အခန်းငယ်အတွင်းဝယ် အေးစိမ့်လျက် ရှိနေသည်။
မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားသည် တစ်ကိုယ်လုံး ပြုံးဖြီးနေသော လော့ချန်ဘက်သို့ လှည့်ကြည့်ကာ သက်ပြင်းတစ်ချက်နှင့်အတူ ခေါင်းကိုသာ ခါယမ်းလိုက်မိသည်။
"သေမင်းနဲ့ တဝါးစာသာသာပဲ လိုတော့တာပဲကွာ" ဟု သူ ခပ်တိုးတိုး ဆိုလိုက်သည်။
ဝမ်ယွမ်၏ လေးနက်သော စကားကြောင့် လော့ချန် အံ့အားသင့်သွားရပြီး ချက်ချင်းပင် မေးမြန်းလိုက်သည်။
"တကယ်ပဲ အဲဒီလောက်တောင် အန္တရာယ်များခဲ့တာလား အစ်ကိုဝမ်ရာ"
ထိုအမေးအား ပြန်မဖြေဆိုခင် ဝမ်ယွမ်သည် သူ၏ ဘူးသီးခြောက်ဘူးထဲမှ သေရည်ကို တစ်ငုံမျှ ခပ်ပြင်းပြင်း သောက်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ ခပ်တိုးတိုး ရယ်မောရင်း ဆိုသည်။
"ရှေးဟောင်းရတနာ အပိုင်းအစတွေ၊ ထိပ်တန်းအဆင့် မှော်လက်နက် အမြောက်အမြားနဲ့ သွေးမျိုးဆက် လက်ဆင့်ကမ်း ရတနာတွေအပြင် ငါ့ရဲ့ ပြိုင်ဘက်သုံးယောက်လုံးက တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်တဲ့ ပါရမီရှင်တွေ ဖြစ်နေတာကွာ၊ အဲဒါ အန္တရာယ်ရှိမရှိ မင်းပဲ စဉ်းစားကြည့်တော့"
"ဟူး...."
သူပြောသည်ကိုကြားရရုံဖြင့်ပင် လော့ချန် မွန်းကျပ်သလိုဖြစ်လာကာ လေပူတချက် မှုတ်ထုတ်လိုက်မိသည်။ လခြမ်းတောင်ကြား ကိစ္စတွင် အင်အားကြီးအဖွဲ့အစည်း သုံးခုက အလွန်အမင်း အာရုံစိုက်လိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း၊ ဝမ်ယွမ် ရင်ဆိုင်ခဲ့ရသော အခြေအနေမှာ ထိုထက်ပင် ပိုမိုကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သေချာစဉ်းစားကြည့်လျှင်မူ ဤသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေပင်။ ဝမ်ယွမ်သည် ပါရမီရှင်များစာရင်းတွင် နံပါတ်တစ်အဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ချီသန့်စင် အဆင့် ၉ ရှိ မိစ္ဆာကျင့်ကြံသူများကိုပင် အသာအယာ နှိမ်နင်းနိုင်သည့် စွမ်းအားရှိကြောင်း သက်သေပြခဲ့သူ ဖြစ်သည်။
ထို့ထက် ပိုသည်မှာ သူနှင့်မီရှုဟွာတို့၏ ထူးဆန်းသော ပတ်သက်မှုကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများက သူ့အား အနာဂတ်အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် သဘာဝကျကျပင် ရှုမြင်ခဲ့ကြခြင်း ဖြစ်ပေသည်။
"ဒါဆို အစ်ကိုကြီး ဘယ်လိုများ လွတ်မြောက်လာခဲ့တာလဲ" ဟု လော့ချန်က သတိမထားလိုက်မိပဲ မေးလိုက်သော်လည်း၊ ရုတ်တရက် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။
အကြောင်းမှာ သူတို့နှစ်ဦး အနီးကပ် ရှိနေသဖြင့် ဆွဲဆောင်မှုရှိသယောင်နှင့် ထူးဆန်းသည့် ကျပ်ခိုးနံ့စွဲနေသော သွေးရနံ့တစ်ခုမှာ ပိုမိုသိသာလာသောကြောင့် ဖြစ်သည်။ လော့ချန် မျက်နှာပျက်သွားသည်ကို မြင်သောအခါ ဝမ်ယွမ်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
"အဲဒီလောက်တောင် သိသာနေလို့လားကွ"
လော့ချန်ကလည်း မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
"မဟုတ်မှလွဲရော အစ်ကိုကြီး သွေးမိစ္ဆာ ကျင့်စဉ်တွေကို တကယ်ပဲ ကျင့်ကြံလိုက်တာတော့ မဟုတ်ပါဘူးနော်"
"ဒီလောက် ယုတ်ညံ့တဲ့ ကျင့်စဉ်မျိုးကို ငါက ဘယ်လိုလုပ် သင်ယူမှာလဲ"
ဝမ်ယွမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ အသံကို နှိမ့်ကာ ဆိုသည်။
"ဒါပေမဲ့ အဲဒီထဲမှာ အတုယူစရာ အချက်တချို့ ရှိနေတာနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ကျင့်စဉ်ထဲမှာ အနည်းငယ် ပေါင်းစပ်ထည့်သွင်းလိုက်တာကွ"
ယခုမူ အရာအားလုံး ရှင်းလင်းသွားပြီဖြစ်သည်။ ထိုထူးဆန်းသော ရနံ့မှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ လည်ပတ်နေသော သွေးနံ့ မှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
"ကျွန်တော်တောင် အနံ့ရနေတာဆိုတော့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့သာ တိုးရင် ချက်ချင်း အကဲခတ်မိသွားမှာ မဟုတ်ဘူးလားဗျ"
"အေးလေကွာ.... ငါ ဘာလို့ ဒီလောက်အကြာကြီး ပုန်းနေခဲ့တယ်လို့ မင်းထင်လဲ.... မင်းဆီကို လာတွေ့ဖို့တောင် တစ်လနီးပါး အချိန်ယူခဲ့ရတာသာကြည့်တော့”
“ကျွန်တော့်မျှော်နေမှန်းတော့ အစ်ကိုကြီး သိတယ်ပေါ့လေ”
ထိုကဲ့သို့ လော့ချန် ရေရွတ်လိုက်ရင်း၊ သားရဲသားရေစ တစ်ခုကို အသာအယာ ထုတ်ယူကာ ဝမ်ယွမ်ထံ ကမ်းပေးလိုက်သည်။
"ဒါက ဘာကြီးလဲကွ"
"အစ်ကိုဝမ် ဘာသာ အဲဒီထဲကို ချီစွမ်းအင် နည်းနည်း ထည့်ကြည့် လိုက်ဗျာ...."
ဝမ်ယွမ် သူ ခိုင်းသည့်အတိုင်း လုပ်ဆောင်လိုက်ရာ၊ နောက်တစ်ခဏ၌ပင် သူ၏ မျက်နှာတွင် အံ့အားသင့်မှုများ ဖုံးလွှမ်းသွားတော့သည်။
"ဒါ.... ဒါက ချီဖုံးကွယ် အတတ်လား"
"အစ်ကိုဝမ် သဘောပေါက်လွယ်သားပဲ.. ကိုယ့် လက်ရှိကျင့်ကြံအဆင့်ကို ဖုံးကွယ်ဖို့အတွက် တော်တော်အသုံးဝင်တဲ့ မှော်အတတ်တစ်ခုပဲဗျ.... ဟားဟား...."
"နေဦး.... ဒါက ချန်...."
"အမှန်ပဲဗျ.... ဒါက ဦးလေး ချန်ရှို့ဖိန်ရဲ့ နာမည်ကြီး ချီဖုံးကွယ်မှော်စာရွက်တွေရဲ့ မူရင်းမှော်အတတ်ပဲ.... အဲဒီမှော်စာရွက်တွေက ဒီအတတ်ကို အခြေခံထားတာ၊ တစ်ခုရှိတာက အကျိုးအာနိသင် ပြဖို့ဆိုရင် အနည်းဆုံးတော့ အချိန်တစ်ခုပေးပီး တတ်မြောက်အောင် ကျင့်ရလိမ့်မယ်"
လော့ချန် ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။ သူသည် ဝမ်ယွမ်အား လိုက်လံဖမ်းဆီးခံရသည့် မိစ္ဆာကျင့်ကြံသူ သို့မဟုတ် သွေးလမ်းစဥ် ကျင့်ကြံသူ တစ်ဦးအဖြစ် မမြင်လိုပေ။
သူ၏ ကိုယ်မှ ထွက်နေသော သွေးရနံ့မှာ အလွန်သိသာလွန်းနေသည်။ ထို့ကြောင့် ဦးလေးချန် ပေးခဲ့သော ချီဖုံးကွယ်မှော်အတတ်ကို ဝမ်ယွမ်အား ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ ဖောက်ဖျက်ကျူးလွန်ခြင်း မဟုတ်ပေ။
အဘိုးချန်၏ စိတ်နေစိတ်ထားအရ သူ လော့ချန်ကို ပေးလိုက်ပြီဆိုလျှင် စိတ်ကြိုက် စီမံခွင့်ရှိသည်ဟု မှတ်ယူနိုင်သည်။ ထို့ပြင် ဝမ်ယွမ်နှင့် အဘိုးချန်မှာလည်း အသိအကျွမ်းများ ဖြစ်ကြသည် မဟုတ်ပါလော။
ဝမ်ယွမ်သည် သားရေစပေါ်ရှိ မှော်အတတ်ကို ခေါင်းငုံ့ကာ လေ့လာနေပြီး တစ်ခါတစ်ရံတွင်မူ ချီးကျူးအံ့သြသော အကြည့်များ ဖြစ်ပေါ်လာတတ်သည်။ အတော်ကြာမှ သူ သားရေစကို အောက်သို့ ချလိုက်သည်။
"ချန်ရှို့ဖိန် မရှိတော့တာကို ငါ တော်တော်လေး နှမြောနေခဲ့တာကွ.... သူသာ ရှိသေးရင် ငါ့ရဲ့ခြေရာလက်ရာ ဖျောက်ဖို့ လိုတဲ့ မှော်စာရွက်တချို့ ဝယ်လိုက်ဦးမှာ.... ဒါပေမဲ့ သူက မင်းကို ဒီလောက်တန်ဖိုးကြီးတဲ့ မူလကျင့်စဉ်ကြီး ပေးသွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး....ဒီလိုဆိုရင်တော့ ငါက မင်းရော သူ့ကိုပါ ကျေးဇူးတင်ရတော့မှာပဲကွာ...."
ထိုအခါ လော့ချန်က ပြုံးစစဖြင့် ဆိုလိုက်သည်။
"ရပါတယ် အစ်ကိုဝမ်ကြီးရာ.... ကျွန်တော်တို့က သူစိမ်းတွေမှ မဟုတ်တာဗျ.... ဒါ့အပြင် ဒီ ချီဖုံးကွယ်မှော်အတတ်က ကျင့်ဖို့ သိပ်မလွယ်ဘူး၊ သေချာနားထောင်နော်...."
လော့ချန်သည် ဤမှော်အတတ်ကို အချိန်အတော်ကြာ လေ့ကျင့်လာခဲ့သူ ဖြစ်သည်။ သူသည် ဤမှော်အတတ်၌ အထွတ်အထိပ်အဆင့် အထိ ရောက်ရှိနေပြီဖြစ်ရာ ဒုတိယအဆင့်ရှိ ဝံပုလွေမိစ္ဆာများပင်လျှင် အကွာအဝေး သုံးပေအတွင်း သူ ရှိနေသည်ကို မသိနိုင်တော့ပေ။
လော့ချန်သည် ဤမှော်အတတ်တွင် အဘိုးချန်ကိုပင် ကျော်လွန်သွားခဲ့ပြီဟု ဆိုနိုင်သည်။ သူသည် မိမိ၏ အရှိန်အဝါကို ဖုံးကွယ်နိုင်ရုံတင်မကဘဲ အခြားသူများ၏ စွမ်းအင်စီးဆင်းမှု ပုံစံကိုပင် တုပနိုင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူသည် နက်နဲသော အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုများကို အသာအယာပင် ရှင်းပြပေးလိုက်သည်။
လော့ချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝမ်ယွမ် ချက်ချင်းပင် လက်တွေ့ လေ့ကျင့်ကြည့်လေသည်။ သူသည် ချီစွမ်းအင် အမြုတေများကို စုစည်းကာ မိမိ၏ စွမ်းအင်စီးဆင်းမှုနှင့် သွေးအရှိန်အဝါတို့ကို စတင် ဖုံးကွယ် ကြည့်သည်။
အလယ်အလတ်အဆင့်တွင် ထိုဝိညာဉ်အမြုတေ အရေအတွက်ကို တိုးမြှင့်ရမည်ဖြစ်သော်လည်း၊ အဆင့်မြင့်ပိုင်းတွင်မူ အရေအတွက်ထက် မိမိ၏ အတွင်းအားကို အုတ်မြစ်ပြု၍ တည်ငြိမ်အောင် ထိန်းချုပ်ရခြင်း ဖြစ်သည်။ ဤအဆင့်ကို ရောက်ရှိမှသာ တတ်မြောက်သည်ဟု ဆိုနိုင်သည်။
ကျွမ်းကျင်မှု အဆင့်အတန်းအရ ဆိုလျှင်မူ ၎င်းသည် ကျင့်ကြံသူ အဆင့်ခန့် ရှိပေလိမ့်မည်။ ဝမ်ယွမ်အနေဖြင့် အထွတ်အထိပ်အဆင့်အထိ ရောက်လိမ့်မည်ဟု လော့ချန် မမျှော်လင့်ထားပေ။
အမှန်တကယ်တွင် ဝမ်ယွမ်အနေဖြင့် တိုက်ပွဲဝင်ခြင်း မပြုသရွေ့ အခြေခံမျှ တတ်မြောက်ထားလျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။
ဝမ်ယွမ်သည် လော့ချန်ပြောသမျှကို အာရုံစူးစိုက်ကာ နားထောင်ရင်း လက်တွေ့စမ်းသပ်နေသည်။ တစ်ခါတစ်ရံတွင် ဝိညာဉ်အမြုတေ စုစည်းခြင်း မအောင်မြင်ဘဲ ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲသံများ ဟုန်းခနဲ ထွက်ပေါ်လာတတ်သော်လည်း သူ ဂရုမစိုက်ပေ။
သူသည် အရေးပါသော အပ်စိုက်မှတ်အချို့ကို နှိပ်လိုက်ရုံဖြင့် ထိုပြဿနာကို ဖြေရှင်းလိုက်သည်။ ဤသည်ကို ကြည့်ရင်း လော့ချန် မျက်ခုံးများပင် လှုပ်သွားရသည်။
"အစ်ကိုဝမ်.... အစ်ကိုကြီးရဲ့ ခန္ဓာကိုယ်က အခု ဘယ်လောက်တောင် ကြံ့ခိုင်နေပြီလဲဗျ"
ထိုမှော်အတတ်အား လော့ချန် ကျင့်စဉ်က အလွန်ပင် သတိထားခဲ့ရသည်။ ဝိညာဉ်အမြုတေများကို အတွင်းအား အပြင်ဘက်တွင် စုစည်းခြင်းမှာ အလွန်အန္တရာယ်များပြီး မအောင်မြင်ပါက အကြောများကို ထိခိုက်စေနိုင်ရုံတင်မက အတွင်းသွေးယိုစီးမှုများပါ ဖြစ်ပေါ်စေနိုင်သည်။ သို့သော် ဝမ်ယွမ်မှာမူ ဘာတစ်ခုမျှ မဖြစ်သကဲ့သို့ပင်။
လော့ချန်၏ မေးခွန်းကို ဝမ်ယွမ်က အေးဆေးပင် ပြန်ဖြေသည်။
"ဒီလိုကွ ငါသွားနေတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်ရဲ့ အသုံးအနှုန်းအရပြောရရင် ငါက ဝရဇိန်အဆင့်ကနေ ကျောက်စိမ်းဖြူအဆင့်ကို ကူးပြောင်းတာ ပြီးဆုံးသွားပြီကွ.... တာအို ကျင့်စဉ်ရဲ့ စံနှုန်းအရဆိုရင် ငါ့ရဲ့ ရုပ်ခန္ဓာက အခု ဒုတိယအဆင့်ကို ရောက်နေပြီလို့ပြောလို့ရတယ်"
သူ့ပြောစကားကို လော့ချန် နားမလည်ဘဲ ကြောင်အ အ ကြည့်နေသည်ကို မြင်သောအခါ သူ ထပ်ရှင်းပြသည်။
"ဆိုလိုတာက ကွာ.... မင်းတို့လို ကျင့်ကြံသူတွေရဲ့ ချီသန့်စင်အဆင့်နဲ့ နှိုင်းယှဉ်ရင်တော့ ငါကအခြေခံတည်ဆောက်ခြင်းအဆင့်ကို လှမ်းတက်လိုက်တာနဲ့ အတူတူပဲလို့ ပြောချင်တာ"
"ဟင်.... အခြေခံတည်ဆောက်ခြင်းအဆင့်"
လော့ချန်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
"အစ်ကိုကြီး.... ကျွန်တော့်ကို နောက်နေတာလား"
"အာ...."
ဝမ်ယွမ်က ခေတ္တမျှ စဉ်းစားပြီးမှ လော့ချန်၏ အဓိပ္ပာယ်ကို နားလည်သွားကာ လေးနက်စွာ ရှင်းပြသည်။
"ခန္ဓာကိုယ်ကျင့်ကြံတဲ့ နေရာမှာလည်း ဝရဇိန်ခန္ဓာ ၊ ကျောက်စိမ်းသားခန္ဓာ နဲ့ မီး ခန္ဓာ ဆိုပြီး အဆင့်တွေ အသေးစိတ် ခွဲခြားထားတာ ရှိတယ်၊ ဒါတွေက ချီသန့်စင်အဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ရွှေအမြုတေအဆင့်တို့နဲ့ အသီးသီး ထပ်တူကျနေတာ.... ဖိုရှန်းဂိုဏ်း ခန်းမဆောင်မှာ တာဝန်ခံမြောင်နဲ့ တွေ့တုန်းက သူက ငါ့ရဲ့ တိုးတက်မှုကို တစ်ချက်ကြည့်ရုံနဲ့ သိသွားခဲ့တာ မဟုတ်လား"
လော့ချန်၏ ဝိညာဉ်အာရုံထဲတွင် ထိုအချိန်က ပုံရိပ်များ ပြန်လည် မြင်ယောင်လာသည်။ မြောင်ဝမ်က "တကယ့်ကို ပါရမီရှိတဲ့သူပဲ.... မင်း အခြေခံတည်ဆောက်ခြင်းအဆင့် ရောက်ဖို့ နီးစပ်နေပြီ" ဟု ပြောခဲ့သည်ကို မှတ်မိနေသေးသည်။
သို့ဆိုလျှင် ချင်းကျန်းလမ်းမကြီးပေါ်မှ တိုက်ပွဲအပြီးတွင် ဝမ်ယွမ်သည် ဝရဇိန်အဆင့်မှ ကျောက်စိမ်းဖြူအဆင့်သို့ အပြည့်အဝ ကူးပြောင်းနိုင်ခဲ့ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းနှင့် ညီမျှသော ရုပ်ခန္ဓာကို ပိုင်ဆိုင်သွားခဲ့ပြီ ဖြစ်သည်။
ဤသတင်းမှာ လော့ချန်အား အလွန်ပင် တုန်လှုပ်စေခဲ့သည်။ မိမိနှင့် ညီအစ်ကိုတမျှ ရင်းနှီးသောမိတ်ဆွေတစ်ဦးမှာ မသိလိုက်မသိဘာသာဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ညီမျှသော အဆင့်သို့ ရောက်ရှိနေပြီ မဟုတ်ပါလော။
"ဒါဆို အစ်ကိုကြီးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိနေပြီပေါ့ ဟုတ်လား"
အကယ်၍ ဤသည်မှာ အမှန်ဆိုလျှင် လော့ချန်အတွက် အားကိုးရမည့် နောက်ခံလူကောင်းတစ်ဦး ရပြီဖြစ်သည်။ ထိုနောက်ခံမှာ မိမိ၏ ဆေးဖော်စပ်မှုပညာကိုသာ မက်မောသော မီရှုဟွာ သို့မဟုတ် မြောင်ဝမ်တို့ကဲ့သို့ မဟုတ်ဘဲ၊ မိမိအပေါ် အမှန်တကယ် စိတ်ရင်း ကောင်းမွန်သောလူလည်း ဖြစ်နေပေသည်။
သို့သော် ဝမ်ယွမ်ကမူ သူ၏ မျှော်လင့်ချက်အား မျက်နှာကို ဆားနှင့် ပက်လိုက်သကဲ့သို့ ဆိုလိုက်လေသည်။
"မလောနဲ့လေ၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဓားက တကယ်ပဲ အန္တရာယ်မရှိဘူးလို့ မင်းထင်နေတာလား"
"အဲ...."
ဝမ်ယွမ်က ခေါင်းခါယမ်းကာ သားရေစကို အောက်သို့ ချလိုက်သည်။
"ခေတ်ကာလတွေက သိပ်မြန်မြန်ဆန်ဆန် ပြောင်းလဲနေပြီကွ၊ အရှေ့ပိုင်းလွင်ပြင် ကျင့်ကြံခြင်းလောကမှာလည်း အဖိုးတန်ရတနာတွေက ပေါများလွန်းနေတယ်၊ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတိုင်းမှာ အနည်းဆုံးတော့ ထိပ်တန်း မှော်လက်နက် တစ်ခု၊ နှစ်ခုလောက် ရှိကြစမြဲပဲ....”
“ချမ်းသာတဲ့သူတွေဆိုရင် မှော်ရတနာတွေကိုတောင် ပိုင်ဆိုင်နိုင်ကြသေးတာ.... သူတို့ရဲ့ ကျယ်ပြန့်တဲ့ ဝိညာဉ်အာရုံခံစားမှုတွေ၊ အခြေခံတည်ဆောက်ခြင်းအဆင့် စစ်မှန်တဲ့ မီးလျှံတွေနဲ့ ပေါင်းစပ်လိုက်ရင် ငါ့ရဲ့ ရုပ်ခန္ဓာကြံ့ခိုင်မှုက သိပ်ပြီး အားသာချက် မရှိလှတော့ဘူး"
သို့သော်ငြားလည်း လော့ချန်အနေဖြင့် ဤအချက်ကို လက်ခံရန် ခက်ခဲနေသေးသည်။ သူ နားမလည်နိုင်စွာ ထပ်မေးမြန်းလိုက်သည်။
"ဟာဗျာ....ဒါဆိုရင် ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေအတွက် ဘာထူးမှာလဲ၊ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရင်တောင် တိုက်ခိုက်ရေးမှာလည်း မသန်သလို သက်တမ်းလည်း မရှည်ဘူးမလား...."
"အေးလေ.... ဒါကြောင့်လည်း ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေ မှေးမှိန်ကုန်ကြတာပေါ့"
ဟု ဝမ်ယွမ်က သက်ပြင်းချကာ ဆိုသည်။
"ငါ ဘာလို့ သွေးမိစ္ဆာဆေးလုံး နောက်ကို အသည်းအသန် လိုက်နေတယ်လို့ မင်းထင်လဲ.... အဲဒါက ရုပ်ခန္ဓာကို ကြံ့ခိုင်စေရုံတင်မကဘဲ ရုပ်နဲ့ နာမ် နှစ်မျိုးလုံးကို ကျင့်ကြံစေပြီး တာအိုလမ်းစဥ်မှာလဲ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ပိုရစေနိုင်လို့ပဲ၊ ငါသာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ရောက်သွားရင် သက်တမ်းက နှစ်ဆ တိုးလာလိမ့်မယ်....”
“အဲဒီအချိန်ကျရင် ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ တတိယအဆင့်ကို တက်လှမ်းဖို့ ငါ့မှာ အချိန်အလုံအလောက် ရှိသွားပြီ၊ ငါသာ မီးခန္ဓာ အဆင့်ကို ရောက်သွားခဲ့ရင် သက်တမ်းတိုးလာရုံတင်မကဘဲ တိုက်ခိုက်ရေးစွမ်းရည်ကလည်း တစ်ဆင့်တည်းရှိတဲ့ ဓားကျင့်ကြံသူတွေကို ယှဉ်နိုင်မှာ၊ ဒါမှမဟုတ် သာတောင်သာဦးမှာ"
‘ဒီလိုကိုး’ ဟုတွေးရင်း လော့ချန် အနည်းငယ် စိတ်ပျက်သွားမိသည်။ စောနကပင် သူကိုယ်တိုင် ခန္ဓာကိုယ်ကျင့်ကြံခြင်း ဘက်သို့ ကူးပြောင်းရန် စဉ်းစားမိခဲ့သေးသည်။
အကြောင်းမှာ တိုးတက်မှု အလွန်မြန်ဆန်နေသောကြောင့် ဖြစ်သည်။ ဝမ်ယွမ်သည် သိုင်းကျင့်ကြံသူတစ်ဦးအဖြစ် အုတ်မြစ်ရှိထားသည်ဆိုသော်လည်း သူ ကျင့်ကြံလာသည်မှာ ဆယ်စုနှစ်အနည်းငယ်သာ ရှိသေးသည်။ မိမိတွင်လည်း အခြေခံလောက်တော့ ရှိနေသည် မဟုတ်ပါလော။
"တစ်ခုရှိတာက ခန္ဓာကိုယ်ကျင့်ကြံခြင်းရဲ့ ဒုတိယအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေအပေါ် လုံးဝ အသုံးမဝင်ဘူးလို့တော့ မဆိုလိုပါဘူး" ဟု ဝမ်ယွမ်က မျှော်လင့်ချက်အပြည့်ဖြင့် ဆိုသည်။
"ငါရထားတဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်း ကျင့်စဉ်က မပြည့်စုံဘူး.... ကိုယ့်အတွက် သင့်တော်မယ့် ပြည့်စုံတဲ့ကျင့်စဉ်တစ်ခု ဖြစ်လာအောင် လောကီသိုင်းပညာတွေနဲ့ ပေါင်းစပ်ခဲ့ရတာ....”
“အဲဒီမပြည့်စုံတဲ့ ကျင့်စဉ်ဟောင်းထဲမှာ ပါတဲ့အချက်တွေအရဆိုရင် ရှေးခေတ်က ခန္ဓာကိုယ်ကျင့်ကြံသူတွေဆီမှာ သီးသန့်တိုက်ခိုက်ရေး နည်းစနစ်တွေ ရှိခဲ့ကြတယ်၊ သူတို့ရဲ့ စွမ်းအားတွေက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေထက် မနိမ့်ကျခဲ့ဘူး၊ ငါသာ အဲဒီနည်းစနစ်အချို့ကို တတ်မြောက်ခဲ့ရင် တာဟဲဈေးမြို့တော်မှာ အခုလို ပုန်းရှောင်နေစရာ မလိုတော့ဘူး....”
မျှော်လင့်ချက်များ၏ နောက်တွင် စိတ်ပျက်အားလျော့မှုများ ကပ်ပါလာတတ်စမြဲ ဖြစ်သည်။
"အခု ငါသုံးနေတဲ့ နည်းစနစ်တွေက သိုင်းပညာ၊ သွေးကျင့်စဉ်နဲ့ ချီသန့်စင်ခြင်း နည်းလမ်းတွေကို ပေါင်းစပ်ပြီး ကိုယ်တိုင် ပြုပြင်ထားတာတွေပဲ....စွမ်းအားကတော့ မဆိုးပါဘူး၊ ဒါပေမဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ လက်တွေ့ မစမ်းသပ်ဖူးသေးတော့ ငါ့ရဲ့ တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကို အသေအချာ မပြောနိုင်သေးဘူး"
လော့ချန်က စကားစကို ဆက်လိုက်သည်။
"ဒါပေမဲ့ အနည်းဆုံးတော့ ချီသန့်စင်အဆင့်နဲ့ ရင်ဆိုင်သတ်ဖြတ်ဖို့ဖြစ်လာရင် အစ်ကိုကြီးက ပြိုင်ဘက်ကင်းနေပြီ မဟုတ်လားဗျာ...."
"ဟားဟား...."
ဝမ်ယွမ် ရုတ်တရက် အားရပါးရ ရယ်မောလိုက်သည်။
"မင်းကလဲကွာ....ငါ အခုအဆင့်ကို မရောက်ခင်ကတည်းက ချီသန့်စင်အဆင့် ကျင့်ကြံသူတွေကို ဘယ်တုန်းက ကြောက်ဖူးလို့လဲ"
ထိုစကားကို ကြားသောအခါမှ လော့ချန်လည်း လိုက်လံ ရယ်မောလိုက်မိသည်။
အမှန်ပင်။ ဂိုဏ်းနှစ်ခု ထိပ်တိုက် တိုက်ပွဲတွင် ဝမ်ယွမ်သည် မိမိထက် အဆင့်မြင့်သူများကိုပင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သူ ဖြစ်ပေသည်။ တိုက်ခိုက်ရေး အဆုံးအဖြတ်စင်မြင့်ပေါ်တွင် သွေးမိစ္ဆာ ကျင့်ကြံသူကို ခြေမှုန်းခဲ့ပြီး၊ ချင်းကျန်းလမ်းမကြီးပေါ်တွင် ထိပ်တန်းကျင့်ကြံသူ သုံးဦးကို တစ်ကိုယ်တော် ရင်ဆိုင်ခဲ့သူ ဖြစ်သည်။
ရုတ်တရက် ဝမ်ယွမ်သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူ၏ ခါးဘေးနားရှိ အပ်စိုက်မှတ်တစ်ခုကို ဖိနှိပ်လိုက်သည်။
"လော့ချန်ရေ.... ငါ့ကိုထပ် အနံ့ခံကြည့်ဦး"
လော့ချန်က သူ ခိုင်းသည့်အတိုင်း အသက်ကို အသာအယာ ရှူသွင်းကြည့်လိုက်သည်။ ထို့နောက် သူ ကြောင် အသွားရသည်။
"အမ်.... ဟို သွေးနံ့က.... ပျောက်သွားပြီပဲဗျ"
ထိုအခါ ဝမ်ယွမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ထင်တဲ့အတိုင်းပဲ၊ မင်းရဲ့ အာရုံခံစားနိုင်စွမ်းတွေက တကယ်အကူအညီရတယ်ကွာ.... ဒီ ချီဖုံးကွယ်မှော်အတတ်က ကိုယ့်ရဲ့ သွေးအရှိန်အဝါကို ထိန်းချုပ်တာနဲ့ သဘောချင်း တူနေတာကိုး၊ လောကီသိုင်းလောကမှာတုန်းကလည်း ငါ ဒီလိုပညာရပ်မျိုးတွေ ကျင့်ခဲ့ဖူးတယ်၊ အခု နည်းနည်း ပုံစံပြောင်းလိုက်တော့ တော်တော်လေး အလုပ်ဖြစ်သွားပြီပဲ"
လော့ချန်သည် အားကျသဖြင့် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။ မိမိ ကျင့်ကြံနေစဉ်တုန်းက အခြေခံအဆင့်သို့ ရောက်ရန်ပင် အချိန်အတော်ယူခဲ့ရပြီး၊ သွေးအရှိန်အဝါကို ဖုံးကွယ်နိုင်သည့် အဆင့်သို့ ရောက်ရန် တစ်လ၊ နှစ်လခန့် ကြိုးစားခဲ့ရသည်။
သို့သော် ဝမ်ယွမ်မှာမူ နှစ်နာရီအတွင်းမှာပင် ထိုအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သိုင်းပညာနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း၏ အားသာချက်မှာ အံ့မခန်းပင်ဖြစ်လေသည်။
ယခုအခါ ဝမ်ယွမ်သည် သူ၏ သွေးအရှိန်အဝါကို ဖုံးကွယ်နိုင်ပြီဖြစ်ရာ လွတ်လပ်စွာ သွားလာနိုင်လေပြီ။
"ဒီမယ် အစ်ကိုကြီးဝမ်.... ကျွန်တော့်ရဲ့ လော့ထျန်းအဖွဲ့ချုပ်မှာ တိုက်ပွဲခန်းမခေါင်းဆောင် ရာထူးက လစ်လပ်နေတုန်းပဲ၊ ကျွန်တော်က အစ်ကိုကြီးကို စောင့်နေတာနော်"
ထိုကဲ့သို့ အားတက်သရော ပြောလိုက်ကာ လော့ချန်၏ မျက်လုံးများမှာ ဝမ်းသာနေသောကြောင့် အရောင်တလက်လက် တောက်နေလေတော့သည်။
***