင့်စဉ်မှာ စိတ်ဓာတ်ခိုင်မာမှုကို အဓိကထားလေ့ကျင့်ပေးခြင်း ဖြစ်သည်။
ပြင်းထန်လှသော နာကျင်မှုဝေဒနာများကို ခံစားရတိုင်း သူ၏ ဝိညာဉ်မှာလည်း အရည်ကျို သန့်စင်ခြင်း ခံနေရသလို ဖြစ်နေသည်။ တိုးတက်မှုမှာ အလွန်နှေးကွေးပြီး သတိမပြုမိနိုင်သော်လည်း၊ သူ၏ ဝိညာဉ်မှာ တဖြည်းဖြည်း ပို၍ သန့်စင်ကာ ကြံ့ခိုင်လာခဲ့သည်။
အရွယ်အစားမှာ ကြီးမားမလာသော်လည်း သိပ်သည်းဆမှာမူ တခြားသော ကျင့်ကြံသူများထက် အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်သည်။ ဤအခြေခံဖြင့်ဆိုလျှင် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ကို ကျင့်ရန်မှာ ဖြစ်နိုင်ချေရှိပေသည်။
“ဟင် ဘာပါလိမ့်”
စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်၏ အသေးစိတ် နည်းလမ်းများကို မြင်လိုက်ရသောအခါ လော့ချန် အံ့သြသွားသည်။
ချီသန့်စင်အဆင့်တွင် ဝိညာဉ်အာရုံကို ပြင်ပသို့ မထုတ်လွှတ်နိုင်သေးသဖြင့် ဤမှော်အတတ်မှာ မျက်လုံးများကို ကြားခံအဖြစ် အဓိက အသုံးပြုရသောကြောင့် အစွမ်းမှာ သာမန်မျှသာ ဖြစ်သည်။ သို့သော် လော့ချန်၏ မျက်လုံးများမှာမူ နတ်မျက်စိများ ဖြစ်နေသဖြင့် သူသည် ထူးခြားသော အားသာချက်ကို ရရှိထားခြင်း ဖြစ်သည်။
သူ့အား အံ့အားသင့်စေသည်မှာ သူ၏ စိတ်ထဲတွင် ပေါ်လာသော မှတ်ဉာဏ်တစ်ခုပင်။
ချင်းကျန်းစားသောက်ဆိုင်တွင် ကောင်းထင်ယွမ်သည် သူ့အား အချိန်အတော်ကြာ စူးစိုက်ကြည့်ခဲ့ဖူးသည်။ ထိုစဉ်က လော့ချန်သည် ကောင်းထင်ယွမ်တစ်ယောက် စကားပြောရာတွင် အသာစီးရရန်အတွက် တိတ်ဆိတ်မှုကို အသုံးပြုနေခြင်းဟုသာ ထင်ခဲ့မိသည်။
သို့သော် ယခု ပြန်စဉ်းစားကြည့်လျှင် ကောင်းထင်ယွမ် ဤမှော်အတတ်ကို အသုံးပြုနေခဲ့ခြင်းမှာ ထင်ရှားလှပေသည်။ လော့ချန် အနေဖြင့် သေချာ စဉ်းစားလေ၊ ပို၍ သေချာလာလေ ဖြစ်သည်။
“သူက အဲ့ဒီအချိန်ကတည်းက ဒီ ကျမ်းကို လေ့ကျင့်နေခဲ့တာပဲ”
“သေချာတာပေါ့.... ပြင်ပက ဝိညာဉ်တွေကို ဝါးမြိုပေါင်းစပ်ဖို့ဆိုရင် ရန်သူရဲ့ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ အရင် ဆွဲထုတ်ရမယ်လေ၊ ဒီဟာက အဲဒီ့ကျင့်စဉ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံပဲ၊ သူ အရင်ဆုံး သင်ယူခဲ့ရမှာပေါ့”
သို့သော် ထိုစဉ်က လော့ချန်၏ ဝိညာဉ်အခြေခံမှာ ကောင်းထင်ယွမ်ထက် မနိမ့်ကျခဲ့ချေ။ ထို့ကြောင့်ပင် ကောင်းထင်ယွမ်မှာ ဘာမှမတတ်နိုင်ဘဲ အချည်းနှီး ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
“ငါ့ရဲ့ ချီစွမ်းအားကို ဘယ်လိုသုံးရမလဲဆိုတာ အဲ့ဒီတုန်းကသာ သိခဲ့ရင်၊ သူ့ကို ပြန်ပြီး ဒုက္ခပေးလိုက်လို့ ရတာ.... တကယ်ကို နှမြောစရာပဲ”
ထိုသို့ တွေးရင်း လော့ချန်သည် ကြောက်စိတ်အနည်းငယ် ကျန်ရှိနေသော်လည်း နှမြောတသဖြစ်မိသွားရှာသည်။
ကောင်းထင်ယွမ် ဤနည်းလမ်းကို သုံးခဲ့ကြောင်း အတည်ပြုနိုင်ပြီးနောက် လော့ချန်၏ တတ်မြောက်လိုစိတ်မှာ ပို၍ ပြင်းထန်လာခဲ့သည်။
ကောင်းထင်ယွမ် မသေဆုံးမီလေးတွင် သူ၏ မျက်လုံးများမှာ ထူးဆန်းသော အစိမ်းရောင်သို့ ပြောင်းလဲသွားခဲ့သည်ကို လော့ချန် သတိရလိုက်သည်။ ထိုအရာမှာ အားနည်းသော ဝိညာဉ်ကို ဖမ်းယူရန် ကြိုးစားနေသည့် စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ်ပင် ဖြစ်သည်။
ကံဆိုးသည်မှာ ကောင်းထင်ယွမ်သည် အခြေခံအဆင့်ကိုပင် မတတ်မြောက်သေးဘဲ အဆင့်မြင့်နည်းလမ်းများကို အတင်းအဓမ္မ သုံးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။
အထူးသဖြင့် နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်းဖြင့် စိတ်ဓာတ်ခိုင်မာပြီး ဝိညာဉ်တည်ငြိမ်နေသော လော့ချန်ကို ရင်ဆိုင်ရာတွင် ပို၍ ဆိုးရွားသွားခဲ့သည်။
ကောင်းထင်ယွမ်သည် သူ၏ ဝိညာဉ်ကို အနည်းငယ်မျှပင် မလှုပ်ခါနိုင်ခဲ့ချေ။ လော့ချန်သည် ဆွဲထုတ်မှုကို ခုခံရုံတင်မကဘဲ မှော်အတတ်၏ ချုပ်နှောင်မှုကိုပါ အင်အားသုံးကာ ရိုက်ချိုးပစ်ခဲ့သည်။
သင်ယူရန်မှာ ရှောင်လွှဲ၍ မရသော်လည်း၊ အသုံးပြုရန်မှာမူ တစ်မျိုးဖြစ်သည်။ ထိုအရာကို လွယ်လွယ်နှင့် မလုပ်သင့်ပေ။ မဟုတ်ပါက ကောင်းထင်ယွမ်ကဲ့သို့ ဆိုးရွားသော အဆုံးသတ်နှင့် ကြုံရပေလိမ့်မည်။ သူသည် “ငါ သေသွားရင်တောင် မင်းကို ခြောက်လှန့်မယ်” ဟူသော ခြိမ်းခြောက်စကားကိုပင် အဆုံးထိ မပြောလိုက်ရဘဲ သူသည် အသက်ဝိညာဉ်မှာ တိတ်ဆိတ်စွာဖြင့် ချုပ်ငြိမ်းသွားခဲ့ရရှာသည်။
“စိတ်ဝိညာဉ်ခြောက်ခြားခြင်းအပြင် ဒီ စိတ်ဝိညာဉ်တည်ငြိမ်ခြင်း မှော်အတတ်ကလည်း စဉ်းစားစရာပဲ"
လော့ချန်သည် နောက်ထပ် မှော်အတတ်တစ်ခုကို တွေးတောရင်း သူ၏ မျက်လုံးများမှာ စိတ်ဝင်တစား တောက်ပလာတော့သည်။
စိတ်ဝိညာဉ်ခြောက်ခြားခြင်းနှင့် မတူသည်မှာ စိတ်ဝိညာဉ်တည်ငြိမ်ခြင်း မှော်အတတ်မှာ လေ့ကျင့်ရန် သိပ်မခက်ခဲလှချေ။ အမှန်စင်စစ် ဤမှော်အတတ်မှာ အလွန်ပင် ရိုးရှင်းလှသည်။ သို့ရာတွင် ခက်ခဲသည်မှာ ၎င်းအတွက် လိုအပ်သော ပစ္စည်းပင် ဖြစ်သည်။
“မထူးဘူး ဘယ်သူ့ကိုမှ ဘေးမတွေ့စေတဲ့ အရာအားလုံးကို ငါ သင်ယူမယ်၊ ဒီမှော်အတတ် နှစ်ခုတင်မကဘဲ တခြားအရာတွေကိုလည်း ငါ မရပ်တန့်ဘူး”
လော့ချန် ထိုသို့ ရေရွတ်လိုက်ရာ သူ၏ စားပွဲပေါ်တွင် စာအုပ်အချို့ ပေါ်လာတော့သည်။
ထိုစာအုပ်များထဲမှ အပေါ်ဆုံးတွင် ရှိနေသည်မှာ မှောင်ခိုဈေးကွက်မှ ဝိညာဉ်ကျောက်တုံး ကိုးရာဖြင့် သူဝယ်ယူခဲ့သော ဒုတိယအဆင့် မှော်အတတ် ဖြစ်သည်။ နာမည်မှာ မြေပြိုမှော်အတတ်ပင် ဖြစ်သည်။
သူ ထွက်ပြေးရန် ပြင်ဆင်နေစဉ်က ဤမှော်အတတ်ကို အနည်းငယ် လေ့လာခဲ့ဖူးသည်။ သို့သော် တကယ်တမ်း လေ့ကျင့်ရန် ကြိုးစားကြည့်ချိန်တွင်မူ ၎င်းမှာ ဒုတိယအဆင့် မှော်အတတ်အဖြစ် ထိုက်တန်ကြောင်း သူ သဘောပေါက်သွားသည်။ အလွန်ပင် ခက်ခဲလှပေသည်။
မည်သည့်နေရာမှ စတင်ရမည်ကိုပင် မသိနိုင်လောက်အောင် ခက်ခဲနေခြင်း ဖြစ်သည်။ မြေပြိုမှော်အတတ်ကို အပြည့်အဝ တတ်မြောက်ရန်အတွက် အခြေခံ မှော်အတတ်သုံးမျိုးကို အရင် တတ်မြောက်ထားရန် လိုအပ်သည်။
ပထမအဆင့် မီးလုံး၊ ပထမအဆင့် မြေစိုင်တောင်နှင့် ပထမအဆင့် လှိုင်းလုံး အတတ်တို့ ဖြစ်သည်။
ဤသုံးမျိုးစလုံးကို တတ်မြောက်ပြီးမှသာ ဤအစွမ်းထက်လှသော ဒုတိယအဆင့် မီးမှော်အတတ်အဖြစ် ပေါင်းစပ်နိုင်မည် ဖြစ်သည်။ ကျမ်းစာကို သေချာဖတ်ပြီးမှသာ မီးဓာတ် မှော်အတတ်တစ်ခုမှာ အဘယ်ကြောင့် မြေပြင်နှင့်ပတ်သက်သော နာမည် ရှိနေရသည်ကို လော့ချန် သဘောပေါက်သွားသည်။ အကြောင်းမှာ အခြေခံမှော်အတတ်များထဲတွင် မြေဓာတ် မြေစိုင်တောင် အတတ် ပါဝင်နေသောကြောင့်ပင်။
မြေပြိုမှော်အတတ်မှာ သေချာပေါက် သင်ယူရန် ထိုက်တန်လှသည်။ လော့ချန် အဘိုးအခ အမြောက်အမြား ပေးခဲ့ရသလို၊ ကျမ်းစာထဲတွင် ဖော်ပြထားသော အစွမ်းမှာလည်း အမှန်ပင် ကြီးမားလှပေသည်။
အခြားသော ဒုတိယအဆင့် မှော်အတတ်များကြားတွင်ပင် ၎င်းမှာ ကျော်ကြားလှသော ဓားမုန်တိုင်း၊ နှင်းခဲဝိညာဉ် နတ်ဘုရားအပ် သို့မဟုတ် မိုးကြိုးဟိန်းသံ တို့ထက် အစွမ်းမနိမ့်ကျချေ။
“အရင်ကတော့ စျေးနှုန်းက နည်းနည်းသက်သာနေတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ သေချာကြည့်လိုက်တော့မှ အခြေခံမှော်အတတ်သုံးမျိုး မပါဝင်ဘူး ဖြစ်နေတာပဲ၊ တကယ်လို့ အဲ့ဒီသုံးမျိုးသာ ပါဝင်မယ်ဆိုရင်၊ စျေးနှုန်းက ဝိညာဉ်ကျောက်တုံး တစ်ထောင်ကျော်သွားမှာ အသေအချာပဲ"
လွန်ခဲ့သော အချိန်ကဆိုလျှင် လော့ချန်သည် မီးလုံးမှော်အတတ်မှလွဲ၍ ကျန်ရှိသော ပထမအဆင့် မှော်အတတ်နှစ်မျိုးကို မည်သည့်နေရာတွင် ရှာရမည်ကို စိတ်ပူနေပေလိမ့်မည်။
သို့သော် ယခုအခါတွင်မူ ထိုစိုးရိမ်မှုများ မရှိတော့ချေ။ လခြမ်းတောင်ကြားတွင် ကျဆုံးခဲ့သော ကျင့်ကြံသူများ၏ ပစ္စည်းများထဲတွင် မှော်အတတ်စာအုပ်များစွာ ပါဝင်နေခဲ့သည်။ ဤသည်မှာ သာမန်ကိစ္စတစ်ခုပင် ဖြစ်သည်။
လော့ချန် ကိုယ်တိုင်ပင်လျှင် သူ၏ သိုလှောင်အိတ်ထဲတွင် ချီသန့်စင်အတွက် အခြေခံမှော်အတတ်ငါးမျိုး စာအုပ်ကို အမြဲ ဆောင်ထားလေ့ရှိရာ၊ အခြားသူများလည်း ထိုကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
ရရှိလာသော ပစ္စည်းများထဲတွင် လော့ချန်သည် မြေစိုင်တောင် နှင့် လှိုင်းလုံးကျမ်း နှစ်မျိုးစလုံးကို ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူသည် အခြေခံသုံးမျိုးစလုံးကို စုဆောင်းမိသွားပြီ ဖြစ်သည်။
အထူးသဖြင့် သူ၏ မီးလုံးမှော်အတတ်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ၎င်း၏ အစွမ်းမှာ သာမန်ထက် သာလွန်နေသည်။ ကျန်ရှိသော နှစ်မျိုးကို အနည်းငယ် တတ်မြောက်အောင် လေ့ကျင့်နိုင်သည်နှင့် မြေပြိုခြင်း ကို စတင်လေ့ကျင့်နိုင်ပေလိမ့်မည်။
“ဒါဟာ တကယ့်ကို အချိန်ကောင်းပဲ.... လော့ထျန်းအဖွဲ့က ပြန်လည်ဖွဲ့စည်းနေတုန်းဆိုတော့ ငါ ကိုယ်တိုင် ဆေးဖော်စပ်ဖို့ အချိန်မရောက်သေးဘူး.. အဲ့ဒီအတောအတွင်းမှာ ငါ့ရဲ့ အဓိကကျင့်စဉ်တွေကို ကျင့်ကြံရင်းနဲ့ ချီစွမ်းအင်ကို သန့်စင်နေသလို၊ ဒီမှော်အတတ်တွေကို တတ်မြောက်အောင်လည်း အစွမ်းကုန် ကြိုးစားရမယ်” ဟူ၍လည်း စိတ်ပိုင်းဖြတ်လိုက်လေသည်။
***