ဖိုရှန်းဂိုဏ်းကြီး ပြိုလဲပျက်စီးသွားခဲ့သည်မှာ တစ်လတင်းတင်း ပြည့်ခဲ့လေပြီ။
တာဟဲဈေးမြို့တော်၏ ရုတ်ရုတ်သဲသဲ အခြေအနေတို့သည် တဖြည်းဖြည်း ငြိမ်သက်ခြင်းသို့ ရောက်လာခဲ့ကာ တည်ငြိမ်စပြုလာသည်။ တစ်ဖက်တွင်လည်း တာကျန်းဂိုဏ်းနှင့် လျန်ယွန်းကုန်သွယ်ရေး မဟာမိတ်တို့သည် တောင်တန်းဒေသများတွင် ခိုင်မာစွာ ခြေကုပ်ရယူနိုင်ခဲ့ကြသည်။
ရွှမ်ယီအဖွဲ့သည် မူလ၌ တာဟဲဈေးမြို့တော်တွင် ကြီးစိုးနေသော ဖိုရှန်းဂိုဏ်း၏ ဖိနှိပ်မှုများကို တန်ပြန်ရန် မျိုးနွယ်စု ငါးခုဖြင့် ယာယီဖွဲ့စည်းခဲ့ကြခြင်းဖြစ်လေသည်။
ထိုအဖွဲ့ကို တည်ထောင်ထားသော မျိုးနွယ်စု ငါးခုမှာ ကျန်းမျိုးနွယ်စု ၊ လျိုမျိုးနွယ်စု ၊ ဝမ် မျိုးနွယ်စု ၊ လီ မျိုးနွယ်စု နှင့် ချန် မျိုးနွယ်စု တို့ဖြစ်ကြလေသည်။ သို့ရာတွင် ဖိုရှန်းဂိုဏ်း ပြိုလဲသွားသောအခါ သူတို့ ကြား၌ အဝေမတည့်မှုနှင့် အာဏာလုမှုများကြောင့် အဖွဲ့သည် အမည်ခံသာ ကျန်ပေ တော့သည်။
အစပိုင်းတွင် ဒေသခံကျင့်ကြံသူများက ရွှမ်ယီအဖွဲ့ သည် တာဟဲစျေးမြို့တော်တွင် အလွန်အင်အားကြီးလာလိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။ သို့ရာတွင် ထင်သလိုဖြစ်မလာခဲ့ပေ။
ထိုအဖွဲ့သည် ဖိုရှန်းဂိုဏ်း၏ အပိုင်စားနယ်မြေ၊ လုပ်ငန်းများကို ခွဲဝေယူရာ၌ အချင်းချင်း မပြေလည်ဘဲ အတွင်းရေးအကွဲအပြဲများ၊ ပဋိပက္ခများဖြင့် နပန်းလုံးကာ အချိန်ကုန်နေကြလေသည်။
နောက်ဆုံးတွင် အပြန်အလှန် အလျှော့အတင်းလုပ်ကာ လက်ခံနိုင်ဖွယ်ရှိသော သဘောတူညီချက်တစ်ခု ရရှိခဲ့ကြလေသည်။ သို့သော် မျိုးနွယ်စု တစ်ခုနှင့် တစ်ခုမှာ မူလကကဲ့သို့ တစ်စိတ်တစ်ဝမ်းတည်း မရှိကြတော့ဘဲ အကွဲကွဲအပြားပြား ဖြစ်သွားကြတော့သည်။
တာကျန်းဂိုဏ်းသည် ရေကြောင်းကုန်သွယ်မှုကိုသာ ဇောက်ချလုပ်ကိုင်ပြီး၊ လျန်ယွန်းမဟာမိတ်သည်လည်း နယ်မြေချဲ့ထွင်ခြင်းထက် အမြတ်အစွန်းကိုသာ ရှေ့တန်းတင်လိုက်သည်။
ဤသို့ဖြင့် တာဟဲဈေးမြို့တော်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများမှာ အသက်ရှူချောင်သွားကာ အင်အားစုအငယ်စားလေးများ တစ်စတစ်စ ထွက်ပေါ်လာကြသည်။ ထိုအထဲတွင် ဖိုရှန်းဂိုဏ်း၏ ဆေးဖော်စပ်မှုလုပ်ငန်းကို ဆက်ခံလိုက်သော လော့ထျန်းအဖွဲ့ချုပ်လည်း ပါဝင်ပြီး ယခုအခါ အဖွဲ့ဝင်သစ် စုဆောင်းခြင်းကို ရပ်ဆိုင်းထားသည်ဟု သိရသည်။
အပြင်လူများကမူ လော့ထျန်းအဖွဲ့ချုပ်၏ စွမ်းဆောင်ရည်မှာ အကန့်အသတ်သို့ ရောက်သွားပြီဟု ထင်မှတ်နေကြသော်လည်း၊ အတွင်းလူများကမူ အမှန်တရားကို သိရှိကြသည်။
အဖွဲ့ချုပ်ခေါင်းဆောင် တန်ချန်ဇီသည် သူ၏ ကြီးကျယ်ခမ်းနားသော ဆေးဖော်လုပ်ငန်းကြီးကို တရားဝင် စတင်နေပြီ ဖြစ်သည်။ ဆေးဖော်ဆောင်မှာမူ ယခင်အတိုင်း လခြမ်းတောင်ကြား၏ အလယ်ဗဟိုတွင်ပင် တည်ရှိသော်လည်း၊ အဆောက်အဦနှင့် ဆေးဖော်ရာတွင်လိုအပ်သော မှော်အသုံးအဆောင်များမှာမူ သိသိသာသာ အဆင့်မြှင့်တင်ထားပြီး ဖြစ်သည်။
ယခင်က ဆေးဖော်စပ်ခန်း သုံးခန်းသာ ရှိခဲ့သော်လည်း ယခုအခါ ငါးခန်းအထိ တိုးချဲ့ထားသည်။ ထိုငါးခန်းတွင် အခန်းကြီး တစ်ခန်း၊ အခန်းလတ် နှစ်ခန်းနှင့် အခန်းငယ် နှစ်ခန်းဟူ၍ အရွယ်အစား ကွဲပြားကြသည်။
အကြီးဆုံးအခန်းတွင် ခန့်ညားထည်ဝါလှသော လေးရောင်ခြယ်မှော်ဝင်ဆေးအိုးကို ထားရှိပြီး၊ အခန်းလတ်များတွင်မူ တိမ်စုပ်ဆေးအိုး နှင့် နတ်သစ်သားဆေးအိုး တို့ကို အခန့်သား ထားရှိသည်။ အခန်းငယ် နှစ်ခန်းတွင်မူ အဆင့်နိမ့် ခရမ်းရောင်တိမ်လွှာ ကြေးမီးဖို နှစ်လုံးကို အသီးသီး နေရာချထားလေသည်။
လော့ချန်၏ ချီစွမ်းအားမှာ တစ်နေ့ထက်တစ်နေ့ ပိုမို နက်နဲအားကောင်းလာသည် ဆိုသော်ငြားလည်း ဆေးဖော်စပ်ခန်း ငါးခန်းလုံးကို တစ်ပြိုင်နက်တည်း အုပ်ချုပ်ကွပ်ကဲနိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့် သူသည် အကြီးဆုံး အခန်းသုံးခန်းကိုသာ အဓိကထား ကိုင်တွယ်ပြီး ကျန်ရှိသော အခန်းနှစ်ခန်းကိုမူ မီလီ၊ ထန်ချွမ်နှင့် အခြားသူများကို လွှဲအပ်ထားသည်။
ယခုအခါ မီလီသည် မှော်အာဟာရဆေးလုံး ဖော်စပ်ခြင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။ ဤသည်မှာ အဆင့်မသတ်မှတ်ထားသော ဆေးဖော်စပ်နည်းတစ်ခုသာ ဖြစ်သဖြင့် တာဟဲဈေးမြို့တော်ရှိ ကျင့်ကြံသူအများအပြားပင် ဖော်စပ်တတ်ကြသည်။
လော့ချန် သူမအား ဤတာဝန်ကို ပေးအပ်ခြင်းမှာ အဖွဲ့ချုပ်အတွင်း လိုအပ်ချက်ကို ဖြည့်ဆည်းရန်သာမက လော့ထျန်းအဖွဲ့ချုပ်၏ အရောင်းဆိုင်တွင်လည်း ပစ္စည်းစုံလင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
သို့သော် စိတ်ပျက်စရာမှာ ထန်ချွမ်ပင် ဖြစ်သည်။ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း သူသည် အံ့ဖွယ်တစ်သောင်းဆေးလုံး တစ်လုံးကိုမျှ အောင်မြင်အောင် မဖော်စပ်နိုင်သေးပေ။
ဆေးဖော်စပ်မှုပညာတွင် သူ၏ ပါရမီမှာ အမှန်ပင် နိမ့်ပါးလွန်းလှသည်။ ဦးလေးဖြစ်သူ ကျန်းဝမ်သည် သူ့တူအား တစ်ခါတစ်ရံ လာရောက်ကြည့်ရှုတတ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းကာ မီးကုန်ယမ်းကုန် ကျိန်းမောင်းတတ်လေသည်။
"ဒါက မင်းဦးလေးရဲ့ တစ်သက်တာ ပျော်ရွှင်မှုနဲ့ ဆိုင်နေတာကွ၊ ကောင်စုတ်ရဲ့” ဟု ကျန်းဝမ် စိတ်ထဲမှ အသည်းယားကာ ကြုံးဝါးနေမိသည်။
....
ယနေ့တွင် လော့ထျန်းအဖွဲ့ချုပ်အား အပြင်လူများ မဝင်နိုင်ရန် ပိတ်ထားသည်။
စင်ကြယ်သန့်ရှင်းသော ထိပ်တန်းအဆင့် မြစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လော့ချန်သည် ဆေးဖော်စပ်ခန်းအတွင်းသို့ ခန့်ညားစွာ လှမ်းဝင်လိုက်သည်။
"မီးဟုန်းခနဲ တောက်စေ" ဟု ဆိုလိုက်ရင်း သူ ဆေးဖော်စပ်ခြင်းကို စတင် အသက်သွင်းလေတော့သည်။
သူ၏ မျက်နှာမှာ တည်ကြည်လေးနက်နေသော်လည်း ရင်ထဲတွင်မူ စိတ်လှုပ်ရှားမှုများ လှိုင်းထနေသည်။ နောက်ဆုံးတွင်မူ သူ၏ ဆေးဖော်စပ်မှုကို စောင့်ကြည့်နေမည့်သူ မရှိတော့ဘဲ မိမိအလိုရှိရာ ဆေးလုံးများကို စိတ်ကြိုက်ဖော်စပ်နိုင်ပြီ ဖြစ်လေသည်။
ဆေးဖော်ဆရာတစ်ဦးအတွက်မူ ဤသည်မှာ အကြီးမားဆုံးသော ပျော်ရွှင်မှုပင် ဖြစ်ပေသည်။
လေးနာရီခန့် ကြာပြီးနောက် အနည်းငယ် ပင်ပန်းနွမ်းလျနေသော လော့ချန်သည် ဆေးဖော်စပ်ခြင်းကို ရပ်နားလိုက်သည်။
ဆေးဖော်စပ်ခန်း သုံးခန်းကိုသာ အသုံးပြုခဲ့သည် ဆိုသော်လည်း အဆင့်လတ်ဆေးအိုးတစ်လုံး ထပ်တိုးလာသဖြင့် ဆေးဖက်ဝင်ပစ္စည်းများကို ပိုမိုထည့်သွင်းနိုင်ခဲ့သည်။ ယခုအခါ သူသည် ဆေးရှစ်သုတ်ကို ကြီးကြပ်ခဲ့ရခြင်း ဖြစ်သည်။
ဤသည်မှာ အလွန် ပင်ပန်းကြီးစွာ အားစိုက်ရသည့် အလုပ်ဖြစ်သည်။
ဆေးအိုး တစ်အိုး ထပ်တိုးလိုက်ရုံမျှဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အေးအေးဆေးဆေး အခြေအနေမှ ဝိညာဉ်အာရုံ တင်းကျပ်လှသော အကန့်အသတ်တစ်ခုအထိ ရုတ်တရက် ခုန်တက်သွားခြင်း ဖြစ်ပေသည်။
"ငါ့ရဲ့ ဝိညာဉ်အာရုံကျင့်စဉ်တွေကို ဆက်ပြီး ကျင့်ရဦးမှာပဲ၊ ဒီအတိုင်းသာ အားစိုက်နေရရင် ရေရှည်ခက်လိမ့်မယ်" ဟု တွေးတောရင်း လော့ချန် သက်ပြင်းတစ်ချက်ချကာ ဆေးလုံးများကို လာရောက်သိမ်းဆည်းရန် ဆေးထိန်းသိမ်းစောင့်ရှောက်သူများကို ခေါ်လိုက်သည်။
ဆေးထိန်းသိမ်းစောင့်ရှောက်အဖွဲ့၏ ခေါင်းဆောင်မှာ ချိုးရင်း အမည်ရှိ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ယခင်က ဆေးဝါးဆောင်မှ တပည့်တစ်ဦးဖြစ်ပြီး ချီသန့်စင်အဆင့် ၆ သို့ ရောက်ရှိနေသူဖြစ်သည်။
ယခုအခါ သူမသည် ဆေးထိန်းများနှင့် အလုပ်သင်များကိုပါ တာဝန်ယူ ကြီးကြပ်နေရသဖြင့် တာဝန်နှစ်ခုကို ထမ်းဆောင်နေရသူ ဖြစ်သည်။ ထို့ကြောင့် လော့ချန်က သူမအား ချီသန့်စင် အဆင့်မြင့်ပိုင်း ကျင့်ကြံသူတစ်ဦးနှင့် တူညီသော လစာကို ပေးအပ်ထားသည်။
မည်သို့ပင်ဖြစ်စေ သူသည် အဖွဲ့သားများအား လစာ နှိမ်ထား၍ မဖြစ်ပေ။
"အဆင့်နိမ့် ကျောက်စိမ်းအမြုတေဆေးလုံး နှစ်ဆယ်၊ အဆင့်လတ် ရှစ်ဆယ်"
ချိုးရင်းက အရေအတွက်ကို အသံထွက်ဖတ်လိုက်ရင်း အနည်းငယ်မျှသာ အံ့သြမှုကို ပြသသည်။ အဖွဲ့ချုပ်ခေါင်းဆောင် တန်ချန်ဇီ၏ ဆေးဖော်စပ်မှုပညာမှာ အမှန်တကယ်ပင် ပြောင်မြောက်လွန်းလှသည် မဟုတ်ပါလား။
သို့သော် ကျန်ရစ်သော ဆေးထိန်းသိမ်းစောင့်ရှောက်သူ နှစ်ဦး၏ ရင်ထဲတွင်မူ ကြီးစွာသော တုန်လှုပ်မှုများ ဖြစ်ပေါ်နေသည်။
ဆေးလုံးဖော်စပ်မှု အောင်မြင်နှုန်းမှာ ခြောက်ဆယ်ရာခိုင်နှုန်းပင် ရှိနေသည်။ ထို့ထက် ပို၍ အံ့သြစရာကောင်းသည်မှာ ဆေးလုံးလေးလုံးတွင် တစ်လုံးမှာ အဆင့်မြင့်ဆေးလုံး ဖြစ်နေခြင်းပင်။ အဖွဲ့ခေါင်းဆောင်၏ ဆေးဖော်စပ်မှု စွမ်းရည်သည် နောက်တစ်ဆင့်သို့ ထပ်မံ တက်လှမ်းသွားပြန်ပြီဟု တွေးတောလိုက်ကြလေသည်။
လော့ချန်ကမူ ဤရလဒ်အပေါ် အံ့သြခြင်း မရှိပေ။
သူ၏ ကျင့်ကြံမှုအဆင့်၊ ကျွမ်းကျင်မှုအရ ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်ရာတွင် အောင်မြင်နှုန်းမှာ ပုံမှန်အားဖြင့် ငါးဆယ်ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း အဆင့်နိမ့်နှင့် အဆင့်လတ်ဆေးလုံးများကို အကြိမ်ကြိမ် ဖော်စပ်ခဲ့ဖူးသဖြင့် ယခုအခါ အထွတ်အထိပ် အဆင့်သို့ပင် နီးကပ်နေပြီ ဖြစ်သည်။
အောင်မြင်နှုန်း တစ်ဆယ်ရာခိုင်နှုန်း ပိုထွက်လာခြင်းမှာ တစ်ခါတစ်ရံ ကြုံရတတ်သော ကံကောင်းမှုတစ်ခုမျှသာဖြစ်လေသည်။ အဆင့်နိမ့်ဆေးလုံးများ ပါလာခြင်းမှာလည်း သူ တမင်တကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ ပညာကို ဖုံးကွယ်ရန် မဟုတ်ဘဲ အရောင်းဆိုင်တွင် ပစ္စည်းအမျိုးအစား စုံလင်စေရန် ဖြစ်သည်။
ကျင့်ကြံခြင်း အစောပိုင်းအဆင့်တွင် ရုန်းကန်နေရပြီး ဆေးလုံးဝယ်ရန် မတတ်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများ အမြဲ ရှိနေတတ်သည်။ လော့ချန်အနေဖြင့် ထိုသို့သော ကံမကောင်းရှာသည့် ညီအစ်ကိုများကိုလည်း ကူညီလိုသောကြောင့် ဖြစ်ပေသည်။
"ဆေးလုံးတွေကို ဆေးသိုလှောင်ခန်းထဲမှာ ပုလင်းထဲသေချာထည့်ပြီး စနစ်တကျ သိမ်းဆည်းထားလိုက်ပါ၊ ပြီးတော့ ဆေးဖော်စပ်ခန်းတွေကို သန့်ရှင်းရေးလုပ်ဖို့နဲ့ ဆေးအိုးတွေကို ဆေးကြောဖို့ လူလွှတ်လိုက်ဦး၊ အားတဲ့သူရှိရင် မီလီကို မှော်အာဟာရဆေးလုံး ဖော်စပ်တဲ့နေရာမှာ ကူညီပေးကြပါ"
အရာအားလုံးကို စနစ်တကျ စီစဉ်ပြီးနောက် လော့ချန် သူ၏ နားထင်ကို အသာအယာ နှိပ်ရင်း လက်ဆေးရန် ထွက်လာခဲ့သည်။
ကျောက်စိမ်းအမြုတေဆေးလုံး ရှစ်သုတ်ကို တစ်ပြိုင်နက်တည်း ဖော်စပ်ရခြင်းမှာ အမှန်တကယ် ပင်ပန်းလှသည်။ သူ၏ အားကောင်းသော ချီစွမ်းအားဖြင့်ပင် ယခုအခါ နွမ်းလျမှုကို စတင် ခံစားနေရပြီ ဖြစ်သည်။
"ဆေးဘုရင်ဂိုဏ်းက သူတို့ရဲ့ ဆေးဖော်စပ်မှုတွေကို ဘယ်လိုများ စီမံခန့်ခွဲနေကြပါလိမ့်၊ တစ်ဖက်မှာ ဝိညာဉ်ဆေးနန်းဆောင်ကို နယ်မြေငါးခုလုံးမှာ ချဲ့ထွင်နေပြီး၊ နောက်တစ်ဖက်မှာလည်း အရှေ့ဖျား နယ်မြေခြောက်ခုအထိ ခြေဆန့်နိုင်နေကြတာ ချီးကျူးစရာပဲ" ဟု လော့ချန် သိချင်စိတ်ဖြင့် တစ်ဦးတည်း ရေရွတ်လိုက်မိသည်။
သူသည် အစွမ်းကုန် ကြိုးစားနေသည်ဟု ခံစားရသော်လည်း၊ သူ၏ ဆေးဖော်စပ်မှု ထိရောက်မှုမှာ လိုအပ်ချက်များ ရှိနေသေးသည်ဟု ထင်မြင်နေမိသည်။ လက်ဆေးပြီးနောက် လော့ချန်သည် ဆေးဖော်စပ်ရာ အခန်းငယ်လေးထဲသို့ ဝင်ရောက် ကြည့်ရှုလိုက်သည်။
မီလီမှာ ယခုအခါ အပြည့်အဝ ပြန်လည်ကျန်းမာလာပြီဖြစ်ပြီး လော့ချန်၏ ဂရုစိုက်မှုဖြင့် သူမ၏ မွေးရာပါ အားနည်းချက်များကို ကုသရန် ဆေးလုံးအချို့ သောက်သုံးခဲ့ရသည်။
ဤသည်မှာ သူမ၏ ရောဂါကို အမြစ်ပြတ် မပျောက်ကင်းစေနိုင်သော်လည်း၊ အနည်းဆုံးတော့ ယခင်ကကဲ့သို့ ပိန်ချုံးနွမ်းလျနေခြင်း မရှိတော့ပေ။ ယခုအခါ သူမကိုယ်ပိုင် ဆေးဖော်စပ်ခန်းကို စီမံခန့်ခွဲနေရသဖြင့် သူမ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
မူလကပင် မီရှုဟွာသည် သူမအား ဆေးဖော်ဆရာတစ်ဦးဖြစ်ရန် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ရာ သူမတွင် ဆေးဖော်စပ်မှု ပါရမီ အနည်းငယ် ရှိနေမည်မှာ အမှန်ပင်။ ကံမကောင်းသည်မှာ သင်ကြားမှုနည်းလမ်း မှားယွင်းနေခြင်း ဖြစ်သည်။ မီရှုဟွာ အလွန်ပင် စိတ်လောလွန်းခဲ့သည်။ သူ၏ တွန်းအားပေးမှုမှာ အလွန်ကြမ်းတမ်းပြီး အမြန်နှုန်း ကိုသာ ဦးစားပေးခဲ့သည်။
လော့ချန်အနေဖြင့် နားလည်နိုင်သည်။ မီရှုဟွာတွင် ကျောက်စိမ်းအမြုတေဆေးလုံး ဖော်စပ်နည်း ရှိနေသဖြင့် ၎င်းမှ ရရှိမည့် ကြီးမားသော အကျိုးအမြတ်ကို အမြန်ဆုံး ရယူလိုခြင်းဖြစ်ပေမည်။
သို့သော် ဆေးဖော်ဆရာ တစ်ဦးကို ပြုစုပျိုးထောင်ရာတွင် စိတ်လော၍ မရပေ။ အခြေအနေပြကြေးမုံပြင် စနစ် ရှိသော လော့ချန်ကိုယ်တိုင်ပင်လျှင် တစ်ဆင့်ချင်း တက်လှမ်းခဲ့ရသည် မဟုတ်ပါလား။
သာမန်လူများအနေဖြင့် ထိုကဲ့သို့ ပြင်းထန်သော လေ့ကျင့်မှုကို မည်သို့ တောင့်ခံနိုင်ပါမည်နည်း။
ထို့ကြောင့် လော့ချန်သည် မီလီအား တစ်ဆင့်ချင်း ပြုစုပျိုးထောင်ရန် စီစဉ်ထားသည်။
အလုပ်သင်အဆင့်မှ စတင်ကာ အလွယ်ဆုံးအဆင့်ဟုခေါ်ရမည့် မှော်အာဟာရဆေးလုံးကို ဖော်စပ်စေသည်။ သူမအနေဖြင့် မှော်အာဟာရဆေးလုံးဖော်စပ်ရာတွင် သုံးဆယ်ရာခိုင်နှုန်း အောင်မြင်မှုရမှသာ ပထမအဆင့် ဆေးလုံးများကို စမ်းသပ်ဖော်စပ်ခွင့် ပေးမည်ဖြစ်သည်။
သုံးဆယ်ရာခိုင်နှုန်း အောင်မြင်မှုဆိုသည်မှာ ပြီးပြည့်စုံအဆင့်နှင့် ညီမျှပြီး ထိုအချိန်မှသာ အဆင့်လတ်ဆေးလုံးများကို ဖော်စပ်နိုင်စွမ်း ရှိမည် ဖြစ်သည်။
‘ဒါဆိုရင် ငါလည်း ထန်ချွမ်ကို လေ့ကျင့်ပေးတဲ့နေရာမှာ စိတ်လောသွားခဲ့တာလား....’
လော့ချန် သူ၏ လုပ်ရပ်များကို ပြန်လည် ဆင်ခြင်ကြည့်မိသည်။
ထိုစဉ်က ထန်ချွမ်အား အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်ခိုင်းခဲ့ခြင်းမှာ အချိန်အရမ်းစော လွန်းရာ ရောက်ခဲ့သည်ကို သူ သတိပြုမိလိုက်သည်။ ထိုအချိန်က သူသည် ထန်ချွမ်အား လေ့ကျင့်ရန်သာ ရည်ရွယ်ခဲ့ပြီး ဆုံးရှုံးမှုမှန်သမျှမှာ ဖိုရှန်းဂိုဏ်း၏ ဝိညာဉ်ကျောက်တုံးများသာ ဖြစ်သည်။ သို့သော် ယခုမူ ရှုံးနိမ့်မှုမှန်သမျှမှာ မိမိ၏ ဝိညာဉ်ကျောက်တုံးများပင် ဖြစ်ပေသည်။
"ငါလည်း မီရှုဟွာလိုပဲ အမြင်ကျဉ်းပြီး စိတ်လောခဲ့မိတာပဲ"
လော့ချန် ခပ်တိုးတိုး ရယ်မောလိုက်သည့်အခိုက် သူ၏ မျက်လုံးထောင့်မှ လှစ်ခနဲ ဖြတ်ပြေးသွားသည့် အရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။
"အဲဒီမှာတင် ရပ်လိုက်စမ်း"
ထိုသို့ လော့ချန် ပြတ်သားစွာ လှမ်းခေါ်လိုက်ရာ ဆေးဖော်စပ်ခန်းထဲမှ ထွက်လာသော ကောင်ငယ်လေးမှာ ချက်ချင်းပင် တုန့်ခနဲ ရပ်တန့်သွားတော့သည်။
မျက်နှာမြင်လူချစ်ပါစေ ဟူသည့် မျက်နှာပေါက်ရှိသည့် ထိုကောင်လေးကို ကြည့်ရင်း လော့ချန် လက်ယမ်းခေါ်လိုက်သည်။
"ဒီကို လာစမ်း"
ကောင်လေးသည် တုန်တုန်ရင်ရင်ဖြင့် လျှောက်လာခဲ့သည်။ လော့ချန် ထိုင်နေသည့် အမြင့်နှင့် ထိုကောင်လေး မတ်တတ်ရပ်နေသည့် အမြင့်မှာ အတူတူပင် ဖြစ်သည်။ လော့ချန်က တည်ကြည်သော မျက်နှာဖြင့် သူ့အား ကြည့်လိုက်သည်။
"ဆေးဖော်စပ်ခန်းတွေက အန္တရာယ်ရှိတယ်ဆိုတာ မင်းမသိဘူးလား၊ ဘယ်သူက မင်းကို အထဲပေးဝင်တာလဲ"
ထိုအခါ ကောင်လေးက ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ပြောရှာသည်။
"ကျွန်တော်.... ကျွန်တော် ကူညီချင်လို့ပါ"
"ကူညီချင်လို့ ဟုတ်လား" လော့ချန် ရယ်မောလိုက်မိသည်။
"မင်းက ဆေးအိုးရဲ့ အောက်ခြေလောက်တောင် အမြင့်မရှိတာကို ဘာတွေ ကူညီနိုင်မှာမို့လို့လဲ"
“အဖွဲ့ချုပ်ခေါင်းဆောင်ခင်ဗျ .... လင်ကျွင်းလေးက တစ်ခုခုအမှားလုပ်မိတာလားဗျာ"
စိုးရိမ်တကြီး လှမ်းခေါ်သံနှင့်အတူ အဘိုးအိုတစ်ဦး ဆေးဖော်စပ်ခန်း အဝင်ဝသို့ ရောက်လာသည်။ သူကား လက်ရှိတွင် မီးထိန်းများကို သင်ကြားပေးနေပြီး ဆေးဖော်စပ်ခန်းများ၏ အလှည့်ကျတာဝန်များကို စီမံနေသူ ချွီဟန်ချန်း ပင် ဖြစ်သည်။
ချွီဟန်ချန်းသည် အပြေးအလွှား ရောက်လာပြီး ချွီလင်ကျွင်းအား တစ်ချက်မျှ မပြောဘဲ ဖမ်းဆွဲကာ ရိုက်နှက်ရန် ပြင်တော့သည်။
"ဒီကလေးက အမြဲတမ်း ပြဿနာရှာနေတာပဲ၊ ကောင်းကောင်း ဆုံးမမှ ဖြစ်တော့မယ်"
သို့သော် သူ၏လက် အောက်သို့ ကျမလာမီမှာပင် လော့ချန်သည် ချီစွမ်းအား အနည်းငယ်ကို သုံး၍ ထိုလက်ကို လေထဲတွင်ပင် တားဆီးလိုက်သည်။
"ဟားဟား....တော်လိုက်ပါတော့.... ဟန်ဆောင်မနေပါနဲ့တော့ဗျာ.... အဘိုးကြီးချွီက သူ့မြေးကို အချစ်ဆုံးဆိုတာ ဘယ်သူမသိဘဲ နေမှာလဲ"
ချွီဟန်ချန်း ရယ်မောလိုက်ရာ သူ၏ မျက်နှာအိုကြီးမှာ ဂန္ဓမာပန်းတစ်ပွင့် ပွင့်လာသကဲ့သို့ လန်းလန်းဆန်းဆန်းကြီး ဖြစ်သွားလေသည်။ သူသည် လင်ကျွင်းအား သူ၏ အနောက်မှ ဆွဲထုတ်ကာ လော့ချန်၏ ရှေ့တွင် သေချာ မတ်တတ်ရပ်စေသည်။
လော့ချန်က ခေါင်းခါယမ်းကာ ဆိုသည်။
"ဆေးဖော်စပ်ခန်းက အလုပ်တွေက အန္တရာယ်ရှိတယ်၊ အရင်ကဆို ဆေးအိုးတွေ ပေါက်ကွဲတဲ့အထိ ဖြစ်ခဲ့ဖူးတာ၊ အဘိုးက ကလေးတစ်ယောက်ကို ဘာလို့ ဒီကို ခေါ်လာရတာလဲ"
"ဒါပေမယ့် ခေါင်းဆောင်ရယ်....သူက သိပ်လည်း မငယ်တော့ပါဘူး၊ မကြာခင် ဆယ့်နှစ်နှစ်ပြည့်တော့မှာဆိုတော့ ကျင့်ကြံတာတောင် စလို့ ရပါပြီဗျာ"
ဟု ချွီဟန်ချန်းက သူ၏ မြေးကို ကြည့်ရင်း ကြင်နာသော လေသံဖြင့် ဆိုသည်။
"အိမ်မှာလည်း သူက သိပ်ဆိုးတာ၊ သူ့အမေလည်း မနိုင်တော့ဘူး၊ ဒါကြောင့်ပဲ သူ့ကို လခြမ်းတောင်ကြားကို ခေါ်လာခဲ့ရတာပါ၊ ပထမအချက်ကတော့ ကျွန်တော်ကိုယ်တိုင် စောင့်ကြည့်လို့ရအောင်၊ ဒုတိယအချက်ကတော့ အသုံးဝင်တဲ့ ပညာတစ်ခုခု သင်ယူနိုင်အောင်လို့ပါ"
ထိုသို့ပြောရင်း ချွီဟန်ချန်းက သက်ပြင်းတစ်ချက်ချသည်။
"ကျွန်တော်တို့ လော့ထျန်းအဖွဲ့ချုပ်မှာ ထူးချွန်တဲ့သူတွေ အများကြီး ရှိပါတယ်၊ လင်ကျွင်းလေးသာ တစ်ခုခု သင်ယူထားနိုင်ရင် ကျွန်တော် မရှိတော့တဲ့ အချိန်ကျရင်တောင် သူ့အတွက် စိတ်ပူစရာ မလိုတော့ဘူးလေ"
လော့ထျန်းအဖွဲ့ချုပ်တွင် အမှန်ပင် အရည်အချင်းရှိသူများစွာ ရှိပေသည်။ အထူးသဖြင့် ဖိုရှန်းဂိုဏ်း၏ အကောင်းဆုံး ဆေးဖော်စပ်မှုအတတ်ပညာ ကျင့်ကြံသူများကို စုစည်းထားသော ဆေးဖော်ဆောင် ဖြစ်ပေသည်။ လင်ကျွင်းအနေဖြင့် ဝိညာဉ်ဆေးပင်များအကြောင်း အနည်းငယ်မျှ သင်ယူထားနိုင်လျှင်ပင် နောင်တစ်ချိန်တွင် အသက်မွေးဝမ်းကျောင်းအတွက် ပူပန်စရာ မလိုတော့ပေ။
"အဘိုး.... ကျွန်တော် ဟို အကြီးကြီးကို သဘောကျတယ်ဗျ"
လင်ကျွင်းက သူ၏ မျက်လုံးဝိုင်းကြီးများဖြင့် လှမ်းကြည့်ကာ အကြီးဆုံး ဆေးဖော်စပ်ခန်းကို ညွှန်ပြလိုက်သည်။
သူပြောသည့် ဟိုအကြီးကြီးဆိုသည့် အရာမှာ အထဲတွင် အမှန်ပင် ခန့်ညားထည်ဝါစွာ တည်ရှိနေသည်။ ၎င်းကား ဆယ်ပေခန့် မြင့်သော လေးရောင်ခြယ်မှော်ဝင်ဆေးအိုးပင် ဖြစ်သည်။
လော့ချန်သည် လင်ကျွင်းအား သေချာစွာ ကြည့်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေမိသည်။ ချွီဟန်ချန်း၏ မြေးကို ဆူပူနေသော အသံမှာလည်း သူ၏ နားထဲသို့ တိုးဝင်လာသည်။ ၎င်းမှာ ဤနေရာသည် အလွန်အန္တရာယ်ရှိကြောင်းနှင့် ဤသည်မှာ အဖွဲ့ချုပ်ခေါင်းဆောင်၏ အဖိုးတန် ရတနာဖြစ်ကြောင်း သတိပေးနေခြင်းသာ ဖြစ်သည်။
အတော်ကြာမှ ချွီဟန်ချန်းက အားနာစွာ မေးမြန်းလိုက်သည်။
"ခေါင်းဆောင်ကြီး.... လင်ကျွင်းကို ဆေးပင်ဆောင်က အစ်မရှိုးဆီ ခေါ်သွားပြီး အပ်ထားလိုက်ရမလားခင်ဗျာ"
အစ်မရှိုးဆိုသည်မှာ ယခင် ဆေးဝါးဆောင်မှ အမျိုးသမီး ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သဘောကောင်းကာ စိတ်ရှည်သူတစ်ဦး ဖြစ်သည်။ သို့သော် လော့ချန်က ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူ လက်ယမ်းခေါ်လိုက်ရာ လင်ကျွင်းမှာ စိတ်လှုပ်ရှားစွာဖြင့် တိုးလာခဲ့သည်။
"မင်း စာဖတ်တတ်လား"
"ဟုတ်ကဲ့ ဖတ်တတ်ပါတယ်၊ ကျွန်တော့်မေမေ သင်ပေးထားပါတယ်ဗျ...."
"ဟုတ်ပြီ၊ အဲဒါဆိုရင် မင်းအတွက် ငါ တာဝန်တစ်ခု ပေးမယ်"
ထိုသို့ပြောလိုက်ရင်း ကျမ်းစာအုပ်တစ်အုပ်မှာ ကောင်လေး၏ လက်ဖဝါးငယ်လေးများ အတွင်းသို့ ကျရောက်သွားသည်။ ၎င်း၏ မျက်နှာဖုံးတွင် ဆေးဖက်ဝင်အပင်များ သရုပ်ဖော်ကျမ်းဟု ရေးသားထားသည်။
"ဒီကျမ်းစာအုပ်ကို တစ်လအတွင်း အလွတ်ကျက်ထားရမယ်၊ အကုန်လုံးကို နားလည်စရာ မလိုဘူး၊ ဒါပေမယ့် ပုံတွေအကုန်လုံးကို မှတ်မိနေအောင် ကျက်ထားရမယ် ကြားလား"
ကျမ်းစာအုပ် အလွတ်ကျက်ရမည်ဟု ကြားလိုက်သည်နှင့် ကောင်လေး၏ မျက်နှာမှာ ညှိုးငယ်သွားပြီး တွန့်ဆုတ်သွားသော်လည်း အထဲတွင် သရုပ်ဖော်ပုံများပါသည်ဟု သိလိုက်ရသောအခါ သူ၏ မျက်လုံးများမှာ သိချင်စိတ်ဖြင့် ပြန်လည် အရောင်တောက်လာသည်။
“ဟဲ့ ကောင်လေး လင်ကျွင်း.... ခေါင်းဆောင်ကြီးကို အမြန်ကျေးဇူးတင်လိုက်လေ"
အဘိုးဖြစ်သူ ချွီဟန်ချန်းမှာ အလွန်ပင် ဝမ်းသာသွားပြီး မြေးဖြစ်သူကို ကျေးဇူးတင်စကားပြောရန် တိုက်တွန်းလေတော့သည်။
ထို့နောက် ကောင်လေးက ကျေးဇူးတင်စကား ပြောလိုက်သည်။ လော့ချန် လက်ယမ်းပြကာ သူတို့ မြေးအဘိုးကို ပြန်လွှတ်လိုက်သည်။
သူသည် ထိုနေရာတွင် ထိုင်ရင်း အတော်ကြာအောင် စဉ်းစားနေမိသည်။ ထို့နောက်မှ ထကာ မီလီ၏ ဆေးဖော်စပ်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။ ဆေးထိန်းသိမ်းသူ ချိုးရင်းနှင့် မီလီတို့မှာ လောလောလတ်လတ် ဖော်စပ်ထားသောမှော်အာဟာရဆေးလုံးများကို စိတ်လှုပ်ရှားစွာ ရေတွက်နေကြသည်ကို သူ တွေ့လိုက်ရသည်။
အခိုးအငွေ့များကြားတွင် သူတို့၏ လှပသော မျက်နှာများမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
"အော် လော့ထျန်းအဖွဲ့ လည်း နောက်ဆုံးတော့ တာဟဲမြေပေါ်မှာ ခြေကုပ်မြဲသွားပြီပဲ"
ထိုကဲ့သို့ လော့ချန် ကြည်နူးစွာဖြင့် ရေရွတ်လိုက်ရင်း လှည့်ထွက်လာခဲ့လေတော့သည်။
***